အခန်း ၂၀၃
Vol. 21 Ch. 203
📗 Chapter 203
ယဲ့ရှောင်ရှောင်သည် မြောင်စွေ့ဖန်းတို့ လင်မယားအား သွားရောက်ခေါ်ဆောင်ဖို့ စက်ရုံမှ ယာဉ်မောင်းတစ်ဦးကို တာဝန်ပေးခဲ့ပါသည်။
ထိုလူငယ်ယာဉ်မောင်း၏ အမည်မှာ ရှောင်းဟူဖြစ်ပြီး အသက် ၂၀ ဝန်းကျင်သာ ရှိသေးကာ အလွန်သွက်လက် ချက်ချာသူ ဖြစ်ပါသည်။
ပိုင်ချွမ်ကောင်တီသို့ ရောက်ရှိလာပြီးနောက် ယဲ့ရှောင်ရှောင် ပေးထားသည့် လိပ်စာအတိုင်း စုံစမ်းမောင်းနှင်ခဲ့ရာ ယဲ့ချန်းချင့်၏ နေအိမ်ကို ရှောင်းဟူ အလွယ်တကူ ရှာတွေ့ခဲ့ပါသည်။
ကျန်းရွှယ်သည်လည်း ခင်ပွန်းဖြစ်သူ ယဲ့ချန်းချင့်နှင့် ထိုကိစ္စကို ကြိုတင်တိုင်ပင်ထားသည်။
အကယ်၍ မိဘနှစ်ပါးသာ ပေကျင်းမြို့သို့ သွားရောက်ရမည် ဆိုလျှင် အိမ်တွင်စုဆောင်းထားသည့် ငွေအားလုံးကို တပါတည်း ထည့်ပေးလိုက်ဖို့ ဆုံးဖြတ်ထားကြသည်။
မြောင်စွေ့ဖန်းသည် သူမတို့ကို ပေကျင်းသို့ ခေါ်ဆောင်ဖို့ ယဲ့ရှောင်ရှောင် လူလွှတ်လိုက်ကြောင်း ကြားသိလိုက်ရသောအခါ အလွန်ထိတ်လန့်သွားခဲ့ပါသည်။
“ရှောင်ရှောင်တစ်ခုခုဖြစ်လို့လားဟင်”
ရှောင်းဟူက ခေါင်းအမြန်ခါလျက် ရှင်းပြလိုက်သည်။
“မဖြစ်ပါဘူး မဖြစ်ပါဘူး! ဘော့စ်ယဲ့က ပေကျင်းမှာ တိုက်ခန်းတစ်ခန်းဝယ်ထားလို့ ဦးလေးနဲ့ ဒေါ်လေးတို့ကို လာကြည့်စေချင်တာပါ”
မြောင်စွေ့ဖန်းက ရှက်ကိုးရှက်ကန်းပြောလိုက်သည်။
“ငါတို့က ဘာများ ကူညီပေးနိုင်မှာမို့လို့လဲ”
ရှောင်းဟူက နှုတ်ချိုစွာ အလိုက်တသိ ဝင်ပြောလိုက်သည်။
“ဘယ်လိုပြောလိုက်တာလဲ ဒေါ်လေးရဲ့! ဘယ်သူမဆို အိမ်တစ်လုံးဝယ်ပြီးရင် မိဘတွေကို အရင်ဆုံး ပြချင်ကြတာပဲဥစ္စာ၊ ဘော့စ်ယဲ့ကလည်း ဒေါ်လေးတို့ကို ခေါ်ပြီး ခဏလောက် အနားယူစေချင်တဲ့သဘောပါ”
မြောင်စွေ့ဖန်းက ပြုံးလျက်ဆိုသည်။
“နင်တော်တော် စကားတတ်ပါလား ကောင်လေး၊ နင်ပြောပြောနေတဲ့ ‘ဘော့စ်ယဲ့’ဆိုတာ ငါတို့ ရှောင်ရှောင်လေးကော ဟုတ်ရဲ့လား”
ရှောင်းဟူက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
“သူမဟုတ်လို့၊ ဘယ်သူဖြစ်ရမှာလဲ၊ ဘော့စ်ယဲ့က ကျွန်တော်တို့ စက်ရုံကြီးတစ်ခုလုံးကို ဦးဆောင်နေတဲ့ အကြီးအကဲပဲဥစ္စာ”
မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ရှောင်ရှောင်သည် အလွန်အစွမ်းအစရှိသူဖြစ်မှန်း သူတို့ ယခင်ကတည်းက သိခဲ့ကြပါသည်။ ယခုတော့ သူမ၏ အရည်အချင်းကို အလုပ်ဖြင့်သက်သေပြကာ အလွန်အောင်မြင်လာခဲ့လေပြီ။
ယဲ့ကျန်းကော်က ဝင်ပြောသည်။
“ရှောင်ရှောင်က ငါတို့ကို ခေါ်နေတာဆိုတော့ ပေကျင်းမှာ ရက်နည်းနည်းလောက် အနားယူစေချင်လို့ နေမှာပေါ့၊ ကလေးရဲ့စေတနာကို တို့တွေ ငြင်းလို့ မကောင်းပါဘူး”
ကျန်းရွှယ်ကလည်း မြောင်စွေ့ဖန်းအား ဝင်ဖျောင်းဖျသည်။
“အဖေနဲ့တူတူ လိုက်သွားလိုက်ပါ အမေရဲ့၊ ညီမလေးက အခြားအကူအညီတစ်ခုခုလိုလို့ အမေတို့ကို ခေါ်လိုက်တာ ဆိုရင် ဘယ်လိုလုပ်မလဲ”
ရှောင်းဟူကလည်း အာမခံသည်။
“ခရီးစဉ်တစ်ခုလုံး ဦးလေးနဲ့ ဒေါ်လေးတို့ကို ကျွန်တော်ကိုယ်တိုင် သေချာစောင့်ရှောက်ပေးမှာမို့လို့ ဘာမှ စိတ်ပူစရာ မလိုဘူးနော်၊ ပေကျင်းမှာ နေရတာ ငြီးငွေ့သွားရင် ဒီကို ကျွန်တော် ပြန်လိုက်ပို့ပေးမယ်”
ထိုအခါမှသာ မြောင်စွေ့ဖန်းတစ်ယောက် ခေါင်းညိတ်သဘောတူလိုက်တော့သည်။
ပေကျင်းမြို့သို့ သွားရောက်လည်ပတ်ခွင့်ရဖို့ဟူသည်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပါ။ ထို့အပြင် သမီးဖြစ်သူက သူမတို့ကို ခေါ်ဆောင်ဖို့ လူတစ်ဦးနှင့် ကားတစ်စီးကိုပင် တကူးတက စေလွှတ်ထားသဖြင့် သူမတို့ ငြင်းဆန်လိုက်လျှင် သမီးဖြစ်သူ စိတ်မကောင်းဖြစ်သွားပါလိမ့်မည်။
“ဟုတ်ပါပြီ၊ ခဏတော့စောင့်ဦး ကောင်လေး၊ တို့တွေ အထုပ်အပိုးသွားပြင်လိုက်ဦးမယ်”
ရှောင်းဟူ: “ရတယ်ဒေါ်လေး၊ အေးဆေးလုပ်ပါ၊ လောစရာမလိုဘူး”
ကျန်းရွှယ်သည် အဝတ်နီဖြင့်အုပ်ထားသည့် ပစ္စည်းတစ်ခုကို မြောင်စွေ့ဖန်း၏ လက်ထဲသို့ ထည့်ပေးလိုက်ပါသည်။
“အမေနဲ့ အဖေတို့ ပေကျင်းသွားကြမှာဆိုတော့ ငွေကို လုံလုံလောက်လောက်ယူသွားပါ၊ ခရီးစရိတ်အပြင် ရှောင်ရှောင်က ပရိဘောဂတွေဘာတွေ ထပ်ဝယ်ဖို့ ငွေလိုရင်လည်း သုံးလို့ရအောင်လေ”
အမှန်တွင်မူ ဤငွေများသည် မြောင်စွေ့ဖန်း၏ ဆေးကုသစရိတ်အတွက် ရည်ရွယ်ထားခြင်းဖြစ်သော်လည်း လူနာကို စိတ်ဓာတ်ကျသွားမည်စိုး၍ ကျန်းရွှယ် လိမ်ညာလိုက်ရခခြင်းဖြစ်ပါသည်။
သူမ၏ ရောဂါအား ပျောက်ကင်းအောင်ကုသဖို့အတွက် ငွေမည်မျှ ကုန်ကျမည်ကို မည်သူမှ အတိအကျ မပြောနိုငေ်ပ။
သို့သော်လည်း ကျန်းရွှယ်သည် တွန့်တိုမှုမရှိဘဲ မြောင်စွေ့ဖန်း အမြန်ဆုံး ကျန်းမာလာစေဖို့ကိုသာ မျှော်လင့်ထားမိပါသည်။
မြောင်စွေ့ဖန်းက ချက်ချင်းပင် ငြင်းဆန်လိုက်သည်။
“နင့်အဖေနဲ့ ငါ့မှာလည်း ပိုက်ဆံရှိပြီးသားပါ၊ နင်တို့ပိုက်ဆံကိုပါ ယူသွားစရာလား၊ နင်တို့လည်း နင်တို့မိသားစုနဲ့နင်တို့ ရပ်တည်နေရတာလေ”
ကျန်းရွှယ်က ထပ်ပေးဖို့ ကြိုးစားသော်လည်း မြောင်စွေ့ဖန်းက အပြင်းအထန် ငြင်းဆန်နေပါသည်။
ထို့ကြောင့် ကျန်းရွှယ်လည်း ရွေးချယ်စရာမရှိတော့ဘဲ ထိုကိစ္စကို ခေတ္တမေ့ထားပြီး နောက်မှ ရှောင်ရှောင်ထံသို့ စာတိုက်မှတဆင့် တိုက်ရိုက်ပို့ပေးလိုက်မည်ဟု ဆုံးဖြတ်လိုက်ရတော့သည်။
မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့နှစ်ဦး အထုပ်ငယ်တစ်ခုသာ သယ်ဆောင်ရင်း ရှောင်းဟူ၏ ကားပေါ်သို့ တက်လိုက်ကြပါသည်။
မြောင်စွေ့ဖန်း၏ စိတ်ထဲတွင်မူ ပေကျင်း၌ ရက်အနည်းငယ်သာ နေထိုင်ပြီး ပြန်လာရမည်ဟု တွေးထားခဲ့သည်။ ရှောင်ရှောင်က ကျောင်းတက်ရဦးမည်ဖြစ်၍ သမီးဖြစ်သူ၏ ပညာရေးကို သူတို့အနှောင့်အယှက် မပေးသင့်ပါ။
တစ်ဖက်တွင် ယဲ့ရှောင်ရှောင်ကလည်း အရာအားလုံး စီစဉ်ထားပြီးပါပြီ။
မြောင်စွေ့ဖန်းသည် မကြာခဏ ခေါင်းမူးသည့် ဝေဒနာတစ်ခုကို ခံစားနေရပြီး ပိုင်ချွမ်ကောင်တီတွင် စစ်ဆေးခဲ့သည့် ဆေးစစ်ချက်ရ သူမ၏ ဦးခေါင်းထဲ တစ်စုံတစ်ခု ကြီးထွားနေကြောင်း ပြသနေပါသည်။
ယဲ့ရှောင်ရှောင်သည် စွန်းကျန့်ယောင်ထံသို့ သွားရောက်ကာ ဦးနှောက်နှင့်အာရုံကြော အထူးကုတစ်ယောက်နှင့် မိတ်ဆက်ပေးဖို့ တောင်းဆိုခဲ့လေသည်။
တပည့်ဖြစ်သူက အကူအညီလာတောင်းသောအခါ စွန်းကျန့်ယောင်သည် အာရုံကြောဌာန၏ အထူးကုဆရာဝန်ကြီးအား ညွှန်းဆိုပေးလိုက်ပါသည်။
“အဲ့ဒီဒေါက်တာဖန့်က ငါ့မိတ်ဆွေအရင်းခေါက်ခေါက်ပဲ၊ ငါသူ့ကို ကြိုပြောထားလိုက်မယ်၊ အချိန်ကျရင် ငါ့ကျောင်းသားလို့သာ ပြောပြီး သွားတွေ့လိုက်”
ယဲ့ရှောင်ရှောင်က ကျေးဇူးတင်လိုက်ပါသည်။
“ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီးစွန်း”
စွန်းကျန့်ယောင်က ပြုံးသည်။
“ဘာမှအပန်းမကြီးဘူးလို့ ငါ့ကို အားနာစရာမလိုဘူး၊ အကူအညီလိုအပ်တာရှိရင် အချိန်မရွေးသာလာခဲ့”
ဆရာကြီးစွန်းကျန့်ယောင်သည် တက္ကသိုလ်တွင် စာသင်ကြားပေးသည့်အပြင် ဆေးရုံ၌လည်း လူနာများကို ကိုယ်တိုင်ကိုယ်ကျ ကုသပေးလျက်ရှိပါသည်။
ထို့အပြင် သူ၏ ထူးချွန်ပြောင်မြောက်သော ဆေးပညာစွမ်းရည်ကြောင့် ဤနယ်ပယ်တွင် အလွန်ဩဇာညောင်းသူလည်း ဖြစ်သည်။
အခြားဌာနမှ မိတ်ဆွေအချို့ကို အကူအညီတစ်ခုတောင်းဖို့ဟူသည်မှာ သူ့အတွက် အမှန်တကယ် မခက်ခဲနိုင်ပါ။
ရှောင်းဟူသည်လည်း ခရီးစဉ်ကို ဘေးကင်းကင်းနှင့် ခပ်မြန်မြန် ရောက်ရှိအောင် အကောင်းဆုံး မောင်းနှင်ပေးခဲ့ပါသည်။
လမ်းခရီးတစ်လျှောက် တစ်ကြိမ်နှစ်ကြိမ်ခန့် အနားယူပြီးနောက် ယဲ့ကျန်းကော်တို့ လင်မယားနှစ်ဦးကို ပေကျင်းမြို့သို့ ဘေးကင်းကင်းနှင့် ပို့ဆောင်ပေးခဲ့သည်။
မိဘနှစ်ပါး ရောက်ရှိလာသည့်နေ့တွင် ယဲ့ရှောင်ရှောင်သည် တက္ကသိုလ်မှ ခွင့်တစ်ရက်ယူခဲ့ပါသည်။
ထို့နောက် မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့ကို ဆေးရုံအနီးတွင် သူမဝယ်ယူထားသည့် တိုက်ခန်းထံသို့ အရင်ဆုံး ခေါ်ဆောင်လာပေးခဲ့သည်။
သူမဝယ်ယူထားသော တိုက်ခန်းမှာ မြေညီထပ်ဖြစ်ပြီး ကျယ်ဝန်းလှသော ကိုယ်ပိုင်ဥယျာဉ်ငယ်လေးတစ်ခုလည်း ပါရှိသဖြင့် သက်ကြီးရွယ်အိုများ နေထိုင်ရန်အတွက် အလွန်ပင် သင့်တော်လှပါသည်။
“ရှောင်ရှောင်… ဒီအိမ်ကို သမီးဖာသာသမီး ဝယ်ထားတာလား၊ သမီးအဖေနဲ့ အမေတို့ ဘာမှ မထောက်ပံ့ပေးနိုင်ခဲ့ဘူး၊ အခု အမေတို့ ကူညီပေးနိုင်တာ ဘာများရှိမလဲလို့ လာကြည့်တာပါ”
“အမေနဲ့ အဖေတို့ ဒီမှာ အေးအေးဆေးဆေးသာ အနားယူကြ၊ သမီးဘာအကူအညီမှ မလိုဘူး”
မြောင်စွေ့ဖန်းသည် ယဲ့ရှောင်ရှောင်၏ လက်ထဲသို့ စာအိတ်နီတစ်လုံး ထည့်ပေးလိုက်သည်။
“အများကြီးတော့ မဟုတ်ပေမယ့် သမီးကံကောင်းစေဖို့ပါ”
ယဲ့ရှောင်ရှောင်လည်း မတတ်သာတော့ဘဲ စာအိတ်နီကို လက်ခံခဲ့ရပါသည်။
ထို့နောက် ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့ကို တိုက်ခန်းတွင် ညစာကောင်းကောင်းကျွေးပြီး ညအိပ် အနားယူစေခဲ့ပါသည်။
နောက်တစ်နေ့ မွန်းတည့်ချိန်ရောက်သောအခါ မိဘနှစ်ပါးကို ဆေးရုံသို့ သူမ လိုက်ပို့ပေးခဲ့သည်။
မြောင်စွေ့ဖန်းက အနည်းငယ် စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်ပါသည်။
“ပေကျင်းကိုရောက်ရောက်ချင်း ဘာလို့ ဆေးရုံသွားရမှာလဲ”
ယဲ့ရှောင်ရှောင်က ရှင်းပြလိုက်သည်။
“အစ်ကိုကြီးက တောင်းဆိုထားလို့ပါ၊ အဖေ့ခြေထောက်ဒဏ်ရာအကြောင်း သမီးကို ပြောပြထားတယ်၊ အခုမှ ပြန်ကောင်းခါစဆိုတော့ ဓာတ်မှန်ထပ်ရိုက်ပြီး အရိုးအခြေအနေကို စစ်ကြည့်တာ အကောင်းဆုံးဖြစ်မယ် ထင်လို့လေ”
ယဲ့ရှောင်ရှောင်သည် ယဲ့ကျန်းကော်ကို အရိုးအကြောဌာနသို့ ဦးစွာ ပို့ဆောင်ပေးခဲ့ပြီး မြောင်စွေ့ဖန်းအား အာရုံကြောဌာနသို့ ခေါ်ဆောင်ကာ ဆေးစစ်မှု ခံယူစေခဲ့သည်။
“အမေပါ ဆေးစစ်ရမှာလား”
မြောင်စွေ့ဖန်း အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
ယဲ့ရှောင်ရှောင် ရှင်းပြလိုက်ပါသည်။
“ဒါပုံမှန် ကျန်းမာရေးစစ်ဆေးတာပါအမေ၊ ပေကျင်းမှာရှိတဲ့ သက်ကြီးရွယ်အိုတွေဆိုရင် နှစ်စဉ် ပုံမှန် ကျန်းမာရေး စစ်ဆေးလေ့ရှိကြတယ်၊ အဖေနဲ့အမေလည်း ဒီကို ရောက်တုန်းရောက်ခိုက် စစ်လိုက်တာ ပိုကောင်းတာပေါ့၊ ဘာမှ အပန်းမကြီးပါဘူး”
မြောင်စွေ့ဖန်းတစ်ယောက် မြို့ကြီးပြကြီးသို့ မရောက်ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ?
ဤနေရာရှိ ဆေးရုံများမှာ ကောင်တီမြို့ရှိ ဆေးရုံများထက် အဆပေါင်းများစွာ ပိုသာသည်။ ဆေးရုံများသည် ကြီးမားကျယ်ဝန်းရုံသာမကဘဲ ပစ္စည်းကိရိယာများကလည်း အလွန်ပင်အဆင့်လှမြင့်ပါသည်။
မြောင်စွေ့ဖန်းက ယဲ့ရှောင်ရှောင်၏ လက်ကို တင်းတင်းဆုပ်ကိုင်ရင်း မေးလိုက်သည်။
“ရှောင်ရှောင်… ဒီမှာ ကျန်းမာရေးစစ်တာ ငွေတွေအများကြီးကုန်နိုင်တယ်မလား”
ယဲ့ရှောင်ရှောင်: “ဘာမှမကုန်ပါဘူး အမေရဲ့၊ စိတ်မပူနဲ့နော်”
ယဲ့ရှောင်ရှောင်သည် မြောင်စွေ့ဖန်းအား ဆေးစစ်ခန်းထဲသို့ ပို့ဆောင်ပေးပြီးနောက် ဓာတ်မှန်ရိုက်ပြီးသော ယဲ့ကျန်းကော်အား သွားရောက်ခေါ်ဆောင်ခဲ့သည်။
သူမသည် ဖခင်ဖြစ်သူ၏ ခြေထောက်ဒဏ်ရာကို ဓာတ်မှန်ရိုက်စေရုံသာမက အထွေထွေ ကျန်းမာရေး စစ်ဆေးမှုကိုပါ ဆောင်ရွက်စေခဲ့ပါသည်။
ယဲ့ကျန်းကော်က ရုတ်တရက် မေးလိုက်သည်။
“ရှောင်ရှောင်၊ အဖေ့ကို အမှန်အတိုင်း ပြောစမ်း၊ နင့်အမေရဲ့ ကျန်းမာရေး ဒါမှမဟုတ် ငါ့ကျန်းမာရေး တစ်ခုခု ဖြစ်နေလို့လား”
ယဲ့ကျန်းကော်သည် အစောကြီးကတည်းက သံသယရှိခဲ့ပါသည်။
စိုးရိမ်ရသည့် အခြေအနေမဟုတ်လျှင် သားဖြစ်သူသည် ယဲ့ရှောင်ရှောင်နှင့် တိတ်တဆိတ်ပူးပေါင်းပြီး သူတို့လင်မယားကို ပေကျင်းမြို့သို့ ပို့ဆောင်ခဲ့မည် မဟုတ်ပေ။
ထို့အပြင် ပေကျင်းသို့ ရောက်ရှိလာသည်နှင့် ဆေးရုံသို့ ချက်ချင်း ခေါ်ဆောင်လာခဲ့ခြင်းကြောင့် သူ့သံသယများ ပိုမို ခိုင်မာသွားခဲ့ရသည်။
ယဲ့ရှောင်ရှောင်ကမူ ယဲ့ကျန်းကော်၏ ဆေးစစ်ချက်အဖြေများကို ဖတ်ရှုနေပါသည်။ သူ့ခန္ဓာကိုယ်က ကျန်းမာရေး အတော်လေးကောင်းမွန်လျက်ရှိပြီး မည်သည့်ရောဂါဝေဒနာမှ မရှိကြောင်း တွေ့ခဲ့ရသည်။
ဖခင်ဖြစ်သူက အခြေအနေမှန်ကို ရိပ်မိနေပြီဖြစ်သဖြင့် ယဲ့ရှောင်ရှောင်လည်း မတတ်သာတော့ဘဲ အမှန်အတိုင်း ပြောပြလိုက်ရပါသည်။
“ကောင်တီဆေးရုံမှာ ဆေးစစ်တုန်းက ပြဿနာနည်းနည်းတွေ့ခဲ့တာ အမေပါ၊ ဒါပေမယ့် ကောင်တီဆေးရုံက တိကျတဲ့ အဖြေမပေးနိုင်လို့ အစ်ကိုကြီးက သမီးကို ဆက်သွယ်ခဲ့တာ၊ အဲ့တာကြောင့် အဖေနဲ့အမေကို သေသေချာချာ ဆေးစစ်ပေးဖို့အတွက် ပေကျင်းကို ခေါ်လိုက်ရတာပါ”
ထိုသတင်းကို ကြားပြီး ယဲ့ကျန်းကော်မှာ ခန္ဓာကိုယ်ပင် ယိမ်းယိုင်သွားရသည်။ ယဲ့ရှောင်ရှောင်က သူ့ကို အမြန် တွဲပေးလိုက်ပြီ ကော်ရစ်ဒါရှိ ခုံတန်းရှည်တွင် ထိုင်စေခဲ့ပါသည်။
“ဆေးစစ်ချက်အဖြေတောင် ထွက်မလာသေးပါဘူး၊ စိတ်မချောက်ချားပါနဲ့ အဖေရဲ့”
ယဲ့ကျန်းကော်က အခိုင်အမာ ပြောဆိုလိုက်သည်။
“ရှောင်ရှောင်၊ ငွေဘယ်လောက်ပဲကုန်ကုန် နင့်အမေကို ရောဂါအရှင်းပျောက်ကင်းအောင် အဖေတို့ကုပေးရမယ်နော်”
ယဲ့ရှောင်ရှောင်က အာမခံလိုက်သည်။
“စိတ်မပူနဲ့ အဖေ၊ အမေ နေပြန်ကောင်းလာအောင် သမီးကျိန်းသေပေါက် ကြိုးစားပါ့မယ်”
ပေကျင်းမြို့ရှိ ဆေးရုံကြီးများ၏ လုပ်ငန်းဆောင်ရွက်မှုနှုန်းမှာ အလွန်ပင် မြန်ဆန်လှသဖြင့် တစ်နာရီခန့်အကြာတွင် ဆေးစစ်ချက်အဖြေနှင့် ဓာတ်မှန်အဖြေအားလုံး ထွက်ပေါ်လာခဲ့ပါသည်။
ယဲ့ရှောင်ရှောင်သည် ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့အား ထိုင်ခုံတွင် ခဏထိုင်စောင့်ခိုင်းခဲ့ကာ ဆရာဝန်နှင့် သီးသန့်စကားသွားပြောခဲ့သည်။
ဤအထူးကုဆရာဝန်မှာ စွန်းကျန့်ယောင်၏ မိတ်ဆွေဖြစ်ပြီး မြောင်စွေ့ဖန်း၏ အခြေအနေအား ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါသည်။
“ဦးနှောက်ထဲမှာ ခွဲထုတ်ရမယ့် အကျိတ်တစ်ခုရှိနေတယ်၊ လောလောဆယ်တော့ ကင်ဆာကျိတ်ဖြစ်နိုင် မဖြစ်နိုင်ကို အတိအကျ မပြောနိုင်သေးဘူး”
ယဲ့ရှောင်ရှောင်က ချက်ချင်း မေးမြန်းလိုက်သည်။
“အဲ့ဒီခွဲစိတ်ကုသမှုကို ဒီဆေးရုံကြီးမှာ ဆောင်ရွက်ပေးနိုင်ပါ့မလား”
“ဆောင်ရွက်ပေးနိုင်တာပေါ့၊ ဒီဆေးရုံမှာ အတွေ့အကြံမြင့်မားတဲ့ ဦးနှောက်အာရုံကြောအထူးကုတွေ အများကြီး ရှိတယ်၊ အချိန်မဆိုင်းဘဲ အခုချက်ချင်း ကုသမယ်ဆိုရင် လူနာအနေနဲ့ ရောဂါအရှင်းပျောက်ကင်းနိုင်ဖို့ ၉၀ ရာခိုင်နှုန်း သေချာတယ်”
ယဲ့ရှောင်ရှောင် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။
“အဲ့တာဆို ခွဲစိတ်ကုသမှုအတွက် ရက်ကို သတ်မှတ်ပေးပါဦးဒေါက်တာ၊ ဆေးရုံတက်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်း ကိစ္စတွေကို ကျွန်မ အခုပဲ သွားစီစဉ်လိုက်ပါ့မယ်”