← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

📗 Chapter 204

ဤကဲ့သို့ ခွဲစိတ်ကုသမှုမျိုးကို အတတ်နိုင်ဆုံး အလျင်အမြန်ဆောင်ရွက်နိုင်လျှင် အကောင်းဆုံးပင် ဖြစ်သည်။

သို့သော် ဆေးရုံတင်ပြီးသည်နှင့် ခွဲစိတ်ကုသမှုကို ချက်ချင်း ခံယူနိုင်လိမ့်မည်ဟု မဆိုလိုပါ။ မြောင်စွေ့ဖန်း၏ ခန္ဓာကိုယ် အခြေအနေသည် ခွဲစိတ်မှုကို ခံနိုင်ရည် ရှိ၊ မရှိ အရင်ဆုံး စောင့်ကြည့်စစ်ဆေးရပါဦးမည်။

ယဲ့ရှောင်ရှောင် အပြင်သို့ ပြန်ထွက်လာပြီဂနောက် အမေဖြစ်သူ စိတ်ချောက်ချားမှု မရှိစေရန် အခြေအနေကို အတတ်နိုင်ဆုံး နူးညံ့သိမ်မွေ့စွာ ရှင်းပြခဲ့ပါသည်။

အကယ်၍ သူမကို အမှန်အတိုင်းဖွင့်မပြောဘဲ ဖုံးကွယ်ထားကာ နောက်ဆက်တွဲ လုပ်ငန်းစဉ်များကို တိတ်တဆိတ် စီစဉ်နေမည်ဆိုလျှင် မြောင်စွေ့ဖန်းတစ်ယောက် စိတ်ပိုဖိစီးလာရုံသာ ရှိပါလိမ့်မည်။

“အမေ ရက်နည်းနည်းလောက် ဆေးရုံတက်ရလိမ့်မယ်၊ ဆရာဝန်က အမေ့ကို ခွဲစိတ်ကုသမှုအသေးစားလေးတစ်ခု လုပ်ဖို့လိုအပ်တယ်တဲ့”

မြောင်စွေ့ဖန်း ချက်ချင်း ခါးမတ်သွားခဲ့သည်။

“ခွဲစိတ်ရမယ်ဟုတ်လား၊ ဘယ်လိုခွဲစိတ်မှုလဲ ရှောင်ရှောင်၊ အမေ့မှာ တကယ်ပဲ ကြီးကြီးမားမားရောဂါတစ်ခုခု ဖြစ်နေတာလား”

ယဲ့ရှောင်ရှောင်သည် မြောင်စွေ့ဖန်းအား ဆရာဝန်ထံသို့ အသာအယာတွဲခေါ်သွားရင်း ရှင်းပြလိုက်သည်။

“တကယ်အသေးစား ခွဲစိတ်ကုသမှုလေးပါ အမေရဲ့၊ ခွဲခါနီးကျရင် မေ့ဆေးပေးမှာမို့လို့ အမေဘာမှ ခံစားရမှာ မဟုတ်ဘူး၊ သမီးပြောတာ မယုံရင် ဆရာဝန်ရှင်းပြတာ နားထောင်လိုက်”

ဖန့်ချန်းကုန်းသည် မြောင်စွေ့ဖန်းကို သက်သက်သာသာ ထိုင်ရန် လက်ဟန်ပြလိုက်ပြီး ခွဲစိတ်ကုသမှုအကြောင်းကို စိတ်ရှည်ရှည်နှင့် ရှင်းပြခဲ့ပါသည်။

ဆရာဝန်၏ ရှင်းလင်းချက်ကို ကြားပြီးနောက် မြောင်စွေ့ဖန်းလည်း ကြောက်ရွံ့မှုများ အနည်းငယ် လျော့နည်းသွားရပါသည်။

ဤဆေးရုံသို့ နေ့စဉ် ရောက်ရှိလာသည့် လူနာပေါင်းများစွာအနက် ခြေပြတ်၊ လက်ပြတ်နှင့် အခြေအနေ ဆိုးရွားလှသူများ ဒုနှင့်ဒေးရှိနေကြောင်း၊ မြောင်စွေ့ဖန်းမှာမူ ခန္ဓာကိုယ်တစ်ခုလုံး အကောင်းအတိုင်း ရှိနေသေးသဖြင့် ထိုမျှလောက် စိုးရိမ်စရာမရှိကြောင်း ဆရာဝန်က ပြောကြားခဲ့ပါသည်။

မြောင်စွေ့ဖန်းက မေးသည်။

“အဲ့တာဆို အမေ အခုပဲ ဆေးရုံတက်ရတော့မှာလား”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ ခဏနေရင် သမီးအပြင်ထွက်ပြီး လိုအပ်တာလေးတွေ သွားယူလိုက်မယ်၊ ဒီနေ့ည ဆေးရုံမှာ သမီး အဖော်နေပေးပါ့မယ်”

ယဲ့ကျန်းကော်က ဝင်ပြောလိုက်သည်။

“ရှောင်ရှောင်၊ နင့်အမေကို အဖေပဲ ကြည့်ပေးထားလိုက်မယ်လေ၊ သမီးက ကျောင်းတက်ရဦးမှာမလား၊ ပညာရေးတွေ အနှောင့်အယှက် ဖြစ်နေပါဦးမယ်”

“မဖြစ်ပါဘူး အဖေရဲ့၊ မနက်ဖြန်ကျရင်လည်း အတန်းမရှိဘူးလေ”

အမှန်တွင် ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့အား နှစ်ယောက်တည်း ထားခဲ့ပါက သူတို့စိတ်ထဲ အဆိုးဆုံး အခြေအနေများအား တောင်တွေးမြောက်တွေး လျှောက်တွေးနေမိကြမည်ကို ယဲ့ရှောင်ရှောင် စိတ်ပူနေခြင်းပင်။

မရင်းနှီးသည့် ပတ်ဝန်းကျင်တစ်ခုသို့ ရောက်ရှိနေကြခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုလည်း ခံယူရမည့်ဖြစ်သဖြင့် တစ်စုံတစ်ယောက်သာ အနားမှာရှိမနေပါက လူနာမှာ စိတ်ဓာတ်လုံးလုံး ကျသွားပါလိမ့်မည်။

ယဲ့ကျန်းကော်က အားကိုးရသော်ငြား သူလည်း ဤနေရာနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသေးသဖြင့် ပထမဆုံးညတွင်တော့ အတူတူနေပေးဖို့ ယဲ့ရှောင်ရှောင် ဆုံးဖြတ်ခဲ့ပါသည်။

ယဲ့ရှောင်ရှောင်သည် မြောင်စွေ့ဖန်းအတွက် သီးသန့်လူနာခန်းတစ်ခု စီစဉ်ပေးခဲ့သည်။

ဆေးရုံတွင် လူနာနည်းပါးနေသော ယခုကဲ့သို့ အချိန်အခါမျိုး၌ အခကြေးငွေအနည်းငယ်ပေးလိုက်ရုံဖြင့် သီးသန့်လူနာခန်းတစ်ခန်းကို ရရှိနိုင်ပါသည်။

ဆေးရုံတွင် လူနာများ အလွန်ပြည့်ကျပ်လာသည့် အခါမျိုးတွင်မူ ဆေးရုံ၏ ကော်ရစ်ဒါများပေါ်၌ပင် ခေါက်ကုတင်များဖြင့် အိပ်စက်အနားယူရသည်အထိ အခြေအနေ ဆိုးရွားလာနိုင်သည်။

မြောင်စွေ့ဖန်းကို အခန်းထဲတွင် နေရာချပေးပြီးနောက် ယဲ့ရှောင်ရှောင်သည် အသုံးအဆောင်ပစ္စည်းအချို့ ထွက်ဝယ်ခဲ့ပြီး ယဲ့ချန်းချင့်ကိုလည်း သတင်းပါးခဲ့ပါသည်။

ယဲ့ချန်းချင့်တစ်ယောက် သတ္တုတွင်းတွင်သာ ရှိနေဆဲ ဖြစ်နိုင်သဖြင့် သူစိတ်အေးအောင် ကြေးနန်းစာတစ်စောင် ပို့ထားခဲ့လိုက်သည်။

စာထဲတွင် မြောင်စွေ့ဖန်းအား ခွဲစိတ်ကုသရမည်ဖြစ်ကြောင်းနှင့် အောင်မြင်နိုင်ခြေက အလွန်မြင့်မားကြောင်းကိုပါ ထည့်သွင်း ရေးသားခဲ့ပါသည်။

အခြေအနေ ပိုမိုဆိုးရွားမလာသရွေ့ နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာအထိ မြောင်စွေ့ဖန်း၏ ကျန်းမာရေး ထပ်မံ ထိခိုက်လာနိုင်စရာမရှိကြောင်း အသိပေးခဲ့သည်။

ထိုနေ့ ညနေခင်းတွင် ဆေးရုံသို့ စုန့်ရှောင်းကွမ်၊ ဒေါ်လေးရှုတို့နှင့်အတူ စုန့်ကွမ်းကျင့် ရောက်ရှိလာခဲ့ပါသည်။

ယဲ့ရှောင်ရှောင် အံ့အားသင့်စွာ မတ်တပ်ထရပ်လိုက်မိသည်။

“ဆရာကြီး ဘာကိစ္စရှိလို့လဲ”

“ရှောင်းကွမ်သာ မပြောရင် နင့်မိဘတွေ ပေကျင်းကို ရောက်နေတဲ့အကြောင်း ငါသိတောင်သိမှာ မဟုတ်ဘူး”

စုန့်ရှောင်းကွမ်သည် မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့ထက် ဆယ်စုနှစ်တစ်စုကျော်လောက် အသက်ပိုကြီးသဖြင့် သူတို့အတွက်လည်း လူကြီးသူမတစ်ဦးဖြစ်ပေသည်။

“ဆေးရုံတက်ရရင် အစားကောင်းအသောက်ကောင်းစားရဖို့ ခက်တယ်၊ အဲ့တာကြောင့် နင့်ဒေါ်လေးရှုကို နေ့တိုင်း အစားအသောက်တွေ ချက်ပြုတ်ပြီး လာပို့ခိုင်းဖို့ တာဝန်ပေးထားတယ်”

ယဲ့ရှောင်ရှောင်: “အဲ့တာဆို ဒေါ်လေးရှု အရမ်းပင်ပန်းမှာပေါ့”

စုန့်ကွမ်းကျင့်: “အားလုံးက မိသားစုဝင်တွေပဲဥစ္စာ၊ ဘာကို ပင်ပန်းရမှာလဲ”

ဒေါ်လေးရှုကလည်း ထောက်ခံသည်။

“မနက်ပိုင်းနဲ့ ညနေပိုင်း တစ်ခေါက်စီပဲ လာပို့ဖို့ လိုတာလေ ဒေါ်လေး မပင်ပန်းပါဘူး”

စုန့်ကွမ်းကျင့်က ဆက်ပြောသည်။

“နင့်ဒေါ်လေးရှုကို ကားနဲ့လိုက်ပို့ပေးဖို့ အိမ်က ဒရိုင်ဘာကိုလည်း တာဝန်ပေးမှာပါ”

စုန့်ရှောင်းကွမ်သည် လက်ရှိတွင် ကုမ္ပဏီကိစ္စများနှင့် အလွန်အလုပ်များနေသဖြင့် စုန့်အိမ်တော်၌ ဒရိုင်ဘာတစ်ယောက်ကို ငှားရမ်းထားပါသည်။

သို့သော် ပုံမှန်အားဖြင့် စုန့်ကွမ်းကျင့်ကို စုန့်ကောရှမ့်ကသာ လိုက်လံ ပို့ဆောင်ပေးတတ်သဖြင့် စုန့်မိသားစုဒရိုင်ဘာမှာ အမြဲလိုလို အားလပ်နေတတ်ပါသည်။

ယဲ့ရှောင်ရှောင် ပြုံးလိုက်သည်။

“ဒါဆိုလည်း ကျေးဇူးတင်ပါတယ် ဆရာကြီး”

စုန့်ကွမ်းကျင့် ရောက်ရှိလာသည်ကို မြင်သောအခါ ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့လည်း မတ်တပ်ထရပ်လိုက်ကြပါသည်။

ယဲ့ကျန်းကော်က နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်သည်။

“ဆရာကြီးစုန့် အခုလို တကူးတက လာရောက်ကြည့်ရှုပေးတာ ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ လင်မယားနှစ်ယောက် တကယ်အသိအမှတ်ပြုပါတယ်”

စုန့်ကွမ်းကျင့်က သူတို့နှစ်ဦးကို ထိုင်ဖို့ လက်ဟန်ပြလိုက်ပြီး ပြန်ပြောလိုက်ပါသည်။

“ရှောင်ရှောင်က ငါ့ကို ဘာမှကြိုမပြောထားလို့ပေါ့၊ ကြိုသာပြောထားရင် မင်းတို့တွေကို ငါ့အိမ်မှာနေဖို့ ခေါ်ထားပါတယ်”

မြောင်စွေ့ဖန်း: “ရှောင်ရှောင်လေး ပေကျင်းမှာ ရှိနေတဲ့ကာလအတွင်း ဆရာကြီးစုန့်က အခုလို သမီးအရင်းလေးတစ်ယောက်လို စောင့်ရှောက်ပေးထားတာနဲ့တင် လုံလောက်ပါပြီ၊ ကျွန်မတို့ ဆရာကြီးစုန့်ကို ဘယ်လိုကျေးဇူးတင်ရမယ်မှန်းတောင် မသိဘူး”

စုန့်ကွမ်းကျင့်က ဆိုသည်။

“ရှောင်ရှောင်က ငါ့တပည့်ပဲ၊ အဲ့တော့ ငါ့တပည့်ငါ စောင့်ရှောက်ပေးရတာ ဘာမှအပန်းမကြီးဘူး၊ ပြီးတော့ ပေကျင်းမြို့က ဆေးရုံအသီးသီးမှာရှိတဲ့ ဦးနှောက်နဲ့ အာရုံကြောအထူးကုဆရာဝန်ကြီးတွေနဲ့ ငါရင်းနှီးတယ်၊ အဲ့တာကြောင့် အခု ခွဲစိတ်ကုသမှုအတွက်လည်း ဘာမှစိတ်ပူစရာမလိုဘူး၊ အားလုံး ချောချောမွေ့မွေ့ပဲ ပြီးသွားလိမ့်မယ်”

သူ့စကားလုံးများကြောင့် မြောင်စွေ့ဖန်း အားတက်သွားခဲ့ရပြန်သည်။ မြို့တော်တွင် သူမကို ဖေးမကူညီပေးမည့် လူပေါင်းများစွာ ရှိနေသဖြင့် သူမ၏ ရောဂါဝေဒနာ အရှင်းပျောက်ကင်းသွားမည်မှာ သေချာနေပါပြီ။

စုန့်ကွမ်းကျင့်က စကားအနည်းငယ် ဆက်ပြောပြီးနောက် ပြန်ဖို့ ပြင်ခဲ့ပါသည်။

မပြန်မီ ယဲ့ရှောင်ရှောင်အား ခေါ်ကာ အကြံပြုခဲ့သည်။

“မနက်ဖြန်ကျရင် နင့်အမေကို အနီးကပ်စောင့်ရှောက်ပေးဖို့ အကူတစ်ယောက်လောက် ငှားလိုက်၊ နင်တစ်နေကုန် ဆေးရုံမှာနေလို့ မဖြစ်ဘူး၊ အားတဲ့အချိန်ကျမှ ဆေးရုံကိုလာခဲ့ပေါ့”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

“သမီးလည်း အဲ့လိုပဲ စဉ်းစားနေတာ၊ ဒါပေမယ့် အမေ့ကို နေ့တိုင်းတော့ ပုံမှန် လာကြည့်မှာပါ”

ဆရာကြီးစုန့်သည် ပြဿနာတစ်စုံတရာရှိပါက ဖုန်းဆက်အကြောင်းကြားလိုက်ဖို့ မှာကြားလိုက်သည်။

ယဲ့ရှောင်ရှောင် ခေါင်းညိတ်သဘောတူလိုက်မှသာ သူ့အဖွဲ့ကို ခေါ်ဆောင်၍ ဆေးရုံမှ ပြန်လည်ထွက်ခွာသွားတော့သည်။ ဒေါ်လေးရှုက အစားအသောက်များကို ထားခဲ့ပြီး ရှောင်ရှောင်အား အချိန်မှန်စားသောက်ဖို့လည်း မှာကြားခဲ့သေးသည်။

မြောင်စွေ့ဖန်းကို ၃ ရက်ကြာ ဆေးရုံတင်ထားခဲ့ရပြီး ၂ ရက်အကြာတွင် ခွဲစိတ်ကုသဖို့အတွက် တရားဝင် ရက်သတ်မှတ်ပေးခဲ့သည်။

ထိုရက်ပိုင်းများအတွင်း သူမထံသို့ သတင်းလာမေးကြသူများစွာ ရှိပါသည်။ ယဲ့ရှောင်ရှောင်၏ အဆောင်အခန်းဖော်များမှစ၍ အတန်းဖော်များပါမကျန် ရောက်ရှိလာကြသည်။

ကျန်းခိုင်နင်ပင် သစ်သီးခြင်းကြီးတစ်ခြင်းကို သယ်ဆောင်လျက် ရောက်ရှိလာခဲ့သည်။ မည်သူက သတင်းပေးလိုက်မှန်း မသိသော်လည်း ရမ်သဲ့ထန်မှတဆင့် ကျန်းခိုင်နင် သိရှိသွားခြင်းဖြစ်နိုင်ပါသည်။

မြောင်စွေ့ဖန်းက အနည်းငယ် စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်သည်။

“ရှောင်ရှောင်၊ သမီးနဲ့ ကောင်လေးလုတို့ အဆင်ပြေကြရဲ့လား၊ ဒီရောက်ကတည်းက သူ့ကို မတွေ့မိဘူးနော်…”

အမေဖြစ်သူ နားလည်မှုလွဲမည်စိုး၍ ယဲ့ရှောင်ရှောင် ရှင်းပြလိုက်သည်။

“လုဟန်ချွမ်က တာဝန်နဲ့ မြို့ပြင်ရောက်နေတာလေ အမေ၊ အမေတို့ ပေကျင်းမှာ ရောက်နေမှန်းတောင် သူ မသိသေးဘူး၊ သမီးတို့နှစ်ယောက်ကြားထဲ ဘာပြဿနာမှမရှိပါဘူး”

ထိုအခါမှသာ မြောင်စွေ့ဖန်း စိတ်အေးနိုင်ပါသည်။

“သမီးတို့ အဆင်ပြေရင် ပြီးတာပါပဲ၊ သမီးပြောသလို အသေးစားခွဲစိတ်ကုသမှုလေးပဲဆိုတော့ လူတိုင်းကို အသိပေးစရာ မလိုဘူး၊ ခွဲပြီးတာနဲ့ အမေ အိမ်ပြန်တော့မယ်”

ယဲ့ရှောင်ရှောင် သဘောတူလိုက်သည်။

“ဟုတ်ကဲ့ပါ၊ တတိယအစ်ကိုနဲ့ စတုတ္ထအစ်ကိုတို့ကိုတောင် သမီး မပြောရသေးဘူး”

မြောင်စွေ့ဖန်းကလည်း သူမဘေးတွင် လူများစုပြုံနေမည်ကို မလိုလားပေ။ လူများစုပြုံနေလေလေ သူမ ပို၍ စိတ်ဖိစီးရလေလေပင်။

ရှောင်ရှောင်၏ တည်ငြိမ်အေးဆေးသော အမူအရာလေးကို မြင်ရသည်မှာ သူမအတွက် စိတ်သက်သာရာ ရစေပါသည်။

ကုတင်ဘေးတွင် ယဲ့ကျန်းကော်သည် မြောင်စွေ့ဖန်းစားဖို့အတွက် ပန်းသီး အခွံနွှာပေးနေသည်။

ဤဆေးရုံတွင် သုံးရက်မျှ နေထိုင်ခဲ့ပြီးနောက် ဤနေရာ၏ ပတ်ဝန်းကျင်သည် ကောင်တီမြို့ရှိ ဆေးရုံများထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်ကြောင်းနှင့်၊ သီးသန့်လူနာခန်းမှာလည်း အလွန်တရာ သက်တောင့်သက်သာ ရှိကြောင်း သူတို့ နားလည်ခဲ့ရပါသည်။

ယဲ့ကျန်းကော်သည် ဤနေရာတွင် ဆေးရုံတစ်ရက်တင်ဖို့ မည်မျှ ကုန်ကျကြောင်း သမီးဖြစ်သူအား မေးမြန်းခဲ့သော်လည်း ရှောင်ရှောင်ကမူ စကားလမ်းကြောင်းအမြဲလွှဲပြီး စိတ်အေးလက်အေး အနားယူဖို့သာ ပြောကြားခဲ့သည်။

ယဲ့ရှောင်ရှောင်: “သမီး ရေနွေးနည်းနည်း သွားယူလိုက်ဦးမယ်နော်”

ဓာတ်ဘူးများကို ကိုင်ဆောင်လျက် လူနာခန်းထဲမှ ယဲ့ရှောင်ရှောင်ထွက်လာစဉ် ကော်ရစ်ဒါထဲတွင် လျှောက်လှမ်းလာသော ရင်းနှီးနေသည့် လူတစ်ဦးကို မြင်လိုက်ရပါသည်။

“ဒုတိယအစ်ကို!”

ယဲ့ချန်းအန်းက သူမထံ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်။

ယဲ့ရှောင်ရှောင်တစ်ယောက် မျက်စိအမြင်များ မှားသွားသလားဟုပင် တွေးလိုက်မိပါသည်။

‘ဒုတိယအစ်ကိုက သူ့စခန်းမှာ ရှိနေရမှာ မဟုတ်ဘူးလား’

ယဲ့ချန်းအန်းသည် သူမလက်ထဲရှိ ဓာတ်ဘူးကို ယူကာ ပြောလိုက်သည်။

“ငါသာ အိမ်ပြန်မလာဘူးဆိုရင် အမေ နေမကောင်းတဲ့အကြောင်း ဘယ်အချိန်မှ အသိပေးကြမှာလဲ”

ယဲ့ရှောင်ရှောင်: “…”

ယဲ့ချန်းအန်းသည် လူနာခန်းထဲသို့ ချက်ချင်း မဝင်သေးဘဲ ယဲ့ရှောင်ရှောင်နှင့်အတူ ရေနွေးသွားယူပေးခဲ့ပါသည်။

လမ်းတွင် သူရှင်းပြလိုက်သည်။

“ငါအိမ်ကို ပြန်ရောက်တော့ အစ်ကိုကြီးက ဒီကိုလာဖို့ ရထားလက်မှတ်တောင် ဖြတ်ပြီးနေပြီ၊ ဒါပေမယ့် သူက သတ္တုတွင်းမှာ အရေးတကြီး လုပ်စရာတွေရှိသေးတာဆိုတော့ သူ့ကိုနေခဲ့ခိုင်းပြီး ငါတစ်ယောက်တည်း လိုက်လာခဲ့တာ”

ဤသို့ ရောက်ရှိမလာခင်အထိ ယဲ့ချန်းအန်းသည် ညီမဖြစ်သူအတွက် အလွန်စိုးရိမ်ပူပန်နေခဲ့ပါသည်။

သူမသည် မိသားစုတွင် အငယ်ဆုံး ကလေးဖြစ်သည့်အပြင် မိန်းကလေးငယ်တစ်ဦးသာဖြစ်၍ ဤကဲ့သို့ အခက်အခဲမျိုးနှင့် ရင်ဆိုင်ရသည့်အခါ အလွန်ကြောက်လန့်နေလိမ့်မည်ဟု ယဲ့ချန်းအန်းထင်ထားခဲ့သည်။

သို့သော် ယခုအခါတွင်မူ အရာအရာကို အစီအစဉ်တကျနှင့် ဦးစီးဦးဆောင် လုပ်ကိုင်ပေးနေသည့် ယဲ့ရှောင်ရှောင်ကို မြင်လိုက်ရသည်မှာ ယဲ့ချန်းအန်းအတွက် အလွန်အံ့အားသင့်စရာကောင်းလှပါသည်။

“ဒုတိယအစ်ကို ခွင့်ယူလာတာလား”

“အင်း”

ထို့နောက် ယဲ့ရှောင်ရှောင်သည် မြောင်စွေ့ဖန်း၏ အခြေအနေအား ရှင်းပြလိုက်ပါသည်။

“သမီးတို့ကျောင်းက ပါမောက္ခဆရာကြီးက ဝါရင့်အထူးကုကြီးတွေနဲ့ ဆက်သွယ်ပေးထားတယ်၊ အမေ့ခွဲစိတ်ကုသမှုက ဘာမှစိတ်ပူစရာမလိုဘူး၊ နောက်ဆက်တွဲ အခြေအနေဘယ်လိုရှိလာမလဲဆိုတာပဲ စောင့်ကြည့်ရမှာ”

ယဲ့ချန်းအန်းသည် ညီမဖြစ်သူကို နူးညံ့သိမ်မွေ့စွာ ကြည့်ရင်း ပြောလိုက်သည်။

“အခုလို ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရှောင်ရှောင်”

အမှန်စင်စစ် ယဲ့ရှောင်ရှောင်သည် ယဲ့မိသားစု၏ ရင်ခွင်ရိပ်အောက်တွင် ကြီးပြင်းလာခဲ့ရသူ မဟုတ်သဖြင့် သူမသာ မိသားစု၏ ဒုက္ခများကို လျစ်လျူရှုထားမည်ဆိုလျှင်ပင် မိသားစုက အပြစ်တင်နိုင်မည် မဟုတ်ပေ။

သို့သော် သွေးကစကားပြောခြင်းကြောင့်လား မသိသော်လည်း ယဲ့ရှောင်ရှောင်အား ပထမဦးဆုံး မြင်လိုက်ရသည့် အချိန်မှစ၍ ယဲ့ချန်းအန်းသည် ညီမဖြစ်သူကို အလွန်သဘောကျခဲ့ရပါသည်။

ယခုကဲ့သို့ မိသားစုအတွက် အချိန်ကုန်လူပင်ပန်းခံကာ စွမ်းစွမ်းတမံ ကူညီပေးနေသည်ကို မြင်ရသည့်အခါ ယဲ့ချန်းအန်း၏ စိတ်ထဲ ပို၍ပင် ဝမ်းသာ ကြည်နူးခဲ့ရပါသည်။

All Chapters