အခန်း ၂၀၅
Vol. 21 Ch. 205
📗 Chapter 205
မောင်နှမနှစ်ဦး ရေနွေးယူ၍ လူနာခန်းထဲ ပြန်လာသောအခါ ရုတ်တရက်ပေါ်လာသည့် ယဲ့ချန်းအန်းကြောင့် ယဲ့ကျန်းကော်တို့ လင်မယားနှစ်ဦး အလွန်အံ့အားသင့် ဝမ်းသာခဲ့ရသည်။
“ဒုတိယသား၊ မင်းက ဘယ်လိုဖြစ်ပြီး ပြန်လာတာလဲ”
ယဲ့ချန်းအန်းသည် ဓာတ်ဘူးများကို သေသေချာချာ နေရာချရင်း ရှင်းပြလိုက်ပါသည်။
“ကျွန်တော် ခွင့်ရလို့ ရွာကို ပြန်လာခဲ့တာ၊ အိမ်ရောက်တော့ အဖေတို့နှစ်ယောက် ပေကျင်းကိုတက်သွားကြတယ်လို့ အစ်ကိုကြီးက ပြောလို့ ချက်ချင်းလိုက်လာခဲ့တာလေ”
မြောင်စွေ့ဖန်းက ပွစိပွစိဖြင့် ညည်းတွားရေရွတ်လိုက်ပါသည်။
“ဒီလိုတွေဖြစ်လာမယ်မှန်းသာကြိုသိရင် အဲ့ဒီဆေးရုံမှာကတည်းက ဘာမှ မစစ်ခဲ့ပါဘူး”
ထိုအခါ ကလေးများလည်း ဤကဲ့သို့ စိုးရိမ်ပူပန်စရာမလိုတော့ချေ။
ယဲ့ချန်းအန်းသည် ထိုစကားကိုကြားသောအခါ ကုတင်ဘေးတွင်ထိုင်လျက် အမေဖြစ်သူအား ဖျောင်းဖျခဲ့ပါသည်။
“အမေ အဲ့လိုမတွေးရဘူးလေ၊ စောစောစီးစီးသာ မသိခဲ့ရရင် ဒီဝေဒနာအသေးစားလေးကနေ တဖြည်းဖြည်း ကြီးထွားလာပြီး နောက်ပိုင်းကျ ကုသရတာ ပိုခက်သွားမှာပေါ့”
ယဲ့ကျန်းကော်သည် ပုံမှန်အားဖြင့် ဇနီးဖြစ်သူဘက်တွင်သာ နေတတ်သော်လည်း ယခုအခါတွင်မူ သားဖြစ်သူ၏ စကားကိုသာ ထောက်ခံလိုက်သည်။
“ဒီလိုကိစ္စမျိုးတွေမှာ သားသမီးတွေရဲ့စကားကို နားထောင်သင့်တယ်၊ ရှောင်ရှောင်ကလည်း ဆေးကျောင်းသူပဲဥစ္စာ၊ ငါတို့တွေထက် ဒီကိစ္စတွေကို အများကြီး ပိုနားလည်မှာပေါ့”
ယောက်ျားနှင့် သားဖြစ်သူတို့က တစ်ယောက်တစ်ပေါက် ဝင်ရောက်ချေပနေသည်ကို ကြည့်ပြီး မြောင်စွေ့ဖန်းလည်း ပြန်လည်ငြင်းခုံစရာ စကားမရှိတော့ဘဲ သူတို့နှစ်ဦးကို လျစ်လျူရှုကာ အသာငြိမ်နေလိုက်ရတော့သည်။
ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းအန်း၏ လက်ထဲသို့ တိုက်ခန်းသော့ထည့်ပေးလိုက်သည်။
“ဒုတိယအစ်ကို၊ တိုက်ခန်းမှာ ခဏလောက် သွားနားလိုက်ဦး၊ ဆေးရုံမှာက လူနာစောင့်ဖို့ နေရာသိပ်မရှိတော့ အဖေ ဒါမှမဟုတ် အစ်ကိုတို့ထဲက တစ်ယောက်ယောက်တော့ အိမ်ပြန်အိပ်မှဖြစ်မှာ”
ယဲ့ကျန်းကော်ကလည်း သားဖြစ်သူကို တိုက်တွန်းသည်။
“မင်းအမေကို စောင့်ရှောက်ဖို့ ငါရှိတဲ့အပြင် ဆရာကြီးစုန့် ငှားပေးထားတဲ့ အကူတစ်ယောက်လည်းရှိပါတယ်၊ ပြီးတော့ ငါတို့နှစ်ယောက်က လှုပ်လှုပ်ရှားရှား သွားလာနေနိုင်ကြတာပဲဥစ္စာ၊ လူတွေအများကြီး လာစောင့်နေဖို့ ဘာမှ မလိုဘူး၊ သမီးလည်း ပြန်နားသင့်တယ် ရှောင်ရှောင်”
ယဲ့ချန်းအန်းသည် ရထားပေါ်မှ ဆင်းလာကတည်းက ဆေးရုံသို့ အလျင်အမြန် လိုက်လာခဲ့ခြင်းဖြစ်သည်။ မြောင်စွေ့ဖန်း စိတ်ရွှင်လက်ရွှင် ပေါ့ပေါ့ပါးပါး ရှိနေသည်ကိုမြင်ခါမှ သူစိတ်အေးနိုင်ခဲ့ပါသည်။
ယဲ့ရှောင်ရှောင်သည် အစ်ကိုဖြစ်သူကို တိုက်ခန်းသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုတိုက်ခန်းမှာ ဆေးရုံနှင့် တစ်လမ်းကျော်သာ ခြားသဖြင့် ၁၀ မိနစ်ခန့်သာ လမ်းလျှောက်ရပါသည်။
သို့သော် ယဲ့ရှောင်ရှောင်က ကားဖြင့်သွားဖို့ ကြံရွယ်ထားသည်။
ယဲ့ချန်းအန်းသည် ခရီးဆောင်အိတ်ကို ကိုင်ဆောင်လျက် ယဲ့ရှောင်ရှောင်၏ ကားကိုကြည့်ရင်း မှင်သက်သွားခဲ့သည်။
“ဒီကားက…”
ယဲ့ရှောင်ရှောင်: “လုဟန်ချွမ် ဝယ်ပေးထားတာပါ”
ယဲ့ချန်းအန်းက ထပ်မေးသည်။
“နင်တို့နှစ်ယောက်အကြား အဆင်ပြေရဲ့လား”
ယဲ့ရှောင်ရှောင် ခေတ္တစဉ်းစားကာ ပြန်ဖြေလိုက်သည်။
“အရမ်း အဆင်ပြေပါတယ်”
တစ်ဦးနှင့်တစ်ဦး တွေ့ရဖို့ပင် ခဲယဉ်းလှသဖြင့် အဆင်မပြေနိုင်စရာအကြောင်း မရှိပါ။
“ဒုတိယအစ်ကိုကော ဘယ်လိုလဲ၊ ဒီတစ်ခေါက် ခွင့်ရတော့ ယောက်မကို ခေါ်မလာခဲ့ဘူးလား”
ယဲ့ချန်းအန်း: “ခွင့်ရက်က အဲ့လောက်မများဘူးလေ၊ အဲ့တာကြောင့် ခေါ်မလာတာ၊ ကြားထဲ ပြဿနာဘာမှမရှိရင် နှစ်သစ်ကူးကျရင်တော့ ခေါ်လာခဲ့မှာပါ”
သူ့စကားကို နားထောင်ကြည့်ခြင်းအားဖြင့် ပျော်စရာကောင်းသည့်နေ့ရက်များ မကြာခင်ရောက်ရှိလာတော့မည်ဟု ယူဆနိုင်ပါသည်။
ယဲ့ချန်းအန်း၏ အသက်မှာ ၂၅ နှစ်ဝန်းကျင်ရှိနေပြီဖြစ်ရာ စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်နေရခြင်းကြောင့်သာ မဟုတ်ပါက အိမ်ထောင်ကျပြီး သားသမီးပင် ရသင့်နေပါပြီ။
သူနှင့် သူ့ကောင်မလေးတို့သည် စစ်တပ်မှ စီစဉ်ပေးသည့် အိမ်ထောင်ဖက်ရွေးချယ်ပေးသော အစီအစဉ်တစ်ခုတွင် တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။
ကောင်မလေးမှာ ရှန်းမြို့တော်မှ လာသူဖြစ်ပြီး သွက်လက်ချက်ချာမှုရှိသူဖြစ်ကာ စတွဲသည့်အချိန်မှစ၍ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အလွန်ပင် အဆင်ပြေချောမွေ့ခဲ့ပါသည်။
ယဲ့ရှောင်ရှောင်သည် ကားပါကင်ထိုးပြီးနောက် တိုက်ခန်းတံခါးဖွင့်လျက် ဒုတိယအစ်ကိုအား အိမ်ထဲသို့ ခေါ်ဆောင်လာခဲ့သည်။
အိပ်ခန်းသုံးခန်း၊ ဧည့်ခန်းတစ်ခန်းပါသော တိုက်ခန်းတစ်ခန်းဖြစ်ကာ ဆေးရုံနှင့်လည်း အလွန်နီးကပ်သဖြင့် ဈေးနှုန်းက မသေးလှပါ။
ယဲ့ချန်းအန်းသည် ယခုတစ်ခေါက် အိမ်ပြန်လာစဉ်က ငွေအချို့ယူဆောင်လာခဲ့သော်လည်း ဆေးရုံသို့ ရောက်ရှိပြီးနောက် ကုန်ကျစရိတ်အားလုံးကို ယဲ့ရှောင်ရှောင် ရှင်းလင်းပြီးပြီဖြစ်ကြောင်း သိခဲ့ရပါသည်။
ထို့ကြောင့် ငွေကို ညီမဖြစ်သူလက်ထဲသာ တိုက်ရိုက်ထည့်ပေးရတော့သည်။
“ဒုတိယအစ်ကို၊ ဒီငွေတွေကို အစ်ကို့ဖာသာပဲ သိမ်းထားလိုက်ပါ၊ သမီးလိုရင် ပြောပါ့မယ်”
ထိုငွေကို ယဲ့ရှောင်ရှောင် လုံးဝ လက်မခံနိုင်ပေ။ လက်ရှိတွင် သူမသည် ငွေကြေးအရ အလွန်ပြည့်စုံနေပြီဖြစ်ကာ သူမ၏ ဒုတိယအစ်ကိုမှာလည်း လစဉ်လတိုင်း မိသားစုထံသို့ ငွေများပို့ဆောင်ပေးတတ်သဖြင့် သူ့တွင် စုမိဆောင်းမိထားသည့် ငွေဟူ၍ များများစားစား မရှိနိုင်ပါ။
မကြာမီ အိမ်ထောင်လည်းပြုရတော့မည်ဖြစ်၍ အလုပ်နှင့် မိသားစုအတွက် ရှန်းမြို့တော်တွင် အိမ်တစ်လုံး ဝယ်ယူဖို့ လိုအပ်လာပါလိမ့်မည်။
ယဲ့ရှောင်ရှောင်က ငွေကိုငြင်းဆန်ပြီးနောက် မေးမြန်းလိုက်သည်။
“ဒုတိယအစ်ကို ဗိုက်ဆာနေပြီလား၊ သမီးက ဟင်းမချက်တတ်ဘူး၊ အစ်ကိုဗိုက်ဆာရင် အပြင်မှာ ထွက်စားကြမယ်လေ”
ယဲ့ချန်းအန်း: “မဆာသေးပါဘူး၊ ခဏနေရင် ငါဈေးသွားဝယ်ပြီး ချက်ပြုတ်ပေးမယ်၊ ငါနည်းနည်းပါးပါးတော့ ချက်တတ်ပါတယ်”
ယဲ့ရှောင်ရှောင်က အစ်ကိုဖြစ်သူကို လက်မထောင်ပြလိုက်ပါသည်။
ယဲ့ချန်းအန်း ရောက်ရှိလာသဖြင့် ယဲ့ရှောင်ရှောင်အတွက် ဝန်အချို့ လျော့နည်းသွားရသည်။
သူမအတန်းမရှိသည့်နေ့တိုင်း ဆေးရုံသို့ သွားရောက်ခဲ့သည်။ သို့သော် ညအိပ်လျှင်တော့ တက္ကသိုလ်အနီးရှိ တိုက်ခန်းတွင်သာ ပြန်အိပ်ခဲ့ပါသည်။
ယဲ့ရှောင်ရှောင် ဝယ်ယူထားသော ဤတိုက်ခန်းမှာ လုံးဝအသစ်စက်စက်အတိုင်း ရှိနေသေးသည်ကို ယဲ့ချန်းအန်း သတိပြုမိပါသည်။
နေ့စဉ်လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ မရှိသေးရုံသာမက ပရိုဘောဂများမှာလည်း အသစ်ကျပ်ချွတ်များသာ ဖြစ်ကြသည်။
မိဘနှစ်ပါး၏ ရှင်းပြချက်အရဆိုလျှင် ရှောင်ရှောင်သည် လူတစ်ယောက်နှင့် စက်ရုံတစ်ရုံ တွဲဖက်တည်ထောင်ထားပြီး ဝင်ငွေအတော်အတန် ကောင်းမွန်နေကောင်း သိရှိရပါသည်။
ယဲ့ချန်းအန်းသည် စီးပွားရေးကိစ္စများကို နားမလည်သော်လည်း သူ၏ ရဲဘော်ရဲဘက်အချို့ စစ်တပ်မှ အနားယူပြီးနောက် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်ကြသည်ကို မြင်ဖူးသည်။
အချို့မှာ ကြီးပွားချမ်းသာသွားကြသည်ဆိုသော်လည်း လူနည်းစုသာဖြစ်ကြပြီး စီးပွားရေးလောကထဲသို့ တိုးဝင်ဖို့ ကြိုးစားခဲ့သူအများစုမှာ ကြီးမားသော ဆုံးရှုံးမှုများဖြင့်သာ ရင်ဆိုင်ရလေ့ရှိကြသည်။
သူတို့မိသားစု၏ ရှောင်ရှောင်လေးကမူ စီးပွားရေးတွင် ပါရမီပါပုံရပါသည်။
သို့သော် ယဲ့ရှောင်ရှောင်မှာ ထုတ်ကုန်သုတေသနနှင့် တီးထွင်ဆန်းသစ်မှုအပိုင်းကိုသာ တာဝန်ယူထားပြီး အခြားသော ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိကြောင်းကိုတော့ ယဲ့ချန်းအန်း မသိခဲ့ပါချေ။
မြောင်စွေ့ဖန်း ခွဲစိတ်ကုသမှုခံယူရမည့်နေ့သို့ ရောက်သောအခါ ယဲ့ရှောင်ရှောင် ကျောင်းခွင့်ယူ၍ ရောက်ရှီလာခဲ့ပါသည်။
ခွဲစိတ်ကုသမှုမှာ ၄ နာရီတိုင်အောင် ကြာမြင့်ခဲ့သည်။ ယဲ့ကျန်းကော်တစ်ယောက် အလွန်စိတ်လှုပ်ရှားနေပြီး ခွဲခန်းရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိပါသည်။
ယဲ့ချန်းအန်း: “အဖေ၊ ခဏလောက် ထိုင်ပါဦးလား”
ယဲ့ကျန်းကော်: “မထိုင်ပါဘူး! မတ်တပ်ရပ်နေရတာ ပိုကောင်းတယ်”
ယဲ့ချန်းအန်း: “အဖေ့ခြေထောက်လည်း ပြန်မကောင်းသေးဘူး မဟုတ်ဘူးလား”
ယဲ့ကျန်းကော်က မကျေမနပ် လှည့်ပြောလိုက်သည်။
“ဘယ်သူပြောတာလဲကွ၊ ငါ့ခြေထောက် ပြန်မကောင်းသေးရင် အခုလို လမ်းလျှောက်နေနိုင်ပါ့မလား၊ စကားကို ကြည့်ပြောစမ်းပါ!”
ယဲ့ချန်းအန်း: “…”
သားအဖနှစ်ယောက် ကတောက်ကဆဖြစ်နေကြစဉ်မှာပင် ခွဲခန်းတံခါးပွင့်သွားခဲ့သည်။
“ခွဲစိတ်မှု ရာနှုန်းပြည့် အောင်မြင်ပါတယ်၊ နောက်ဆက်တွဲအခြေအနေကို စောင့်ကြည့်ဖို့ လူနာကို လူနာခန်းထဲ အရင်ဆုံး ပြောင်းရွှေ့ပေးပါ့မယ်”
ယဲ့ရှောင်ရှောင်သည် ဆရာဝန်များအား ကျေးဇူးတင်လိုက်ပြီး ဒေါက်တာဖန့်နှင့်အတူ အသေးစိတ်အကြောင်းအရာအချို့ ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။
မြောင်စွေ့ဖန်း သတိလည်မလာသေးသော်လည်း ခွဲစိတ်ကုသမှုအောင်မြင်ကြောင်း ကြားသိရသဖြင့် ယဲ့ချန်းကော်နှင့် ယဲ့ချန်းအန်းတို့နှစ်ယောက်စလုံး ရင်ထဲမှ အလုံးကြီး ကျသွားကြတော့သည်။
ခွဲစိတ်မှုပြီးဆုံးပြီးနောက် ရက်ပိုင်းအတွင်း မြောင်စွေ့ဖန်း၏ ကျန်းမာရေးမှာ အလွန်လျင်မြန်စွာ ကောင်းမွန်လာခဲ့ပါသည်။
သူမအတွက် စိတ်အနှောင့်အယှက်ဖြစ်ရသည့် တစ်ခုတည်းသော အချက်ဟူ၍ သူမ၏ လှပသော ဆံပင်ရှည်ကြီးများကို အပြောင်ရိတ်ပစ်လိုက်ရခြင်းပင်။ ထို့ကြောင့် သူမအလွန် နေရခက်မိပါသည်။
“အမေ့အတွက် သမီး ဦးထုပ်တစ်လုံး ဝယ်လာတယ်၊ အပြင်ထွက်တဲ့အခါ ဝတ်သွားလို့ရတာပေါ့၊ ဆံပင်က ပြန်ပေါက်တာ မြန်ပါတယ်၊ စိတ်မပူနဲ့နော်”
ယဲ့ရှောင်ရှောင်သည် သူမဝယ်ယူထားသည့် ဦးထုပ်ကို မြောင်စွေ့ဖန်းလက်ထဲသို့ ထည့်ပေးလိုက်ပြီး အကြံပြုလိုက်သည်။
“လောလောဆယ်တော့ အမေတို့ ပေကျင်းမှာ ခဏလောက်ဆက်နေတာ ပိုကောင်းမယ်ထင်တယ်၊ အမေက လတိုင်း ဆေးရုံကို ပြန်လာရဦးမှာဆိုတော့ ရွာသာပြန်သွားရင် ဒီကိုပြန်လာဖို့ ခက်လိမ့်မယ်၊ နှစ်သစ်ကူးကျမှ သမီးတို့အားလုံး အတူတူပြန်ကြမယ်လေ၊ အဲ့ကျရင် အမေ့ဆံပင်တွေလည်း ပြန်ပေါက်နေလောက်ပါပြီ၊ ရွာသားတွေလည်း အမေ့ကို မြို့မှာ ဆံပင်စတိုင်အသစ်သွားလုပ်လာတယ်လို့ပဲ ထင်ကြမှာ”
ယဲ့ရှောင်ရှောင်၏ အကြံပြုချက်အား မြောင်စွေ့ဖန်း အနည်းငယ် စိတ်ဝင်စားသွားခဲ့ပါသည်။
ဤကဲ့သို့ ကတုံးပုံစံဖြင့် ရွာပြန်သွားခဲ့လျှင် ရွာသားများ လှောင်ပြောင်ကြမည်ကို စိတ်ပူသည်ထက် အိမ်နီးချင်းများက လက်ဆောင်များယူဆောင်ကာ ရောက်ရှိလာကြမည်ကို မြောင်စွေ့ဖန်း ပို၍ စိတ်ပူမိပါသည်။
ယဲ့ချန်းအန်းကလည်း ယဲ့ရှောင်ရှောင်၏ အကြံကို ထောက်ခံသည်။
“ဆရာဝန်ကလည်း ၆ လ လောက်ထိ ဆေးရုံပုံမှန်လာပြရမယ်လို့ ပြောလိုက်တယ်မလား၊ ရှောင်ရှောင်ဝယ်ထားတဲ့ တိုက်ခန်းမှာ အမေတို့ ဆက်နေတာ အကောင်းဆုံးဖြစ်မယ်ထင်တယ်”
မြောင်စွေ့ဖန်း တွန့်ဆုတ်သွားခဲ့သည်။
“အိမ်မှာမွေးထားတဲ့ တိရိစ္ဆာန်တွေကိုကော ဘယ်လိုလုပ်ကြမလဲ”
ယဲ့ကျန်းကော်: “ငါတစ်ယောက်တည်း အရင်ပြန်နှင့်လိုက်ရင်ကော”
ယဲ့ချန်းအန်းက ကန့်ကွက်သည်။
“အဖေတို့နှစ်ယောက်စလုံး မပြန်သင့်ဘူး၊ အိမ်မှာကျန်ခဲ့တာတွေကလည်း တန်ဖိုးသိပ်ကြီးတာ မဟုတ်ပါဘူး၊ ပြီးတော့ ဦးလေးတို့မိသားစုကလည်း ကူညီပေးနေတာပဲ၊ မလိုအပ်တာတွေကို ရောင်းလိုက်ဖို့ ဦးလေးကို ပြောလိုက်မယ်”
မြောင်စွေ့ဖန်းရင်ထဲ အနည်းငယ် တွန့်ဆုတ်မိသော်လည်း ဤအစီအစဉ်က အကောင်းဆုံးဖြစ်မှန်း သူမ နားလည်ပါသည်။
မြောင်စွေ့ဖန်းကို ဆေးရုံတွင် တစ်ပတ်ခန့် ဆက်လက်စောင့်ကြည့်ခဲ့ကြပြီးနောက် ဆေးရုံမှ ဆင်းရမည့်ရက် နီးကပ်လာချိန်တွင် လုဟန်ချွမ် ပြန်လည်ရောက်ရှိလာခဲ့ပါသည်။
ယဲ့ရှောင်ရှောင်ထံသို့ လုဟန်ချွမ် ရောက်ရှိလာချိန်တွင် သူမက ဆေးရုံသို့သွားဖို့ပင် အသင့်ဖြစ်နေလေပြီ.
လုဟန်ချွမ်က မေးသည်။
“ဘယ်သွားမလို့လဲ”
ထိုအခါမှသာ မြောင်စွေ့ဖန်း၏ ခွဲစိတ်ကုသမှုအကြောင်းကို လုဟန်ချွမ်အား ယဲ့ရှောင်ရှောင် ရှင်းပြခဲ့ပါသည်။
“ခွဲစိတ်မှုက အဆင်ပြေရဲ့လား”
“အဆင်ပြေပါတယ်၊ အခု ဆေးရုံတောင် ဆင်းရတော့မယ်”
လုဟန်ချွမ်: “ကိုယ်လက်ဆောင်နည်းနည်းဝယ်ပြီး လိုက်ခဲ့မယ်”
ယဲ့ရှောင်ရှောင်: “အဲ့လောက်မလိုပါဘူး၊ ဟိုမှာလည်း အားလုံး ပြည့်ပြည့်စုံစုံရှိပြီးသားပဲ”
လုဟန်ချွမ်က ဆန့်ကျင်သည်။
“ဘယ်လိုလုပ်သင့်တော်မှာလဲ၊ အခြေအနေကို သိပြီးပြီဆိုတော့ လူကြီးတွေကို ကျိန်းသေပေါက် ဂါဝရသွားပြုပြီး သတင်းလေးဘာလေး မေးရမှာပေါ့”
ထို့အပြင် လုဟန်ချွမ်ရင်ထဲ အနည်းငယ် အပြစ်ရှိသလို ခံစားနေရပါသည်။ ရှောင်ရှောင် အကူအညီ အလိုအပ်နေဆုံး အချိန်တွင် အနား၌ သူရှိနေမပေးနိုင်ခဲ့ပါ။
သို့သော် ယဲ့ရှောင်ရှောင်သည် ထိုကိစ္စများကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိသူဖြစ်၍ လုဟန်ချွမ်၏ အတွေးများကို လုံးဝ သတိမမူမိခဲ့ပေ။