← Chapters

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း ၂၀၈

Vol. 21 Ch. 208

📗 Chapter 208

လက်ဖက်ကြက်ဥများမှာ အံ့အားသင့်ဖွယ်ကောင်းအောင် ရောင်းအားကောင်းခဲ့ပါသည်။

မနက် ၇ နာရီတွင် စတင်ရောင်းချခဲ့ရာ ၉ နာရီထိုးသောအခါ အလုံး ၂၀၀ စလုံး ရောင်းကုန်သွားခဲ့လေသည်။

ကြက်ဥနှင့် ဟင်းခတ်အမွှေးအကြိုင်များ၏ ကုန်ကျစရိတ်ကို နုတ်ပြီးနောက် အသားတင်အမြတ် ၇ ယွမ် ၈ ယွမ်ခန့် ရရှိခဲ့သည်ဟု မြောင်စွေ့ဖန်း တွက်ချက်မိခဲ့ပါသည်။

“ယောက်ျား၊ ပေကျင်းမှာ ငွေရှာရတာ ဒီလောက်လွယ်တာလား”

မြောင်စွေ့ဖန်းသည် အိမ်သို့ လမ်းပြန်လျှောက်လာစဉ် ရရှိခဲ့သော ငွေများကို လက်ထဲတွင် ကိုင်ဆောင်ထားရင်း ယခုထက်ထိ မယုံကြည်နိုင်ဖြစ်နေပါသေးသည်။

ယဲ့ကျန်းကော်ကလည်း အစစအရာရာ ဤသို့ အဆင်ပြေချောမွေ့လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါ။

“လွယ်တယ်လို့ထင်ရပေမယ့် တကယ်တမ်းကျတော့ အဲ့လောက် မလွယ်ပါဘူး၊ ငါတို့သာ အစ်မကြီးလီနဲ့ မတွေ့ခဲ့ရင် ကြက်ဥတွေကို ဘယ်က သွားဝယ်လို့ရမှာလဲ’

မြောင်စွေ့ဖန်းကလည်း ထောက်ခံသည်။

“အမှန်ပဲ၊ အစ်မကြီးလီကနေတဆင့် ကြက်ဥဝယ်တဲ့လမ်းကြောင်းကို သေသေချာချာ ထိန်းသိမ်းထားရမယ်၊ ဒီမှာ ၆ လလောက်နေရမယ်ဆိုရင် ကျွန်မတို့ ပိုက်ဆံဘယ်လောက်တောင် စုမိမလဲ စဉ်းစားကြည့်ပါဦး”

ယဲ့ကျန်းကော်က ချက်ချင်း သတိပေးလိုက်သည်။

“ငွေရှာဖို့ပဲ စဉ်းစားမနေနဲ့ဦး၊ အခုချိန်မှာ မင်းအတွက် အရေးကြီးဆုံးက နားနားနေနေ နေဖို့ပဲ”

မြောင်စွေ့ဖန်းက လက်မခံပေ။

“အခုလည်း နားနေတာ မဟုတ်ဘူးလား၊ ကြက်ဥတွေအကုန်လုံး တစ်မနက်တည်းနဲ့ ရောင်းကုန်သွားတာပဲဥစ္စာ”

ရွာတွင်ဆိုလျှင် သူမတို့ မနက်မိုးလင်းချိန်မှစ၍ ညမိုးချုပ်သည်အထိ အားလပ်ချိန်ဟူ၍ မရှိခဲ့ပါ။ သို့သော်လည်း နောက်ဆုံးတွင် အိမ်အတွက် ဝင်ငွေများများစားစား မရှာနိုင်ခဲ့ဘဲ အလွန်ဆုံး စားဖို့သောက်ဖို့ လုံလောက်သည်ဆိုရုံသာ ရှိခဲ့ပါသည်။

မြောင်စွေ့ဖန်း ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့ရသည်။ အချို့သူများ ပေကျင်းမြို့သို့ ပြောင်းရွှေ့နိုင်ရန် အသည်းသအန် ကြိုးစားရုန်းကန်နေကြသည်မှာ မထူးဆန်းတော့ပါ။

ဤနေရာရှိ လူနေမှုဘဝက ရွာထက်စာလျှင် များစွာသာလွန်ကောင်းမွန်နေခြင်းကြောင့်ပင်။

ထိုနေ့မှာပင် မြောင်စွေ့ဖန်းသည် အဒေါ်လီထံသို့ သွားရောက်ကာ မနက်ဖြန်အတွက် ကြက်ဥအလုံး ၃၀၀ ထပ်မံ မှာယူခဲ့ပါသည်။

အဒေါ်လီက မေးသည်။

“စီးပွားရေးလုပ်ရတာ လွယ်တယ်မလား”

မြောင်စွေ့ဖန်း: “အစ်မတို့ဘက်မှာလည်း ရောင်းအားကောင်းမှာပဲနော်”

အဒေါ်လီက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“နေ့လယ်ခင်းတွေ ကျွန်မမြေးကို ထိန်းကျောင်းပေးနေရသေးလို့ပေါ့၊ မဟုတ်ရင် ဒီလုပ်ငန်းကို တိုးချဲ့ခဲ့တာ ကြာပြီ”

အဒေါ်လီ၏ ယုံကြည်ချက်ပြည့်ဝမှုကို မြောင်စွေ့ဖန်း အလွန်လေးစားမိပါသည်။

“အစ်မလို အစွမ်းအစရှိတဲ့ မိန်းမျိုးတွေက ရှားပါတယ်၊ အစ်မဆီက ကျွန်မ ပညာတွေ သင်ယူရမယ်”

ထိုချီးကျူးစကားကြောင့် အဒေါ်လီလည်း ပျော်ရွှင်သွားပြီး မြောင်စွေ့ဖန်းအား ညီအစ်မတစ်ဦးပမာ ပွင့်ပွင့်လင်းလင်း မေးမြန်းလိုက်တော့သည်။

“ရှင်လည်း မိသားစုနဲ့ ပြဿနာတွေဘာတွေ တက်ထားလို့လား”

မြောင်စွေ့ဖန်း မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။

“မတက်ပါဘူး မတက်ပါဘူး၊ ကျွန်မကအခု ကျွန်မသမီးရဲ့အိမ်မှာနေနေတာလေ၊ အိမ်မှာဆို ဘာမှလုပ်စရာမရှိဘဲ ပျင်းနေရလို့ အခုလို ကြံလိုက်မိတာပါ”

အဒေါ်လီက မြောင်စွေ့ဖန်းကို ကရုဏာသက်စွာ ကြည့်လိုက်သည်။

‘ဘာမှမဖြစ်ဘူးပြောပေမယ့် အိမ်မှာဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်နေရင် သမီးလုပ်တဲ့သူကတော့ ကျိန်းသေပေါက် ငြိုငြင်မှာပဲ’

“ရှင့်မှာ သားတွေကော ရှိလား”

မြောင်စွေ့ဖန်းက ပြုံးသည်။

“သား ၄ ယောက်ရှိပါတယ်”

အဒေါ်လီ၏ မျက်လုံးများမှာ ပိုကရုဏာသက်သွားခဲ့ရသည်။

‘သားလေးယောက်ရှိလျက်နဲ့ သမီးအိမ်မှာ ကပ်နေရတယ်ဆိုတော့ သားတွေတစ်ယောက်မှ မသိတတ်လို့ပဲဖြစ်မှာ’

“ဘာပဲဖြစ်ဖြစ် အလုပ်သာကြိုးစားပါ၊ ရှင့်မှာ ငွေလုံလုံ လောက်လောက်ရှိတာနဲ့ မြို့ထဲမှာ ကိုယ်ပိုင်အိမ်တစ်လုံးလောက် ဝယ်ပစ်လိုက်”

မြောင်စွေ့ဖန်း မှင်သက်သွားရသည်။ သူမ စကားထဲတွင် ဝမ်းနည်းစရာအကြောင်းအရာလည်း မပါဘဲ အဒေါ်လီက အဘယ်ကြောင့် သူမကို ကရုဏာသက်သည့် မျက်လုံးများဖြင့် ကြည့်နေရကြောင်းကို နားမလည်နိုင်ဖြစ်နေရသည်။

မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့ လင်မယားနှစ်ဦး လုပ်စရာအလုပ်များ ရရှိသွားကြသည်နှင့် စိတ်ဓာတ်များလည်း ပြန်လည် တက်ကြွလာခဲ့ပါသည်။

ပုံမှန်အားဖြင့် မနက် ၁၀ နာရီမထိုးခင် ကြက်ဥများအားလုံး ရောင်းကုန်သွားတတ်သည်။ ထို့နောက် လင်မယားနှစ်ယောက် အိမ်သို့ပြန်ကာ နေ့လယ်စာစားကြပြီး နေ့လယ်နေ့ခင်း အိပ်စက်အနားယူကြပါသည်။

ညနေစောင်းသောအခါ လမ်းအနည်းငယ်ထွက်လျှောက်ကြပြီး မနက်ဖြန် ရောင်းချမည့်ကြက်ဥများအတွက် ထပ်မံပြင်ဆင်ရပြန်သည်။

အိမ်ရာအတွင်းရှိ ဦးလေးကြီးအချို့နှင့် ယဲ့ကျန်းကော် ရင်းနှီးသွားပြီးနောက် တရုတ်စစ်တုရင်ပင် အတူတူ ကစားတတ်လာသဖြင့် နေ့ရက်များမှ ယခင်ကလောက် မွမ်းကျပ်စရာမကောင်းတော့ပါ။

ဤသို့ဖြင့် ကျောင်းပိတ်ရက်သို့ ရောက်ရှိသောအခါ မိဘနှစ်ပါးထံသို့ ယဲ့ရှောင်ရှောင် လာရောက် လည်ပတ်ခဲ့ပါသည်။

“အဖေနဲ့ အမေ ဒီမှာ နေရတာ အသားကျနေပြီလား”

ရှောင်ရှောင် ရောက်ရှိလာသည်ကိုမြင်သောအခါ မြောင်စွေ့ဖန်း အလွန်ပျော်ရွှင်သွားခဲ့ရသည်။

“ဒါပေါ့ အမေတို့ နေသားကျနေပြီ၊ ကျောင်းတက်ရတာ ပင်ပန်းလား ရှောင်ရှောင်၊ ခဏလောက် ထိုင်နားလိုက်ဦး၊ အမေအရသာရှိတာတစ်ခုခု ချက်ကျွေးမယ်နော်”

ယဲ့ရှောင်ရှောင်က အမြန်လှမ်းတားလိုက်သည်။

“အမေ ဘာမှမချက်ပါနဲ့၊ အမေတို့ကို သမီး အပြင်မှာလိုက်ကျွေးမလို့”

မြောင်စွေ့ဖန်းက တွန့်ဆုတ်သွားသည်။

“မသွားလို့မရဘူးလား”

ယဲ့ရှောင်ရှောင်: “ပေကျင်းကို ရောက်လက်စနဲ့ မြို့ရဲ့အလှအပတွေကို ထွက်ကြည့်သင့်တာပေါ့၊ အပြင်မှာပဲ စားကြမယ်၊ ပြီးရင် အဖေနဲ့အမေ့ကို ဈေးဝယ်ထွက်ဖို့ ကုန်တိုက်တစ်ခုဆီ လိုက်ပို့ပေမးယ်”

ရာသီဥတုက တဖြည်းဖြည်း အေးမြလာပြီဖြစ်ရာ မိဘနှစ်ပါးအတွက် အဝတ်အစားအနည်းငယ် ဝယ်ပေးဖို့ ယဲ့ရှောင်ရှောင် စဉ်းစားထားပါသည်။

ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့ ငြင်းဆန်ချင်ကြသော်လည်း ယဲ့ရှောင်ရှောင်က သူတို့နှစ်ဦးကို အိမ်အပြင်ရောက်သည်အထိ အတင်းတွန်းပို့ခဲ့သည်။

ယခုဆိုလျှင် ယာဉ်မောင်းလိုင်စင်ရရှိအောင် ဖြေဆိုခဲ့ခြင်းမှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ဖြစ်သည်ဟု ယဲ့ရှောင်ရှောင် ခံစားမိနေပါပြီ။ မိဘများကို သွားလိုသည့် မည်သည့်နေရာကိုမဆို သူမကိုယ်တိုင် မောင်းနှင်ပို့ဆောင်ပေးနိုင်ပြီ ဖြစ်သည်။

အိမ်အပြင်သို့ ထွက်လိုက်သည်နှင့် အိမ်ရာအတွင်းရှိ လူအတော်များများက မြောင်စွေ့ဖန်းအား လှမ်း၍ နှုတ်ဆက်ကြသည်။

ယဲ့ရှောင်ရှောင်သည် ဤနေရာတွင် မိဘနှစ်ပါးကောင်း ကောင်းမွန်မွန် နေထိုင်နိုင်ပြီး အိမ်နီးချင်းများနှင့်လည်း မိတ်ဆွေဖွဲ့နိုင်ခဲ့သည်ကို မြင်တွေ့ရသဖြင့် စိတ်ထဲတွင် များစွာ ကျေနပ်ခဲ့ရသည်။

သူမသည် မိဘများကို မြို့တော်ရှိ နာမည်ကြီး စားသောက် ဆိုင်တစ်ဆိုင်သို့ခေါ်ဆောင်သွားခဲ့ပြီး ပေကျင်း၏ နာမည် ကြီးအစားအစာဖြစ်သော ပီကင်းဘဲကင်အား မှာယူကျွေးမွေးခဲ့ပါသည်။

စားသောက်ပြီးသည်နှင့် ပေကျင်းရှိ အကြီးမားဆုံး ကုန်တိုက်ကြီးသို့ လိုက်ပို့ပေးခဲ့သည်။

ကုန်တိုက်ကြီးထဲသို့ ဝင်လိုက်သည်နှင့် မြောင်စွေ့ဖန်းတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရပါသည်။

“ဒီနေရာကြီးက အကြီးကြီးပါလား! တို့ ပိုင်ချွမ်ရွာတစ်ရွာလုံးထက်တောင် ပိုကြီးလောက်တယ်၊ ပြီးတော့ ကောင်တီမြို့က သမဝါယမအရောင်းဆိုင်တွေနဲ့လည်း ဘာမှမဆိုင်ဘူးနော်”

ယဲ့ရှောင်ရှောင်က ပြုံးလျက် ဆိုသည်။

“သမီးတို့ အေးအေးဆေးဆေး လျှောက်ကြည့်လို့ရတယ် အမေ၊ အလောတကြီးပြန်စရာမလိုဘူး”

ထို့နောက် မိဘနှစ်ပါးကို အပေါ်ထပ်သို့ ခေါ်ဆောင်လာခဲ့ပြီး သင့်တော်မည့် အဝတ်အစားမြင်တိုင်း စမ်းဝတ်ကြည့်ဖို့ တိုက်တွန်းခဲ့ပါသည်။

တစ်ဖက်တွင် ဟောက်ယန်ယန်သည် တစ်လကျော်မျှ အနားယူပြီးနောက် ချိုင်းထောက်များ မပါဘဲ လမ်းကောင်းကောင်း လျှောက်နိုင်နေပြီ ဖြစ်ပါသည်။

ရှုကျမ့်ဝမ်နှင့် လက်ထပ်ထိန်းမြှားဖို့ ဟောက်ယန်ယန် ဆုံးဖြတ်ထားပြီးသားဖြစ်သောကြောင့် ကျောက်ဟုံရှားသည် မင်္ဂလာပွဲမတိုင်မီ ဝတ်စုံရွေးချယ်ရန် သူမကို ကုန်တိုက်သို့ ခေါ်ဆောင်လာခဲ့သည်။

အမှန်ဆိုရလျှင် ဤခေတ်ကာလရှိ အဝတ်အစားများမှာ ဟောက်ယန်ယန်အတွက် ဒိတ်အောက်လွန်းနေပါသည်။

ယခင်ဘဝက သူမသက်တမ်း၏ နောက်ဆုံးနှစ် ၂၀ ကာလမှာ အလွန်ပင် ဆင်းရဲဒုက္ခကြီးမားခဲ့သော်လည်း အနာဂတ်တွင် လူသားတို့သည် မည်သို့ ခေတ်မီဆန်းပြားပြီး လှလှပပ ဝတ်ဆင်လာတတ်ကြသည်ကို ဟောက်ယန်ယန် မြင်ခဲ့ရသည်။

ဤခေတ်မှ မင်္ဂလာပွဲများတွင် သတို့သမီးများသည် အလွန်ဆုံး အနီရောင်ဝတ်စုံတစ်ထည်နှင့် ရင်ဘတ်တွင် ပန်းတစ်ပွင့် ထိုးထားရုံသာ ရှိလိမ့်မည်။

သို့သော် ဟောက်ယန်ယန်ကမူ လှလှပပ အဖြူရောင် သတို့သမီးဝတ်စုံလေးကို ဆင်မြန်းပြီး ခမ်းနားကြီးကျယ် သော မင်္ဂလာပွဲကြီးတစ်ခုကို ကျင်းပလိုပါသည်။

“ယန်ယန်၊ ဒီမှာ သမီးသဘောကျတာ ဘာမှမရှိဘူးလား”

ကျောက်ဟုံရှားသည် ဟောက်ယန်ယန်အတွက် အဝတ်အစားများကို အချိန်အတော်ကြာ‌အောင် လိုက်လံ ရွေးချယ်ပေးနေသော်လည်း မင်္ဂလာပွဲရက်တွင် ဝတ်ဆင်မည့် ဝတ်စုံကို ယခုထက်ထိ မဆုံးဖြတ်နိုင်သေးပေ။

ဟောက်ယန်ယန်က နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။

“ဒေါ်လေး ပင်ပန်းနေပြီဆိုရင် ခဏလောက်ထိုင်နားလိုက်ပါလား၊ သမီးဖာသာသမီး လိုက်ရှာကြည့်လိုက်မယ်လေ”

ကျောက်ဟုံရှား: “အဲ့လိုဆိုလည်းဖြစ်ပါတယ်၊ အဝတ်အစားဝယ်ပြီးရင် သမီးတွက် ဒေါ်လေး ရွှေလက်ကောက်တစ်ကွင်း သွားရွေးပေးမယ်”

ဟောက်ယန်ယန်က ခပ်ပါးပါးလေး ပြုံးလိုက်သည်။

“ကျေးဇူးတင်ပါတယ်ဒေါ်လေး၊ ဒေါ်လေးက သမီးအပေါ် အရမ်းကောင်းတာပဲ”

“ကိုယ့်ချွေးမလောင်းအပေါ် မကောင်းရင် ဘယ်သူ့အပေါ် သွားကောင်းပေးရမှာတုန်း”

ဟောက်ယန်ယန်သည် ကျောက်ဟုံရှားအနားယူနိုင်ဖို့ နေရာတစ်ခုရှာဖွေပေးလိုက်ပြီး အပေါ်ထပ်များသို့ တစ်ယောက် တည်း ဆက်တက်လာခဲ့ပါသည်။

အမှန်တွင် ဤနေရာ၌ သူမ လိုချင်သည့် ဝတ်စုံအား ရှာတွေ့နိုင်မှာမဟုတ်မှန်း ဟောက်ယန်ယန်‌ ကောင်းကောင်း သိပါသည်။

အပေါ်ထပ်သို့ တစ်ယောက်တည်း တက်လာရခြင်းမှာ သူမကိုယ်တိုင် စိတ်ကူးပုံဖော်ထားသည့် ဒီဇိုင်းအတိုင်း ချုပ်လုပ်ပေးနိုင်မည့် အပ်ချုပ်ဆိုင်ရှိ၊ မရှိ ရှာဖွေလိုခြင်းကြောင့်သာ ဖြစ်သည်။

ကိုယ်ပိုင်ဒီဇိုင်းဝတ်စုံများကို ချုပ်လုပ်ပေးနိုင်သော ဆိုင်တစ်ဆိုင်ကို ဟောက်ယန်ယန် အမှန်တကယ် ရှာတွေ့ခဲ့ကာ ဆိုင်ထဲသို့ ဝင်လာခဲ့သည်။

ဆိုင်ရှိ ဝါရင့်အပ်ချုပ်ဆရာကြီးက သူမကို အင်္ကျီ သို့မဟုတ် ဘောင်းဘီ မည်သည့်အရာကို ချုပ်လုပ်လိုသနည်းဟု မေးမြန်းခဲ့ပါသည်။

ဟောက်ယန်ယန်က ဖောင်တိန်တစ်ချောင်းထုတ်ကာ ဒီဇိုင်းပုံကြမ်းရေးဆွဲပြလိုက်သည်။

“ကျွန်မ ဒီလို ဝတ်စုံမျိုး လိုချင်တာပါ၊ ဘယ်လောက်ကြာနိုင်မလဲမသိဘူး”

“ဪ… ဒီလိုဒီဇိုင်းမျိုးကို မတွေ့ရတာ နှစ်တွေတောင် တော်တော်ကြာနေပြီပဲ”

ထိုဒီဇိုင်းကို မြင်ပြီး အပ်ချုပ်ဆရာကြီးက ရေရွတ်လိုက်ပါသည်။

ဟောက်ယန်ယန် အလွန်ပျော်ရွှင်သွားခဲ့သည်။

“အဲ့တာဆို အရင်က ဒီလိုဝတ်စုံမျိုး ရှိခဲ့ဖူးတယ်ဆိုတဲ့ သဘောလားဟင်”

အပ်ချုပ်ဆရာကြီးက မျက်မှန်ကို ပင့်တင်လျက် ပြောလိုက်သည်။

“ဒါမျိုးကို အနောက်တိုင်းလူမျိုးတွေပဲ ချုပ်လေ့ရှိကြတယ်၊ သမ္မတခေတ်က ဒါမျိုးတွေ ရှိခဲ့ဖူးပေမယ့် အကြောင်းအရင်းတစ်ခုခုကြောင့် အခုချိန်မှာ ဘယ်သူမှ မချုပ်လုပ်ကြတော့ဘူး”

ဟောက်ယန်ယန်က မေးသည်။

“ခေတ်တွေက မတူတော့ဘူးလေ၊ ဦးလေးတို့ဆိုင်က ဒီဝတ်စုံကို ချုပ်ပေးနိုင်လား မချုပ်ပေးနိုင်ဘူးလားပဲ ပြောပါ”

အပ်ချုပ်ဆရာကြီးက ဆိုသည်။

“ချုပ်ပေးလို့တော့ ရပါတယ်၊ ဒါပေမယ့် လိုအပ်တဲ့ ပိတ်စတွေက အရမ်းများတယ်၊ ငါ့ဆီမှာတော့ အဲ့လိုမျိုး ဇာပိတ်စမရှိဘူး၊ တကယ်လို့ သာမန်အစတွေနဲ့ အစားထိုးပြီး ချုပ်လိုက်မယ်ဆိုရင်လည်း ဝတ်စုံက ခြင်ထောင်နဲ့ တူသွားပြီး ကြည့်လို့လှမှာ မဟုတ်တော့ဘူး”

ဟောက်ယန်ယန် အလွန်စိတ်ပျက်သွားရသည်။

“သာမန်ဇာပိတ်စပဲ မဟုတ်ဘူးလား၊ ဝယ်လို့မရဘူးပေါ့”

“အဲ့ဒီပိတ်စကို ယူလာပေးနိုင်မယ်ဆိုရင်တော့ ငါချုပ်ပေးလို့ရပါတယ်”

ဟောက်ယန်ယန် သဘောတူဖို့ ပါးစပ်ဟလိုက်စဉ် သူမ၏ မျက်လုံးများက မျက်နှာချင်းဆိုင်ရှိ အဝတ်အထည်ဆိုင်တစ်ခုထဲ ဝင်သွားကြသော မြင်ဖူးနေသည့် လူသုံးဦးထံ ‌ရောက်ရှိသွားခဲ့သည်။

ယဲ့ရှောင်ရှောင်ကို မြင်ရခြင်းက သူမအတွက် အံ့အားသင့်စရာမရှိပါ။ သို့သော် ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့ကို မြင်လိုက်ရသောအခါတွင်မူ ဟောက်ယန်ယန် အလွန်တုန်လှုပ်ချောက်ချားသွားခဲ့ရသည်။

‘ပေကျင်းကို သူတို့ ဘယ်လိုရောက်လာတာလဲ!’

ယဲ့မိသားစုထံသို့ ပို့ဆောင်ပေးဖို့ သူမ ရေးသားထားသည့် ဖိတ်စာမှာ သူမ၏ အခန်းထဲတွင်သာ ရှိနေပါသေးသည်။ နောက်ဆုံးတွင် ထိုစာကို သူမ မပို့ဖြစ်ခဲ့ပါ။

ဟောက်ယန်ယန်၏ တစ်ကိုယ်ကောင်းစိတ်က ဆင်ခြင်တုံတရားများကို ဖုံးလွှမ်းသွားခဲ့ကာ ဤကိစ္စတစ်ခုလုံးကို ယဲ့မိသားစုအား အသိမပေးဘဲ ဖုံးကွယ်ထားဖို့သာ ဆုံးဖြတ်ခဲ့ပါသည်။

သို့သော် ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့ ရုတ်တရက် ရောက်ရှိလာမှုကြောင့် သူမကြိုတင် စဉ်းစားထားသော အစီအစဉ်များမှာ လုံးဝ ပျက်စီးသွားခဲ့ရတော့သည်။

All Chapters