အခန်း ၂၀၉
Vol. 21 Ch. 209
📗 Chapter 209
ဟောက်ယန်ယန်သည် သူတို့နှင့် မျက်နှာချင်းဆိုင် မဆုံရဲပေ။
အဝတ်ဆိုင်ထဲမှ ထိုသုံးဦး ပြန်ထွက်လာသည်ကို မြင်သည်နှင့် ဟောက်ယန်ယန်တစ်ယောက် အပ်ချုပ်ဆိုင်၏ အတွင်းပိုင်းထဲထိပြေးဝင်ကာ ပုန်းနေခဲ့တော့သည်။
ယဲ့ရှောင်ရှောင်သည် မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့အား အဝတ်အစားအနည်းငယ် ဝယ်ယူပေးခဲ့ပါသည်။ မိဘများက မလိုအပ်ပါဟု ဆက်တိုက်ဆိုသလို ငြင်းဆန်နေကြသော်လည်း ယဲ့ရှောင်ရှောင်ကမူ ရအောင် ဝယ်ယူပေးခဲ့သည်။
“အမေတို့နှစ်ယောက်က ဒီလောက်အများကြီး ဝတ်နိုင်မှာမဟုတ်ဘူးပါဘူး သမီးရယ်”
ဤကုန်တိုက်ရှိ ဈေးနှုန်းများကို မြင်လိုက်တိုင်း မြောင်စွေ့ဖန်း ရင်ထဲ စူးနင့်သွားရသည်။ ပိတ်စများ ဝယ်ယူ၍ သူကိုယ် တိုင်ချုပ်လုပ်မည်ဆိုလျှင်ပင် ဤမျှ ဈေးကြီးမည်မထင်ပါ။
ထို့အပြင် တစ်ထည်လျှင် ယွမ် ၆၀ - ၇၀ ဝန်းကျင် တန်သည့် ကက်ရှ်မီးယားဆွယ်တာများလည်း ရှိသေးရာ နေ့ခင်းကြောင် တောင် ဓားပြတိုက်နေသည်ဟုပင် ခံစားရပါသည်။
ယဲ့ရှောင်ရှောင်ကမူ ထိုအဝတ်အစားများကို သေသေချာချာ စစ်ဆေးကြည့်ရှုပြီးနောက် ဆောင်းရာသီကို သက်တောင့်သက်သာ ဖြတ်သန်းနိုင်ရန် လုံလောက်သည်အထိ မိဘများအား ဝယ်ယူပေးခဲ့သည်။
“အဖေနဲ့ အမေတို့က ဒီမှာ အကြာကြီး နေရမှာလေ၊ ရာသီ ဥတု တကယ်အေးလာတဲ့အခါမှ ထွက်ဝယ်ရင် အရမ်း နောက်ကျသွားလိမ့်မယ်”
အသစ်ဝယ်ယူထားသည့် အဝတ်အစားများကို ကိုင်ဆောင်ထားရင်း မြောင်စွေ့ဖန်း နောင်တကြီးစွာရနေပါပြီ။ ယနေ့ ကုန်ဆုံးသွားသော ငွေများကို ပြန်လည်ရရှိဖို့ လက်ဖက်ကြက်ဥမည်မျှ ရောင်းချရမည်ဆိုသည်ကိုသာ စဉ်းစားနေမိတော့သည်။
“အမေကတော့ ကိုယ့်ဖာသာကိုယ် ပိတ်စတွေဘာတွေဝယ်ပြီး ချုပ်တာ ပိုကောင်းမယ်လို့ ထင်တယ်”
မြောင်စွေ့ဖန်းက ပွစိပွစိ ဆက်ပြောနေသေးသည်။
ယဲ့ကျန်းကော်လည်း ဈေးနှုန်းများကြောင့် မျက်ခုံးလှုပ်မိသော်ငြား မြောင်စွေ့ဖန်းအတွက် သမီးဖြစ်သူ ဝယ်ယူပေးထားသည့် အဝတ်အစားများမှာ လှလှပပ ရှိသည်ကိုတော့ ဝန်ခံရပါမည်။
သူ့ရင်ထဲတွင်လည်း အနည်းငယ် အပြစ်ရှိသလိုခံစားခဲ့ရသည်။ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဇနီးဖြစ်သူအား မည်သည့် လှလှပပ အဝတ်အစားမှ ဝယ်မပေးနိုင်ခဲ့ပါ။
သူမသည် မိသားစုအတွက် ဆယ်စုနှစ်များစွာတိုင်အောင်မမောမပန်း ကြိုးစားရုန်းကန်ပေးခဲ့ရသဖြင့် ယခုကဲ့သို့ကောင်း မွန်သော အဝတ်အစားမျိုးကို ဝတ်ဆင်ရန် အမှန်တကယ် ထိုက်တန်လှပါသည်။
“မင်းနဲ့ အဲ့ဒီအနွေးထည်နဲ့ လိုက်ပါတယ်ကွာ၊ ငါတို့ဖာသာ ချုပ်ထားတဲ့ဟာတွေဆို ဒီလောက် ဖက်ရှင်ကျမှာ မဟုတ်ဘူး”
မြောင်စွေ့ဖန်းက ယဲ့ကျန်းကော်အား မကျေမနပ်စိုက်ကြည့်လိုက်သည်။
“ကျွန်မတို့က အိုနေပြီလေ၊ ဖက်ရှင်ကျတာ မကျတာ ဘာဂရုစိုက်စရာလိုတော့လို့လဲ”
ယဲ့ရှောင်ရှောင်က ဝင်ပြောသည်။
“အမေတို့က မအိုသေးပါဘူး၊ သမီးမျက်လုံးထဲမှာတော့ အသက် ၃၀ ဝန်းကျင်ပဲ ရှိဦးမယ်လို့ ထင်ရတယ်”
မြောင်စွေ့ဖန်း ရယ်ရခက် ငိုရခက်ဖြစ်သွားခဲ့သည်။
“အဲ့လောက်ကြီးကျ ဖြစ်နိုင်ပါ့မလား”
“ဖြစ်နိုင်တာပေါ့၊ သမီးမလိမ်ဘူး”
ယဲ့ရှောင်ရှောင်သည် မြောင်စွေ့ဖန်းအား ကျီစယ်ချော့မြူရင်း အဝတ်ဆိုင်ထဲမှ ခေါ်ထုတ်သွားခဲ့တော့သည်။
သူတို့သုံးဦး ကုန်တိုက်ကြီးထဲမှ ပြန်လည်ထွက်သွားသည့်အချိန်အထိ ဟောက်ယန်ယန်မှာ ထွက်နှုတ်ဆက်ဖို့ သတ္တိ မရှိခဲ့ပါ။ သူမရင်ထဲတွင် နှလုံးခုန်သံများလည်း အလွန်ကျယ်လောင်နေပါသည်။
‘သူတို့ကို ယဲ့ရှောင်ရှောင် ခေါ်လိုက်တာလား၊ ငါ လက်ထပ်တော့မယ်ဆိုတဲ့အကြောင်း ယဲ့ရှောင်ရှောင် ပြောပြလိုက်ပြီလား’
“ကလေးမရေ၊ ဟဲ့ကလေးမ!”
ဟောက်ယန်ယန် အချိန်အတော်ကြာအောင် မိန်းမောတွေဝေနေသည်ကိုမြင်ပြီး အပ်ချုပ်ဆရာကြီးက အော်ခေါ်လိုက်ပါသည်။
ဟောက်ယန်ယန်လည်း အသိစိတ်ပြန်ကပ်သွားခဲ့သည်။
“ကျွန်မ ပြန်တော့မယ်၊ ဝတ်စုံအတွက် လိုတဲ့ ဇာပိတ်စကိုရတာနဲ့ ဒီကို ပြန်လာခဲ့ပါ့မယ်”
ထိုသို့ပြောပြီးနောက် ဆိုင်ထဲမှ သုတ်သုတ်ပျာပျာ ပြေးထွက်လာခဲ့တော့သည်။
ယဲ့ရှောင်ရှောင်တို့ကား ကုန်တိုက်ကြီးမှ ထွက်ခွာသွားသည်ကို သေချာအောင် စောင့်ကြည့်နေပြီးမှ ကျောက်ဟုံရှားထံသို့ ဟောက်ယန်ယန်ပြန်လာခဲ့ပါသည်။
ကျောက်ဟုံရှားနှင့် ယဲ့လင်မယားတို့ကို တွေ့ဆုံခွင့်ပေးလို့ မဖြစ်ပါ။ ကျောက်ဟုံရှားက နှုတ်မှထုတ်မပြောသော်လည်း သူမကို ကျေးလက်တောရွာတွင် အချိန်အကြာကြီးနေထိုင်ခဲ့သူတစ်ဦးအဖြစ် စိတ်ထဲမှ အထင်သေးနေမှာဖြစ်ကြောင်း ဟောက်ယန်ယန် ကောင်းစွာ သိရှိထားပါသည်။
“ယန်ယန်၊ ဘာလို့အဲ့လောက်ကြာနေတာလဲ၊ သမီးကြိုက်တဲ့ အဝတ်အစားရှာမတွေ့ခဲ့ဘူးလား”
လက်ချည့်ဗလာပြန်လာသည့် ဟောက်ယန်ယန်ကို ကြည့်ရင်း ကျောက်ဟုံရှား မေးမြန်းလိုက်ပါသည်။
“ဒီနေ့တော့ တခြားပစ္စည်းတွေပဲ အရင်သွားဝယ်ကြရအောင် ဒေါ်လေး၊ မင်္ဂလာဝတ်စုံကိုတော့ သမီးကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ဆိုင်ကို ချုပ်ခိုင်းလိုက်မလို့လေ”
“အဲ့လိုဆိုလည်း အဆင်ပြေတာပဲ၊ ကျမ့်ဝမ်ကို ဒေါ်လေးလိုက်ပို့ခိုင်းလိုက်မယ်နော်”
ဤသည်မှာ အသေးအဖွဲကိစ္စသာဖြစ်၍ ဟောက်ယန်ယန်၏ ဆန္ဒကို ကျောက်ဟုံရှား ဖြည့်ဆည်းပေးနိုင်ပါသည်။
မည်သည့်အဝတ်အစားမှ မဝယ်ယူရသေးသော်လည်း ကျောက်ဟုံရှားသည် ရွှေလက်ကောက်တစ်ကွင်း ဝယ်ယူပေးဖို့ ကတိပေးထားသည်ကို မမေ့လျော့ခဲ့ပေ။
ချွေးမဖြစ်သူအား လက်ဝတ်ရတနာများဖြင့် ဆင်ယင်ပေးနိုင်လျှင် လူပုံအလယ်တွင် သူမလည်း ဂုဏ်ရှိပါလိမ့်မည်။ ထို့ကြောင့် ကျောက်ဟုံရှားသည် ဟောက်ယန်ယန်အား ရွှေငွေလက်ဝတ်ရတနာဆိုင်သို့ ခေါ်ဆောင်သွားခဲ့တော့သည်။
ယဲ့ရှောင်ရှောင်သည် ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့အား အိမ်သို့ ပို့ဆောင်ပေးပြီးနောက် နှုတ်ဆက်ကာ ပြန်သွားခဲ့ပါသည်။
ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့ ပတ်ဝန်းကျင်အသစ်တွင် နေသားကျနေပြီဆိုလျှင် ယဲ့ရှောင်ရှောင် ဘာမှစိတ်ပူစရာ မလိုအပ်တော့ပါ။
ယဲ့ရှောင်ရှောင် ပြန်သွားသောအခါ လင်မယားနှစ်ယောက် သက်ပြင်းရှည်ကြီးချလိုက်မိကြသည်။
“ကျွန်မတို့ ဒီနေ့ ကြက်ဥတွေ သွားမယူရသေးဘူးနော်”
မြောင်စွေ့ဖန်းက ကြက်ဥကိစ္စကို မမေ့နိုင်သေးဘဲ ရေရွတ်လိုက်ပါသည်။
ယဲ့ကျန်းကော်ကဆိုသည်။
“မင်း နားလိုက်ဦး၊ ငါ စက်ဘီးနဲ့ သွားယူလာခဲ့မယ်”
ဤအလုပ်သည် မကြာသေးခင်ကမှ ပူပူနွေးနွေး စတင်ထားသော စီးပွားရေးလုပ်ငန်းဖြစ်သဖြင့် မည်သည့်နည်းနှင့်မှ ပေါ့ဆ၍ မရပေ။ လက်ရှိတွင် လင်မယားနှစ်ဦးစလုံး စိတ်အားထက်သန်မှု အပြည့်ရှိနေကြရာ မည်သည့်အရာကမှ သူတို့၏ လုပ်ငန်းချဲ့ထွင်မှုကို တားဆီးနိုင်မည် မဟုတ်ပါ။
ယဲ့ရှောင်ရှောင်တစ်ယောက် တက္ကသိုလ်အနီးရှိ အိမ်ရာသို့ ပြန်လာခဲ့ပြီး ကားပါကင်ထိုးလိုက်သည်။
သူမ ကားပေါ်မှ ဆင်းလိုက်သည်နှင့် သူမ၏ အဆောင်အခန်းဖော် ဝမ်ကျောင်းနှင့် ဖန့်ခိုင်ရွှမ်တို့ကို ရုတ်တရက် လှမ်းမြင်လိုက်ရပါသည်။
သူတို့အတွဲသည် ကျောင်းပြင်ပတွင် နေထိုင်မည်ဟု ဆိုကြသော်လည်း နေရာအတိအကျကိုတော့ ပြောမသွားခဲ့ပေ။
“ရှောင်ရှောင်၊ နင်က ဒီမှာနေတာလား!”
သူမကို မြင်သောအခါ ဝမ်ကျောင်း လှမ်းအော်လိုက်သည်။
ယဲ့ရှောင်ရှောင် ခေါင်းညိတ်ပြလိုက်ပါသည်။
“နင်တို့လည်း ဒီမှာပဲ နေကြတာလား”
ဝမ်ကျောင်းက ရှင်းပြသည်။
“ဒီမှာနေတာတော့ မဟုတ်ပါဘူး၊ သူငယ်ချင်းတစ်ယောက်ဆီ လာလည်တာလေ၊ ငါတို့နှစ်ယောက် ငှားနေတဲ့နေရာက ဒီကနေ အိမ်ရာနှစ်ခုခြားတယ်၊ တက္ကသိုလ်နဲ့လည်း နည်းနည်းဝေးတယ်”
ပြောပြောဆိုဆိုနှင့် ဖန့်ခိုင်ရွှမ်အား ဝမ်ကျောင်း မျက်စောင်း ထိုးလိုက်သည်။
“ဒီအိမ်ရာဝန်းထဲက တိုက်ခန်းတစ်လုံးကိုတောင် ဖြစ်အောင် မရှာနိုင်ဘူးလား”
ဖန့်ခိုင်ရွှမ် စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။
“ငါလည်း ရှာချင်တာပေါ့၊ ဒါပေမယ့် ဒီအိမ်ရာက ဝန်ထမ်းအိမ်ရာလေ၊ ဘယ်သူကမှ ငှားပေးမှာ မဟုတ်ဘူး”
ဝမ်ကျောင်း: “အဲ့တာဆို ရှောင်ရှောင်ကျတော့ ဘာလို့ဒီမှာ နေနိုင်တာလဲ”
ယဲ့ရှောင်ရှောင် ဘာမှဝင်မပြောပေ။
ဖန့်ခိုင်ရွှမ်က အကြောင်းပြချက်ပေးသည်။
“ကံကောင်းရင်တော့ ဒီလိုအခွင့်အရေးမျိုး ရတတ်တာပေါ့”
ဝမ်ကျောင်း လှောင်ပြုံးပြုံးလျက် ဆိုသည်။
“ဆင်ခြေတွေ ပေးမနေစမ်းပါနဲ့၊ ငါ့အမြင်မှာတော့ နင်ကိုက အသုံးမကျတာ”
ထိုသို့ ပြစ်တင်ဝေဖန်ခံရခြင်းကြောင့် ဖန့်ခိုင်ရွှမ် အနည်းငယ် မကျေမနပ်ဖြစ်သွားခဲ့ပါသည်။ သမီးရည်းစားနှစ်ယောက် အချေအတင် ထပ်ဖြစ်တော့မည်ကို အာရုံခံမိသဖြင့် ယဲ့ရှောင်ရှောင် အမြန်လစ်ထွက်လာခဲ့တော့သည်။
ယဲ့ရှောင်ရှောင်ထွက်သွားသည့်ဘက်ကို ငေးကြည့်ရင်း ဖန့်ခိုင်ရွှမ်အား ဝမ်ကျောင်းတိုးညှင်းစွာ ပြောလိုက်သည်။
“နင်တွေ့လိုက်လား၊ ရှောင်ရှောင်က ကားမောင်းလာတာနော်”
ဖန့်ခိုင်ရွှမ်မှာ စိတ်ဆိုးနေဆဲဖြစ်၍ ဝမ်ကျောင်းကို မသိချင်ယောင်ဆောင်ပြီး တစ်ယောက်တည်း ထွက်သွားပါသည်။
ထိုအခါ ဝမ်ကျောင်းသည် လက်ထဲရှိ ပစ္စည်းများကို မြေကြီးပေါ်သို့ ပစ်ချပစ်လိုက်သည်။
“ရတယ်လေ၊ နင့်ဖာသာ နင် တစ်ယောက်တည်းသွားလိုက် ဖန့်ခိုင်ရွှမ်! ငါ မလိုက်ဘူး”
ဖန့်ခိုင်ရွှမ် နောက်လှည့်ကာ မေးလိုက်သည်။
“နင်ဘာဖြစ်ပြန်ပြီလဲ’
ဝမ်ကျောင်းက ဒေါသတကြီး ငေါက်လိုက်သည်။
“ငါ့ကို ဘာဖြစ်တာလဲလို့ မေးရဲသေးတယ်ပေါ့၊ ငါစကားပြောနေတာကို ဘာလို့မသိချင်ယောင် ဆောင်နေတာလဲ”
သူမ၏ ကလေးကလားစိတ်ဓာတ် ထပ်ပေါ်လာပြီဖြစ်မှန်း သိလိုက်သဖြင့် ဖန့်ခိုင်ရွှမ်လည်း အလျှော့ပေးကာ ချော့မြူဖို့ ကြိုးစားရတော့သည်။
“ဒါတိုက်နံပါတ်ဘယ်လောက်လဲ လိုက်ကြည့်နေလို့ နင့်စကားကို မကြားလိုက်မိတာပါ၊ တမင်သက်သက်လုပ်တာ မဟုတ်ဘူး”
ဝမ်ကျောင်း “ငါကတော့ နင်တမင်သက်သက် လုပ်တာလို့ပဲမြင်တယ်!”
လမ်းဘေးဝဲယာတွင် ဖြတ်သန်းသွားလာနေကြသော လမ်းသွားလမ်းလာအချို့က ရန်ဖြစ်နေသည့် သမီးရည်းစား နှစ်ယောက်ကို ထူးထူးဆန်းဆန်း အကြည့်များဖြင့် လှည့်ကြည့်သွားကြသည်။
ဖန့်ခိုင်ရွှမ်သည် နောက်သို့ ပြန်လျှောက်လာပြီး မြေပေါ်ကျနေသည့် ပစ္စည်းများကို ပြန်လည်ကောက်ယူလိုက်ပါသည်။
“ငါတို့ဒီနေ့ သူငယ်ချင်းတစ်ယောက်အိမ်ကို အလည်လာတာလေ၊ နင်နည်းနည်းလောက် ရင့်ကျက်ပေးလို့ မရဘူးလား”
ထို့အပြင် ဝမ်ကျောင်းသည် အသေးအဖွဲကိစ္စလေးများအတွက် အချိန်ပြည့် ရန်ရှာတတ်လွန်းသဖြင့် ဖန့်ခိုင်ရွှမ် အလွန်အမင်း စိတ်ပင်ပန်းနေပါပြီ။
ဝမ်ကျောင်းကို သူတကယ် ချစ်မြတ်နိုးခဲ့သော်လည်း သံယောဇဉ်ဟူသည်မှာ အချိန်ကြာလာသည်နှင့်အမျှ ပဋိပက္ခများ၏ တိုက်စားခြင်းကို ခံရတတ်သည်။
လက်ရှိတွင် သူတို့ကြား၌ ချိုမြိန်သော အခိုက်အတန့်အချို့ ရှိနေသေးသည်ဆိုသော်ငြား စတွဲခဲ့စဉ်က ရှိခဲ့ဖူးသည့် ရင်ခုန်စိတ်လှုပ်ရှားမှုများမှာမူ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ဖန့်ခိုင်ရွှမ်၏ စကားက ဝမ်ကျောင်းကို ပိုဒေါသထွက်စေခဲ့ပါသည်။
“အခု ငါ့ကို မရင့်ကျက်ဘူးလို့ပါပြောနေပြီပေါ့ ဟုတ်လား! နင်တော်တော် တရားလွန်လာပြီ ဖန့်ခိုင်ရွှမ်! ငါနင်နဲ့လမ်းခွဲမယ်!”
သူတို့ စကားများ ရန်ဖြစ်တိုင်း ဝမ်ကျောင်းသည် လမ်းခွဲမည်ဟူသော လက်နက်ကိုသာ ထုတ်သုံးခဲ့ပြီး ဖန့်ခိုင်ရွှမ်ကလည်း အကြိမ်ကြိမ် ဦးညွှတ်တောင်းပန်ခဲ့ရဖူးပါသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ ဖန့်ခိုင်ရွှမ်သည် လှည့်ထွက်သွားသည့် ဝမ်ကျောင်းအား မတားဘဲ ဤအတိုင်း ငေးကြည့်နေခဲ့ပါသည်။
“ဝမ်ကျောင်း! နင်အခု ထွက်သွားရင် ငါတို့တကယ် ပြတ်ပြီနော်!”
ဝမ်ကျောင်းက သူ့စကားကို အယုံအကြည်မရှိသဖြင့် တစ်ချက်ကလေးပင် ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့ပါသည်။ နေ့ခင်းကြောင်တောင်ကြီးဖြစ်၍ သူမ ကြောက်စရာလည်း မလိုအပ်ပေ။
ထိုစဉ် ဖန့်ခိုင်ရွှမ်ကလည်း ပစ္စည်းများကို ကောက်ယူကာ လှည့်မကြည့်တော့ဘဲ အိမ်ရာထဲ ဆက်ဝင်သွားခဲ့ပါသည်။
ဝမ်ကျောင်းတစ်ယောက် အိမ်ရာဝင်ပေါက်ကို ရောက်ခါမှ အနောကတွင် ဖန့်ခိုင်ရွှမ် ပါမလာည်ကို သတိထားမိသွားသည်။ သို့သော် ယခုလောလောဆယ် သူမ ဒေါသအလွန်ထွက်နေသဖြင့် ဖန့်ခိုင်ရွှမ်၏ စိတ်အခြေအနေကို မရိပ်စားမိခဲ့ပေ။
ဤသို့ဖြင့် သူငယ်ချင်းဖြစ်သူ၏အိမ်သို့ ဖန့်ခိုင်ရွှမ် တစ် ယောက်တည်း ရောက်လာခဲ့ပါသည်။
“မင်းတစ်ယောက်တည်း ဘာလို့လာတာလဲ၊ မင်းကောင်မလေးကိုပါ ခေါ်မလာဘူးလား”
သူငယ်ချင်းနောက်တစ်ဦးက ဝင်ပြောလိုက်သည်။
“မေးစရာတောင်လိုသေးလို့လားကွာ၊ ရန်ထပ်ဖြစ်ကြတာနေမှာပေါ့၊ ငါ့အမြင်ပြောရရင် မင်းကောင်မလေးက စရိုက်မကောင်းပါဘူး ခိုင်ရွှမ်ရာ၊ လှတာတော့လှတယ် ဒါပေမယ့် အဲ့လို စရိုက်မျိုးကို ဘယ်သူက သည်းခံနိုင်မှာလဲ”
ဖန့်ခိုင်ရွှမ်က တိုးညှင်းစွာ ပြောလိုက်သည်။
“သူ့အကြောင်း မကောင်းမပြောနဲ့တော့၊ ငါတို့ လမ်းခွဲလိုက်ကြပြီ”
ထိုစကားကို ကြားသောအခါ သူငယ်ချင်းများအားလုံး မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားကြပါသည်။
“တကယ်ကြီးလားခိုင်ရွှမ်၊ နောက်ဆုံးတော့ မင်းရုန်းထွက်နိုင်ခဲ့ပြီလား”
“မြန်မြန် လာထိုင်စမ်းပါဦး၊ ငါတို့တွေက လူဆိုးတွေမဟုတ်ပါဘူ၊ မင်းသဘောနဲ့မင်း သေသေချာချာ စဉ်းစားဆုံးဖြတ်ခဲ့တာဆိုရင်တော့ အကောင်းဆုံးပေါ့၊ မင်းတကယ်လမ်းခွဲလိုက်ပြီဆိုရင် ငါတို့ညီအစ်ကိုတွေက မင်းအတွက် သူ့ထက် အဆပေါင်းများစွာ ပိုသာတဲ့ ကောင်မလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်”
ရည်းစားဖြစ်သူနှင့် လမ်းခွဲထားသည်မှာ နေ့ပင် မကူးသေးသဖြင့် ဖန့်ခိုင်ရွှမ်သည် သူငယ်ချင်းဖြစ်သူများ၏ အကြံပြုစကားများကို နားမထောင်နိုင်သေးပါ။
သို့သော် လူတိုင်းက မိမိအချစ်ရေးနှင့်ပတ်သက်၍ ယခုကဲ့သို့ ပေါ့ပေါ့တန်တန် ပြောဆိုနေကြသည်ကို ကြားရသောအခါ ဖန့်ခိုင်ရွှမ် အလွန်ရင်နာခဲ့ရပါသည်။
‘အစကတည်းက ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဘယ်သူမှ အထင်မကြီးခဲ့ကြတာပဲ…’