အခန်း ၂၁၁
Vol. 22 Ch. 211
📗 Chapter 211
ဖန့်ခိုင်ရွှမ်နှင့် သူ့သူငယ်ချင်းတစ်စုတို့ ယဲ့ရှောင်ရှောင်နေထိုင်ရာ အိမ်ရာအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
သူတို့ထဲတွင် ဖန့်ခိုင်ရွှမ်နှင့် အနီးဆုံးတွင် ကပ်လျှောက်နေသော မိန်းကလေးတစ်ဦးလည်း ပါလာသေးသည်။ စကားများလည်း ရယ်မောပျော်ရွှင်စွာ ပြောနေကြပါသည်။
ဝမ်ကျောင်းတစ်ယောက် ချက်ချင်းပင် ဒေါသပေါက်ကွဲသွားပြီး သူတို့ထံ ပြေးသွားလေတော့သည်။
ဟယ်ကျင်းက ဝမ်ကျောင်းကို ဆွဲတားဖို့ ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။
“သူတို့က လမ်းခွဲထားပြီးသား မဟုတ်ဘူးလား…”
ရုတ်တရက်ပေါ်လာသည့် ဝမ်ကျောင်းကြောင့် ဖန့်ခိုင်ရွှမ်တို့ သူငယ်ချင်းများ ထိတ်လန့်သွားကြပါသည်။
“ဖန့်ခိုင်ရွှမ်! ငါ့နောက်ကွယ်မှာ တခြားမိန်းမနဲ့ ရယ်မောပျော်ရွှင်နေတယ်ပေါ့ ဟုတ်လား!”
ဖန့်ခိုင်ရွှမ်၏ မျက်နှာပေါ်မှအပြုံး ချက်ချင်း ပျောက်ကွယ်သွားသည်။
“ငါတို့က လမ်းခွဲပြီးသားလေ ဝမ်ကျောင်း”
ဖန့်ခိုင်ရွှမ်နှုတ်မှ ထိုစကားထွက်လာလိမ့်မည်ဟု ဝမ်ကျောင်း မျှော်လင့်မထားခဲ့ပါ။ သူမ၏ လေသံမှာ နှစ်ဆ ပိုကျယ်လောင်သွားခဲ့သည်။
“အဲ့မိန်းမကြောင့် ငါနဲ့ လမ်းခွဲခဲ့တာမလား၊ နင့်အကြောင်း ငါကောင်းကောင်းကြီး နားလည်သွားပြီ!”
ဖန့်ခိုင်ရွှမ်လည်း အလွန်အံ့အားသင့်မိပါသည်။ လမ်းခွဲပြီးသည့်တိုင်အောင် ဝမ်ကျောင်းတစ်ယောက် မဟုတ်မမှန်သည့် စကားများ ပြောဆိုနေဦးမည်ဟု သူ ထင်မထားခဲ့ပါ။
“ဝမ်ကျောင်း၊ ငါ့ကို စော်ကားဖို့ ရည်ရွယ်ချက်နဲ့ အဲ့စကားပြောတာလား၊ နင်နဲ့ တွဲနေကတည်းက တခြားတစ်ယောက်နဲ့ ပတ်သက်ခဲ့တာလို့ တကယ်ထင်နေတာလား”
ဝမ်ကျောင်း၏ စိတ်ဓာတ်အစစ်အမှန်ကို ပထမဆုံးအကြိမ် မြင်လိုက်ရသည့်ပမာ ဖန့်ခိုင်ရွှမ်၏ မျက်လုံးများထဲ စိတ်ပျက်အားလျော့မှုများဖြင့် ပြည့်နှက်သွားခဲ့ရပါသည်။
သူမ စကား အနည်းငယ် လွန်သွားမှန်း ဝမ်ကျောင်းကိုယ်တိုင်ပင် နားလည်ပါသည်။ သို့သော် သူမ ခေါင်းဆက်မာနေဆဲပင်။
“အဲ့လိုမဟုတ်ဘူးလား၊ ငါနဲ့ လမ်းခွဲပြီးတာနဲ့ တခြားတစ်ယောက်ဆီ တန်းရောက်သွားတာ ဘာသဘောလဲ၊ နင်တို့ အရင်ကတည်းက ကြိတ်ပုန်းတွဲနေကြတာမဟုတ်မှန်း သေချာရင် ငါသေပေးလိုက်မယ်!”
ဖန့်ခိုင်ရွှမ်၏ဘေးတွင် ရပ်နေသည့် ကောင်မလေးမှာ ပထမတော့ အနည်းငယ် ထိတ်လန့်သွားမိသော်လည်း ဝမ်ကျောင်း၏ စကားများက တဖြည်းဖြည်း တရားလွန်လာသဖြင့် သူမ ဝင်ပြောလိုက်ပါသည်။
“အရင်က နင့်စိတ်ဓာတ်မကောင်းဘူးဆိုတဲ့ ကောလဟာလတွေပဲ ကြားဖူးတာ၊ အခုတော့ အကျင့်စာရိတ္တပါ မကောင်းမှန်း သိလိုက်ရပြီ၊ ဖန့်ခိုင်ရွှမ်နဲ့ ငါနဲ့က ဒီနေ့မှ တွေ့ဖူးတာ၊ ဒါပေမယ့် နင်ခန့်မှန်းတာ တစ်ချက်တော့မှန်ပါတယ်၊ ငါ့အမြင်မှာ ဖန့်ခိုင်ရွှမ်က သဘောကျစရာကောင်းလို့ ပိုးပန်းဖို့ ဆုံးဖြတ်လိုက်ပြီ”
ဤခေတ်ကာလတွင် ပွင့်လင်းပြီး ရဲတင်းသည့် မိန်းကလေးများက လူနည်းစုသာ ရှိတတ်သဖြင့် မိန်းကလေးတစ်ဦး ဤကဲ့သို့ သတ္တိရှိရှိ ဖွင့်ပြောရဲခြင်းမှာ အမှန်တကယ် လေးစားဖို့ ကောင်းလှပါသည်။
သို့သော် ဝမ်ကျောင်း၏ နားထဲတွင်တော့ ထိုစကားက စိန်ခေါ်သည့်စကားဖြစ်သွားသည်။
“ငါတို့ လမ်းခွဲလိုက်ပြီလို့ နင့်ကို ဘယ်သူပြောလဲ၊ ဖန့်ခိုင်ရွှမ် ငါနင်နဲ့ အခုပဲ ပြန်တွဲချင်တယ်၊ နင်ငါ့ကိုရွေးမှာလား၊ သူ့ကို ရွေးမှာလား”
ဖန့်ခိုင်ရွှမ်က တဲ့တိုးပြောလိုက်သည်။
“ဘယ်သူ့ကိုမှ မရွေးဘူး”
ဖန့်ခိုင်ရွှမ်၏ သူငယ်ချင်းအားလုံး ဘေးတွင် ကျောက်ရုပ်ကြီးများပမာ ရပ်ကြည့်နေကြသည်။
ပထမတော့ ရည်းစားနှင့် လမ်းခွဲပြီး ဖန့်ခိုင်ရွှမ်တစ်ယောက် စိတ်ညစ်နေမည်စိုးသဖြင့် သူငယ်ချင်းဖြစ်သူများက စိတ်အပန်းဖြေဖို့ အပြင်သို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပါသည်။
ဝမ်ကျောင်းနှင့်မှ ဤသို့တည့်တည့်လာတိုးလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။
“ဝမ်ကျောင်း… နင်တကယ် နားလည်မှုလွဲနေပြီ၊ ခိုင်ရွှမ်နဲ့ ကျားနီတို့က ဒီနေ့မှ တွေ့ကြတာပါ”
“ဟုတ်တယ် ဟုတ်တယ်၊ ပြီးတော့ နင်တို့နှစ်ယောက်က လမ်းခွဲလိုက်ပြီ မဟုတ်ဘူးလား၊ အဲ့တာတွေ ပြောနေလို့ ဘာမှ မထူးတော့ဘူးလေ”
ဝမ်ကျောင်း၏ ပါးပေါ် မျက်ရည်များ စီးကျလာသည်။
“ဖန့်ခိုင်ရွှမ်… နင်ငါ့ကို တကယ် မရွေးဘူးလား”
ဖန့်ခိုင်ရွှမ်သည် အသည်းကိုမာမာထားလျက် အကြည့်လွှဲလိုက်ပါသည်။
“ကျောင်းကို ပြန်လိုက်တော့၊ ငါတို့နှစ်ယောက် ဘာမှမသက်ဆိုင်တော့ဘူး”
“အီးဟီးဟီး…”
ဝမ်ကျောင်းတစ်ယောက် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
ဖန့်ခိုင်ရွှမ်လည်း ထိုနေရာမှ ခပ်သုတ်သုတ် ထွက်သွားလေတော့သည်။
ဟယ်ကျင်းနှင့် အခြားသူများလည်း ဝမ်ကျောင်း၏ဘေးသို့ ရောက်လာကြပြီး အမြန်ချော့လိုက်ကြပါသည်။
“ကျောင်းကျောင်း ငိုမနေပါနဲ့တော့ဟယ်”
ဝမ်ကျောင်းကို နှစ်သိမ့်ပေးမည့် သူငယ်ချင်းများ ရှိနေသည်ကိုမြင်သောအခါ ဖန့်ခိုင်ရွှမ်၏ သူငယ်ချင်းများလည်း ဖန့်ခိုင်ရွှမ်နောက်သို့ လိုက်သွားခဲ့ကြသည်။
ဝမ်ကျောင်းတစ်ယောက် ကျယ်ကျယ်လောင်လောင် အော်ငိုနေပြီး ဟယ်ကျင်းမှာ ဘေးတွင်ထိုင်ကာ အချိန်အတော်ကြာအောင် နှစ်သိမ့်ပေးခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။
“နင်တို့… အပေါ်ခဏလောက် ပြန်တက်ခဲ့မလား”
ယဲ့ရှောင်ရှောင်က ကမ်းလှမ်းလိုက်ပါသည်။
ဝမ်ကျောင်းက ရှိုက်သံဖြင့် ပြောလိုက်သည်။
“မတက်ဘူး! ငါဖန့်ခိုင်ရွှမ်ကို နောက်တစ်ခါ ထပ်မတွေ့ချင်တော့ဘူး!”
ချစ်သူရည်းစားကို ဆုံးရှုံးလိုက်ရခြင်းကြောင့်လား၊ သူငယ်ချင်းများရှေ့တွင် အရှက်ကွဲသွားခြင်းကြောင့်လား မသိသော်လည်း ဝမ်ကျောင်း အလွန်ဝမ်းနည်းသွားခဲ့ပါသည်။
ဟယ်ကျင်း: “အဲ့တာဆိုလည်း ကျောင်းကို ပြန်ကြရအောင်လေ”
ထန်ရှို့ရှို့က ဝမ်ကျောင်းကို တွဲပေးလိုက်ပြီး ယဲ့ရှောင်ရှောင်ကိုလည်း အိမ်ထဲဝင်ဖို့ လှမ်းပြောလိုက်ပါသည်။
ယဲ့ရှောင်ရှောင်မှာ သူငယ်ချင်းဖြစ်သူများ ထွက်ခွာသွားသည်ကို ငေးကြည့်ရင်း စိတ်ပျက်လက်ပျက် ခေါင်းခါမိတော့သည်။
ဝမ်ကျောင်းနှင့် ဖန့်ခိုင်ရွှမ်တို့၏ကိစ္စ လုံးဝ ပြီးပြတ်သွားခဲ့ပြီဟု ယဲ့ရှောင်ရှောင်ထင်ခဲ့သော်လည်း နောက်တစ်နေ့ အတန်းချိန်သို့ရောက်သောအခါ ဝမ်ကျောင်းက ရုတ်တရက် ကြေညာလိုက်သည်။
“ဖန့်ခိုင်ရွှမ်က မူနေတာပဲ၊ ငါလာချော့မယ့်အချိန်ကို စောင့်နေတာ၊ ဒီတစ်ပွဲတော့ ငါအရှုံးပေးလိုက်ပါ့မယ်၊ ငါ့ဘက်ကတစ်ခါလောက် ဦးညွှတ်ပေးလိုက်လို့ ဘာမှ ဆုံးရှုံးမသွားဘူး”
ထန်ရှို့ရှို့မှာ ဆွံ့အသွားခဲ့ရသည်။
“နင်တို့နှစ်ယောက်ကြားက တကယ့်ပြဿနာကို အခုထိ နင်နားမလည်သေးဘူးလား၊ ဖန့်ခိုင်ရွှမ်က နင့်ကို မချစ်တော့တာ အသိသာကြီး၊ နင်လည်း မေ့ပစ်လိုက်ပါတော့”
ဝမ်ကျောင်းက ချေပသည်။
“ငါတော့ မယုံဘူး၊ သူငါ့ကို ကျိန်းသေပေါက် ချစ်နေသေးတယ်”
ထန်ရှို့ရှို့: “…”
ဟယ်ကျင်းမှာ သက်ပြင်းသာ ချမိတော့သည်။
“ထားလိုက်ပါတော့၊ သူ့ဖာသာသူ ကြိုးစားကြည့်ပါစေ၊ သူ့ကိုယ်သူ လမ်းဆုံးရောက်နေမှန်း မသိသေးသရွေ့ ရှေ့ဆက်တိုးနေဦးမှာပဲ”
မနေ့က မျက်ရည်ခမ်းအောင် ငိုကြွေးပြီးနောက် ဖန့်ခိုင်ရွှမ်ကို သူမ သဘောကျနေဆဲဖြစ်မှန်း ဝမ်ကျောင်း ကိုယ့်ကိုယ်ကိုယ် နားလည်ခဲ့ရပါသည်။
ထို့ကြောင့် အခြေအနေများ ပြောင်းပြန်ဖြစ်ကာ သူမဘက်မှ ဖန့်ခိုင်ရွှမ်ကို ပြန်လည် ပိုးပန်းရတော့သည်။
ချစ်သူရည်းစားများ အပြီးအပိုင် လမ်းမခွဲမီ ခေတ္တ ပြန်လည်သင့်မြတ်တတ်သည်ဟု ပြောစမှတ်ရှိကြသော်လည်း ဝမ်ကျောင်းအတွက်မူ ထိုအခွင့်အရေးလေးပင် မရရှိခဲ့ပေ။
သူမသည် ဖန့်ခိုင်ရွှမ်ကို တစ်ပတ်တိတိ လိုက်လံပိုးပန်းခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။
နောက်ဆုံးတွင် ဟယ်ကျင်းမှာ ဘေးမှ ရပ်ကြည့်မနေနိုင်တော့သဖြင့် ဝင်အကြံပြုလိုက်သည်။
“သူ့ကို ဒီလို တစ်နေကုန် လိုက်နှောင့်ယှက်နေလို့ ဘာမှထူးလာမှာ မဟုတ်ဘူးနော်၊ နင်တို့နှစ်ယောက် တစ်နေရာရာမှာ အတူတူထိုင်ပြီး စကားအေးအေးဆေးဆေး ပြောကြည့်ဖို့ ချိန်းလိုက်ပါလား”
ဝမ်ကျောင်းက ညည်းတွားသည်။
“သူက ငါ့ကို တွေ့တောင်တွေ့ချင်တာ မဟုတ်ဘူး၊ စကားဘယ်လိုသွားပြောရမှာလဲ”
သူမ၏ စိတ်ရှည်သည်းခံမှုများ တစ်စတစ်စ ယုတ်လျော့လာနေပါပြီ။
သူမဘက်မှ ပြန်အဆင်ပြေချင်သည်ဟု ဆိုနေသော်လည်း ဖန့်ခိုင်ရွှမ် မည်သည့်အရာများကို ကြိုက်တတ်သည်၊ မည်သည့်နေရာများသို့ သွားတတ်သည်ကိုပင် မသိခဲ့ပေ။
ကျောင်းဝင်းအပြင်ဘက်တွင် သူတို့ ငှားရမ်းဖူးသည့် တိုက်ခန်းလေးတစ်ခန်းရှိသည်ကိုသာ သိသဖြင့် သူနှင့်တွေ့ရဖို့ အလွန်ခက်ခဲနေပါသည်။
ဟယ်ကျင်းက ဆိုသည်။
“ဒီလထဲ ငါတို့ဌာနက ပြတိုက်တစ်ခုကို လေ့လာရေးခရီးထွက်ဖို့ လူစုနေတယ်၊ ကျောင်းသားတွေက ကိုယ့်သဘောနဲ့ကိုယ် စာရင်းသွင်းရမှာ၊ ဖန့်ခိုင်ရွှမ် လိုက်မလိုက် သွားစုံစမ်းကြည့်လိုက်၊ သူလိုက်မယ်ဆိုရင် နင့်အတွက် အခွင့်အရေးပဲ”
ဝမ်ကျောင်းက ဟယ်ကျင်းကို ပွေ့ဖက်ကာ ကျေးဇူးတင်လိုက်သည်။
“ကျေးဇူးပဲ သူငယ်ချင်း၊ ငါအခုပဲ သွားစုံစမ်းလိုက်တောမ့ယ်”
ယဲ့ရှောင်ရှောင်လည်း ထိုလေ့လာရေးခရီးစဉ်တွင် ပါဝင်ဖို့ စာရင်းပေးသွင်းခဲ့ပါသည်။ အဓိကအကြောင်းအရင်းမှာ ၈၀ ခုနှစ်များ၏ ပြတိုက်တစ်ခုသည် မည်သို့ပုံစံမျိုး ရှိသည်ကို စူးစမ်းလိုသောကြောင့် ဖြစ်ပါသည်။
တရုတ်တိုင်းရင်းဆေးမေဂျာမှ အခြားကျောင်းသားများကမူ စိတ်ဝင်စားမှုမရှိဘဲ ချူးမြောင်တစ်ယောက်တည်းသာ စာရင်းပေးသွင်းခဲ့သည်။
ယဲ့ရှောင်ရှောင်က ဆိုသည်။
“ဒါဆို ချူးမြောင်နဲ့ ငါနဲ့နှစ်ယောက်တည်း သွားရမှာပေါ့၊ ကင်မရာတစ်လုံးငှားသွားပြီး နင်တို့အတွက် ဓာတ်ပုံတွေ ရိုက်ခဲ့ပေးပါ့မယ်”
ချူးယွင်ရှောင်: “ငါ့မှာကင်မရာတစ်လုံးရှိတယ်၊ နင်ယူချင် ယူသွားလေ”
ယဲ့ရှောင်ရှောင်: “ကျေးဇူးတင်ပါတယ် အတန်းခေါင်းဆောင်”
ချူးမြောင်က လက်ပိုက်လျက် မေးလိုက်ပါသည်။
“မင်းတို့တွေ တကယ်မလိုက်ကြဘူးလား”
ကျန့်ခိုင်နင်က နှာခေါင်းရှုံ့လျက် ပြန်ပြောသည်။
“မလိုက်ပါဘူး၊ လူတွေအများကြီး စုပြုံပြီး ပွက်လောရိုက်နေမှာ ဘာစိတ်ဝင်စားစရာကောင်းလို့လဲ၊ ရည်းစားရှိရင်တော့ ကောင်မလေးနဲ့အတူတူ သွားလို့ကောင်းတာပေါ့”
ချူးမြောင်က အေးစက်စွာ ပြောလိုက်သည်။
“အပေါ်ယံဆန်လိုက်တာ”
ကျန်းခိုင်နင်က ချေပသည်။
“ဘာလို့ ငါ့ကို ဘလိုင်းကြီး လာတိုက်ခိုက်နေတာလဲ”
ချူးမြောင် ဘာမှပြန်မပြောတော့ပေ။
လေ့လာရေးခရီးထွက်မည့်နေ့တွင် ယဲ့ရှောင်ရှောင်သည် ချူးမြောင်ကို သူမ၏ အဆောင်အခန်းဖော်အုပ်စုထဲသို့ ခေါ်လာခဲ့ပါသည်။
အံ့အားသင့်ဖို့ကောင်းစွာဖြင့် ချူးမြောင်မှာ မိန်းကလေးများကြားထဲတွင် ကွဲထွက်နေသလို မခံစားရဘဲ အလွန် သဟဇာတဖြစ်နေပါသည်။ ချူးမြောင်၏ အသားအရေမှာ မိန်းကလေးအချို့ထက်ပင် ပိုမို နူးညံ့ချောမွေ့ပါသေးသည်။
“သူက တောင်ပိုင်းကလာတာမို့လို့လား မသိဘူးနော်”
ရှားလီက ချူးမြောင်ကို မျက်တောင်မခတ်စိုက်ကြည့်ရင်း မနာလိုစွာ ပြောလိုက်သည်။
ယဲ့ရှောင်ရှောင်က ရှင်းပြသည်။
“အသားအရေကောင်းတာမကောင်းတာက မျိုးရိုးဗီဇနဲ့လည်း အများကြီး သက်ဆိုင်တယ်လေ”
ရှားလီက သက်ပြင်းချသည်။
“အဲ့တာဆိုရင်တော့ ငါက ငါ့အဖေနဲ့တူတာပဲဖြစ်မယ်၊ နေရောင်မထိအောင် ဘယ်လိုပဲကာကွယ်ကာကွယ် ဖြူကို ဖြူမလာနိုင်ဘူး”
ထို့နောက် ယဲ့ရှောင်ရှောင်သည် ပတ်ဝန်းကျင်ကို အကဲခတ်ရင်း မေးမြန်းလိုက်ပါသည်။
“ဝမ်ကျောင်းက ဖန့်ခိုင်ရွှမ်ကို သွားရှာပြန်ပြီလား”
ရှားလီ ခေါင်းညိတ်သည်။
“ဟုတ်တယ်၊ ဒီတစ်ခါတော့ သူတော်တော် ဆုံးဖြတ်ချက် ပြတ်သားနေတာ၊ ဒါပေမယ့် ဖန့်ခိုင်ရွှမ်ကလည်း ခေါင်းမာတယ်၊ လုံးဝ အလျှော့မပေးဘူး”
ဟယ်ကျင်းက ပြောသည်။
“ဒီတစ်ခါမှ အဆင်မပြေရင်တော့ ဝမ်ကျောင်း လက်လျှော့တော့မယ်လို့ ငါခံစားနေရတယ်”
ရှားလီ: “အဲ့တာတော့ သေချာတယ်၊ သူစိတ်မလွတ်သွားပါစေနဲ့လို့ပဲ ဆုတောင်းရမှာပေါ့”
ဤလေ့လာရေးခရီးတွင် ကျောင်းသားအတော်များများ ပါဝင်လာခဲ့ပြီး စုစုပေါင်း ၄၀ - ၅၀ ဝန်းကျင်ခန့်ရှိပါသည်။
တက္ကသိုလ်မှ ကျောင်းဘတ်စ်ကားဖြင့် အားလုံးကို ပြတိုက်သို့ ပို့ဆောင်ပေးခဲ့သည်။ ပြတိုက်ထဲသို့ ရောက်သည်နှင့် ကျောင်းသားများအားလုံး လူစုကွဲသွားကြပါသည်။
ချူးမြောင်က ကင်မရာကိုင်လျက် တစ်ယောက်တည်း ဓာတ်ပုံလျှောက်ရိုက်နေလေသည်။
ရှားလီသည် ထိုအသားဖြူဖြူ ရုပ်ချောချော ကောင်လေးကို မူလက အလွန်စိတ်ဝင်စားနေသော်လည်း တစ်ဖက်မှ စကားပြန်ပြောချင်စိတ်မရှိသည်ကို မြင်ပြီး သူမ ပါးစပ်ပိတ်ထားလိုက်တော့သည်။
လေ့လာရေးခရီးအဆုံးသတ်သောအခါ ကျောင်းသားများအားလုံး ဘတ်စ်ကားထံသို့ ပြန်လာရပါသည်။ သို့သော် လူစစ်လိုက်သည့်အခါ ဝမ်ကျောင်းတစ်ယောက် ပျောက်နေလေသည်။
ဟယ်ကျင်း မျက်မှောင်ကြုတ်သွားသည်။
“ဝမ်ကျောင်း ဘယ်ရောက်သွားတာလဲ၊ ဆရာ့ကိုတောင် ဘာမှ ပြောမသွားဘူး”
လေ့လာရေးခရီးကို ဦးဆောင်လာသည့် တာဝန်ခံဆရာလည်း အလွန်စိုးရိမ်ပူပန်သွားသည်။
အရွယ်ရောက်ပြီးသား တက္ကသိုလ်ကျောင်းသားများ ဖြစ်နေလျှင်ပင် ကြိုတင်အသိမပေးဘဲ ဤကဲ့သို့ ပျောက်ဆုံးသွားခြင်းက စည်းမျဉ်းစည်းကမ်းချိုးဖောက်ရာ ကျပါသည်။