← Chapters

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း ၂၁၃

Vol. 22 Ch. 213

📗 Chapter 213

မြောင်စွေ့ဖန်းသည် ယဲ့ရှောင်ရှောင်အား လိပ်ပြာမလုံစွာ ခိုးကြည့်လိုက်ပါသည်။

ယဲ့ကျန်းကော်ကလည်း ချက်ချင်းပင် ဆင်ခြေဝင်ပေးလိုက်သည်။

“ငါတို့တွေ အိမ်မှာအားနေလို့ အိမ်အောက်က အစ်မကြီးကို လက်ဖက်ကြက်ဥကူရောင်းပေးနေတာလို့ ပြောလိုက်လေကွာ”

ယဲ့ရှောင်ရှောင်က ချေပသည်။

“သူများကို ကူရောင်းပေးတာမဟုတ်ဘဲ အဖေတို့ဖာသာ ရောင်းနေတာကော မဖြစ်နိုင်ဘူးလား”

မြောင်စွေ့ဖန်းက ချောင်းအနည်းငယ်ဟပ်၍ ပြောလိုက်ပါသည်။

“အိမ်မှာနေရင် ဘာမှလုပ်စရာမရှိလို့ အချိန်ဖြုန်းတဲ့အနေနဲ့ စမ်းလုပ်ကြည့်နေတာပါကွယ်”

ယဲ့ချန်းနင်ကလည်း ဝင်မေးသည်။

“အမေ ကြက်ဥတွေ ဒီလောက်အများကြီး ဘယ်လိုဝယ်ထားတာလဲ”

နောက်ဆုံးတွင် မြောင်စွေ့ဖန်း ရွေးချယ်စရာမရှိတော့ဘဲ အဒေါ်လီအား အကူအညီတောင်းခဲ့ရသည့်ကိစ္စကို သားသမီးများအား ရှင်းပြလိုက်ရတော့သည်။

ယဲ့ချန်းနင်: “လက်စသတ်တော့ ကျွန်တော့် စီးပွားရေးပါရမီက အဖေနဲ့ အမေတို့ဆီကနေ အမွေဆက်ခံထားတာပဲ၊ အမေတို့ ဒီအလုပ်လုပ်နေတာ တော်တော်ကြာပြီလို့ ကျွန်တော်လောင်းရဲတယ်”

မြောင်စွေ့ဖန်းက သားဖြစ်သူကို မျက်စပစ်လျက် ရှောင်ရှောင်အား ဆိုဖာပေါ်တွင် ထိုင်စေဖို့ ခေါ်လာခဲ့သည်။

“စိတ်မဆိုးပါနဲ့ ရှောင်ရှောင်ရယ်၊ သမီးအဖေနဲ့ အမေတို့က မနက်ပိုင်း နှစ်နာရီလောက်ပဲ ထွက်ရောင်းတာပါ၊ ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံပါဘူး”

ယဲ့ရှောင်ရှောင်က စိတ်မဆိုးသော်လည်း မြောင်စွေ့ဖန်း၏ ကျန်းမာရေးအတွက်တော့ စိတ်ပူမိပါသည်။

“အမေနဲ့ အဖေတို့ အလုပ်လုပ်တာနဲ့ အနားယူတာကို မျှမျှတတ ရှိပါစေနော်၊ အရမ်းကြီး အပင်ပန်းမခံကြပါနဲ့”

မြောင်စွေ့ဖန်းက ရှင်းပြသည်။

“ရွာမှာဆို ဒီ့ထက်ပိုပင်ပန်းတဲ့ အလုပ်တွေတောင် လုပ်ခဲ့ကြတာ၊ ဒီလောက်က ဘာမှ မပြောပလောက်ဘူး”

ယဲ့ကျန်းကော်က နှာခေါင်းပွတ်လျက် ဝင်ပြောသည်။

“အားသုံးရတဲ့ ပစ္စည်းသယ်တာတွေ ဘာတွေကိုတော့ ငါပဲလုပ်ပေးတာပါ၊ မင်းတို့အမေကို ငါသေချာ စောင့်ကြည့်ပေးထားတယ်၊ ဘာမှ မစိတ်မပူကြနဲ့”

သို့သော် ယဲ့ချန်းနင်ကမူ အမှန်တရားကို ချက်ချင်း ဖော်ထုတ်လိုက်ပါသည်။

“ကျွန်တော့်အမြင်မှာတော့ အဖေလည်း ကြံရာပါပဲ”

ယဲ့ကျန်းကော်သည် သားဖြစ်သူကို ရိုက်နှက်ချင်စိတ်များ ထပ်ပေါ်လာပြီး ခပ်စူးစူး စိုက်ကြည့်လိုက်လေသည်။

သားအဖနှစ်ယောက်ကြား ယဲ့ရှောင်ရှောင် အမြန်ဝင်ဖျန်ဖြေပေးလိုက်ရသည်။

“တတိယအစ်ကိုမှာ တခြားဘာအစီအစဉ်မှမရှိရင် ဒီမှာပဲနေပါလား၊ အဖေနဲ့ အမေတို့လည်း အဖော်ရတာပေါ့၊ ရက်နည်းနည်းလောက် ဆက်နေပြီးမှ ပြန်ပါ”

ယဲ့ချန်းနင်ကလည်း သဘောတူသည်။

“အေးပါ၊ ငါလည်း ဒီတစ်ခေါက် လုပ်စရာတွေ ရှိသေးလို့ နေရဦးမှာ”

ယဲ့ရှောင်ရှောင်သည် ပုံမှန်အားဖြင့် အတန်းတက်နေရခြင်းကြောင့် မိဘနှစ်ပါးကို အဖော်ပြုပေးဖို့ ယဲ့ချန်းနင် ရှိနေခြင်းကို အလွန်ဝမ်းမြောက်မိပါသည်။

ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းနင်၏ အိတ်ထဲမှ ထွက်လာသော နမူနာ အထည်အချို့ကို သတိပြုမိသွားလေသည်။

ထိုဒီဇိုင်းများမှာ တောင်ပိုင်းတွင် အလွန်ရေပန်းစားသော ဒီဇိုင်းများဖြစ်သော်လည်း ပေကျင်းတွင်မူ ကျယ်ကျယ်ပြန့်ပြန့် ဝတ်ဆင်ခြင်း မရှိကြသေးပေ။

ထိုအချက်ကို ယဲ့ချန်းနင်လည်း ကောင်းကောင်းသိ၍ မိုင်ပေါင်းထောင်ချီ ခရီးနှင်ကာ ပေကျင်းမြို့တွင် ဈေးကွက် ချဲ့ထွင်ဖို့ ရောက်ရှိလာခဲ့ရခြင်းဖြစ်ပါသည်။

“တတိယအစ်ကိုတို့ စက်ရုံက ရုံးတက်ဝတ်စုံတွေ ဘာတွေကော ထုတ်လားဟင်”

ယဲ့ချန်းနင်က ခေါင်းညိတ်သည်။

“ထုတ်တာပေါ့ ကျုံးရှန်းဝတ်စုံတွေအပြင် အနောက်တိုင်း ဝတ်စုံတွေကိုလည်း ထုတ်သေးတယ်၊ ဒီဒီဇိုင်းကိုပဲ ကြည့်လိုက်၊ မလှဘူးလား”

ယဲ့ရှောင်ရှောင်က အကြံပြုသည်။

“အနောက်တိုင်းဝတ်စုံတွေဆိုရင် ကော်လံပါတဲ့ ရှပ်အင်္ကျီနဲ့ တွဲဝတ်သင့်တယ်နော်”

ယဲ့ချန်းနင်: “အမှန်ပဲ၊ တို့ဆီမှာ အဖြူ အပြာ စုံလင်နေအောင် ရှိတယ်”

သူ့အိတ်ထဲမှ ရှပ်အင်္ကျီများစွာကို ထပ်မံ ထုတ်ယူလိုက်ပါသည်။

ယဲ့ရှောင်ရှောင်သည် အဝတ်အထည်လုပ်ငန်းအကြောင်း သိကျွမ်းလှသည် မဟုတ်သော်လည်း ယခင်က သူမ မြင်ဖူးသည့် အရာတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။

“တတိယအစ်ကို၊ ဖြုတ်တတ်လို့ရတဲ့ အင်္ကျီကော်လံတွေ လုပ်ဖို့ စိတ်ကူးဖူးလား”

ယဲ့ချန်းနင်က ကြောင်စီစီဖြင့် မေးလိုက်သည်။

“ဖြုတ်တပ်လို့ရတဲ့ အင်္ကျီကော်လံတွေ လုပ်ရမယ် ဟုတ်လား”

ယဲ့ရှောင်ရှောင်က လက်ဟန်ခြေဟန်ပြလျက် ရှင်းပြလိုက်သည်။

“ဆိုလိုတာက ရှပ်အင်္ကျီကိုယ်ထည်တစ်ခုလုံးကို ထုတ်လုပ်တာ မဟုတ်ဘဲ ကော်လံ၊ ပခုံးနဲ့ အင်္ကျီအရှေ့ဘက် ကြယ်သီးတပ်တဲ့ အပိုင်းလောက်ကို ထုတ်လုပ်ရုံပဲ၊ အဲ့တာဆို ထုတ်လုပ်ရတာလည်း ရိုးရှင်းတယ်၊ ကုန်ကြမ်းလည်း သိပ်မကုန်ဘူး၊ ဈေးလည်းသက်သာပြီး လျှော်ဖွပ်ရတာလည်း လွယ်ကူတယ်”

ယဲ့ချန်းနင် ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့သည်။

“အကြံက ဆန်းသားပဲ! ဒါပေမယ့် အဲ့တာက အပြင်ပန်း အလှပြရုံသက်သက်ပဲ ဖြစ်မနေဘူးလား”

ယဲ့ရှောင်ရှောင်က ရှင်းပြသည်။

“ဒါပေမယ့် ဈေးသက်သာတယ်လေ! ဘယ်သူကမှ အလကားနေရင်း ကိုယ့်အင်္ကျီလာဆွဲဖြဲပြီး အထဲမှာ ဘာဝတ်ထားလဲ လိုက်ကြည့်နေမှာမဟုတ်ဘူး၊ ဆောင်းတွင်းမှာ ကိစ္စမရှိပေမယ့် နွေရာသီကို စဉ်းစားကြည့်ဦးလေ၊ အဝတ်အစားတွေကို အထပ်ထပ်ကြီး မဝတ်ရဘဲ ပါးပါးလှပ်လှပ် ဝတ်ရတာ အဆင်မပြေဘူးလား”

ယဲ့ချန်းနင်က ဆိုသည်။

“အခုချက်ချင်း စက်ရုံက ဒီဇိုင်နာကို ဆက်သွယ်ပြီး ရှေ့ပြေးနမူတာဒီဇိုင်းတစ်ခုလောက် ဖန်တီးခိုင်းလိုက်မယ်”

ယဲ့ချန်းနင်သည် အပြောနှင့်အလုပ်ညီသူဖြစ်ရာ ဧည့်ခန်းထဲသို့ အပြေးထွက်သွားပြီး စက်ရုံသို့ ဖုန်းဆက်လိုက်ပါသည်။

ထိုအကျင့်မှာ မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့ထံမှ ဆက်ခံထားခြင်းဖြစ်နိုင်သည်။ တစ်စုံတစ်ခုကို စဉ်းစားမိသည်နှင့် ချက်ချင်း အကောင်အထည်ဖော်တတ်ကြသူများပင်။

ယဲ့ရှောင်ရှောင်သည် မိဘများ၏ တိုက်ခန်းတွင် ညစာစားပြီးမှ ကျောင်းသို့ ပြန်လာခဲ့ပါသည်။ ညမိုးချုပ်လျှင် သမီးဖြစ်သူ ကားမောင်းရခက်မည်ကို စိုးရိမ်သဖြင့် မြောင်စွေ့ဖန်းက ညစာအစောကြီး ပြင်ဆင်ပေးခဲ့ပါသည်။

ယဲ့ရှောင်ရှောင် မပြန်မီ ယဲ့ချန်းနင်အား ပြောလိုက်သည်။

“တတိယအစ်ကို သမီးနဲ့ ကျောင်းလိုက်ခဲ့ပါလား၊ မနက်ဖြန်ကျမှ ဒီကို ကားနဲ့ ပြန်လာလို့ရတယ်လေ၊ သမီးက ကျောင်းတက်နေရင် ကားသုံးစရာမလိုဘူး”

ကျောင်းပြန်ဖွင့်သည်နှင့် မိဘများထံ လာလည်ဖို့ နောက်ထပ် ၄ - ၅ ရက် စောင့်ရပါဦးမည်။

ယဲ့ချန်းနင်ကလည်း အားနာ မနေပါ။

“အဲ့လိုလည်းဖြစ်တာပဲ၊ ငါသုံးပြီးရင် နင့်ဆီ ပြန်လာပို့ပေးမယ်”

သူ့လုပ်ငန်းအတွက် ကားတစ်စီးရှိနေခြင်းသည် အဆင်ပြေရုံသာမကဘဲ မိမိကို အခြားသူများအထင်သေးခြင်းမှလည်း ကာကွယ်နိုင်မည် ဖြစ်သည်။

ထို့နောက် ယဲ့ချန်းနင်သည် ယဲ့ရှောင်ရှောင်အား ကျောင်းဝင်းထဲထိ လိုက်ပို့ပေးပြီးမှ ကားကိုယူဆောင်၍ ပြန်ဖို့ ဆုံးဖြတ်ခဲ့လေသည်။

လမ်းတွင် မောင်နှမနှစ်ယောက် စကားစမြည်ပြောခဲ့ကြပါသေးသည်။

ယဲ့ချန်းနင် “ဒီလောက်ကောင်းတဲ့ ကားမျိုး တစ်ခါမှ မမြင်ဖူးဘူး၊ ဒီကားတန်ဖိုးနဲ့ဆို တိုက်ခန်းတွေ အများကြီး ဝယ်လို့ ရလောက်တယ်နော်”

ယဲ့ရှောင်ရှောင်က တိုးတိုးလေး ပြောလိုက်ပါသည်။

“သမီးတစ်ပြားမှ မကုန်ပါဘူး၊ လုဟန်ချွမ် ဝယ်ပေးထားတာ”

ယဲ့ချန်းနင်က နှာရှုံ့လျက် ပြောသည်။

“အနည်းဆုံးတော့ ဒီကောင် ရက်ရောသားပဲ”

နောက်တစ်နေ့မနက်တွင် ယဲ့ချန်းနင်သည် စက်ရုံမှ ယူဆောင်လာသည့် အထည်များအား ပရိုမိုးရှင်း သွားဆင်းခဲ့ပါသည်။ မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့သည်လည်း ထုံးစုံအတိုင်း လက်ဖက်ကြက်ဥများ ထွက်ရောင်းခဲ့ကြသည်။

လက်ဖက်ကြက်ဥများက အလွန်အရောင်းသွက်ပါသည်။

‌

မြောင်စွေ့ဖန်း၏ လက်ရာက အရသာရှိလွန်းသဖြင့် အချို့ဆိုလျှင် ဖျင်အန်းလီအိမ်ရာသို့ တကူးတကပင် လာရောက် ဝယ်ယူတတ်ကြသည်။

၂ နာရီအတွင်းမှာပင် ကြက်ဥ အလုံး ၃၀၀ စလုံး ရောင်းကုန်သွားခဲ့ပြီး နေ့လယ်ခင်းသို့ ရောက်သောအခါ လင်မယားနှစ်ယောက် အိမ်တွင် အနားယူအိပ်စက်နိုင်ခဲ့ကြပါသည်။

ထိုအချိန်တွင် ဟောက်ယန်ယန်တစ်ယောက် ဖျင်အန်းလီ အိမ်ရာသို့ ရောက်ရှိလာခဲ့သည်။

ဤအိမ်ရာတွင် နေထိုင်ကြသူအများစုမှာ ဆေးရုံဝန်ထမ်းများဖြစ်ကြပြီး တိုက်ခန်းအနည်းငယ်ကိုသာ သာမန်ပြည်သူများအား ရောင်းချပေးခြင်း ဖြစ်ပါသည်။ ထို့ကြောင့်လည်း မိဘများအတွက် ယဲ့ရှောင်ရှောင် တစ်ခန်း ဝယ်ယူပေးနိုင်ခဲ့ခြင်းပင်။

ယခင်တစ်ခေါက်က ယဲ့လင်မယားကို တွေ့မြင်ခဲ့ရပြီးနောက် ဟောက်ယန်ယန်၏ ရင်ထဲ အလွန်ပူလောင်နေခဲ့သည်။

ထို့ကြောင့် လက်ရှိတွင် ထိုလင်မယား မည်သည့်နေရာ၌ နေထိုင်နေကြောင်း စုံစမ်းဖို့ အဆက်အသွယ်များစွာကို တောင်းတောင်းပန်ပန် အကူအညီ တောင်းခဲ့ရသည်။

နောက်ဆုံးတော့ ဖျင်အန်းလီ အိမ်ရာတွင် သူတို့နေထိုင်ကြောင်း ဟောက်ယန်ယန် သိရှိခဲ့ရပါသည်။

အိမ်ရာ၏ အခြေအနေကို ကြည့်ရင်း ထိုလင်မယားနှစ်ယောက် ဤနေရာတွင် တိုက်ခန်းတစ်ခန်း ဝယ်ယူနိုင်လိမ့်မည်ဟု ဟောက်ယန်ယန် တစ်စက်ကလေးမှ မယုံကြည်နိုင်ပါ။

ယနေ့ အရေးကြီးကိစ္စရှိ၍ ဤနေရာသို့ သူမ လာခဲ့ရခြင်းဖြစ်သည်။

ယဲ့ရှောင်ရှောင်သည် ယခင်တစ်ခေါက်က ဟောက်မိသားစုထံသို့ လာရောက်ပြီး ငွေများပေးကာ မိသားစုနှင့် တရားဝင် အဆက်အသွယ်ဖြတ်တောက်ခဲ့ကြောင်း ဟောက်ယန်ယန် ကြားခဲ့ရပါသည်။

ယဲ့ရှောင်ရှောင်၏ လုပ်ရပ်ကို လူနည်းစုက ကျေးဇူးကန်းသည့်လုပ်ရပ်ဟု ထင်မြင်ကြသော်လည်း အများစုကမူ သူမကို လေးစားအားကျနေကြသည်။

သူမသည် ချစ်လျှင်ချစ်သည်၊ မုန်းလျှင်မုန်းသည်ဟု ရဲရဲဝံ့ဝံ့ ဖွင့်ချရဲသူဖြစ်ပြီး ဟောက်မိသားစုအား မည်သည့်ရှုထောင့်ကမှ စော်ကားခဲ့ခြင်းမရှိဟု ထိုလူများက ယုံကြည်နေကြသည်။

ဟောက်မိသားစုက ကလေးနှစ်ယောက်ကို တရားဝင် လဲလှယ်ခဲ့ပြီးသားဖြစ်သော်လည်း ယဲ့ရှောင်ရှောင်သည် သူမကို ပြုစုပျိုးထောင်ပေးခဲ့သည့် ကျေးဇူးကို ပြန်ဆပ်သည့်အနေဖြင့် ငွေအမြောက်အများကို လာရောက်ပို့ဆောင်ပေးသွားသည်ဟု ဆိုကြသည်။

အခြေအနေများက ဤအဆင့်ထိပင် ရောက်ရှိလာပြီဖြစ်၍ တစ်ဦးနှင့်တစ်ဦး အဆက်အဆံမပြုခြင်းကသာ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။

ယခု ဟောက်ယန်ယန် ရောက်ရှိလာခဲ့ခြင်းမှာလည်း ယဲ့ရှောင်ရှောင်၏ လုပ်ရပ်ကို အတုခိုးဖို့ဖြစ်သည်။

သူမနှင့်အတူ ငွေအချို့ယူဆောင်လာခဲ့ပြီး ယဲ့မိသားစုနှင့် တရားဝင် အဆက်အသွယ် မဖြတ်တောက်နိုင်ခဲ့လျှင်ပင် အနည်းဆုံးတော့ ထိုအိမ်မှ ယူဆောင်လာသည့် ငွေများကို ပြန်ဆပ်သင့်ပါသည်။

ထိုအခါမှသာ ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့တွင် သူမကို တိုက်ခိုက်ဖို့ အားသာချက်ရှိမတော့မည် ဖြစ်သည်။

ထိုအတွေးများဖြင့် ဟောက်ယန်ယန်သည် သူမ စုံစမ်းထားသည့်အတိုင်း တိုက်နံပါတ်(၇) အခန်းနံပါတ်(၁၀၁) သို့ ရောက်ရှိလာခဲ့သည်။

တံခါးပင် ခေါက်စရာမလိုဘဲ ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့အား ဥယျာဉ်ငယ်လေးထဲတွင် သူမ လှမ်းမြင်လိုက်ပါသည်။

ဟောက်ယန်ယန် အနားသို့ ရောက်လာခါမှ မြောင်စွေ့ဖန်းတို့လည်း သတိထားမိသွားကြသည်။

မြောင်စွေ့ဖန်း အလွန်အံ့အားသင့်သွားပြီး မျက်လုံးများပြူးကျယ်သွားရသည်။ ထို့နောက် အလွန်ရှုပ်ထွေးနေသော ခံစားချက်များဖြင့် သူမ၏ အမည်ကို ခေါ်ဆိုလိုက်ပါသည်။

“ယန်ယန်!”

ဇနီးဖြစ်သူ၏ စကားကိုကြားပြီး ယဲ့ကျန်းကော်လည်း အနောက်သို့ အမြန်လှည့်ကြည့်လိုက်သည်။

ဟောက်ယန်ယန်သည် သူတို့နားသို့ တည်တည်ငြိမ်ငြိမ် လျှောက်လာပြီး တိုးညှင်းစွာ ခေါ်ဆိုလိုက်သည်။

“အဖေနဲ့ အမေ…”

မြောင်စွေ့ဖန်းသည် ဥယျာဉ်ရှေ့ရှိ ခြံတံခါးကို အမြန်သွားဖွင့်ပေးလိုက်ပြီး ရှေ့သို့ တိုးဖို့ ကြံလိုက်သော်လည်း ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။

“ယန်ယန်၊ အမေတို့ ဒီမှာ နေမှန်း သမီးဘယ်လိုသိတာလဲ၊ ရှောင်ရှောင် ပြောလိုက်တာလား၊ ဟောက်… ဟောက်မိသားစုမှာ သမီးနေရထိုင်ရတာ အဆင်ပြေရဲ့လားဟင်”

ဟောက်ယန်ယန်ကို ယဲ့ရှောင်ရှောင် ဆက်သွယ်လိုက်ခြင်းဖြစ်မည်ဟုသာ မြောင်စွေ့ဖန်း ယူဆလိုက်ပါသည်။

ဟောက်ယန်ယန်ကမူ ထိုမေးခွန်းကို ပြန်မဖြေခဲ့ပေ။ ဥယျာဉ်ငယ်လေးရှေ့တွင်ရပ်လျက် သူမ ရှင်းပြလိုက်ပါသည်။

“ဟောက်မိသားစုမှာ သမီး အဆင်ပြေနေပါတယ်၊ ဒါပေမယ့် သမီးအမေက သမီးကို ဒေါ်လေးတို့နဲ့ မပတ်သတ်စေချင်တော့ဘူး၊ နောက်လည်း အဆက်အသွယ်မလုပ်စေချင်ဘူး…”

မြောင်စွေ့ဖန်း၏ မျက်နှာပေါ်မှအပြုံး အေးခဲသွားရသည်။

ယဲ့ကျန်းကော်လည်း လေးလေးနက်နက် သက်ပြင်းချမိပါသည်။

“ယန်ယန်၊ အဲ့တာ သမီးရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဆိုရင် အဖေတို့ အသိအမှတ်ပြုပေးမှာပါ”

ဟောက်ယန်ယန်က ဆက်ပြောသည်။

“ရှောင်ရှောင်လည်း သမီးရဲ့ မိဘတွေကို အဖေနဲ့အမေလို့ မခေါ်တော့ဘူး၊ ဟောက်မိသားစုနဲ့လည်း သူဘာမှ သက်ဆိုင်ခြင်း မရှိတော့ဘူး၊ အဲ့တာကြောင့် သမီးလည်း ဦးလေးနဲ့ ဒေါ်လေးတို့ကို နောက်နောင် အဖေနဲ့ အမေလို့ ဆက်ခေါ်နိုင်မှာ မဟုတ်ဘူး၊ သမီးကို ခွင့်လွှတ်ပေးကြပါ”

ယဲ့မိသားစုထံသို့ ဟောက်ယန်ယန် ပြန်လာလိမ့်မည်မဟုတ်ကြောင်း မြောင်စွေ့ဖန်း အစောကြီးကတည်းက ခန့်မှန်းမိခဲ့ပါသည်။

သို့သော် သူမတို့ကြားရှိ သံယောဇဉ်များကို ဤမျှလောက်အထိ ပြတ်ပြတ်သားသား ဖြတ်တောက်နိုင်လိမ့်မည်ဟုတော့ ထင်မှတ်မထားခဲ့မိပါ။

အိမ်ထောင်စုစာရင်းများကို တရားဥပဒေအရ အလွယ်တကူ စိတ်ကြိုက်ပြောင်းလဲနိုင်သော်လည်း ဆယ်စုနှစ်တစ်စုကျော်အောင် တည်ဆောက်ထားရသည့် သံယောဇဉ်ကိုမူ မည်သူက အလွယ်တကူ ဖျောက်ဖျက်နိုင်ပါ့မည်နည်း။

All Chapters