အခန်း ၂၁၄
Vol. 22 Ch. 214
📗 Chapter 214
ဟောက်ယန်ယန်က ဆက်ပြောသည်။
“သမီး အိမ်ကနေ ထွက်သွားတုန်းက အိမ်ကငွေတွေ ယူသွားခဲ့မိတာ သမီးသိပါတယ်၊ ဒါပေမယ့် သမီးတမင်တကာ ယူသွားတာ မဟုတ်ပါဘူး၊ ပေကျင်းကိုသွားဖို့ ခရီးစရိတ်လိုအပ်လို့ တခြားရွေးချယ်စရာမရှိဘဲ လုပ်ခဲ့ရတာပါ”
“အဖေနဲ့ အမေ… ဒါက အဲ့ဒီငွေတွေကို ပြန်ဆပ်တဲ့သဘောတင်မကဘူး၊ သမီးကို ဒီအရွယ်ထိရောက်အောင် ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်တဲ့သဘောလည်း ပါပါတယ်”
ဟောက်ယန်ယန်သည် အလောတကြီး လာဖို့ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကာ လက်ထဲတွင်လည်း ငွေများများစားစား မရှိပါ။ ယွမ် ၁,၀၀၀ ကို ခြစ်ကုတ် ရှာဖွေပြီးနောက် လုံလောက်ပြီဟု သူမ ယူဆခဲ့သည်။
ကျေးရွာတစ်ခုတွင် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရခြင်းက အကုန်အကျများမည်မထင်ပါ။ သူမကို ငယ်စဉ်မှ အရွယ်ရောက်သည်အထိ ပျိုးထောင်ပေးဖို့ ယဲ့မိသားစုတွင် ယွမ် ၂၀၀ ပင် အကုန်အကျ မရှိခဲ့လောက်ဟု ဟောက်ယန်ယန် ခန့်မှန်းမိသည်။
မြောင်စွေ့ဖန်း အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး ငွေကိုလည်း လက်မခံပေ။
နောက်ဆုံးတွင်တော့ ယဲ့ကျန်းကော်ကသာ ဝင်ပြောလိုက်ပါသည်။
“ပိုက်ဆံတွေကို ပြန်ယူသွားပါ ယန်ယန်၊ အဖေတို့မိသားစု မပြည့်မစုံချို့တဲ့ခဲ့တဲ့ အချိန်တွေက ကျန်ခဲ့ပါပြီ၊ ဒီနေ့ သမီးရောက်လာရတဲ့ ရည်ရွယ်ချက်ကိုလည်း အဖေတို့နားလည်တယ်၊ သမီးရဲ့ လက်ရှိဘဝကို အဖေတို့ လုံးဝ လာမနှောင့်ယှက်ဘူး”
ဟောက်ယန်ယန် အလွန်အရှက်ရသွားပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားပါသည်။
ယဲ့ကျန်းကော်က စကားတစ်ခွန်းတည်းဖြင့် သူမ၏ ရည်ရွယ်ချက်ကို ဖော်ထုတ်လိုက်ခြင်းပင်။
ထို့အပြင် ‘မိသားစု မပြည့်မစုံချို့တဲ့ခဲ့တဲ့ အချိန်တွေက ကျန်ခဲ့ပါပြီ’ဟူသော စကားကြောင့် ဟောက်ယန်ယန် ပိုရှက်ရွံ့ခဲ့ရပါသည်။
“အဖေနဲ့ အမေ… မိသားစုပိုက်ဆံတွေကို သမီးကို ယူသွားလို့ အပြစ်တင်မှာလားဟင်”
“နင်က ဘယ်လိုအဖြေမျိုး ကြားချင်လို့လဲ ယန်ယန်၊ အဲ့ဒီပိုက်ဆံတွေကို ယူသွားရင် မိသားစုတစ်စုလုံး ငတ်သေသွားနိုင်တယ်ဆိုတာ နင်နားလည်တယ်၊ ဒါပေမယ့် ယူသွားခဲ့တာပဲလေ၊ အခုမှ ပြန်ရောက်လာပြီး ငါတို့ကို အဲ့လိုမေးခွန်းမျိုး လာမေးနေတယ်ဆိုတော့ နင်ကိုယ်တိုင်က အပြစ်တင်ခံချင်နေလို့လား”
တည်ငြိမ်သော်လည်း စူးရှသည့် ထိုအသံကြောင့် ဟောက်ယန်ယန်၏ ရင်ထဲ အလွန်ထိတ်လန့်သွားခဲ့သည်။
ဤနေရာတွင် ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့ နေထိုင်ကြောင်း သူမ သိသော်လည်း ယဲ့ချန်းနင်ပါ ရောက်ရှိနေကြောင်းကိုတော့ မသိရှိခဲ့ရပေ။
ယခင်က ယဲ့မိသားစုတွင် သူမနှင့် အဆင်မပြေသူဟူ၍ တတိယအစ်ကိုသာ ရှိသည်။
သူသည် ငယ်စဉ်ကတည်းက ဂျစ်ကန်ကန်နိုင်ပြီး ရွာထဲတွင် ရန်ဖြစ်သတ်ပုတ်လေ့ ရှိကာ ညီမဖြစ်သူကိုလည်း နွေးနွေးထွေးထွေး မဆက်ဆံတတ်ဘဲ အမြဲတန်းစကားများ ငြင်းခုံတတ်ကြပါသည်။
ထို့ကြောင့် ဟောက်ယန်ယန်သည် သံယောဇဉ်ကြီးမားသည့် ယဲ့လင်မယားအား စကားလုံးများသုံး၍ အပြစ်ရှိသလို ခံစားရအောင်လှည့်စားနိုင်သော်လည်း ယဲ့ချန်းနင်နှင့် ရင်ဆိုင်ရသောအခါတွင်မူ ရှက်ရွံ့မှုအပြင် အကြောက်တရားကိုပါ ခံစားလိုက်ရသည်။
“တတိယအစ်ကို၊ အဲ့လိုမဟုတ်ပါဘူး”
ဟောက်ယန်ယန် မျက်လုံးများနီမြန်းသွားပြီး အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။
ယနေ့ အိမ်သို့ စောစောပြန်လာ၍ ကံကောင်းသွားသည်ဟု ယဲ့ချန်းနင် ခံစားလိုက်ရပါသည်။ မဟုတ်ပါက ဟောက်ယန်ယန်၏လုပ်ကြံစကားများကို ကြားနိုင်မည်မဟုတ်ပေ။
“နင်ဘာတွေ ငိုနေတာလဲ၊ ငါနင့်ကို ဘာမှတောင် မပြောရသေးဘူး၊ နင့်ဘက်က ရွေးချယ်ပြီးပြီဆိုတော့လည်း အခုချိန်ကစပြီး ယဲ့မိသားစုနဲ့ ဘာမှမသက်ဆိုင်တော့ဘူး၊ အဖေနဲ့ အမေလည်း အစတည်းက နင့်ဆီက ဘာမှမျှော်လင့်မထားဘူး၊ ငါတို့မောင်နှမတွေလည်း နောက်နောင် နင့်ကို လာပတ်သက်စရာအကြောင်းမရှိတော့ဘူး”
ယဲ့ချန်းနင်ကမူ မိဘများကဲ့သို့ စကားကို နူးညံ့သိမ်မွေ့စွာ ပြောဆိုနေမည် မဟုတ်ပေ။
တစ်မိုးအောက်တည်းတွင် အတူတူနေထိုင်စဉ်က ဟောက်ယန်ယန်နှင့် မကြာခဏ အချေအတင်ဖြစ်ဖူးသော်လည်း ဤမျှရက်စက်သည့် စကားလုံးများကို ပထမဆုံးအကြိမ်အဖြစ် ပြောဆိုဖူးခြင်းဖြစ်ပါသည်။
ရှက်ရွံ့မှုကြောင့်လား၊ နောင်တကြောင့်လား မသိနိုင်သော်လည်း ဟောက်ယန်ယန်၏ မျက်ရည်များ နောက်ဆုံးတော့ စီးကျလာခဲ့ပါသည်။
ယဲ့ချန်းနင် အေးစက်စွာ ဆက်ပြောသည်။
“နင့် ပိုက်ဆံတွေကိုနင် ပြန်ယူသွား၊ ငါတို့က ဆင်းရဲပေမယ့် နင်ပေးကမ်းစွန့်ကြဲပေးဖို့တော့ မလိုအပ်ဘူး၊ အိမ်ပြန်ရောက်တာနဲ့ ဒီနေ့ဒီအချိန်ကစပြီး ယဲ့မိသားစုနဲ့ နင်အဆက်အသွယ်ဖြတ်လိုက်ပြီလို့ နင့်မိဘအရင်းတွေကိုပါ ပြောလိုက်”
ယဲ့ချန်းနင်၏ စကားများကို ဆက်နားမထောင်နိုင်တော့သဖြင့် ဟောက်ယန်ယန် ငိုယိုရင်း ထွက်ပြေးသွားလေတော့သည်။
မြောင်စွေ့ဖန်းက စိတ်ပဋိပက္ခဖြစ်နေသည့် မျက်နှာဖြင့် ပြောလိုက်သည်။
“ယန်ယန့်ဘက်က မှားတယ်ဆိုရင်တောင် စကားကို ချိုချိုသာသာ ပြောမှပေါ့”
ယဲ့ချန်းနင်သည် တစ်ဖက်လူက မည်သူပင်ဖြစ်နေပါစေ စကားကို တဲ့တိုးသာ ပြောတတ်ပါသည်။
“သူက အမေတို့ကို မိဘအဖြစ် အသိအမှတ်ပြုတော့တာမှမဟုတ်တာ၊ ဒီမှာထိုင်ပြီး သူ့အတွက် စိတ်မကောင်းဖြစ်နေလို့ ဘာအသုံးဝင်မှာလဲ၊ အဖေနဲ့ အမေတို့လည်း သူ့ကို မေ့လိုက်ကြတော့၊ သူခိုးတစ်ယောက်ကို အိမ်မှာ ပြန်လက်ခံချင်သေးတာလား”
စူးရှသည့် သူ့စကားလုံးများကြောင့် မြောင်စွေ့ဖန်းလည်း ပြောစရာစကားမဲ့သွားခဲ့ရသည်။
ယဲ့ကျန်းကော်က ဝင်ငေါက်လိုက်ပါသည်။
“ခွေးကောင်၊ မင်းအမေကို အဲ့လိုလေသံနဲ့ ပြောလို့ရလား၊ ငါမင်းကို ရိုက်မှာနော်”
အဖေဖြစ်သူ ဖိနပ်ချွတ်ဖို့ တကယ်ပြင်နေသည်ကိုမြင်ပြီး ယဲ့ချန်းနင် အိမ်ထဲ ပြေးဝင်သွားတော့သည်။
“ကျွန်တော့်ကို ရိုက်ရင် အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ကို ဖုန်းဆက်တိုင်လိုက်မှာ၊ အခုအဖြစ်အပျက်ကို ပြောပြပြီး ကျွန်တော်မှားလားမှန်လား သူတို့ကိုသာ အကဲဖြတ်ခိုင်းလိုက်မယ်”
ယဲ့ကျန်းကော်လည်း သူ့ကို ဖုန်းမဆက်အောင် အမြန်တားလိုက်ရသည်။
“အခု မဆက်ရဘူးဆိုရင်တောင် နောက်ခိုးဆက်မှာပဲ”
ယဲ့ချန်းနင်က ဖြောင့်မတ်မှန်ကန်စွာ ရှင်းပြလိုက်ပါသည်။
“သူတို့လည်း အနှေးနဲ့အမြန် သိသွားကြမှာပဲလေ၊ အကြောင်းမသိဘဲ လမ်းမှာတွေ့လို့ သူ့ကို ချိုချိုသာသာ သွားဆက်ဆံနေရင် ကျွန်တော်တို့ ရှုံးတာပေါ့!”
“မင်းအစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ နှစ်ယောက်စလုံး အားကြတာမဟုတ်ဘူး၊ အိမ်ပြန်လာမှ မျက်နှာချင်းဆိုင်ပြီး ရှင်းပြလိုက်ကွာ”
ယဲ့ကျန်းကော်လည်း သားဖြစ်သူ၏ စကားကို မကန့်ကွက်နိုင်သဖြင့် အနည်းငယ် လိုက်လျောပေးခဲ့ရပါသည်။
မြောင်စွေ့ဖန်းမှာ အနည်းငယ် ရင်နာမိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ မေ့မေ့ပျောက်ပျောက် ဖြစ်သွားလိမ့်မည်ဟု ယုံကြည်သည်။
“တို့တွေ ဒီမှာနေတာကို ယန်ယန်ဘယ်လို သိသွားတာလဲ မသိဘူးနော်၊ ရှောင်ရှောင် ပြောပြလိုက်တာများလား”
ယဲ့ချန်းနင်က ခေါင်းခါလိုက်သည်။
“ယန်ယန်လည်း ကျင့်ဟွာတက္ကသိုလ်မှာ တက်နေတာ မဟုတ်သရွေ့ သူတို့အချင်းချင်း ဆုံစရာအကြောင်းကို မရှိဘူး၊ ပြီးတော့ ရှောင်ရှောင်လည်း ဟောက်မိသားစုနဲ့ အဆက်အသွယ်ဖြတ်ပြီးပြီဆို၊ အဲ့ဒီကလူတွေနဲ့ ထပ်ပြီး ပတ်သက်စရာ အကြောင်းမရှိတော့ဘူး၊ ကျွန်တော်တို့ ရှောင်ရှောင်က အပြင်ပန်းမှာ နူးညံ့သိမ်မွေ့ပေမယ့် စိတ်ဓာတ်ကတော့ အရမ်း မာတယ်”
မြောင်စွေ့ဖန်း သက်ပြင်းချလိုက်သည်။
“အဲ့တာဆို ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စကို ရှောင်ရှောင့်ကိုလည်း မပြောဘဲနေရအောင်၊ စိတ်ချမ်းသာစရာကိစ္စလည်း မဟုတ်ဘူးလေ”
ထိုသို့ပြောပြီးနောက် မြောင်စွေ့ဖန်းတစ်ယောက် အိပ်ခန်းထဲ ဝင်နားနေလေတော့သည်။ ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို မေ့ဖျောက်ဖို့ သူမ အချိန်ယူကာ ကြိုးစားရပါဦးမည်။
ယဲ့ချန်းနင်သည် သူမရှေ့တွင် ဘာမှမပြောခဲ့သော်လည်း ယဲ့ရှောင်ရှောင်ကို တွေ့သည်နှင့် ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြခဲ့သည်။
“ဟောက်ယန်ယန်က ဖျင်အန်းလီအိမ်ရာကို ရောက်လာတယ်ဟုတ်လား၊ သူအဲ့ဒီနေရာကို ဘယ်လိုတွေ့သွားတာလဲ၊ အဲ့ဒီတိုက်ခန်းကို သမီးဝယ်ထားတာ မကြာသေးဘူးလေ၊ အဖေရယ်၊ အမေရယ်၊ သမီးရယ်၊ လုဟန်ချွမ်ရယ်ပဲ သိကြတာ”
ယဲ့ချန်းနင်၏ စကားကိုနားထောင်ပြီး ယဲ့ရှောင်ရှောင် အလွန်အံ့အားသင့်သွားခဲ့ပါသည်။
ယဲ့ချန်းနင်က ပြောသည်။
“အဲ့တာတော့ ငါလည်းမသိဘူး၊ ဒါပေမယ့် သူက အဖေနဲ့ အမေတို့ဆီ သံယောဇဉ်လာဖြတ်တာ၊ ငွေတွေတောင် ယူလာသေးတယ်၊ ဒါပေမယ့် အဖေနဲ့ အမေက လက်မခံပါဘူး”
ယဲ့ရှောင်ရှောင် ခေတ္တတိတ်ဆိတ်သွားပြိး ပြောပြလိုက်ပါသည်။
“တကယ်တော့ သမီးလည်း ဟောက်မိသားစုကို ပိုက်ဆံတွေ သွားပေးခဲ့ပါသေးတယ်၊ ထူးတော့ထူးဆန်းတယ်၊ သမီးက ယဲ့မိသားစုဝင်ဆိုတာ သိလိုက်ရတာနဲ့ သခင်မဟောက်ရဲ့ သဘောထား ပြောင်းလဲသွားတာ အရမ်းမြန်ဆန်လွန်းတယ်၊ သမီးကို မြင်တောင် မမြင်ချင်တော့တဲ့ ပုံစံမျိုး”
ယဲ့ချန်းနင်က လွှတ်ခနဲ ပြောလိုက်သည်။
“ငါတို့မိသားစုကို အငြိုးတွေဘာတွေများ ထားထားလို့လား၊ သူတို့နဲ့ ခပ်ဝေးဝေးနေတာ အကောင်းဆုံးပဲ၊ အဲ့ဒီမိသားစုက နင့်ကို မကြိုဆိုပေမယ့် ငါတို့မိသားစုကတော့ ကြိုဆိုတယ်၊ နင်က ငါတို့မိသားစုရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာလေးပဲ”
တတိယအစ်ကို၏ စကားကြောင့် ယဲ့ရှောင်ရှောင် ရွှင်မြူးသွားသည်။ သို့သော် သူမတစ်စုံတစ်ခုကို သတိရကာ မေးလိုက်ပါသည်။
“ဟောက်ယန်ယန်က သူလက်ထပ်တော့မယ့်အကြောင်း ပြောသွားသေးလား”
ဟောက်ယန်ယန် မကြာမီ လက်ထပ်တော့မည့်အကြောင်းကို ယဲ့ရှောင်ရှောင်လည်း အခြားသူများမှတဆင့် သိရှိခဲ့ရခြင်းဖြစ်ပါသည်။
မူရင်းဝတ္ထုထဲတွင်မူ ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို့၏ အချစ်ရေးခရီးလမ်းမှာ ချောမွေ့ခြင်းမရှိဘဲ အဖုအထစ်များစွာ ရှိခဲ့သဖြင့် ဇာတ်သိမ်းပိုင်းနား ရောက်ခါမှ လက်ထပ်နိုင်ခဲ့ကြပါသည်။
ယဲ့ချန်းနင်လည်း အံ့အားသင့်သွားခဲ့ရသည်။
“လက်ထပ်တော့မယ်ဟုတ်လား၊ ဘယ်သူနဲ့တုန်း! အဲ့အကြောင်းတော့ သူပြောမသွားဘူး၊ ငါတို့မိဘတွေရဲ့ စိတ်နဲ့သာဆို သူ့ဘက်က နှလုံးသားမဲ့ပြီး သံယောဇဉ်ဖြတ်ချင်တယ်ဆိုရင်တောင် ၁၈ နှစ်လောက် ကျွေးမွေး စောင့်ရှောက်လာခဲ့ရတာပဲ၊ သူလက်ထပ်မယ့်အကြောင်းကိုသိရင် အဖေနဲ့အမေက လက်ဖွဲ့ငွေတွေတောင် ပေးလိုက်ဦးမှာ”
ယခု ထိုသို့ပေးကမ်းဖို့ ဆွေးနွေးတိုင်ပင်ခြင်းမရှိကြသဖြင့် ဟောက်ယန်ယန်က အသိပေးမသွားသည့် သဘောပင်။
“အဲ့ဒီလူကလည်း စစ်တပ်ဝင်းထဲကပဲ၊ ငယ်ငယ်လေးကတည်းက စေ့စပ်ပေးထားကြတာလေ”
“ငယ်ငယ်လေးကတည်းက စေ့စပ်ပေးထားကြတာတဲ့လား..”
ယဲ့ချန်းနင်တစ်ယောက် စိတ်ထဲတွင် သေသေချာချာ စဉ်းစားတွေးတောကြည့်လိုက်သည်။
ငယ်စဉ်ကတည်းက စေ့စပ်ထားခြင်းဆိုလျှင် မူလက ရှောင်ရှောင်၏ ခင်ပွန်းလောင်းဖြစ်ရမည့်သူ မဟုတ်ပါလား။ ဤကိစ္စမှာ အလွန်ရှုပ်ထွေးလွန်းပါသည်။
သို့သော် ရှောင်ရှောင်သည် လက်ရှိတွင် ဗိုလ်မှူးလုနှင့် တွဲနေခြင်းဖြစ်ကာ ထိုကိစ္စကိုလည်း စိတ်မဝင်စားသဖြင့် တည်တည်ငြိမ်ငြိမ် ရှင်းပြနိုင်ခြင်း ဖြစ်ပါလိမ့်မည်။
“ဟောက်ယန်ယန်က အဖေနဲ့ အမေကို အသည်းအသန်လာရှာတာဆိုတော့ သူ့မင်္ဂလာဆောင်မှာ အဖေနဲ့အမေတို့ ပေါ်လာမှာကို ကြောက်လို့လားမသိဘူးနော်”
ဤသည်မှာ ဟောက်ယန်ယန်၏ အမည်အပြည့်အစုံကို ယဲ့ချန်းနင် ပထမဦးဆုံးအကြိမ်အဖြစ် ခေါ်ဆိုဖူးခြင်းဖြစ်ပါသည်။
ယခုချိန်တွင် ဟောက်ယန်ယန်ကို သူ့ညီမလေးဟု မသတ်မှတ်နိုင်တော့ပေ။
ယဲ့ရှောင်ရှောင်လည်း ဟောက်ယန်ယန်၏ အတွေးများကို နားမလည်နိုင်ပါ။
သို့သော် မူရင်းဝတ္ထုအရဆိုလျှင် ဟောက်ယန်ယန်နှင့် ရှုကျမ့်ဝမ်တို့၏ မင်္ဂလာပွဲသို့ မည်သည့်ယဲ့မိသားစုဝင်မှ တက်ရောက်နိုင်ခြင်းမရှိခဲ့ပေ။
သူတို့မင်္ဂလာပွဲကျင်းပချိန်တွင် ယဲ့မိသားစုဝင်များသည် အဖြစ်ဆိုးများကိုယ်စီ ကြုံတွေ့ခဲ့ရပြီး အချို့ဆို ဆုံးပင် ဆုံးပါးသွားခဲ့ပါပြီ။ ထို့ကြောင့် သူမ မင်္ဂလာပွဲသို့ မတက်ရောက်နိုင်ကြခြင်းမှာ မထူးဆန်းလှပါ။
ယဲ့ရှောင်ရှောင်က တိတ်ဆိတ်နေသော်လည်း ယဲ့ချန်းနင်ကမူ ထိုအချက်ကို ပိုမိုတွေးကြည့်လေလေ ဖြစ်နိုင်ခြေပိုရှိလေလေဟု ခံစားမိလာကာ တစ်ယောက်တည်း အချိန်အတော်ကြာအောင် ဒေါသထွက်နေလေတော့သည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ တစ်ယောက်ယောက်ကို ရင်သွားဖွင့်မှဖြစ်တော့မယ်”
ယဲ့ချန်းနင်သည် ဒုတိယအစ်ကိုဖြစ်သူထံသို့ ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ အမည်သိထားလျှင် စစ်တပ်စခန်းနှင့် ဆက်သွယ်ဖို့က အတော်လေး လွယ်ကူသည်။
မိသားစုဝင်တစ်ဦးဦးကို ရင်မဖွင့်ရလျှင် ယဲ့ချန်းနင် ရူးသွပ်သွားပါတော့မည်။