အခန်း ၂၁၅
Vol. 22 Ch. 215
📗 Chapter 215
“ဒုတိယအစ်ကို၊ ဟိုရက်တုန်းက ငါဘယ်သူနဲ့ တွေ့ခဲ့လဲသိလား”
ယဲ့ချန်းနင်တစ်ယောက် ယဲ့ချန်းအန်းနှင့် မိနစ် ၂၀ ကျော်ကြာအောင် ဖုန်းပြောခဲ့သည်။
ဟောက်ယန်ယန် ပြောခဲ့သည့် စကားများကို တစ်လုံးမကျန် အကုန်ပြန်ပြောခဲ့ပြီး ဟောက်ယန်ယန် လက်ထပ်တော့မည့်အကြောင်းကိုလည်း သတင်းပါးခဲ့ပါသေးသည်။
ယဲ့ချန်းအန်းက ယဲ့ချန်းနင်ထက် သိသိသာသာ ပိုရင့်ကျက်ပြီး စိတ်လိုက်မာန်ပါလည်း မလုပ်တတ်ပေ။
ယဲ့ချန်းအန်း အိမ်မှ ထွက်ခွာသွားစဉ်က ဟောက်ယန်ယန်မှာ အလွန်ငယ်ရွယ်သေးပြီး အတူတကွ ဖြတ်သန်းခဲ့ရသည့် အချိန်များစွာ ရှိမနေခြင်းကြောင့် အခြားမိသားစုဝင်များလောက် စိတ်မကောင်းဖြစ် ဝမ်းနည်းခြင်းမျိုးမရှိပေ
ညီဖြစ်သူကို ယဲ့ချန်းအန်း အကြံပြုလိုက်သည်။
“အခုမိသားစုထဲမှာ စိတ်အထိခိုက်ဆုံးက ငါတို့မိဘတွေပဲဖြစ်မှာ၊ အစ်ကိုကြီးနဲ့ မရီးတို့ကတော့ ဒုတိယပေါ့၊ အစ်ကိုကြီးနဲ့ မရီးတို့ကို စကားပြောတဲ့အခါကျရင် ဒေါကြီးမောကြီးမလုပ်ဘဲ တည်တည်ငြိမ်ငြိမ်ပြောနော်”
ယဲ့ချန်းနင်က ချေပသည်။
“ငါ ဘယ်မှာ ဒေါသထွက်နေလို့လဲ”
ယဲ့ချန်းနင် ယခုချိန်ထိ ဝန်မခံနိုင်သေးပါ။ သူသာ အမှန်တကယ် ဂရုမစိုက်တော့လျှင် ယခုလို ဒေါသထွက်နေစရာအကြောင်း မရှိပေ။
ယဲ့ချန်းနင်၏ စိတ်ခံစားချက်များ ယခုကဲ့သို့ ပြင်းထန်နေရခြင်းသည် ယခင်က ဟောက်ယန်ယန်ကို အမှန်တကယ် ချစ်ခဲ့ဖူးခြင်းကြောင့်သာ ဖြစ်နိုင်ပါသည်။
ယဲ့ချန်းအန်းကလည်း ညီဖြစ်သူနှင့် ဆက်လက်ငြင်းခုံမနေတော့ပေ။
“အခြေအနေကို ငါ နားလည်ပြီ၊ ငါ အရင်က ပြောခဲ့ဖူးသလိုပဲ ယန်ယန့်ရဲ့ ဆုံးဖြတ်ချက်ကို ငါတို့ အသိအမှတ် ပြုရမယ်၊ စကားဆိုတာ ပြောဖို့လွယ်ပေမယ့် ပြန်ရုတ်သိမ်းဖို့ အရမ်းခက်တယ်၊ နောက်မှ နောင်တရဖို့ မဖြစ်နိုင်တော့ဘူး”
ယဲ့ချန်းနင်က ဆိုသည်။
“မင်းလည်း ငါ့လိုပဲ ခံစားနေရမှာ သေချာတယ် ဒုတိယအစ်ကို၊ ငါမင်းနဲ့ စကားဆက်မပြောတော့ဘူး၊ အစ်ကိုကြီးဆီပဲ စာတစ်စောင် ပို့လိုက်တော့မယ်”
ယဲ့ချန်းအန်း: “…”
တတိယညီက အလွန်ပင် အလုပ်များလှပေသည်။
ဟောက်ယန်ယန်သည် ယဲ့မိသားစုအား ငွေမပေးနိုင်ခဲ့သော်လည်း သူမ၏ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်နိုင်ခဲ့ပါပြီ။
အခြေအနေကို ပြတ်ပြတ်သားသားဖြစ်အောင် ရှင်းလင်းခဲ့ပြီဖြစ်၍ နောက်နောင် သူမ စိတ်ပူစရာမလိုအပ်တော့ပါ။ ယဲ့လင်မယားလည်း သူမကို လာရောက်ပတ်သက်စရာအကြောင်းမရှိတော့ပေ။
ထိုရလဒ်မှာ သူမလိုချင်သည့်ရလဒ်ဟု ထင်ထားခဲ့သော်လည်း ဟောက်ယန်ယန် မပျော်ရွှင်မိပါ။
သူမ ရင်ထဲ ဗလာကျင်းဖြစ်နေသလို ခံစားခဲ့ရသည်။ တစ်စုံတစ်ခုအား ထာဝရဆုံးရှုံးလိုက်ရသည့် ခံစားချက်မျိုးပင်။
“ယန်ယန်၊ နင်ဘာတွေ စိတ်ကူးယဉ်နေတာလဲ၊ ဒီနေ့ အိမ်သွားရွေးမယ်လို့ ပြောထားတယ်လေ၊ ဟိုရောက်ရင် စည်းကျော်ပြီး ဘာမှမပြောနဲ့နော်၊ ငါ ခေါင်းညိတ်တာကိုစောင့်ပြီးမှ နင်သဘောတူရမယ်”
ဟယ်ချောင်းရှန့်သည် အပြင်သွားဖို့ ဟောက်ယန်ယန်အား လှမ်းခေါ်လိုက်ပါသည်။
ဟောက်ယန်ယန် မတ်တပ်ရပ်ကာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ပါ”
ဟယ်ချောင်းရှန့်က ဆုံးမသည်။
“နင် အိမ်ထောင်ကျပြီဆိုတာနဲ့ ကိုယ့်ဘဝကိုယ်စီမံရတော့မှာ၊ ဒါပေမယ့် နင်က ဟောက်မိသားစုရဲ့ သမီးဆိုတာ မမေ့နဲ့၊ ဘာပဲလုပ်လုပ် ဟောက်မိသားစုရဲ့ အကျိုးစီးပွားကိုပါ ထည့်တွက်ရမယ်၊ ဘယ်အရာကိုမှ နင့် သဘောနဲ့နင် စိတ်လိုက်မာန်ပါ မလုပ်ရဘူး”
ဟောက်ယန်ယန်: “သမီးနားလည်ပါတယ် အမေ”
“ကျမ့်ဝမ်က မြို့တော်ရုပ်မြင်သံကြားဌာနမှာ အလုပ်လုပ်နေရပြီ၊ ရုံးအလုပ်ဖြစ်ပေမယ့် သူ့နောက်မှာ ရှုမိသားစုရှိနေတော့ သိပ်ကြာကြာမစောင့်ရဘဲ ရာထူးတွေအဆင့်တွေ တက်လာမှာပါ၊ သူနဲ့ အဆင်ပြေအောင်သာပေါင်း၊ နင့်အနာဂတ် အလိုလို သာယာသွားလိမ့်မယ်”
ဟယ်ချောင်းရှန့်သည် အိမ်ပြင်မထွက်ခင် သမီးဖြစ်သူအား လမ်းညွှန်ဆုံးမဖို့ မမေ့လျော့ခဲ့ပေ။
“နင်က ငါ့သမီးပဲ၊ တခြားဘယ်သူ့ထက်မဆို ပိုကောင်းမွန်တဲ့ဘဝနဲ့ နေနိုင်ရမယ်”
ဟောက်ယန်ယန် ခေါင်းမော့လိုက်ပြီး စိတ်ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အမေ”
ဟယ်ချောင်းရှန့်“သွားကြစို့”
ကျောက်ဟုံရှားနှင့် ရှုကျမ့်ဝမ်တို့လည်း သူမတို့နှင့်အတူ အိမ်ခြံမြေများကို လိုက်လံကြည့်ရှုခဲ့ပါသည်။
ထိုအိမ်မှာ ရှုကျမ့်ဝမ်၏ အလုပ်နှင့်လည်း နီးသည်။ လက်ရှိတွင် အလုပ်က ဝန်ထမ်းအိမ်ရာ ချထားပေးခြင်း မရှိသေးသဖြင့် ကိုယ်ပိုင်အိမ်ဝယ်ယူမည်ဆိုလျှင် လုပ်ငန်းမှ ထောက်ပံ့ကြေးအချို့ကို ပေးအပ်လေ့ရှိပါသည်။
ကျောက်ဟုံရှားသည် အိပ်ခန်း ၃ ခန်း၊ ဧည့်ခန်း ၂ ခန်းပါသော အိမ်တစ်လုံးကို ရွေးချယ်ခဲ့သည်။
ယခင်က ကလေးများ သီးသန့်နေထိုင်မည့်အကြံကို သူမ သဘောမကျခဲ့သော်လည်း သားဖြစ်သူ၏ဂုဏ်သိက္ခာနှင့်ပတ်သက်လာခဲ့လျှင်တော့ သူမ တွန့်တိုနေမည် မဟုတ်ချေ။
ဟယ်ချောင်းရှန့်မှာ သားရှင်မိသားစု၏ဆုံးဖြတ်ချက်ကို ကျေနပ်သည်ဆိုရုံသာရှိပါသည်။ သို့သော် သူမ၏ စရိုက်ကြောင့် အပြည့်အဝ ကျေနပ်မှုရှိလျှင်ပင် ခေါင်းညိတ်ပြရုံသာ ရှိလိမ့်မည်။
“ပတ်ဝန်းကျင်က မဆိုးပါဘူး၊ ကလေးနှစ်ယောက် အလုပ်လုပ်ဖို့၊ နေထိုင် သွားလာဖို့ အဆင်ပြေတယ်၊ ဒါပေမယ့် နောက်ပိုင်း သားသမီးတွေဘာတွေ ရလာတဲ့အခါကျရင်တော့ ဒီလောက်နဲ့ လုံလောက်နိုင်မယ်မထင်ဘူး”
ကျောက်ဟုံရှားက ဆိုသည်။
“အဲ့ကျတော့လည်း ဒီ့ထက် ပိုကျယ်တဲ့အိမ် ထပ်ဝယ်ကြတာပေါ့ရှင်၊ ယန်ယန်သာ ကျွန်မကို မြေးလေးတွေအများကြီး မွေးပေးနိုင်မယ်ဆိုရင် အရမ်းပျော်မိမှာပဲ’
အိမ်ဝယ်ယူမည့်ကိစ္စအား အတည်ပြုလိုက်ပြီဖြစ်၍ ဟယ်ချောင်းရှန့်က ပြောလိုက်သည်။
“ဒါဆို မင်္ဂလာပွဲအတွက် အိမ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ပရိဘောဂတွေကို ကျွန်မဘက်က ဝယ်လိုက်မယ်နော်”
ယခုချိန်ထိ အရာအားလုံး အဆင်ပြေနေသေးသော်လည်း ရှုကျမ့်ဝမ်ကမူ စိတ်နှင့်လူနှင့်မကပ်သည့်ပုံစံ ပေါက်နေပါသည်။
ဟောက်ယန်ယန် မေးသည်။
“အစ်ကိုကျမ့်ဝမ် မပျော်ဘူးလားဟင်”
ရှုကျမ့်ဝမ် ခပ်ပါးပါး ပြုံးလိုက်သည်။
“အဲ့လိုမဟုတ်ပါဘူး”
ဟောက်ယန်ယန် “အဲ့တာဆို ခဏနေရင် ကျွန်မနဲ့အတူ မင်္ဂလာဝတ်စုံ သွားရွေးကြရအောင်လေ၊ မင်္ဂလာပွဲမှာ အစ်ကိုကျမ့်ဝမ် ဝတ်မယ့် သတို့သားဝတ်စုံကိုလည်း စိတ်ကြိုက်ဖန်တီးမှာဆိုတော့ ဆိုင်မှာ ကိုယ်အတိုင်း သွားပေးဦးမယ်”
ရှုကျမ့်ဝမ် ခေါင်းညိတ်သဘောတူလိုက်သည်။ နောင်တရနေခြင်းမဟုတ်သော်ငြား လက်ထပ်ရတော့မည့် လူတစ်ဦး၏ ပျော်ရွှင်မျိုးလည်း သူ့တွင်ရှိမနေချေ။
ဟောက်ယန်ယန်မှာ သူမျှော်လင့်ထားသည့် ချစ်သူရည်းစားပုံစံမျိုးနှင့် လုံးဝကွဲပြားနေခြင်းကြောင့် ဖြစ်နေပါသည်။
ဟောက်ယန်ယန်လည်း အလွန်ကျေနပ်သွားပြီး အကြည့်ပြန်လွှဲလိုက်ပါသည်။
ပြန်လည်မွေးဖွားလာပြီးနောက် လက်တစ်ကမ်းတွင်ရှိနေသည့် ပျော်ရွှင်မှုများအားလုံးကိုတော့ သူမ သိမ်းပိုက်နိုင်ခဲ့ပါပြီ။
ယခင်ဘဝက ရှုကျမ့်ဝမ်ကို ရုပ်မြင်သံကြားပေါ်တွင်သာ ဟောက်ယန်ယန် မြင်ဖူးခဲ့သည်။
ထိုစဉ်က ရှုကျမ့်ဝမ်သည် အသက် ၃၀ ဝန်းကျင်ရှိပြီဖြစ်ကာ အလွန်လူကြီးလူကောင်းဆန်၍ ရင့်ကျက်မှု ရှိပါသည်။ အိမ်က အိမ်တွင်းအကြမ်းဖက် မကောင်းဆိုးဝါးနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။
အရာရာကို နောက်တစ်ဖန် ပြန်လည်စတင်ဖို့ ကောင်းကင်ဘုံက သူမကို အခွင့်အရေး ပေးထားသဖြင့် ဟောက်ယန်ယန် အမြတ်တနိုး တန်ဖိုးထားရပါမည်။
ဟောက်ယန်ယန်သည် ရှုကျမ့်ဝမ်၏ လက်မောင်းကို တွဲလျက် နူးညံ့သိမ်မွေ့စွာ ပြုံးပြလိုက်သည်။
ဟောက်ယန်ယန်နှင့် ရှုကျမ့်ဝမ်တို့၏ မင်္ဂလာပွဲကို ဒီဇင်ဘာလ၊ နှစ်သစ်ကူးနေ့တွင် ကျင်းပဖို့ သတ်မှတ်ခဲ့ကြပါသည်။
လုမိသားစုအပါအဝင် စစ်တပ်ဝင်းထဲရှိ မိသားစုအတော်များများထံသို့ ဖိတ်စာများ ပေးပို့ခဲ့ကြသည်။
ယဲ့ရှောင်ရှောင်မျှော်လင့်မထားသည်မှာ သူမကို ဟောက်ယန်ယန် တကူးတက လာရောက်ဖိတ်ကြားလိမ့်မည် ဆိုသည်ကိုပင်။
“ရှောင်ရှောင်၊ ငါ့မင်္ဂလာပွဲကို တက်ရောက်ပေးလို့ ရမလားဟင်”
ယဲ့ရှောင်ရှောင်တစ်ယောက် စာသင်ဆောင်မှ ထွက်လာစဉ် ဟောက်ယန်ယန်အား မြင်သွားခဲ့သည်။ ဟောက်ယန်ယန်က သူမ ထံသို့ တန်းတန်းမတ်မတ် လျှောက်လာကာ ထိုစကားကို ဆိုင်းမဆင့်ဗုံမဆင့် ပြောလိုက်ပါသည်။
“အဲ့တာပြောဖို့အတွက်နဲ့ ငါ့ကိုလာတွေ့တာလား”
ယဲ့ရှောင်ရှောင် အဖြေချက်ချင်း မပေးဘဲ ပြန်မေးလိုက်ပါသည်။
ဟောက်ယန်ယန်က အကြောင်းပြချက်ပေးသည်။
“ငါတို့နှစ်ယောက်ကြားမှာ အံ့အားသင့်စရာကောင်းတဲ့ ရေစက်တွေရှိနေတယ်လို့ ခံစားရလို့လေ၊ အဲ့တာကြောင့် ငါ့မင်္ဂလာပွဲကို တက်ရောက်ပေးနိုင်မလားလို့ လာမေးတာပါ”
သူမ၏ ရည်ရွယ်ချက်မှာ ရိုးရှင်းပါသည်။
ယဲ့ရှောင်ရှောင်သာ ရောက်မလာခဲ့ပါက စစ်တပ်ဝင်းထဲမှ လူအချို့သည် ယဲ့ရှောင်ရှောင်၏သတို့သားလောင်းကို သူမ ခိုးယူသွားသည်ဟု စွပ်စွဲယူဆကြလိမ့်မည်။
ထို့ကြောင့် တစ်ဖက်လူအား သူမ၏သက်သေအဖြစ် ခေါ်ဆောင်လာဖို့ လိုအပ်ပါသည်။ သူမကသာ ရှုကျမ့်ဝမ်နှင့် သင့်တော်လိုက်ဖက်သူဖြစ်ကြောင်း အားလုံးရှေ့တွင် သက်သေပြရပါမည်။
ယဲ့ရှောင်ရှောင်သည် ဟောက်ယန်ယန်နှင့် ဘယ်သောအခါကမှ ရန်သူမဖြစ်ချင်ခဲ့ပါ။
သို့သော် ယခု တစ်ဖက်လူက သူမကို ရည်ရွယ်ချက်ရှိရှိ ရန်လာစနေသောအခါ သူမဘက်ကလည်း သည်းခံနေမည် မဟုတ်ချေ။
“ငါ့ကို တက်ရောက်စေချင်တာ သေချာရဲ့လား”
ဟောက်ယန်ယန် ပြုံးလိုက်သည်။
“သေချာတာပေါ့”
ယဲ့ရှောင်ရှောင်လည်း ပြန်ပြုံးပြလိုက်ပါသည်။
“ငါ လာခဲ့ပါ့မယ်”
ဟောက်ယန်ယန်“ဒါဆို နင့်ဆုတောင်းစကားကို ကြားရဖို့ ငါမျှော်နေမယ်နော်”
ဟောက်ယန်ယန်တစ်ယောက် စိတ်ကျေနပ်စွာ ထွက်သွားသောအခါ ယဲ့ရှောင်ရှောင်သည် စစ်တပ်ဝင်းအတွင်းရှိ သူမ၏ သူငယ်ချင်းများထံသို့ ဖုန်းဆက်ခဲ့ပါသည်။
ဖုန်းမကိုင်သည့် လူအချို့မှအပ မည်သူက ဖိတ်စာရရှိ၍ မည်သူက တက်ရောက်မည်ဖြစ်ကြောင်းကို ယဲ့ရှောင်ရှောင် ကောင်းကောင်း သိခဲ့ရသည်။
သူငယ်ချင်းဖြစ်သူ ပိုင်မုန့်အန်းက အကြံပြုပါသည်။
“ရှောင်ရှောင်၊ နင် မသွားချင်ရင်လည်း ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးပါနဲ့”
ယဲ့ရှောင်ရှောင် “ငါ့ကိုယ် ငါ ဖိအားပေးတာ မဟုတ်ဘူးလေ၊ ဒါသူ့မင်္ဂလာဆောင်ပဲ၊ တစ်ခုခုမှားယွင်းသွားရင် နောင်တအကြီးကြီးရမှာ ငါမဟုတ်ဘူး၊ သူပဲ”
ပိုင်မုန့်အန်း “အဲ့တာဆို ငါတို့ လူတွေစုပြီး ပြဿနာသွားရှာကြမလား”
ယဲ့ရှောင်ရှောင်က ချေပသည်။
“နင်က လူရမ်းကားလား၊ အဲ့နေ့ကျရင် လူကြီးသူမတွေလည်း အများကြီးရှိနေမှာ၊ အဲ့လိုရမ်းကားပြီး ပြဿနာ သွားရှာရင် ဘယ်သူက လူဆိုးဖြစ်သွားမယ်ထင်လို့လဲ”
ပိုင်မုန့်အန်း နားလည်သဘောပေါက်သွားပါသည်။
“နင်တော်တော် ပါးနပ်လာတာပဲ ရှောင်ရှာင်”
ယဲ့ရှောင်ရှောင် “နင်တို့ထဲက ဘယ်သူသွားမှာလဲဆိုတာ သိရရင် လုံလောက်ပြီ၊ မလိုအပ်တာတွေ ဘာမှမလုပ်နဲ့၊ ဒီတိုင်း စိတ်ရှည်ရှည်နဲ့သာ စောင့်နေ”
ပိုင်မုန့်အန်းကလည်း ယဲ့ရှောင်ရှောင်၏ အကြံဉာဏ်ကို လက်ခံပါသည်။
“နင် မသွားဘူးဆိုရင် ငါလည်း မသွားဘူးနော်၊ သူတို့မင်္ဂလာဆောင်သွားဖို့အတွက်နဲ့ ငါ ခွင့်တစ်ရက်ယူရမှာ မတန်ဘူး”
ယဲ့ရှောင်ရှောင်က ကျီစယ်သည်။
“နင် ပွဲကြီးပွဲကောင်း မကြည့်ချင်ဘူးလား”
ပိုင်မုန့်အန်း ခေါင်းထောင်သွားသည်။
“နင်က ပွဲကြီးပွဲကောင်းရှိမယ်လို့ ပြောတော့လည်း နည်းနည်းလောက် စိတ်ဝင်စားပေးရမှာပေါ့”
ဟောက်ယန်ယန်တစ်ယောက် မင်္ဂလာပွဲကိစ္စဖြင့် အလုပ်များနေစဉ် ယဲ့ချန်းနင်ကလည်း ပေကျင်းမြို့တွင် အထည်ဖြန့်ချိရေး ကွန်ရက်များကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ပါပြီ။
ပထမဆုံးအကြိမ် လုပ်ငန်းလက်တွဲခြင်းဖြစ်သောကြောင့် တစ်ဖက်အဖွဲ့များက ဈေးနှုန်းများကို အလွန်အမင်း နှိမ်၍တောင်းဆိုခဲ့ကြသည်။
လမ်းခရီးက ဝေးကွာသဖြင့် သယ်ယူပို့ဆောင်ရေးစရိတ်များက ကြီးမားလှသော်လည်း ပေကျင်းဈေးကွက်ထဲ ထိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက် ယဲ့ချန်းနင်သည် မိမိ၏ အကျိုးအမြတ်အချို့ကို အဆုံးရှုံးခံကာ အလျှော့ပေးခဲ့ရသည်။
ကံကောင်းစွာဖြင့် သူ၏ကြိုးစားအားထုတ်မှုများမှာ သဲထဲရေသွန်မဖြစ်ခဲ့ဘဲ ကိုယ်စားလှယ်များစွာနှင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့ကာ ရင်းနှီးမြှုပ်နှံထားသည့် အရင်းအနှီးများကို အလျင်အမြန်ပင် ပြန်လည်ရရှိခဲ့တော့သည်။