← Chapters

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း ၂၁၆

Vol. 22 Ch. 216

📗 Chapter 216

ယဲ့ချန်းနင်သည် အော်ဒါများ ရရှိပြီးနောက် တောင်ပိုင်းသို့ပြန်ဖို့ အဆင်သင့်ဖြစ်သွားခဲ့ပါသည်။ သူ မပြန်မီ ယဲ့ရှောင်ရှောင်က နှုတ်ဆက်သည့်အနေဖြင့် အပြင်တွင် ညစာ လိုက်ကျွေးခဲ့သည်။

“တတိယအစ်ကို မားကတ်တင်းဆင်းတာ အဆင်ပြေရဲ့လား”

ယဲ့ချန်းနင် “အစပိုင်းမှာတော့ အကုန်ခက်ခဲတာပါပဲ၊ ဒီလိုပဲ တစ်ဆင့်ချင်း သွားရတာပေါ့”

ယဲ့ရှောင်ရှောင် “အစ်ကို အကူအညီလိုတာရှိရင် သမီးကိုပြောနော်”

ယဲ့ရှောင်ရှောင်သည် ရှုပ်ထွေးနက်နဲသော စီးပွားရေးလုပ်ငန်းများကို နားမလည်သော်လည်း အနည်းဆုံးတော့ ယဲ့ချန်းနင်အား သင့်တော်သည့် လူအချို့နှင့် မိတ်ဆက်ပေးနိုင်ပါလိမ့်မည်။

ယဲ့ချန်းနင်က ပြုံးသည်။

“အဲ့လိုတွေ မှာစရာလိုသေးလို့လား၊ ငါလိုအပ်တာရှိရင် နင့်ကို ကျိန်းသေပေါက် ပြောမှာပေါ့”

အမှန်ဆိုရလျှင် လွန်ခဲ့သည့်ရက်များက ပေကျင်းမြို့တစ်ခွင်ကို ပတ်ကာ စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ခြင်းမှာ ယဲ့ရှောင်ရှောင်၏ ဇိမ်ခံကားနှင့် ၎င်း၏ Jing A လိုင်စင်ပြားကျေးဇူးကြောင့်သာ ဖြစ်ပါသည်။

လုပ်ငန်းရှင်များက သူ့ကားကိုမြင်လိုက်သည်နှင့် ကျောထောက်နောက်ခံကောင်းကောင်းရှိသည့် သူဌေးတစ်ဦးဖြစ်မည်ဟု အလိုလို ယူဆသွားကြသည်။

ယဲ့ချန်းနင်တစ်ယောက် ပြန်တော့မည်ဖြစ်ကြောင်း သိရှိရသောအခါ မြောင်စွေ့ဖန်းမှာ အခြားဘာပြောရမှန်းမသိဖြင့် ဂရုတစိုက် နေထိုင်ဖို့သာ မှာကြားလိုက်ပါသည်။

ကလေးများက တဖြည်းဖြည်း အရွယ်ရောက်လာခဲ့ပြီဖြစ်၍ မိဘများ စိတ်ပူပေးရမည့်ကဏ္ဍဟူ၍ များများစားစား ရှိတော့ပေ။

“ဟိုရောက်ရင် သတိထားနော်၊ အခုဆိုရင် ကိုယ်ပိုင်စီးပွားရေးနဲ့ တစ်နိုင်ငံလုံး လှည့်ပတ်သွားလာနေရတာဆိုတော့ ခရီးဝေးတွေဘာတွေသွားရင် အဖော်ခေါ်သွားဖို့ မမေ့နဲ့ဦး၊ အမြဲတမ်း တစ်ယောက်တည်း လျှောက်မသွားနဲ့”

ယဲ့ကျန်းကော်လည်း သားဖြစ်သူအား ပုံမှန်နှင့်မတူဘဲ ပျော့ပြောင်းသောလေသံဖြင့် မှာကြားစရာရှိသည်များကို မှာကြားခဲ့ပါသည်။

ယဲ့ချန်းနင်ကမူ ထိုအခြေအနေကို အတော်လေး အသားမကျ ဖြစ်နေခဲ့လေသည်။

“ကျွန်တော်သိပါတယ်ဗျာ၊ အဖေနဲ့ အမေတို့လည်း အိမ်မှာ ဂရုစိုက်ကြဦး၊ နှစ်သစ်ကူးကျမှ ကျွန်တော် ပြန်လာခဲ့မယ်”

မြောင်စွေ့ဖန်း သက်ပြင်းချလိုက်သည်။

“နှစ်သစ်ကူးမှ ပြန်လာတော့မှာပေါ့ ဟုတ်လား”

ယဲ့ချန်းနင်က အကြောင်းပြချက်ပေးသည်။

“နှစ်သစ်ကူးရောက်ဖို့ ဘယ်လောက်လိုတော့လို့လဲ အမေရဲ့၊ ပြီးရင် တရုတ်နှစ်သစ်ကူးလည်း ရှိသေးတယ်၊ ရက်တွေ သိပ်မကျန်တော့ပါဘူး”

မြောင်စွေ့ဖန်းက ချေပသည်။

“အပိုတွေ မပြောစမ်းပါနဲ့၊ နှစ်သစ်ကူးရောက်ဖို့ ဒီလောက်အဝေးကြီး လိုသေးတာ”

ပေကျင်းမြို့သို့ စတင်ရောက်ရှိလာစဉ်ကတည်းက နေ့ရက်များမှာ အလွန်ကြာညောင်းလှသည်ဟု မြောင်စွေ့ဖန်း ခံစားခဲ့ရသည်။

ဤနေရာတွင်‌ နေထိုင်ရသည်မှာ ခက်ခဲခြင်းကြောင့်မဟုတ်ဘဲ အရာရာက အသစ်အဆန်း ဖြစ်နေခြင်းကြောင့်ပင်။ လက်ဖက်ကြက်ဥလုပ်ငန်းကို စတင်လုပ်ကိုင်သည့်အခါမှသာ အချိန်ကုန်မြန်သလို ခံစားခဲ့ရပါသည်။

ယဲ့ချန်းနင်က ခေါင်းတခါခါနှင့် ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ကျွန်တော်ပြန်လာမှာပါ”

ယဲ့ချန်းနင်ပြန်သွားပြီးနောက် ယဲ့ရှောင်ရှောင်သည် မြောင်စွေ့ဖန်းကို ဆေးရုံသို့ လိုက်ပို့ကာ ကျန်းမာရေး စစ်ဆေးစေခဲ့သည်။

ဆရာဝန်က သူတို့ကို အသိပေးလိုက်ပါသည်။

“ခွဲစိတ်မှုအပြီး လူနာရဲ့အခြေအနေက တော်တော်ကောင်းပါတယ်၊ အကျိတ်ကို ဖြတ်ထုတ်ပြီးတဲ့နောက်မှာ ပြန်လည်ကြီးထွားလာတာမျိုး ဒါမှမဟုတ် ကင်ဆာဆဲလ်အဖြစ် ပြောင်းလဲသွားတဲ့ လက္ခဏာမျိုး မရှိသေးဘူး၊ ဒါပေမယ့် အခုက စောင့်ကြည့်ကာလအတွင်းမှာပဲရှိသေးတာဆိုတော့ အနားယူဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့တော့ မမေ့ပါနဲ့၊ ဆေးလည်းပုံမှန်လာစစ်ဖို့ မမေ့နဲ့ဦး”

ယဲ့‌ရှောင်ရှောင်က ကျေးဇူးတင်လိုက်သည်။

“ကျေးဇူးတင်ပါတယ် ဒေါက်တာ”

ဆေးရုံတက်စဉ်နှင့် ခွဲစိတ်ကုသမှု ခံယူစဉ် ကာလများအတွင်း ဦးနှောက်နှင့်အာရုံကြော အထူးကု ဒေါက်တာဖန့်သည် မြောင်စွေ့ဖန်းအား အထူးတလည် ဂရုစိုက် စောင့်ရှောက်ခဲ့ပါသည်။

ဤသည်မှာ စွန်းကျန့်ယောင်၏ မျက်နှာကြောင့်လည်း ဖြစ်နိုင်သည်။ ယဲ့ရှောင်ရှောင်အနေဖြင့် ဒေါက်တာများကို ငွေကြေးထုတ်ပေးခြင်းမျိုး မရှိသော်လည်း ကျေးဇူးတင်ကြောင်း ပြသဖို့အတွက် ညစာတော့ လိုက်ကျွေးသင့်သည်ဟု ခံစားရပါသည်။

မြောင်စွေ့ဖန်းက အကြံပြုသည်။

“အမေတို့ မလိုက်တာ ပိုကောင်းမယ်မလား ရှောင်ရှောင်”

ယဲ့ရှောင်ရှောင်က ရှင်းပြသည်။

“လိုက်ခဲ့လည်း ဘာမှမဖြစ်ပါဘူး အမေရဲ့၊ ဆရာကြီးစွန်းက သမီးရဲ့ဆရာပဲ၊ အားလုံးက ကိုယ့်လူတွေပါပဲ”

ယဲ့ကျန်းကော်ကဆိုသည်။

“လိုက်ခဲ့ရင်တောင် သမီးအမေနဲ့ အဖေတို့ ဘာပြောရမှန်းသိမှာ မဟုတ်ဘူးလေ၊ ပြီးတော့ သမီးအမေကလည်း နားရဦးမှာဆိုတော့ အဖေတို့ အိမ်မှာပဲ နေခဲ့လိုက်ပါ့မယ်”

မိဘနှစ်ပါးက လိုက်ဖို့ဆန္ဒမရှိသဖြင့် ယဲ့ရှောင်ရှောင်လည်း အတင်းအကျပ် မတိုက်တွန်းတော့ပေ။

ယဲ့ရှောင်ရှောင် အားလပ်ချိန်တွင် စွန်းကျန့်ယောင်အား သွားတွေ့ခဲ့ပြီး ညစာလိုက်ကျွေးမည့်အကြံအား ပြောကြားလိုက်ပါသည်။

“ညစာ…”

စွန်းကျန့်ယောင် ခေတ္တစဉ်းစားလိုက်သည်။

“အဲ့တာဆို သူတို့တွေ ဘယ်အချိန်အားမလဲ မေးကြည့်လိုက်ဦးမယ်၊ အကုန်လုံးက ဆေးရုံမှာ အထူးကုကြီးတွေဆိုတော့ သူတို့နဲ့တွေ့ရတာ နင့်အတွက်လည်း အကျိုးရှိတာပေါ့”

ယဲ့ရှောင်ရှောင် “ကျေးဇူးတင်ပါတယ် ဆရာစွန်း”

စွန်းကျန့်ယောင်က မေးသည်။

“နင့်အမေ‌ကော အခြေအနေဘယ်လိုရှိလဲ၊ သက်သာရဲ့လား”

ယဲ့ရှောင်ရှောင်: “တော်တော်လေး သက်သာနေပါပြီ၊ ဒါပေမယ့် လူကြီးနှစ်ယောက်က အိမ်မှာ အားအားနေနေ မနေတတ်ကြဘူး၊ သူတို့နှစ်ယောက်ကို အိမ်မှာပဲနားကြဖို့ ပြောထားပေမယ့် ကြက်ဥတွေ လက်ကားဝယ်လို့ရတဲ့ လမ်းကြောင်းတစ်ခု ရှာတွေ့သွားပြီး အခုဆို နေ့တိုင်း အိမ်ရာဝင်ပေါက်မှာ လက်ဖက်ကြက်ဥတွေ သွားရောင်းနေကြတယ်လေ”

စွန်းကျယ့်ယောင်က ခပ်တိုးတိုး ရယ်မောလိုက်ပါသည်။

“ခြေကုန်လက်ပန်းကျတဲ့အထိ ပင်ပန်းတာမျိုး မဟုတ်ရင် ဘာမှမဖြစ်ပါဘူး၊ ခန္ဓာကိုယ်လှုပ်လှုပ်ရှားရှား ရှိတာ ကောင်းတယ်”

ယဲ့ရှောင်ရှောင်သည် စွန်းကျန့်ယောင်နှင့် မိနစ်အနည်းငယ်ခန့် စကားဆက်ပြောပြီးနောက် ရုံးခန်းထဲမှ ထွက်လာခဲ့တော့သည်။

၂ ရက်ခန့် ကြာသောအခါ အတန်းဆင်းသည်နှင့် စွန်းကျန့်ယောင်သည် ယဲ့ရှောင်ရှောင်အား ချိန်းဆိုထားသည့် သတ်မှတ်ချိန် လာရောက်ပြောကြားခဲ့ပါသည်။

ညစာအတူတူစားဖို့ အားလပ်ကြမည်မဟုတ်သော်လည်း မနက်ဖြန် မွန်းတည့်ချိန်တွင် နှစ်နာရီခန့် အချိန်ရကြလိမ့်မည်။

ယဲ့ရှောင်ရှောင် “ဟုတ်ကဲ့ပါ၊ အဲ့တာဆို ပေကျင်းဂရန်းဟိုတယ်ကို သွားကြရအောင်”

စွန်းကျန့်ယောင်၏ လက်ထဲမှ ရေနွေးခွက် လွတ်ကျမတတ်ပင် ဖြစ်သွားရသည်။

“ရှောင်ရှောင်၊ နင်က တက္ကသိုလ်ကျောင်းသူတစ်ယောက်လေ၊ အဲ့လောက်ကြီး တခမ်းတနား လုပ်စရာမလိုပါဘူး”

ယဲ့ရှောင်ရှောင်က ရှင်းပြသည်။

“အားလုံးကို ကျေးဇူးတင်တဲ့အနေနဲ့ လိုက်ကျွေးမှာဆိုတော့ ဆိုင်ကောင်းကောင်းမှာ ကျွေးသင့်တယ်လို့ တွေးမိလို့ပါ”

စွန်းကျန့်ယောင် ရယ်မောလိုက်သည်။

“အဲ့လောက်ကြီးမလိုပါဘူး၊ ဆေးရုံနားက ဆိုင်တစ်ခုခုမှာပဲ ပေါ့ပေါ့ပါးပါး သွားစားကြတာပေါ့”

ယဲ့ရှောင်ရှောင်သည် ပေကျင်းမြို့ရှိ စားသောက်ဆိုင်များနှင့် အကျွမ်းတဝင်မရှိသဖြင့် လုဟန်ချွမ်အား ဖုန်းဆက်ပြီး အကြံဉာဏ်တောင်းခဲ့ပါသည်။

“ကျွန်မ အမေကို ခွဲစိတ်ကုသပေးခဲ့တဲ့ ဒေါက်တာတွေကို နေ့လယ်စာ လိုက်ကျွေးချင်လို့လေ၊ ဆရာစွန်းကတော့ အကုန်အကျများတဲ့နေရာ သွားစရာမလိုဘူးလို့ ပြောတယ်၊ ရှင် ဘယ်ဆိုင်ကို ညွှန်းပေးချင်လဲ”

လုဟန်ချွမ်က မေးသည်။

“ဘယ်အချိန် သွားမှာလဲ”

“မနက်ဖြန်နေ့လယ်လောက်၊ အချိန်က နှစ်နာရီပဲရတယ်”

“ကိုယ်လိပ်စာတစ်ခု ပြောပြမယ်၊ ဆရာကြီးစွန်းကို အရင်ပေးလိုက်၊ မနက်ဖြန် ရှောင်ရှောင်ကို ကိုယ်လာခေါ်ပြီး အတူတူသွားကြမယ်”

ယဲ့ရှောင်ရှောင် အနည်းငယ် အံ့အားသင့်သွားသည်။

“ရှင့်မှာ အချိန်ရှိတယ်ပေါ့”

“ရှိတယ်၊ ကိုယ်ခွင့်ယူလိုက်မယ်”

“ဟုတ်ပါပြီ၊ အဲ့တာဆို ကျွန်မစောင့်နေမယ်”

လုဟန်ချွမ်နှင့် ဆွေးနွေးစရာကိစ္စအချို့ ရှိနေသဖြင့် ယဲ့ရှောင်ရှောင်အတွက် ပိုအဆင်ပြေသွားသည်။

နောက်တစ်နေ့ မနက်ခင်းအတန်းချိန်တွင် ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်ပေးထားသည့် လိပ်စာကို စွန်းကျန့်ယောင်အား ပေးလိုက်ပါသည်။

“အဲ့ဒီနေရာမှာ စားသောက်ဆိုင်တစ်ဆိုင်ရှိတယ်လား၊ ငါ တောင် တစ်ခါမှ မမြင်ဖူးဘူး”

ယဲ့ရှောင်ရှောင်: “သမီးအရင်သွားပြီး ဘိုကင်လုပ်ထားလိုက်မယ်၊ ဆရာနဲ့ ဒေါက်တာတွေကတော့ ချိန်းထားတဲ့ အချိန်ကျမှ လာခဲ့ပေါ့”

စွန်းကျန့်ယောင်သည် ထိုစားသောက်ဆိုင်ကို တစ်ခါမှ မမြင်ဖူးသဖြင့် သာမန်စားသောက်ဆိုင်ငယ်တစ်ခုသာဖြစ်မည်ဟု ယူဆလျက် သဘောတူလိုက်ပါသည်။

သို့သော် ထိုနေရာသို့ ယဲ့ရှောင်ရှောင် ရောက်ရှိသွားသည့်အခါမှသာ ဆိုင်၏အပြင်ပန်းမှာ ရှေးဟောင်းဆန်ဆန်နှင့် အလွန်လှပကာ နှစ်ထပ်အဆောက်အအုံကြီးတစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။

အထဲသို့ ဝင်လိုက်သောအခါတွင်လည်း အတွင်းပိုင်းက အလွန်ခမ်းနားထည်ဝါလှပေသည်။

အထဲတွင် သီးသန့် စားသောက်ခန်းများရှိသဖြင့် အလွန်တိတ်ဆိတ်အေးချမ်းသည့် အဆင့်မြင့်စားသောက်ဆိုင်ကြီးတစ်ဆိုင် ဖြစ်နေခဲ့တော့သည်။

ဧည့်ကြိုဝန်ထမ်းက လုဟန်ချွမ်နှင့် ယဲ့ရှောင်ရှောင်တို့ကို ကြိုဆိုလိုက်ပါသည်။

ယဲ့ရှောင်ရှောင်က လုဟန်ချွမ်အား စိတ်ဝင်တစား မေးလိုက်သည်။

“ဒီမှာ လျှို့ဝှက်ဝန်ဆောင်မှုတွေဘာတွေတော့ မပေးလောက်ပါဘူးနော်”

လုဟန်ချွမ် ပြုံးသွားပြီး သူမ၏ ဆံနွယ်လေးအား အသာအယာဖွလိုက်သည်။

“စိတ်ချပါ၊ အဲ့လိုဝန်ဆောင်မှုတွေ ပေးရင်တောင် မယူဘူး၊ ဒီကို စားဖို့သောက်ဖို့ပဲ လာခဲ့တာ”

ယဲ့ရှောင်ရှောင် သူ့ခါးကို တံတောင်ဖြင့် တို့လိုက်သည်။

“အဲ့တာဆို ဒီကို ရှင်အရင်က ရောက်ဖူးတယ်ဆိုပါတော့”

လုဟန်ချွမ်သည် သူမ၏လက်ကလေးကို လှမ်းဖမ်းကာ ပြောလိုက်သည်။

“ကောင်းကင်ဘုံကို တိုင်တည်ပြီး ကျိန်ရဲပါတယ်၊ အရင်က ဒီကိုလာတိုင်း စားဖို့သောက်ဖို့ပဲ လာခဲ့တာပါ”

ယဲ့ရှောင်ရှောင် ခေတ္တအတွေးများသွားခဲ့ပြီး မေးမြန်းလိုက်ပါသည်။

“စကားမစပ် ကျွန်မမေးမလို့၊ ဟောက်ယန်ယန်နဲ့ ရှုကျမ့်ဝမ်တို့ မင်္ဂလာပွဲကို ရှင်သွားမှာလား”

လုဟန်ချွမ်၏မျက်နှာ ချက်ချင်းအေးစက်သွားခဲ့သည်။

“မသွားဘူး”

“ဪ ဟုတ်လား…၊ ကျွန်မတော့ သွားမလို့”

လုဟန်ချွမ် သူမကို လှည့်ကြည့်လိုက်သည်။

“ဘာတွေဖြစ်နေတာလဲ ရှောင်ရှောင်”

လုဟန်ချွမ် ယခုချိန်ထိ စိတ်မချနိုင် ဖြစ်နေပါသေးသည်။ သူ့ကိုယ်သူ ယောက်ျားပီသမှန်း သိသော်လည်း ရှောင်ရှောင့်ရင်ထဲတွင် ရှုကျမ့်ဝမ်အပေါ် ထားရှိသည့် သံယောဇဉ်လက်ကျန် ကျန်ရှိနေဦးမည်ကို လုဟန်ချွမ် စိတ်ပူမိပါသည်။

ထိုအခါ ယဲ့ရှောင်ရှောင်သည် သူမကို ဟောက်ယန်ယန် တကူးတက လာရောက်ဖိတ်ကြားသည့်အကြောင်းနှင့် မြောင်စွေ့ဖန်း၊ ယဲ့ကျန်းကော်တို့အား ဟောက်ယန်ယန် ငွေလာပေးပြီး အဆက်အသွယ်ဖြတ်ခဲ့သည့်အကြောင်းတို့ကို ပြန်ပြောပြလိုက်သည်။

“သူက ကျွန်မကို အသုံးချပြီး သူ့ကိုယ် သူ တတိယလူမဟုတ်ကြောင်း မင်္ဂလာပွဲမှာ သက်သေပြချင်တာ၊ ရှုကျမ့်ဝမ်ကို တရားသောနည်းလမ်းနဲ့ ရယူခဲ့တာပါပေါ့၊ သူ့အကြံကို ကျွန်မကောင်းကောင်းသိပါတယ်”

“ကိုယ် လိုက်ခဲ့မယ်”

“ရှင်ပါ လိုက်လာရင် ကျွန်မက ဘယ်လိုအကြံထုတ်ရတော့မှာလဲ”

လုဟန်ချွမ်က ယဲ့ရှောင်ရှောင်၏ခါးလေးကို ပွေ့ဖက်ကာ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပါသည်။

“ကိုယ်လိုက်မလာလို့ တစ်ယောက်ယောက်က ရှောင်ရှောင့်ကို အနိုင်ကျင့်ဖို့ ကြိုးစားရင် ဘယ်လိုလုပ်ကြမလဲ၊ ပြီးတော့ ကိုယ့်ရှောင်ရှောင်လေး ဘယ်လိုအကြံမျိုးထုတ်မလဲဆိုတာလည်း မြင်ချင်သေးတယ်”

ယဲ့ရှောင်ရှောင်လည်း မတတ်သာဘဲ လိုက်လျောလိုက်ရတော့သည်။

“ရှင့် သဘောပါပဲ”

ချိန်းဆိုထားသည့်အချိန်သို့ ရောက်ရှိသောအခါ လုဟန်ချွမ်သည် ဟင်းလျာအချို့ကို ဦးစွာ မှာယူခဲ့ပြီး ကျန်ဟင်းလျာများကို ဆရာကြီးများ ရောက်ရှိလာမှ ထပ်မံမှာယူဖို့ ချန်လှပ်ထားခဲ့သည်။

စွန်းကျန့်ယောင်နှင့် မိတ်ဆွေများ ဆိုင်ဝင်ပေါက်သို့ ရောက်သောအခါ တစ်စုံတစ်ခု မူမမှန်သည်ကို ချက်ချင်း သတိပြုမိသွားကြသည်။

ဖန့်ချန်းကုန်း မှတ်ချက်ပြုသည်။

“ဒီနေရာက တော်တော်ထူးခြားတယ်၊ ခင်ဗျားရဲ့ ကျောင်းသူက ဒီလိုနေရာမျိုးကို လာနိုင်တယ်ဆိုတော့ ကျိန်းသေပေါက် သာမန်လူမဖြစ်နိုင်ဘူး”

စွန်းကျန့်ယောင် မိတ်ဆွေများကို တိုက်တွန်းလိုက်သည်။

“ကဲပါ အထဲအရင်ဝင်ကြရအောင် လာကြလာကြ”

အထဲရောက်သည့်အခါမှာလည်း အတွင်းပိုင်းအပြင်အဆင်နှင့် ယှဉ်လိုက်လျှင် အပြင်ပန်းအပြင်အဆင်မှာ အပေါ်ယံသာ ရှိသေးကြောင်း အားလုံးတွေ့မြင်ခဲ့ရပါသည်။

ဧည့်ကြိုဝန်ထမ်းသည် သူတို့အားလုံးကို သီးသန့်အခန်းထဲသို့ ခေါ်ဆောင်လာခဲ့ပြီး ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့က မတ်တပ်ရပ်ကာ ကြိုဆိုခဲ့ကြပါသည်။

အခန်းထဲတွင် အရပ် ၁.၉ မီတာနီးပါး ရှည်သော သန့်သန့်ပြန့်ပြန့် ကောင်လေးတစ်ဦးကို မြင်လိုက်ရသဖြင့် စွန်းကျန့်ယောင်တစ်ယောက် အခန်းမှားဝင်လာသလားဟုပင် ထင်လိုက်မိသည်။

ထိုစဉ် ယဲ့ရှောင်ရှောင်က မိတ်ဆက်ပေးလိုက်ပါသည်။

“ဆရာကြီးစွန်း၊ ဒါသမီးရဲ့ ကောင်လေးပါ”

All Chapters