← Chapters

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇

Vol. 22 Ch. 217

📗 Chapter 217

လုဟန်ချွမ်သည် ယခုလောလောဆယ် စစ်ယူနီဖောင်းကို ဝတ်ဆင်ထားခြင်းမရှိပေ။

အခန်းထဲသို့ ရောက်ရှိပြီးနောက် ကုတ်အင်္ကျီကို ချွတ်ထားသဖြင့် ယခု သူ့ကိုယ်ပေါ်တွင် ရိုးရှင်းလှသော ချည်ထိုးဆွယ်တာ တစ်ထည်သာ ရှိပါသည်။

သို့သော် သူ၏ အရှိန်အဝါက အလွန်ထူးခြားလွန်းသဖြင့် လူတိုင်းလျစ်လျူရှုဖို့ ခဲယဉ်းခဲ့ကြသည်။

“တွေ့ရတာဝမ်းသာပါတယ် ဆရာကြီးစွန်း၊ ကျွန်တော်က လုဟန်ချွမ်ပါ”

လုဟန်ချွမ်က လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးလိုက်သည်။

စွန်းကျန့်ယောင်ကလည်း သူနှင့် လက်ဆွဲနှုတ်ဆက်ခဲ့ပါသည်။

ယဲ့ရှောင်ရှောင်သည် ဆရာကြီးများကို စားပွဲတွင် ဝင်ထိုင်ကြဖို့ ဖိတ်ခေါ်လိုက်သည်။ ဒေါက်တာဖန့်နှင့် အခြားသူများမှာ စွန်းကျန့်ယောင်၏ လုပ်ဖော်ကိုင်ဖက်များသာ ဖြစ်ကြ၍ သူတို့အားလုံးကို ဆရာကြီးများဟု ခေါ်ဆိုနိုင်ပါသည်။

ယဲ့ရှောင်ရှောင် မီနူးကို ကမ်းပေးရင်း ပြောလိုက်သည်။

“သမီးတို့က နှုတ်မြိန်စာလေးနည်းနည်းပဲ မှာထားသေးတယ်၊ မီနူးကို တစ်ချက်ကြည့်ပြီး ဆရာကြီးတို့ ကြိုက်တာ မှာကြပါနော်”

စွန်းကျန့်ယောင်သည် မိတ်ဆွေများနှင့်အတူ မီနူးအား ကြည့်ရှုလိုက်ကြပါသည်။

မီနူးပေါ်တွင် ရေးသာားထားသော ဟင်းလျာအမည်များမှာ အလွန်ပင် ကဗျာဆန်လွန်းနေသဖြင့် စွန့်းကျန့်ယောင်လည်း စိတ်ကူးတည့်ရာသာ မှာလိုက်ပါသည်။

ဟင်းလျာများအား လာရောက်တည်ခင်းပေးသည့်အချိန်မှသာ ဤဆိုင်၏ အစားအသောက်အပြင်အဆင်များက မည်မျှ အဆင့်အတန်းမြင့်ကြောင်း သူတို့ တွေ့ရှိခဲ့ရသည်။

ဟင်းလျာတိုင်းကို အသေးစိတ်ကျကျ ပုံဖော်ထားပြီး လှလှပပ တန်ဆာဆင်ထားသဖြင့် အလွန်ပင် မျက်စိကျစရာ ကောင်းလှပါသည်။

ယဲ့ရှောင်ရှောင်ကမူ အစားအသောက်များကို အံ့ဩခြင်းထက် ဤကဲ့သို့ နေရာမျိုးကို လုဟန်ချွမ် ရှာတွေ့ထားခြင်းကိုသာ ပိုမို အံ့ဩမိပါသည်။

စွန်းကျန့်ယောင်သည် ဘဝအတွေ့အကြုံရင့်ကျက်သူဖြစ်သော်ငြားလည်း ဤကဲ့သို့ စားသောက်ဆိုင်မျိုးကိုတော့ မကြာခဏ လာဖူးလေ့မရှိပေ။

“ရှောင်ရှောင်၊ တို့တွေ ပေါ့ပေါ့ပါးပါးပဲ စားကြမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား”

ယဲ့ရှောင်ရှောင်က ပြုံးသာ ပြုံးပြလိုက်ပါသည်။

ကြွားဝါချင်ခြင်းကြောင့်မဟုတ်ဘဲ သူမကိုယ်တိုင်လည်း စားသောက်ဆိုင် မရွေးတတ်ခဲ့ခြင်းကြောင့်ပင်။

လုဟန်ချွမ်က ဝင်ပြောလိုက်သည်။

“ဒီဆိုင်ကို ကျွန်တော်ရွေးပေးထားတာပါ၊ ရှောင်ရှောင့်ကို ကျောင်းမှာ ဂရုစိုက်စောင့်ရှောက်ပေးတဲ့အတွက် ဆရာကြီးစွန်းကို ကျေးဇူးတင်ချင်လို့ပါ၊ ဆရာကြီးတွေက နေ့လယ်ဆေးရုံကို ပြန်သွားရမှာမို့လို့ အရက်တွေဘာတွေ သောက်လို့မရဘူးမလား၊ အဲ့တာကြောင့် လက်ဖက်ရည်ပဲ သောက်ကြတာပေါ့”

ဤသို့ဖြင့် စွန်းကျန့်ယောင်တို့ ဆရာကြီးများလည်း လက်ဖက်ရည်ခွက် ကိုယ်စီဖြင့်သာ ခွက်ချင်းတိုက်ကြရတော့သည်။

စားပွဲဝိုင်းတွင် ဖန့်ချန်းကုန်းက မြောင်စွေ့ဖန်း၏ လတ်တလော ကျန်းမာရေးအခြေအနေကို မေးမြန်းခဲ့ပြီး အကူအညီလိုအပ်ပါက သူ့အား အချိန်မရွေး လာတွေ့နိုင်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

ယဲ့ရှောင်ရှောင်လည်း ကျေးဇူးတင်စကား ဆိုခဲ့သည်။ မြောင်စွေ့ဖန်းအား ယခုလို အကောင်းပကတိပြန်ဖြစ်အောင် ကုသပေးနိုင်ခဲ့ရုံနှင့်ပင် ဖုန့်ချန်းကုန်း၏ ကျေးဇူးကြီးမားလှပါပြီ။

စားသောက်ဆိုင်တွင် အားလုံး တစ်နာရီခန့်သာ စားသောက်ခဲ့ကြသည်။

လုဟန်ချွမ်က ကားနှင့်လိုက်ပို့ပေးမည်ဟု ကမ်းလှမ်းသော်လည်း ဆေးရုံနှင့်လည်း သိပ်မကွာဝေးသဖြင့် စွန်းကျန့်ယောင်တို့ ဆရာကြီးများ ငြင်းဆန်ခဲ့ကြပြီး လမ်းလျှောက်ပြန်ဖို့သာ ဆုံးဖြတ်ခဲ့ကြသည်။

ယဲ့ရှောင်ရှောင်က လုဟန်ချွမ်အား မေးမြန်းလိုက်ပါသည်။

“ရှင်အခု စခန်းကို ပြန်တော့မှာလား”

လုဟန်ချွမ်: “မပြန်သေးပါဘူး၊ ရှောင်ရှောင်နဲ့ ခဏလောက် ဆက်နေဦးမယ်”

ထို့နောက် ခေတ္တရပ်တန့်သွားပြီး သူဆက်ပြောလိုက်သည်။

“ကိုယ့်မိဘတွေနဲ့ ရှောင်ရှောင့်မိဘတွေ ညစာအတူတူစားလို့ရမယ့်အချိန်တစ်ခုလောက် ရှာကြရအောင်”

ယဲ့ရှောင်ရှောင် “ကျွန်မတို့က ရပါတယ်၊ ရှင့်အဖေနဲ့အမေတို့က အလုပ်များကြတယ် မဟုတ်ဘူးလား၊ မအားလောက်ဘူးထင်တယ်နော်”

လုဟန်ချွမ် “ရှောင်ရှောင့် မိဘ‌တွေ ရောက်နေတယ်လို့သာ ပြောလိုက်ရင် သူတို့ ကျိန်းသေပေါက် အချိန်ပေးကြမှာပါ”

အချိန်မရှိလျှင်ပင် အချိန်ရှိအောင် လုပ်ကြရပါမည်။

ယဲ့ရှောင်ရှောင် ရယ်ချင်သွားသည်။

“ဒါဆိုလည်း ရှင့်မိဘတွေ အချိန်ဘယ်လောက်ပေးနိုင်မလဲ ကြည့်ရသေးတာပေါ့”

နှစ်သစ်ကူးရက်များတွင် တွေ့ဆုံဖို့ဆိုလျှင်တော့ မဖြစ်နိုင်လှပါ။

နှစ်သစ်ကူးတွင် အခြားသော သာမန်မိသားစုများက အားလပ်နိုင်သော်လည်း အဘိုးလုနှင့် အဘွားလုတို့သည် ပွဲအခမ်းအနားအချို့ကို တက်ရောက်ရပါသည်။ ရာထူးအဆင့်အတန်း ပိုမြင့်မားသည့် အခြားမိသားစုဝင်များဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

လုဟန်ချွမ် ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပြီ”

ထို့နောက် သူမကွယ်ရာတွင် မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့ လက်ဖက်ကြက်ဥများ ခိုးရောင်းနေသည့်အကြောင်းကိုပါ လုဟန်ချွမ်အား ယဲ့ရှောင်ရှောင် ပြောပြခဲ့သည်။

“ရှောင်ရှောင့်မိဘတွေက အလုပ်မရှိဘဲ မနေတတ်ဘူးထင်တယ်နော်”

“ဟုတ်ပါ့၊ ရွာမှာဆို အမေက မနက်မိုးလင်းကစလို့ ညမိုးချုပ်တဲ့အထိ အလုပ်တွေရှုပ်နေတတ်တာ၊ အဖေကတော့ တောင်ပေါ်မှာ ကင်းသွားစောင့်တာ၊ ဒါမှမဟုတ် ပြည်သူ့စစ်စခန်းမှာ လေ့ကျင့်ရေးသွားဆင်းပေးတာတို့ လုပ်တတ်တယ်၊ အခု သူတို့နှစ်ယောက် ပေကျင်းကိုရောက်လာပြီး ဘာမှလုပ်စရာမရှိကြတော့ တစ်ခုခုလိုနေသလို ခံစားရတာ နေမှာပေါ့”

လုဟန်ချွမ် ခေတ္တစဉ်းစားလိုက်သည်။

“ရှောင်ရှောင့်အဖေက ရွာမှာ ပြည်သူ့စစ် တပ်သား‌တွေကို လေ့ကျင့်ပေးတာဆိုတော့ ကိုယ်တို့ စစ်စခန်းမှာ နည်းပြလာလုပ်ဖို့ စိတ်ဝင်စားမလား မသိဘူး”

ယဲ့ရှောင်ရှောင်က ကန့်ကွက်သည်။

“မဖြစ်လောက်ပါဘူး၊ အဖေက စစ်မှုထမ်းဖူးတယ်ဆိုပေမယ့် စစ်တပ်ကနေ အနားယူခဲ့တာ နှစ်ပေါင်းများစွာ ကြာနေပြီ၊ သူက ဘာတွေ သင်ပေးနိုင်မှာမို့လို့လဲ”

လုဟန်ချွမ်က ရှင်းပြသည်။

“ကိုယ်က အဆက်အသွယ်ကို အသုံးချပြီး ဝင်ခိုင်းတာ မဟုတ်ပါဘူး၊ ရှောင်ရှောင့်အဖေရဲ့ တိုက်ပွဲအတွေ့အကြုံတွေနဲ့ဆိုရင် တပ်သားအသစ်တွေရဲ့ နေ့စဉ်လေ့ကျင့်ရေးအတွက် အများကြီး အထောက်အကူပြုနိုင်တယ်လို့ ခံစားမိလို့ပါ”

ယဲ့ရှောင်ရှောင်က ဆင်ခြေပေးသည်။

“အခု အဖေနဲ့ အမေတို့က လက်ဖက်ကြက်ဥရောင်းဖို့ပဲ အားအင်တွေ ပြည့်ဝနေကြတာ၊ ပြီးတော့ အဖေသာ အခြားအလုပ်တစ်ခုရသွားရင် အိမ်မှာအမေတစ်ယောက်တည်း ကျန်ခဲ့မှာပေါ့”

သေသေချာချာစဉ်းစားပြီးနောက် လုဟန်ချွမ်လည်း ထောက်ခံလိုက်ပါသည်။

“ဟုတ်သားပဲ၊ ကိုယ် အဲ့တာကိုပါ ထည့်တွက်ဖို့မေ့သွားတယ်”

ဤသို့ဖြင့် လုဟန်ချွမ်၏အကြံအား ယာယီ ဘေးဖယ်ထားလိုက်ရတော့သည်။

ယဲ့ရှောင်ရှောင်သည် ကျန်နေ့တစ်ဝက်ကို လုဟန်ချွမ်နှင့်အတူတူ ဖြတ်သန်းခဲ့သည်။ တိုတောင်းလှသည့် ခွင့်ရက် ကုန်ဆုံးသွားသောအခါ လုဟန်ချွမ်မှာ စခန်းသို့ ပြန်သွားခဲ့ရပြီး ယဲ့ရှောင်ရှောင်လည်း ကျောင်းသို့ပြန်လာခဲ့ပါသည်။

နိုင်ငံရေးပညာအတန်းချိန်တွင် ယဲ့ရှောင်ရှောင်သည် သူမ၏ အခန်းဖော်များနှင့် အတူထိုင်ခဲ့သည်။

လက်ရှိတွင် ဝမ်ကျောင်း၏ စိတ်အခြေအနေမှာ အလွန်ဆိုးရွားလျက်ရှိသည်။ ဖန့်ခိုင်ရွှမ်နှင့် အပြီးအပြတ် လမ်းခွဲပြီးနောက် ယခုထက်ထိ စိတ်ဒဏ်ရာများကို ခံစားနေရပုံပေါ်ပါသည်။

ဟယ်ကျင်းက သူမကို ဖျောင်းဖျဖို့ ကြိုးစားသည်။

“နင် ဒီတိုင်းပဲ ဆက်သွားနေဦးမယ်ဆိုရင် ပညာရေးကိုပါ ထိခိုက်လာမယ်နော်၊ နင်ဘွဲ့ကော လိုချင်သေးရဲ့လား”

ကျင့်ဟွာတက္ကသိုလ်၏ပညာရေးခရီးလမ်းမှာ အလွန်ခက်ခဲ ကြမ်းတမ်းသည်။ ဝင်ခွင့်စာမေးပွဲ အောင်မြင်ခဲ့လျှင်ပင် တက္ကသိုလ်ကျောင်းသားဘဝ၌ သက်တောင့်သက်သာ နေနိုင်မည်မဟုတ်ပါ။

စာမေးပွဲများကျလျှင် ကျောင်းထွက်ဖို့ အကြံပေးခံရခြင်း သို့မဟုတ် ဘွဲ့လက်မှတ်မရရှိခြင်းတို့ ဖြစ်လာနိုင်သည်။ ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် ဝမ်ကျောင်း၏ အခြေအနေမှာ စိုးရိမ်စရာကောင်းနေပါသည်။

ဝမ်ကျောင်း သက်ပြင်းချလိုက်သည်။

“ငါလည်း ဒီလိုနေချင်ပါ့မလား၊ ငါ့ကိုယ်ငါ ထိန်းချုပ်လို့မှမရတာ ဘယ်တတ်နိုင်မှာလဲ”

ရှားလီက အကြံဝင်ပြုသည်။

“ရည်းစားဟောင်းကိုမေ့ဖို့ အကောင်းဆုံးနည်းလမ်းက ရည်းစားသစ်ရှာလိုက်တာပဲ”

ဝမ်ကျောင်းမှာ ထိုစကားလုံးများကြောင့် အမှန်တကယ် စိတ်ယိုင်သွားသည့်ပုံစံပင်။

“နင် ပြောတာမှန်တယ်”

ထန်ရှို့ရှို့က သတိဝင်ပေးလိုက်သည်။

“နင်တကယ်ကြီး ရည်းစားအသစ်ရှာမလို့တော့ မဟုတ်ပါဘူးနော်၊ ဖန့်ခိုင်ရွှမ်ကို မခံချင်စိတ်ဖြစ်အောင် ရန်စချင်တာ ဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမဲ့မသွားစေနဲ့ဦး”

ဝမ်ကျောင်းက ပြုံးလျက် ပြန်ပြောသည်။

“ငါအဲ့လောက်မတုံးပါဘူး၊ ငါ့ကိုယ်ငါ ဘယ်တော့မှ အရှက်မခွဲဘူး၊ ရည်းစားအသစ်ထားမယ်ဆိုရင်တောင် သူ့ထက် အဆပေါင်းများစွာ ပိုသာတဲ့လူကိုပဲရွေးမှာ”

ထန်ရှို့ရှို့က စကားဖြင့်သာ သတိပေးနိုင်ပြီး ဝမ်ကျောင်း၏ စိတ်ထဲမှ အကြံအစည်များကိုမူ ထိန်းချုပ်နိုင်စွမ်း မရှိချေ။

ထန်ရှို့ရှို့သည် ယဲ့ရှောင်ရှောင်ကို အသာအယာတို့ရင်း မေးလိုက်ပါသည်။

“အခု ဝမ်ကျောင်းရဲ့စိတ်အခြေအနေက ပုံမှန်ပဲလို့နင်ထင်လား”

ယဲ့ရှောင်ရှောင်လည်း ဝမ်ကျောင်းအား လှည့်ကြည့်လိုက်သည်။ ယနေ့ ဝမ်ကျောင်းတစ်ယောက် အလွန်လှလှပပ ဝတ်ဆင်ထားပါသည်။

“ပြဿနာကြီးကြီးမားမားတော့ မရှိပါဘူး၊ အခုချိန်မှာ သူက လမ်းဆုံးဆီ တည့်တည့်တိုးဝင်ချင်နေတာ၊ အဲ့တာကို စောစောစီးစီးနားလည်ပြီး ပညာရေးကို အာရုံပြန်စိုက်နိုင်ပါစေလို့ပဲ ဆုတောင်းရမှာပေါ့”

ထန်ရှို့ရှို့က မှတ်ချက်ပြုသည်။

“သူ့အချစ်ရေးက ကြောက်စရာကောင်းတယ်နော်၊ လူနှစ်ယောက် ချစ်သူတွေဖြစ်နေတဲ့ကာလမှာ ရှေ့ဆက်မတိုးနိုင်ဘူးဆိုရင် သူစိမ်းတွေအဖြစ် ဆက်ရှိနေတာကမှ ပိုကောင်းပါဦးမယ်”

ချစ်သူရည်းစားနှစ်ဦးကြားမှ ရှုပ်ထွေးလှသော ပတ်သက်မှုများအကြောင်းကို မည်သူကမှ အမှန်တကယ် နားလည်နိုင်မည် မထင်ပါ။

ဝမ်ကျောင်းနှင့် ဖန့်ခိုင်ရွှမ်တို့၏ လမ်းခွဲမှုက မသာယာခဲ့လျှင်ပင် သူတို့နှစ်ဦး စတွဲစဉ်က ပျော်ရွှင်မှုနောက် လိုက်ခဲ့ကြဖူးသည်မှာ သေချာပါသည်။

ဝမ်ကျောင်းနှင့် ဖန့်ခိုင်ရွှမ်တို့၏ အရှုပ်တော်ပုံကိစ္စမှာ တဖြည်းဖြည်း နာမည်ကြီးလာခဲ့ပြီး ဌာနတူကျောင်းသားအများစုပင် သူတို့အကြောင်း သိရှိသွားကြတော့သည်။

လွန်ခဲ့သည့် ရက်ပိုင်းများအတွင်း သူတို့နှစ်ဦးစလုံးထံ ရည်းစားစကားလာပြောသူများ ရှိလာခဲ့ပါသည်။

ဖန့်ခိုင်ရွှမ်သည် လတ်တလောတွင် ရည်းစားထပ်ထားဖို့ စိတ်ကူးမရှိသေးပေ။ ဝမ်ကျောင်းလည်း ထိုနည်းလည်းကောင်း ခံစားရပါသည်။

သို့သော် ရှားလီ၏ စကားကြောင့် သူမ အကြံတစ်ခုရသွားခဲ့ပြီး အခြားယောက်ျားလေးများနှင့် ရင်းရင်းနှီးနှီး စတင်ပြောဆိုဆက်ဆံလာခဲ့သည်။

ဖန့်ခိုင်ရွှမ်ထက် အဆပေါင်းများစွာပိုချောမောပြီး ပိုချမ်းသာသည့်လူတစ်ယောက်ကိုရှာပြကာ သူ့အား နောင်တအကြီးကြီး ရအောင်လုပ်ဖို့ ဝမ်ကျောင်း ဆုံးဖြတ်ထားပါသည်။

ကျောင်းတွင် ပါရမီရှင်များက မနည်းပါးလှသော်လည်း ရုပ်ရည်သာမက မိသားစုနောက်ခံကောင်းကောင်းပါရှိသော ကျောင်းသားများကမူ အလွန်ရှားပါးသည်။

ဝမ်ကျောင်းသည် လက်ရှိသူမကို ပိုးပန်းနေသည့် ကောင်လေးများအား သဘောမကျဘဲ သူမကိုယ်တိုင် ရွေးချယ်ထားသည့် လူတစ်ယောက် ရှိနေပါသည်။

“ရှောင်ရှောင်၊ ချောင်းယွင်ဟူဆိုတဲ့ တစ်ယောက်ကို နင်သိလား”

ယဲ့ရှောင်ရှောင်အား ဝမ်ကျောင်း တီးတိုး မေးမြန်းလိုက်သည်။

ယဲ့ရှောင်ရှောင်သည် လက်ရှိတွင် ချောင်းယွင်ဟူနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေခြင်းမဟုတ်ဘဲ လမ်းတွေ့လျှင် နှုတ်ဆက်ရုံအဆင့်သာ ရှိပါသည်။

ယဲ့ရှောင်ရှောင် “အေး သိတယ်”

ဝမ်ကျောင်းက အကူအညီတောင်းသည်။

“ငါလည်း ချောင်းယွင်ဟူနဲ့ ရင်းနှီးချင်တယ်၊ ငါ့ကို ကူညီပေးပါလား”

ယဲ့ရှောင်ရှောင် ကြောင်စီစီဖြစ်သွားသည်။

“ငါက ဘယ်လိုကူညီပေးရမှာလဲ

ဝမ်ကျောင်း “ငါတို့တွေအကုန်လုံး အပြင်သွားတဲ့အခါကျရင် သူ့ကိုပါခေါ်လာပေးလေ”

ယဲ့ရှောင်ရှောင် သေချာစဉ်းစားကာ ပြန်မေးလိုက်သည်။

“ငါသူ့ကို ခေါ်ထုတ်လာနိုင်ပြီပဲ ထားပါဦး၊ ဒီအဖွဲ့ထဲမှာ သူသဘောကျမယ့်လူက နင် ဖြစ်မယ်လို့ တပ်အပ်ပြောနိုင်ပါ့မလား”

ယဲ့ရှောင်ရှောင်သည် မိမိကိုယ်ကိုယ် ဂုဏ်ဖော်နေခြင်း မဟုတ်သော်လည်း သူမတွင် ‘လရောင်ဖြူ’ရောင်ဝါလေး ရှိနေသည်ကိုတော့ ငြင်းဆန်မရပေ။

ဝမ်ကျောင်းတစ်ယောက် တိတ်ဆိတ်သွားခဲ့ရသည်။

ချောင်းယွင်ဟူသည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရသည်ကို သဘောမကျမှန်းသာ ဝမ်ကျောင်း သိမထားပါက ယဲ့ရှောင်ရှောင်ထံသို့ ယခုလို အကူအညီလာတောင်းမိမည် မဟုတ်ချေ။

သို့သော်လည်း ယခုသေချာပြန်စဉ်းစားကြည့်ခါမှ သူမ၏ အစီအစဉ်တွင် ဟာကွက်အချို့ အမှန်တကယ် ရှိနေခဲ့ပါသည်။

“ချောင်းယွင်ဟူက ငါ့ကိုမကြိုက်ဘဲ နင့်ကိုစိတ်ဝင်စားသွားနိုင်ခြေရှိတာတော့ ဟုတ်တယ်…”

ဘေးမှ ရှားလီက ဝါးလုံးကွဲ ရယ်မောလိုက်ပါသည်။

“ငါတို့ကျောင်းမှာ ရှောင်ရှောင့်ကို စိတ်မဝင်စားတဲ့လူဆိုတာ ရှိလို့လား၊ အခု ငါတို့စာသင်ခန်းထဲက ယောက်ျားလေးတွေ အကုန်လုံးကိုစုပြီး မဲပေးခိုင်းလိုက်မယ်ဆိုရင်တောင် ရှောင်ရှောင့်ကို သဘောကျတဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို အသာလေး ဆွဲထုတ်လာလို့ရတယ်”

All Chapters