အခန်း ၂၁၈
Vol. 22 Ch. 218
📗 Chapter 218
ဝမ်ကျောင်းက ရှားလီကို မျက်စောင်းလှမ်းထိုးလိုက်သည်။
“နင့်အမြင်ကို ဘယ်သူမေးနေလို့လဲ”
ရှားလီကလည်း မကြောက်မရွံ့ဘဲ ပြန်ပြောသည်။
“တစ်ယောက်ယောက်ကို ပိုးပန်းချင်တယ်ဆိုရင် ကိုယ်တိုင်ကြိုးစားအားထုတ်ရမှာပေါ့၊ နင့်ကိုယ်စား သူ့ကို ဖိတ်ပေးဖို့ ရှောင်ရှောင့်ကို ကြားခံအကူအညီတောင်းတော့ ဘာအကျိုးရှိမှာလဲ၊ သတ္တိရှိရှိနဲ့ ကိုယ်တိုင် လှုပ်ရှားလိုက်စမ်းပါ”
ဝမ်ကျောင်းက ချေပသည်။
“အရင်က ငါ့ကို သူများတွေ လာပိုးပန်းခဲ့ဖူးတာပဲရှိတယ်၊ ငါ့ဘက်က ပိုးပန်းဖူးတယ်ဆိုတာ လုံးဝမရှိဘူး”
ရှားလီက ကျီစယ်စွာ ပြောလိုက်သည်။
“အဲ့တာဆိုရင်တော့ ချောင်းယွင်ဟူကို နင်အဲ့လောက်ကြီး သဘောမကျဘူးထင်ပါတယ်၊ ဒါမှမဟုတ် နင်စကား သွားမပြောရဲတာပဲလား”
ဝမ်ကျောင်းက စားပွဲကို ရိုက်လျက် ပြောလိုက်သည်။
“သူ့ကို စကားသွားမပြောရဲဘူးလို့ ဘယ်သူပြောလို့လဲ!”
ရှားလီ၏ စိန်ခေါ်စကားကိုကြားပြီး ဝမ်ကျောင်းမှာ ရုတ်တရက် အားအင်များပြည့်ဝကာ မတ်တပ်ထရပ်လိုက်လေသည်။
သူမ၏ ရုတ်ခြည်းဆန်သော အပြုအမူကြောင့် ယဲ့ရှောင်ရှောင်ပင် လန့်ဖျပ်သွားရပါသည်။
ချောင်းယွင်ဟူထံသို့ ဝမ်ကျောင်း တန်းတန်းမတ်မတ် လျှောက်သွားသည်ကို အားလုံးမြင်လိုက်ရသည်။
ရှားလီလည်း မှင်သက်သွားခဲ့ရလေသည်။
“သူတကယ်ကြီး သွားပြောတော့မှာလား၊ သူအငြင်းခံရရင် ငါ့ကို အပြစ်လာမတင်လောက်ပါဘူးနော်၊ ငါက ဒီတိုင်း နောက်လိုက်တာပါ”
ဟယ်ကျင်းက သူတို့ပြဿနာများကို အာရုံသိပ်မထားသော်လည်း ရှားလီ၏ စကားကိုကြားပြီး ဝင်ပြောလိုက်ပါသည်။
“အငြင်းတော့မခံရလောက်ပါဘူး၊ ဝမ်ကျောင်းက လှပြီးသားပဲဥစ္စာ”
ချောင်းယွင်ဟူရှေ့သို့ ဝမ်ကျောင်း ရောက်ရှိသွားခဲ့သည်။
ချောင်းယွင်ဟူ ခေါင်းမော့ကြည့်လိုက်ရာ မမြင်ဖူးသည့် အတန်းဖော်တစ်ယောက် သူ့ရှေ့တွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရပါသည်။ သို့မဟုတ် မြင်ဖူးသော်လည်း ဂရုမစိုက်ခဲ့သဖြင့် မမှတ်မိခြင်းလည်း ဖြစ်နိုင်သည်။
“အတန်းဖော် ချောင်းယွင်ဟူ၊ လာမယ့်ပိတ်ရက်ကျရင် အားလားဟင်၊ ရုပ်ရှင်အတူတူသွားကြည့်ဖို့ ဖိတ်ချင်လို့ပါ”
မိန်းကလေးတစ်ဦး၏ နှုတ်မှ ထိုစကားမျိုး ပြောဆိုနေခြင်းမှာ ရည်းစားစကားပြောခြင်းနှင့် ညီမျှပါသည်။
ချောင်းယွင်ဟူ မျက်မှောင်ကြုတ်သွားခဲ့သည်။
“ငါကနင်နဲ့ ဘာလို့ ရုပ်ရှင်သွားကြည့်ရမှာလဲ”
ဝမ်ကျောင်းသည် မခံချင်စိတ်ဖြင့် ဤကဲ့သို့ စိတ်လိုက်မာန်ပါ လုပ်လိုက်ရခြင်းသာဖြစ်ပြီး ချောင်းယွင်ဟူ၏ အေးစက် တည်ငြိမ်သော မေးခွန်းကို ကြားသောအခါ မည်သို့တုံ့ပြန်ရမှန်းမသိဘဲ လျှာလိပ်သွားခဲ့သည်။
“ငါ… ဟို…”
ချောင်းယွင်ဟူ ခေါင်းပြန်ငုံ့သွားသည်။
“ကျောက်သင်ပုန်းကို မကာပါနဲ့”
ဝမ်ကျောင်းတစ်ယောက် ရှက်လည်းရှက်၊ ဒေါသလည်းထွက်သွားပြီး ခြေဆောင့်ကာ သူမထိုင်ခုံသို့ ဒေါကြီးမောကြီး ပြန်သွားလေတော့သည်။
ချောင်းယွင်ဟူ၏ အဆောင်အခန်းဖော်က ဂနာမငြိမ်ဘဲ ချောင်းယွင်ဟူကို လက်တို့ကာ ပြောလိုက်သည်။
“သူဘယ်သူလဲဆိုတာ မင်းမသိဘူးလားကွ၊ အဲ့တာ ငါတို့မေဂျာမှာ အလှဆုံးကောင်မလေးပဲ! ဟိုတလောကမှ ဖန့်ခိုင်ရွှမ်နဲ့လမ်းခွဲထားတာ၊ မင်းဘာလို့ ချက်ချင်းကြီး ငြင်းပစ်လိုက်ရတာလဲ”
ချောင်းယွင်ဟူက အသက်မပါစွာ ပြန်ဖြေလိုက်သည်။
“ငါအဲ့လို မိန်းကလေးမျိုးကို မကြိုက်ဘူး”
အခန်းဖော်က စိတ်ဝင်တစား ထပ်မေးလိုက်သည်။
“အဲ့တာဆို မင်းက ဘယ်လိုမိန်းကလေးမျိုးကို ကြိုက်တာလဲ၊ ယဲ့ရှောင်ရှောင်လို မိန်းကလေးမျိုးလား၊ စိတ်တော့ မကောင်းစရာပဲ၊ သူ့မှာ ထူးခြားဆန်းပြားတဲ့ ကောင်လေးတစ်ယောက် ရှိပြီးသားတဲ့”
ထိုစကားကိုကြားပြီး စာရေးနေသည့် ချောင်းယွင်ဟူ၏လက် ခေတ္တရပ်တန့်သွားရသည်။
ယဲ့ရှောင်ရှောင်၏ကောင်လေး မည်သူမည်ဝါဖြစ်မှန်း သူသိထားပြီးပါပြီ။ စစ်တပ်ဝင်းထဲတွင် ပွက်လောရိုက်သွားသည့် ကိစ္စဖြစ်၍ လျစ်လျူရှုထားဖို့ပင် ခဲယဉ်းသည်။
သူ့ရင်ထဲမှ ခံစားချက်ကို အတိအကျ ထုတ်မပြောနိုင်သော်လည်း မပျော်ရွှင်သည့် ခံစားချက်တစ်ခု ဖြစ်မှန်းတော့ သေချာပါသည်။
အခန်းဖော်က ချောင်းယွင်ဟူ၏ပခုံးကို ပုတ်လျက် နှစ်သိမ့်ပေးလိုက်ပါသည်။
“ငါ ကိုယ်ချင်းစာပါတယ်ကွာ၊ နှမြောစရာပဲ၊ နတ်သမီးလေးလို လှတဲ့ အဲ့လိုကောင်မလေးမျိုးတွေက ငါတို့လို သာမန်လူသားတွေ ကပ်လို့ရတဲ့ အမျိုးအစားမဟုတ်ဘူး”
ကျောင်းတွင် ချောင်းယွင်ဟူ၏ မိသားစုနောက်ခံ အစစ်အမှန်အကြောင်းကို မည်သူမှ မသိကြပေ။ ထို့ကြောင့် အခန်းဖော်၏ရွှတ်နောက်နောက်စကားများကို သူလျစ်လျူသာ ရှုထားခဲ့ပါသည်။
ဝမ်ကျောင်းတစ်ယောက် အရှုံးကြီးရှုံးကာ ပြန်လည်ဆုတ်ခွာလာခဲ့ရသည်။ ထိုင်ခုံသို့ ပြန်ရောက်လာသည့်တိုင်အောင် ဒေါသဖြင့် အံတကြိတ်ကြိတ်ဖြစ်နေမှန်း လူတိုင်းမြင်နိုင်ပါသည်။
“ချောင်းယွင်ဟူ လက်မခံတာနဲ့ပဲ ဒေါသထွက်စရာမလိုပါဘူးအေ၊ သူက နဂိုကတည်းက စိတ်ဓာတ်ကောင်းမယ့်ပုံလည်း မပေါ်ဘူး၊ နင်တို့နှစ်ယောက်သာတွဲဖြစ်သွားရင် နေ့တိုင်း သတ်ပုတ်နေရမှာ သေချာတယ်”
ရှားလီ၏ နှစ်သိမ့်စကားသည် ရင်ထဲမှ သိပ်မပါလှပေ။
ဝမ်ကျောင်းတစ်ယောက် စိတ်လွတ်ကာ ထပေါက်ကွဲတော့မည့်ပုံစံမျိုးဖြစ်နေသဖြင့် ရှားလီအား ပါးစပ်ပိတ်ထားရန် ယဲ့ရှောင်ရှောင် အချက်ပြလိုက်ရပါသည်။
ဝမ်ကျောင်းအသက်ဝဝရှူလိုက်ပြီး ရုတ်တရက်ပြောလိုက်သည်။
“ငါ ဒီနေ့ အတန်းဆက်မတက်တော့ဘူး”
ထို့နောက် စာသင်ခန်းထဲမှ တစ်ယောက်တည်း ထွက်သွားလေတော့သည်။
ရှားလီက တီးတိုး ရေရွတ်သည်။
“သူတကယ်ကြီး အတန်းတွေတောင် ပြေးနေပြီပဲ”
ယဲ့ရှောင်ရှောင် “သူ့ဖာသာသူ တစ်ယောက်တည်း စိတ်ဖြေပါစေဦး”
ထိုစိတ်အခြေအနေဖြင့် စာသင်ခန်းထဲတွင် လာထိုင်နေလျှင်လည်း စာကိုအာရုံစိုက်နိုင်မည် မဟုတ်ပေ။
ဝမ်ကျောင်းတစ်ယောက် အချစ်ရေးတွင် ဆက်တိုက်ဆိုသလို စိတ်ဒဏ်ရာများ ရရှိခဲ့ပါသည်။
အခန်းဖော်များက သူမ၏ စိတ်အခြေအနေအတွက် စိတ်ပူပေးနေစဉ်မှာပင် ဝမ်ကျောင်းက မျှော်လင့်မထားသည့် သတင်းတစ်ခုကို ပါးခဲ့သည်။
သူမ ရည်းစားအသစ်ရရှိသွားပြီဟူသည့် သတင်းပင်။
“နင်တို့ကော နင်တို့ကောင်လေးတွေနဲ့ အဆင်ပြေကြလား၊ မနက်ဖြန်ကျရင် အားလုံးအတူတူ လျှောက်လည်ရအောင်လေ၊ ငါ့ကောင်လေးနဲ့လည်း မိတ်ဆက်ပေးချင်သေးတယ်”
ယဲ့ရှောင်ရှောင် “မနက်ဖြန် ငါသွားစရာရှိလို့ လိုက်လို့ရမှာမဟုတ်ဘူး”
သူမ အမှန်တကယ် မအားပေ။
ယခင်က ရမ်သဲ့ထန်တွင် လာပြဖူးသည့် လူနာတစ်ဦးကို မနက်ဖြန် ချိန်းဆိုထားခြင်းကြောင့် ဆရာဝန်တစ်ဦးအနေဖြင့် သူမ ကတိဖျက်၍ မရပေ။
ဝမ်ကျောင်းက မကျေမနပ် ပြောလိုက်သည်။
“နည်းနည်းနောက်ဆုတ်လို့ရတဲ့ ကိစ္စမဟုတ်ဘူးလား”
ယဲ့ရှောင်ရှောင် အမှန်အတိုင်း ပြောလိုက်ပါသည်။
“အရမ်းအရေးကြီးတဲ့ ကိစ္စမို့လို့ ရွှေ့ဆိုင်းလို့ မရလို့ပါ”
ထန်ရှို့ရှို့ကလည်း ဝင်ပြောသည်။
“ငါလည်းမအားဘူးနော်၊ နင်က အခုမှလာပြောတာကိုး၊ မနက်ဖြန် ငါလည်း လိုက်နိုင်မှာ မဟုတ်ဘူး”
ဝမ်ကျောင်း မျက်လုံးပြူးသွားပြီး ကျန်အခန်းဖော်များကို လှည့်ကြည့်လိုက်သည်။ လူတိုင်း ငြင်းဆန်နေမည်ဆိုလျှင် သူမ အမှန်တကယ် ထငိုမိလောက်ပါသည်။
လီမိန့်ရူက အချိန်ပိုင်းအလုပ်ရှိ၍ မအားလပ်မှန်းသေချာသဖြင့် ဝမ်ကျောင်းအား ခေါင်းသာခါပြလိုက်ပါသည်။
အခြားအခန်းဖော်များက ငြင်းဆန်နေကြသဖြင့် ဟယ်ကျင်းလည်း မသွားချင်ပေ။ သို့သော် ဝမ်ကျောင်း၏ စိတ်ဓာတ်ကျနေသော မျက်နှာလေးကိုမြင်ပြီး သူမ စိတ်အနည်းငယ် ပျော့သွားရပါသည်။
“ငါတော့ ထွေထွေထူးထူးလုပ်စရာမရှိလို့ နည်းနည်းအားပါတယ်”
ဝမ်ကျောင်း ချက်ချင်း ပျော်ရွှင်သွားသည်။
“အဲ့တာဆို နင်လိုက်ခဲ့နော်၊ နင့်ကောင်လေးကိုပါခေါ်ခဲ့”
ထို့နောက် အဆောင်တွင် အလုပ်မရှိဆုံး ရှားလီတစ်ယောက်တည်းသာ ကျန်တော့သည်။ သူမသည် မည်သည့် အသင်းအဖွဲ့ကိုမှ ဝင်ထားခြင်းမရှိသလို ကောင်လေးလည်းမရှိပေ။ ထို့အပြင် အချိန်ပိုင်းအလုပ်လည်း မလုပ်ပါ။
ကျောင်းတွင်ရှိနေလျှင် ကန်တင်းနှင့် စာကြည့်တိုက်တို့ကိုသာ ခေါက်တုံ့ခေါက်ပြန်သွားနေတတ်ပါသည်။
ဝမ်ကျောင်းက ရှားလီအား လှည့်ကြည့်ရင်း ရက်ရောသော လေသံဖြင့် ဆိုလိုက်ည်။
“နင်လည်း လိုက်ခဲ့လို့ရတယ်နော်၊ နင့်မှာကောင်လေးမရှိပေမယ့် ငါတို့ မနှိမ်ပါဘူး”
ရှားလီမှာ ဒေါသထွက်လွန်းသဖြင့် ရယ်မောမိသည်။
“ဟား၊ နင်က ငါ့ကို နှိမ်ချင်သေးတယ်ပေါ့၊ ကောင်လေးရှိတာက ထုတ်ကြွားလို့ရလောက်အောင် အရမ်းကြီးကျယ်နေတဲ့ ကိစ္စမို့လို့လား၊ ငါလည်း မလိုက်ချင်ပါဘူး”
ဟယ်ကျင်းက အမြန်ကြားဝင်ဖျန်ဖြေပေးလိုက်ရဿည်။
“ကဲပါ ကဲပါ၊ ဝမ်ကျောင်းက အဲ့လိုသဘောမျိုး ပြောတာ မဟုတ်ပါဘူး၊ သူက နင့်ကို အတူတူလိုက်ခဲ့ဖို့ ဒီတိုင်း သဘောရိုးနဲ့ ခေါ်တာပါ”
ဟယ်ကျင်းကိုမူ ရှားလီ ချိုချိုသာသာ ပြောလိုက်သည်။
“နင်တို့အကုန်လုံးက အတွဲတွေနဲ့လေ၊ ငါလိုက်လာရင် တစ်ယောက်တည်း သနားစရာပုံစံလေး ဖြစ်နေမှာပေါ့၊ မလိုက်ချင်ပါဘူး”
ဝမ်ကျောင်းက နှာခေါင်းရှုံ့လျက် ပြောသည်။
“မလိုက်ချင်လည်း မလိုက်နဲ့ပေါ့၊ မလိုက်တဲ့လူတွေအားလုံး မျက်စိအစာကျွေးစရာနဲ့ လွဲမှာပဲ”
ရှားလီက ပိုပိုကဲကဲမျက်နှာမျိုး လုပ်ပြလိုက်သည်။
“ဝါး… နင်က ဧကရာဇ်မင်းကြီးတွေ ဘာတွေများ ရထားတာလား၊ ငါတို့အားလုံး အခစားဝင်မှ ဖြစ်မှာလား”
ဝမ်ကျောင်းက ချေပသည်။
“ဟွန်း! ငါ့ကောင်လေးက မင်းသားတွေထက်တောင် ပိုချောတယ်ဆိုတာပဲ ပြောနိုင်မယ်၊ ဒီတစ်ခါ လွဲသွားရင် သူ့ကို နောက်တစ်ခါတွေ့ရဖို့ မလွယ်ဘူးနော်”
ထိုစဉ် လီမိန့်ရူက ရှားရှားပါးပါး စကားဝင်ပြောလိုက်ပါသည်။
“သူက ငါတို့တက္ကသိုလ်က မဟုတ်ဘူးလား”
ဝမ်ကျောင်းကလည်း ထိုမေးခွန်းကို စောင့်မျှော်နေခြင်းပင်။ သူမ ခေါင်းမော့ရင်ကော့လျက် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
“အနုပညာတက္ကသိုလ်မှာ ဂီတမေဂျာတက်နေတဲ့ ကျောင်းသားတစ်ယောက်ပဲ၊ အနာဂတ်မှာ အဆိုတော်ဖြစ်လာပြီး အယ်လ်ဘမ်တွေထုတ်၊ ဖျော်ဖြေပွဲတွေ ကျင်းပရမယ့်လူမျိုးပေါ့”
အလှအပကြည့်တတ်သည့် ဝမ်ကျောင်း၏အမြင်ကို ရှားလီ လေးစားပါသည်။ သို့သော် သူမ၏ ဉာဏ်ရည်အတွက်တော့ ရှားလီ အနည်းငယ် စိုးရိမ်မိသည်။
“အလိမ်လည်း ခံနေရပါဦးမယ်”
“ဘာမှ အလိမ်မခံရဘူး၊ နင်က သက်သက်မဲ့ မနာလိုဖြစ်နေတာ”
ယဲ့ရှောင်ရှောင်နှင့် ထန်ရှို့ရှို့တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဤအဆောင်တွင် ဆက်နေ၍ မဖြစ်တော့ကြောင်း တိတ်တဆိတ် သဘောတူလိုက်ကြပါသည်။
အပြင်သို့ရောက်သောအခါ ယဲ့ရှောင်ရှောင်က မေးသည်။
“သူတို့ အမြဲတမ်း အဲ့လို စကားများနေကျလား”
စာအုပ်ယူဖို့ အဆောင်သို့ ခေတ္တပြန်လာခဲ့ခြင်းကြောင့်သာမဟုတ်လျှင် သူမတို့၏ စကားတိုက်ပွဲကို ယဲ့ရှောင်ရှောင် မြင်ခဲ့ရမည် မဟုတ်ပါ။
ထန်ရှို့ရှို့ ခေါင်းညိတ်လိုက်သည်။
“နင်အဆောင်ကနေ ပြောင်းသွားတာ မှန်ကန်တဲ့ ရွေးချယ်မှုပဲ”
ယဲ့ရှောင်ရှောင် “…”
သူမ၏ အတန်းဖော်များနှင့် ဝမ်ကျောင်း၏ ကောင်လေးတို့ တွေ့ဆုံသည့်အခါ မည်သည့်ပုံစံမျိုးဖြင့် အဆုံးသတ်သွားမည်ကို ယဲ့ရှောင်ရှောင် မသိသော်လည်း နောက်တစ်နေ့မနက်စောစောတွင် ရမ်သဲ့ထန်သို့ စောစီးစွာ သွားရောက်ခဲ့ပါသည်။
ယနေ့ ရောဂါအခြေအနေ ပြန်လည် လာရောက်ပြသမည့် လူနာမှာ အရေပြားရောဂါခံစားနေရသော လျို့ရွှယ့်လျန်ပင် ဖြစ်သည်။
လျို့ရွှယ်လျန်သည် ယဲ့ရှောင်ရှောင် ပေးထားသည့် ဆေးညွှန်းအတိုင်း မှီဝဲခဲ့သည်မှာ လအနည်းငယ် ကြာပါပြီ။ လစဉ်လတိုင်းလည်း ဆေးညွှန်းကို လိုအပ်သလို ပြောင်းလဲချိန်ညှိခဲ့ရသည်။
ယခုတစ်ခေါက် လျို့ရွှယ့်လျန် ရောက်ရှိလာသောအခါ သူမ၏ အရေပြားအခြေအနေ သိသိသာသာ တိုးတက်နေပြီ ဖြစ်မှန်း ယဲ့ရှောင်ရှောင် မြင်နိုင်ပါသည်။
သူမလက်ပေါ်ရှိ အဖြူရောင်အကွက်များမှာ သတိပင် မထားမိနိုင်လောက်အောင် ပျောက်ကွယ်နေပြီဖြစ်သည်။
ခန္ဓာကိုယ်ပေါ်ရှိ အကွက်ကြီးများမှာလည်း တဖြည်းဖြည်း သေးငယ်သွားခဲ့သည်။ ယခင်က လူကြားထဲ မသွားရဲသည့် အခြေအနေနှင့် နှိုင်းယှဉ်လိုက်လျှင် ဤသည်မှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုဟုပင် သတ်မှတ်နိုင်ပါသည်။
အရေးအကြီးဆုံးမှာ ရာသီသွေးပြန်လည်မှန်ကန်လာသဖြင့် စိတ်အခြေအနေကလည်း သိသိသာသာ ကောင်းမွန်လာခဲ့ပြီး ယခင်ကကဲ့သို့ စိတ်ဆတ်လွယ်ခြင်း မရှိတော့ချေ။
“ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာယဲ့ရယ်၊ အစ်မဘဝကို မင်းတကယ် ကယ်တင်ပေးခဲ့တာပဲ”
အရေပြားရောဂါကြောင့် မိမိကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးပြီး သိမ်ငယ်စိတ်များဖြင့် ရှင်သန်ခဲ့ရသည့် ကာလမျာကို ပြန်လည်တွေးတောရင်း လျို့ရွှယ့်လျန်၏ ရင်ထဲ ယဲ့ရှောင်ရှောင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိတော့သည်။
ယဲ့ရှောင်ရှောင်က ဆရာဝန်ပီပီ ပြန်ပြောခဲ့သည်။
“ကျွန်မကို ကျေးဇူးတင်စရာမလိုပါဘူးရှင်၊ ကျွန်မတို့ရဲ့ဆေးပညာကို အားကိုးပြီး ရောက်လာတဲ့ လူနာတစ်ယောက်ကို အကောင်းဆုံးဖြစ်အောင် ကုသပေးရမှာ ကျွန်မတို့ရဲ့ တာဝန်ပါပဲ”
လျို့ရွှယ့်လျန်က အနည်းငယ် မျက်နှာပူစွာ ပြောလိုက်သည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင်လေ… အစပိုင်းမှာ ဒေါက်တာယဲ့ကို မြင်မြင်ချင်း အရမ်းငယ်လွန်းနေတော့ မျှော်လင့်ချက် သိပ်မထားဘဲ ဒီတိုင်းနောက်ဆုံးအကြိမ် ကြိုးစားကြည့်တဲ့အနေနဲ့ ကုသလိုက်တာပါ၊ အခုတော့ ဒေါက်တာယဲ့ရဲ့ အစွမ်းအစကို သိမြင်ခဲ့ရလို့ ကျွန်မရဲ့အမြင်တွေလည်း တကယ်ပြောင်းလဲသွားခဲ့ပါပြီ”