← Chapters

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း ၂၁၉

Vol. 22 Ch. 219

📗 Chapter 219

လျို့ရွှယ့်လျန် “ဒေါက်တာယဲ့နဲ့ မိတ်ဆက်ပေးချင်တဲ့ လူနာတချို့ အစ်မမှာ ရှိတယ်သိလား၊ ဥပမာ အစ်မရဲ့ ယောက်မဆိုရင်လည်း နာတာရှည်ရောဂါတစ်ခု ခံစားနေရတာ၊ ဒါပေမယ့် သူက တရုတ်တိုင်းရင်းဆေးပညာကို အယုံအကြည်မရှိဘူး၊ အခု အစ်မရဲ့ အရေပြားရောဂါအခြေအနေကို မျက်မြင်တွေ့ပြီးမှ သူလည်း စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာလေ”

ယဲ့ရှောင်ရှောင်သည် ဆေးကုသမှုခံယူချင်နေသည့် လူနာများအား ငြင်းဆန်စရာအကြောင်းမရှိပေ။

“ရပါတယ်၊ သူ့ကို ခေါ်လာလို့ရတယ်၊ ရမ်သဲ့ထန်က ဆရာဝန်ကြီးတွေအားလုံးက အတွေ့အကြုံရှိတဲ့ ဝါရင့် ဆရာကြီးတွေပါပဲ၊ ကျွန်မ မရှိရင်တောင် သူ့ကို စမ်းသပ်ပေးမယ့် တခြားဆရာဝန်တွေ အများကြီးရှိတယ်”

လျို့ရွှယ့်လျန်က တောင်းဆိုသည်။

“အစ်မကတော့ ဒေါက်တာယဲ့ကိုပဲ အားကိုးချင်တယ်”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

“ကျွန်မနဲ့ လာပြလို့ ရတော့ရပါတယ်၊ ဒါမေပယ့် ကျွန်မက ကျောင်းတက်နေရတာဆိုတော့ အချိန်အများကြီး ပေးနိုင်မှာ မဟုတ်ဘူး”

လျို့ရွှယ့်လျန်က မေးသည်။

“ဒေါက်တာယဲ့က ဘယ်ကျောင်းမှာ တက်နေတာလဲ”

“ကျင့်ဟွာတက္ကသိုလ်ပါ”

“ဘုရား၊ အဲ့တာ တို့နိုင်ငံမှာ အကောင်းဆုံးတက္ကသိုလ်ပဲ မဟုတ်လား!”

လျို့ရွှယ့်လျန်က ပိုပိုကဲကဲ ပြောဆိုလိုက်သည်။

“အစ်မရဲ့ ကလေးသာ ကျင့်ဟွာတက္ကသိုလ်မှာ တက်ခွင့်ရမယ်ဆိုရင် အစ်မတို့ရဲ့ ဘိုးဘေးတွေတောင် အသက်ပြန်ရှင်လာပြီး ဂုဏ်ပြုလောက်တယ်”

ယဲ့ရှောင်ရှောင် ပြုံးသွားသည်။

“အစ်မလျို့ရဲ့ ကလေးကလည်း မညံ့လောက်ပါဘူး”

လျို့ရွှယ့်လျန်လည်း ထိုကဲ့သို့ ချီးကျူးစကားမျိုး ကြားရသည်ကို အလွန်နှစ်သက်လှပေသည်။

သူမတွင် သမီးတစ်ယောက်တည်းသာရှိပြီး နောက်ပိုင်း ကိုယ်ဝန်ခဏခဏ ပျက်ကျခဲ့သဖြင့် ကလေးထပ်မယူဖြစ်ခဲ့ချေ။ သို့သော်လည်း သမီးလေးတစ်ယောက် ရှိနေခြင်းကိုပင် အလွန်ကျေနပ် တင်းတိမ်ပြီး မည်သည့်နောင်တမှ မရှိခဲ့ပေ။

လျို့ရွှယ့်လျန်သည် ဆေးညွှန်းအသစ်ကို ရရှိလိုက်ပြီးနောက် ယဲ့ရှောင်ရှောင်ကို အနှောင့်အယှက် ထပ်မပေးချင်တော့သဖြင့် နှုတ်ဆက်ကာ ပြန်လာခဲ့ပါသည်။

ပထမတော့ လျို့ရွှယ့်လျန် ပြောသွားသည့် လူနာအသစ်အကြောင်းကို ယဲ့ရှောင်ရှောင် အာရုံသိပ်မစိုက်ခဲ့ပါ။

သို့သော် တစ်ပတ်ခန့်ကြာပြီးနောက် လျို့ရွှယ့်လျန်က ယောက်မဖြစ်သူကို ‌ခေါ်ဆောင်ပြီး အမှန်တကယ် ရောက်ချလာပါသည်။

ယဲ့ရှောင်ရှောင်ကို မြင်လိုက်သည်နှင့် ယောင်းမဖြစ်သူက မယုံသင်္ကာ မေးလိုက်သည်။

“ယောင်းမ၊ တကယ်အဆင်ပြေပါ့မလား၊ ဆရာဝန်က ငယ်မယ့်ပုံပဲနော်၊ ငါပြချင်တာက မီးယပ်ပြဿနာလေ”

လျို့ရွှယ့်လျန်က ဆိုသည်။

“အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ အရင်ဆုံး ပြကြည့်ပြီးမှ ဝေဖန်စမ်းပါ၊ ဆေးရုံမှာ အမျိုးသားဆရာဝန်နဲ့ ပြတုန်းကတောင် နင်ကြောက်တာ မဟုတ်ဘဲနဲ့၊ အခုကျမှ ငါတို့ဒေါက်တာယဲ့ကို အသက်ငယ်လွန်းတယ်ဆိုပြီး လာဝေဖန်နေတာလား”

ရှောင်းရုက တိုးတိုးလေး ညည်းတွားသည်။

“စကားပြောရမှာ နည်းနည်း မျက်နှာပူလို့ပါ”

ဆရာဝန်က ငယ်လွန်းသေးသဖြင့် လူကြီးများခံစားရသည့် ဝေဒနာများကို နားလည်နိုင်ပါ့မလားဟူ၍ သူမ စိတ်ပူနေခြင်းပင်။

ဖုန်းဖြင့် အကြောင်းကြားခံရပြီးနောက် ရမ်သဲ့ထန်သို့ ယဲ့ရှောင်ရှောင် အလျင်အမြန် ရောက်ရှိလာခဲ့ပါသည်။

ရှောင်းရုသည် အသက် ၃၀ ပင် ပြည့်သေးပုံမပေါ်ဘဲ ဖက်ရှင်ကျကျ ဝတ်ဆင်ထားကာ လက်ပေါ်တွင်လည်း တန်ဖိုးကြီးသည့် လက်ပတ်နာရီတစ်လုံးကို ပတ်ထားပါသည်။

ယဲ့ရှောင်ရှောင် သူမကို ထိုင်ဖို့ ဖိတ်ခေါ်လိုက်သည်။

ရှောင်းရု၏ သွေးခုန်နှုန်းကို စမ်းသပ်ပေးပြီးနောက် ယဲ့ရှောင်ရှောင် ရှင်းပြလိုက်ပါသည်။

“ဘာမှရှက်စရာမလိုပါဘူး၊ အစ်မရဲ့ ရောဂါက ကုရတာလွယ်တယ်၊ မီးယပ်ဝူလင်းဆေးလုံးတွေ သောက်ဖို့ ကျွန်မ ဆေးညွှန်းရေးပေးလိုက်မယ်၊ ဆေးညွှန်းအတိုင်း မှန်မှန် မှီဝဲရင် အစ်မခံစားနေရတဲ့ ဝေဒနာက ခဏလေးနဲ့ ပျောက်သွားမှာပါ”

တရုတ်တိုင်းရင်းဆေးဝါးများက အာနိသင်ပြနှေးသည်ဟု ပြောလေ့ရှိကြသော်လည်း ရောဂါနှင့် ဆေးညွှန်း ကိုက်ညီမှု ရှိပါက တစ်ခွက်သောက်သုံးရုံနှင့် ရလဒ်ကို မြင်နိုင်ပါလိမ့်မည်။

ရှောင်းရု ခေါင်းညိတ်သည်။

“ဟုတ်ကဲ့ ကျေးဇူးပါ ဒေါက်တာ၊ ဒါပေမယ့် ဒီဆေးကို ကျိုစပ်တာတွေဘာတွေ လုပ်ဖို့လိုသေးလား၊ အစ်မက အလုပ်ကိစ္စနဲ့ မကြာခဏ ခရီးထွက်ရတာဆိုတော့ အချိန်မရှိမှာ စိုးမိတယ်”

လျို့ရွှယ့်လျန်က ဝင်ပြောသည်။

“နင့်အလုပ်တွေကို လပိုင်းလောက် ရပ်ထားလို့မရဘူးလား”

ရှောင်းရုက ပြန်ဖြေသည်။

“ဘယ်လိုလုပ်ဖြစ်မှာလဲ၊ ဈေးကွက်အခြေအနေက စက္ကန့်နဲ့အမျှ ပြောင်းလဲနေတာ၊ အခွင့်အရေးကို လက်လွှတ်ခံလို့ ဖြစ်ပါ့မလား”

ယဲ့ရှောင်ရှောင်က ပြောလိုက်သည်။

“အဲ့တာဆိုရင်တော့ တိုက်ရိုက်သောက်လို့ရတဲ့ ဆေးတွေကိုပဲ ညွှန်းပေးပါ့မယ်၊ ကိုယ်တိုင် ကျိုချက်စရာမလိုဘူး၊ ဆေးလုံးပုံစံနဲ့လာတာမို့လို့ ရေနဲ့မော့သောက်လိုက်ရုံပဲ”

ရှောင်းရု ဝမ်းသာသွားသည်။

“အဲ့တာဆိုရင်တော့ အဆင်ပြေတာပေါ့”

ရှောင်းရုအတွက် ယဲ့ရှောင်ရှောင် ဆေးညွှန်းရေးသားပေးပြီးနောက် ဆေးထုတ်ယူရန်အတွက် လမ်းညွှန်၍ ပြန်လွှတ်လိုက်တော့သည်။

ယနေ့ ရှောင်းရုရောက်ရှိလာမှုနှင့် တိုက်ဆိုင်သည့်အရာတစ်ခုလည်း ရှိနေပါသေးသည်။

စစ်နင်၏ခင်ပွန်းကို ယဲ့ရှောင်ရှောင် ကုသပေးနေသည်မှာ လအနည်းငယ်ကြာမြင့်ပြီဖြစ်သည်။ ယခုတစ်ခေါက် စစ်နင်၏ ခင်ပွန်း ပါမလာသော်လည်း စစ်နင်ကိုယ်တိုင် ရောက်ရှိလာခဲ့ပါသည်။

ထို့အပြင် သူမလက်ထဲတွင်လည်း ကျေးဇူးတင်ဂုဏ်ပြုစာပါသည့် အလံကြီးတစ်ခု ပါလာသေးသည်။

“ဒေါက်တာယဲ့! အစ်မမှာ ကိုယ်ဝန်ရှိနေပြီ!”

စစ်နင်၏လေသံတွင် အတိုင်းအထက်အလွန် ဝမ်းမြောက်ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပါသည်။

သူမ အိမ်ထောင်ကျခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ရာ ယောက္ခမများ၏သဘောထားကို ထည့်မတွက်လျှင်ပင် သူမကိုယ်တိုင်ပင် အလွန်စိတ်ဖိစီးနေခဲ့ရပါသည်။

ယခုအမှန်တကယ် ကိုယ်ဝန်ရရှိလာခဲ့ပြီဖြစ်ရာ ယဲ့ရှောင်ရှောင်အား ကျိန်းသေပေါက် ကျေးဇူးတင်ရပေလိမ့်မည်။

“ဂုဏ်ယူပါတယ်ရှင်၊ ကျေးဇူးပြုပြီး ထိုင်ပါဦး၊ အဲ့လောက်ကြီး အထွေအထူး ကျေးဇူးတင်စရာမလိုပါဘူး”

ယခုဆိုလျှင် စစ်နင်သည် ယဲ့ရှောင်ရှောင်အပေါ် အကြွင်းမဲ့ ယုံကြည်နေပါပြီ။

သူမတို့၏ ပြဿနာကို ရမ်သဲ့ထန်ဆေးခန်းတစ်ခုတည်းတွင် ကုသနိုင်ခြင်းမဟုတ်သော်လည်း ယဲ့ရှောင်ရှောင်နှင့်သာ မဆုံခဲ့ရပါက သူမ မည်သည့်အချိန်ထိ လမ်းပျောက်နေမည်ကို မသိနိုင်ပေ။

“သိပ်ကိုလိုတာပေါ့! အစ်မမှာ ကိုယ်ဝန်ရှိနေပြီဆိုတာကို သိရတာနဲ့ ဒီကို တန်းလာခဲ့တာပဲ!”

ယဲ့ရှောင်ရှောင်က အကြံပြုသည်။

“ပထမ ၃ လအတွင်းမှာ ဗိုက်ကို အရမ်းဂရုစိုက်ရမယ်နော်၊ အစားအသောက်ကိုလည်း ဆင်ခြင်ရမယ်”

စစ်နင်က ပြုံးလျက်ဆိုသည်။

“အစ်မသိပါတယ်၊ အခု အိမ်ကလူတိုင်း အစ်မကို မထိရက်မကိုင်ရက် ဂရုစိုက်နေကြတာ၊ အစ်မလည်း ဒီကလေးကို အရမ်းတန်ဖိုးထားတယ်”

“လောလောဆယ်တော့ အစ်မရဲ့ သွေးခုန်နှုန်းကို စမ်းကြည့်ရင် ဘာမှသိနိုင်ဦးမှာ မဟုတ်ဘူး၊ ကိုယ်ဝန် လရင့်လာမှ ထပ်လာခဲ့ပေါ့၊ ဒါမှမဟုတ် ဆေးရုံမှာ သွားစစ်ကြည့်လည်းရပါတယ်”

ယဲ့ရှောင်ရှောင်သည် စစ်နင်အား သတိထားရမည့်အချက်တချို့ မှာကြားပြီးနောက် အပြင်သို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့ပါသည်။

စစ်နင်အား နှုတ်ဆက်ပြီး ရမ်သဲ့ထန်ထဲသို့ ယဲ့ရှောင်ရှောင်ပြန်ဝင်လာသည့်အခါ စုန့်ကွမ်းကျင့်ကို မြင်လိုက်ရသည်။

“ဆရာကြီးပါလား၊ ဘာကိစ္စရှိလို့ ရောက်လာတာလဲ”

စုန့်ကွမ်းကျင့် “တို့တွေ ညစာအတူတူ မစားရတာတောင် ကြာပြီ၊ ဒီနေ့ အတန်းမရှိဘူးဆိုရင် နင့်မိဘတွေကိုခေါ်ပြီး ငါ့အိမ်လာခဲ့လေ”

ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့ ပေကျင်းသို့ ရောက်လာမည်မှန်းသာ စုန့်ကွမ်းကျင့် ကြိုသိခဲ့လျှင် ယဲ့ရှောင်ရှောင် တိုက်ခန်းဝယ်စရာပင် မလိုလောက်ပါ။ သူ့အိမ်တွင် လာရောက်နေထိုင်ဖို့ ဖိတ်ကြားမိမည်ဖြစ်သည်။

“ဟုတ်ကဲ့ပါ”

ဆရာဖြစ်သူ၏ ဖိတ်ကြားမှုကို ယဲ့ရှောင်ရှောင်မငြင်းဆန်ခဲ့ပေ။

စုန့်ကွမ်းကျင့်က ထပ်မေးသည်။

“ဒါနဲ့ စုန့်လင်မြို့မှာ တို့တွေဆုံဖူးတဲ့ အဘိုးကျိုးကို နင်မှတ်မိလား”

ယဲ့ရှောင်ရှောင် မှတ်မိပါသည်။

“အဘိုး ကျိုးကျစ်ရန်လား၊ အခုလောက်ဆို သူ့မျက်လုံးတွေက အကောင်းတိုင်းပြန်ဖြစ်နေလောက်ပြီမလား”

စုန့်ကွမ်းကျင့် သက်ပြင်းချလိုက်သည်။

“သူ့မျက်လုံးတွေကတော့ ပြန်ကောင်းသွားပါပြီ၊ ဒါပေမယ့် ဒီတစ်ခေါက် သူငါ့ဆီ ပြဿနာအကြီးကြီးတစ်ခု သယ်လာတာပဲ”

ယဲ့ရှောင်ရှောင် ခန့်မှန်းကြည့်လိုက်သည်။

“ဧကန္တ တစ်ယောက်ယောက်က သူ့ဆီကနေတဆင့် ဆရာကြီးကို ချဉ်းကပ်လာလို့လား”

စုန့်ကွမ်းကျင့် ခေါင်းညိတ်လိုက်သည်။

“ဒီနေ့တော့ ညစာစားဖို့ပဲ အာရုံစိုက်ထားကြရအောင်၊ မနက်ဖြန်ကျရင် ငါနဲ့အတူ လိုက်ပြီး လူနာရဲ့အခြေအနေကို စစ်ကြည့်လိုက်၊ အခုလက်ရှိ နင့်ပညာနဲ့ဆိုရင် တစ်ယောက်တည်း ကုသဖို့ စလေ့ကျင့်လို့ရပြီ”

ယဲ့ရှောင်ရှောင် ခေါင်းကုတ်လျက် ပြောလိုက်သည်။

“သမီး လုပ်နိုင်ပါ့မလား”

ယဲ့ရှောင်ရှောင်သည် များသောအားဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်အဝ ရှိတတ်သော်လည်း စုန့်ကွမ်ကျင့်နှင့် အတူလိုက်သွားရမည်ဆိုလျှင် အာဏာကြီးမားသည့် ထိပ်သီးအကျော်အမော်ကြီးများနှင့်သာ တွေ့ရမည်မှာ သေချာသည်။

လူနာများကို အဆင့်အတန်းခွဲခြားခြင်းမဟုတ်သော်လည်း ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးသည် ယခင်က ဆရာဝန်ပေါင်းစုံနှင့် ပြသခဲ့ဖူးမှာ သေချာပါသည်။

ထိုဆရာဝန်များစွာကပင် ကုသမပေးနိုင်ခဲ့လျှင် ထိုပုဂ္ဂိုလ်ခံစားနေရသည့် ရောဂါဝေဒနာမှာလည်း ရိုးရှင်းသည့် ရောဂါ မဖြစ်နိုင်ပေ။

စုန့်ကွမ်းကျင့်က သဘောကျစွာ ရယ်မောသည်။

“နင်က ငါ့တပည့်ပဲဥစ္စာ၊ နင်တစ်ခုခုလွဲချော်သွားရင် ငါ့ခေါင်းပေါ်ပဲကျလာမှာပါ”

ယဲ့ရှောင်ရှောင်: “…”

‘ဆရာကြီးက ခေါင်းခံပေးမယ်ဆိုရင်တောင် သမီးမလွဲချော်ရဲပါဘူး!’

နေ့လယ်ခင်းတွင် ယဲ့ရှောင်ရှောင်သည် မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့ကို သွားရောက်ခေါ်ဆောင်ခဲ့ပြီး စုန့်ကွမ်းကျင့်၏ အိမ်၌ ညစာသွားစားခဲ့ပါသည်။

လမ်းတွင် မိဘနှစ်ပါးကို ယဲ့ရှောင်ရှောင် အသိပေးလိုက်သည်။

“လုဟန်ချွမ်ကလည်း အမေတို့နှစ်ယောက်ကို လုအိမ်တော်မှာ ညစာဖိတ်ကျွေးချင်တယ်လို့ ပြောတယ်”

မြောင်စွေ့ဖန်း “ဟုတ်ပါတယ်လေ၊ ရှောင်းလုက ငယ်တော့တာမှမဟုတ်တာ၊ သူ့မိသားစုက မင်္ဂလာကိစ္စကို စိတ်လောနေကြပြီထင်တယ်နော်”

ယဲ့ရှောင်ရှောင် “မင်္ဂလာကိစ္စကို လောဖို့ မလိုပါဘူး၊ သမီးက ကျောင်းမပြီးသေးဘူးလေ”

မြောင်စွေ့ဖန်းက ချေပသည်။

“ကျောင်းတက်နေရင်း အိမ်ထောင်ပြုတဲ့လူတွေ အများကြီးရှိတာပဲဥစ္စာ”

“အမေ့ ကြည့်ရတာ ဒီကိစ္စကို တော်တော်စိတ်ပူနေတဲ့ပုံပဲနော်”

မြောင်စွေ့ဖန်းက လေးလေးနက်နက် ဆိုသည်။

“ဒါပေါ့ စိတ်ပူတာပေါ့၊ သမီးနဲ့ ရှောင်းလုနဲ့ တွဲနေကြတာလည်း ကြာပြီ၊ သူသမီးကို လက်မထပ်သေးဘူးဆိုရင် အချိန်ဆွဲနေတာပဲ မဟုတ်ဘူးလား၊ မိန်းကလေးတစ်ယောက်ရဲ့ ငယ်ရွယ်နုပျိုမှုက အကြာကြီးမခံဘူး၊ အဲ့တာကို တန်ဖိုးထားရမယ်”

သို့သော် ယောက်ျားတစ်ယောက်ဖြစ်သည့် ယဲ့ကျန်းကော်ကမူ မြောင်စွေ့ဖန်းနှင့် အမြင်ကွဲလွဲမှုရှိပါသည်။

“ရှောင်ရှောင်က ငယ်ငယ်လေးပဲ ရှိပါသေးတယ်၊ ဘာမှ လောစရာမလိုသေးဘူး”

မြောင်စွေ့ဖန်းက ယဲ့ကျန်းကော်အား မျက်စောင်းထိုးလိုက်သည်။

“ရှင်က ဘာသိလို့လဲ၊ ဒီလောက်ထူးချွန်ထက်မြက်တဲ့ ရှောင်းလုကို သူများက ဖြတ်လုသွားရင် ဘယ်လိုလုပ်မလဲ”

စုန့်ကွမ်းကျင့်၏ အိမ်သို့သာ မရောက်ရှိခဲ့လျှင် လင်မယားနှစ်ယောက် စကားဆက်များနေကြလောက်သည်။

ယဲ့ရှောင်ရှောင်သည် သူမဝယ်ယူလာသည့် သစ်သီးဝလံများ၊ ဝိုင်ကောင်းများကို ကားထဲမှ ထုတ်လိုက်ပါသည်။

စုန့်အိမ်တော်ရှိ အိမ်အကူများသည် ဟင်းလျာများစွာကို ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်၍ ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့ အိမ်ထဲရောက်သည်နှင့် ချက်ချင်း သုံဆောင်နိုင်ခဲ့ကြပါသည်။

စုန့်ကွမ်းကျင့်၏ ဧည့်ဝတ်ကျေပွန်မှုအတွက် ယဲ့လင်မယားက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့သည်။

ညစာစားပြီးနောက် စုန့်ကွမ်းကျင့်က ညအိပ်တည်းခိုဖို့ ကမ်းလှမ်းသော်လည်း ယဲ့လင်မယား လက်မခံခဲ့ဘဲ ဖျင်အန်းလီ အိမ်ရာသို့သာ ပြန်သွားခဲ့ကြသည်။

ထိုနေရာတွင် နေထိုင်ရသည်မှာ အတန်အသင့်ကြာခဲ့ပြီဖြစ်၍ အနည်းငယ် နေသားကျနေပါပြီ။

ယဲ့ရှောင်ရှောင်သည် မိဘနှစ်ပါးကို ပြန်လိုက်ပို့ပေးခဲ့ပြီး သူမလည်း ထိုတိုက်ခန်းတွင်သာ ညအိပ်ခဲ့သည်။

မနက်မိုးလင်းသောအခါ စုန့်ကွမ်းကျင့်၏ အိမ်သို့ ပြန်လာခဲ့ပါသည်။

သူမကို စုန့်ကွမ်းကျင့် ခေါ်ဆောင်သွားသည့်နေရာမှာ လုံခြုံရေးတင်းကျပ်လွန်းသဖြင့် ယဲ့ရှောင်ရှောင်၏ ကားကိုပင် ဝင်ခွင့်မပြုခဲ့ပါ။

လုံခြုံရေးအစောင့်တစ်ဦးက သူတို့ကို ထွက်ကြိုခဲ့သည်။ အလွန်စေ့စပ်သည့် လုံခြုံရေးစစ်ဆေးမှုများကို ဆောင်ရွက်ပြီးခါမှ ကျိုးကျစ်ရန်နှင့် သူတို့ ဆုံနိုင်ခဲ့ပါသည်။

ကျိုးကျစ်ရန်သည် ယဲ့ရှောင်ရှောင်ကို ကောင်းကောင်းကြီးမှတ်မိနေသေးသဖြင့် နွေးနွေးထွေးထွေး ကြိုဆိုလိုက်သည်။

“နင် ကျင့်ဟွာတက္ကသိုလ်ဝင်ခွင့်ရတယ်လို့ ဆရာကြီးစုန့်က ပြောတယ်၊ ဒါဂုဏ်ပြုဆုငွေအကြီးကြီးပေးရမယ့် ကိစ္စပဲ!”

All Chapters