← Chapters

အခန်း ၂၂၀

Vol. 22 Ch. 220

အခန်း ၂၂၀

Vol. 22 Ch. 220

📗 Chapter 220

သူမကျောင်းတက်နေသည်မှာ ပထမနှစ်ပင် ပြီးဆုံးသွားခဲ့ပြီဖြစ်၍ ယခုချိန်မှ ဂုဏ်ပြုဆုငွေပေးလျှင် အနည်းငယ် နောက်ကျနေလောက်ပြီဟု ယဲ့ရှောင်ရှောင် တွေးလိုက်ပါသည်။

သို့သော် စုန့်ကွမ်းကျင့်က သူမကိုယ်စား ဝင်ပြောလိုက်သည်။

“တက္ကသိုလ်ဝင်ခွင့်ရတာနဲ့ပဲ မဟာအောင်မြင်မှုကြီးကို ဆွတ်ခူးနိုင်ပြီလို့ မဆိုလိုဘူးလေ၊ အဘိုးကျိုးက ဂုဏ်ပြုဆုငွေ ပေးချင်သပါ့ဆိုရင် ရှောင်ရှောင်ရဲ့ တရားဝင် တပည့်ခံပွဲကျင်းပတဲ့နေ့ရောက်မှသာ စောင့်ပြီး ပေးပေတော့”

စုန့်ကွမ်းကျင့်သည် ယဲ့ရှောင်ရှောင်အား ကာကွယ်သိုဝှက်ထားချင်သဖြင့် ယခင်က တပည့်ခံပွဲမကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

သူ့တွင် တပည့်တစ်ယောက်ရှိနေကြောင်း အချို့လူများ သိသွားကြပါက မကောင်းကြံစည်လာနိုင်သည်။

သို့သော် လူကြီးသူမများသည် ထုံးတမ်းအစဉ်အလာများကို အလွန်အလေးထားတတ်ကြသဖြင့် တပည့်ခံယူပွဲကို အနှေးနှင့်အမြန်တော့ ကျင်းပရပါမည်။

တရားဝင် တပည့်ခံယူပွဲဟူသည်ကို ယဲ့ရှောင်ရှောင်လည်း ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၍ ဆရာဖြစ်သူအား ကြောင်စီစီ လှည့်ကြည့်လိုက်မိသည်။

“ဟားဟားဟား! ဟုတ်တာပေါ့ဗျာ၊ ဟုတ်တာပေါ့၊ တပည့်ခံပွဲနေ့ကျရင်လည်း ကျုပ်ကျိန်းသေပေါက် တက်ရောက်မှာပါ”

ကျိုးကျစ်ရန်က အားရပါးရ ရယ်မောလျက် ပြောလိုက်သည်။

“ကဲကဲ၊ နှစ်ယောက်စလုံး ထိုင်ကြပါဦး၊ ဆရာကြီးစုန့်ကို အခုလို ပင့်လိုက်ရတဲ့အကြောင်းအရင်းက ဗိုလ်ချုပ်ကျန်းခိုင်ယွမ်ရဲ့ ကျန်းမာရေးကြောင့်ပါ၊ လောင်ကျန်းက သူ့ဘဝတစ်ခုလုံးကို စစ်တပ်ထဲမှာပဲ ကုန်ဆုံးစေခဲ့တာလေ၊ ဒါပေမယ့် အခု အသက်အရွယ် ရလာပြီဆိုတော့ ဒီရောဂါ စွဲကပ်လာတာပဲ၊ သူ့ကိုလည်း ကျုပ်လိုပဲ အပ်စိုက်ကုသပေးလို့ရနိုင်မလားလို့ သိချင်တာပါ၊ ဒီတိုင်း အိပ်ရာထဲမှာ မလှုပ်မရှားနိုင်ဘဲ လဲနေတာက အဆင်မပြေဘူးလေ”

စုန့်ကွမ်းကျင့်က ဆိုသည်။

“ရောဂါအခြေအနေကို သေသေချာချာ စစ်ဆေးပြီးမှ တိတိကျကျ သိနိုင်မှာပါ၊ ရောဂါတိုင်းကို အပ်စိုက်ကုသရုံနဲ့ မပျောက်ကင်းနိုင်ဘူးလေ”

ကျန်းခိုင်ယွမ်ဟူသည်မှာ မည်သူမည်ဝါဖြစ်မှန်း ယဲ့ရှောင်ရှောင် မသိပေ။ သို့သော် ဗိုလ်ချုပ်ဟု အမည်တပ်ခံရသဖြင့် ထိပ်သီးအသိုင်းအဝိုင်းထဲမှ အာဏာကြီးမားသူတစ်ဦးဖြစ်လိမ့်မည်ဟု ခန့်မှန်းမိပါသည်။

ကျိုးကျစ်ရန်သည် သူတို့နှစ်ဦးကို ကျန်းခိုင်ယွမ် အနားယူနေသည့် နေရာသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုနေတွင် ဆေးကိရိယာပေါင်းစုံ တပ်ဆင်ထားပြီး ဆေးဝန်ထမ်းအဖွဲ့တစ်ဖွဲ့ကလည်း ၂၄ နာရီ စောင့်ကြည့်ပေးနေပါသည်။

ကျန်းခိုင်ယွမ်သည် လက်ရှိတွင် သတိကောင်းကောင်း ရှိနေသေးသော်လည်း ခြေထောက်နှစ်ဖက်ဖြင့် မတ်တပ် ရပ်နိုင်စွမ်း လုံးဝ မရှိတော့သဖြင့် ဝှီးချဲပေါတွင်သာ ထိုင်နေရပါသည်။

သူ့ဘေးတွင် အစောင့်တပ်သားတစ်ဦးရှိနေပြီး ဝှီးချဲတွန်းပေးခြင်းနှင့် အခြားဝေရာဝိစ္စများအတွက် တာဝန်ယူထားပါသည်။

စုန့်ကွမ်းကျင့်သည် ကျန်းခိုင်ယွမ်၏ အခြေအနေကို သေချာစစ်ဆေးပြီးနောက် ပြောလိုက်သည်။

“ပြန်ကောင်းနိုင်ခြေတော့ ရှိပါတယ်”

ကျန်းခိုင်ယွမ်ကို စောင့်ရှောက်ဖို့ တာဝန်ယူထားရသည့် တပ်သားက အလွန်ပျော်ရွှင်သွားသည်။

“ဒါဆို ဝမ်းသာစရာပဲပေါ့!”

ယဲ့ရှောင်ရှောင်ကလည်း လူနာကို အကဲခတ်နေပါသည်။

ထိုလူ၏ ခြေထောက်များကို ယခင်က ခွဲစိတ်ကုသဖူးသည်မှာ သေချာသည်။ ယခုလိုဖြစ်ရခြင်းမှာလည်း ဒဏ်ရာဟောင်း ပြန်ထလာခြင်းကြောင့် ဖြစ်နိုင်သည်။

အပ်စိုက်ကုသပေးခြင်းဖြင့် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များကို ပြန်လည်နိုးကြားလာစေပြီး သွေးကြောများကို ပိတ်ဆို့မှုမရှိအောင် ရှင်းလင်းပေးနိုင်ရုံသာ ရှိပါလိမ့်မည်။

လူကောင်းပမာ မတ်တပ်ပြန်ရပ်နိုင်ဖို့ ဆိုလျှင် ရေရှည်အတွက် ပြင်ဆင်မှုများစွာ ဆောင်ရွက်ရပါလိမ့်မည်။ သို့သော် ဆရာကြီးစုန့်ပေးထားသည့် ဆေးကျမ်းစာအုပ်များထဲတွင် ဤကဲ့သို့သော ရောဂါမျိုးအတွက် အလွန်အာနိသင်ရှိသည့် အပ်စိုက်နည်းလမ်းတစ်ခုအကြောင်း ဖတ်ရှုဖူးသည်ကို ယဲ့ရှောင်ရှောင် အမှတ်ရသွားခဲ့သည်။

ယဲ့ရှောင်ရှောင် အတွေးများနေစဉ် စုန့်ကွမ်းကျင့်က သူမ၏ အမြင်ကို မေးမြန်းခဲ့ပါသည်၊။

“နေ့တိုင်း အပ်စိုက်ကုသပေးမယ်ဆိုရင် သိသာတဲ့ ရလဒ်မြင်ရဖို့ ၃ လလောက်ထိ ကြာနိုင်တယ်”

ယဲ့ရှောင်ရှောင်သည် ထိန်းထိန်းသိမ်းသိမ်းဖြင့် ခန့်မှန်းတွက်ချက်ပြလိုက်ပါသည်။ အမြန်ဆန်ဆုံးဆိုလျှင် တစ်လအတွင်း ရလဒ်ကိုမြင်ရလိမ့်မည်။

စုန့်ကွမ်းကျင့်၏ လက်များက အပ်စိုက်ကုသပေးဖို့ မဖြစ်နိုင်တော့သဖြင့် ထိုတာဝန်ကို ယဲ့ရှောင်ရှောင်ကသာ ယူခဲ့ရသည်။

ယနေ့ ဆေးသေတ္တာကိုပါ ယူဆောင်လာခဲ့သဖြင့် စုန့်ကွမ်းကျင့်သည် ကျန်းခိုင်ယွမ်၏ လက်ရှိကျန်းမာရေး အခြေအနေပေါ်မူတည်ပြီး ကုသမှုအစီအစဉ်ကို ရေးဆွဲပေးလိုက်ကာ၊ စမ်းသပ်သည့်အနေဖြင့် အပ်အနည်းငယ် စတင်စိုက်ကြည့်ဖို့ ယဲ့ရှောင်ရှောင်အား ညွှန်ကြားလိုက်ပါသည်။

ရှေ့တွင် စစ်ဗိုလ်ချုပ်ကြီးတစ်ဦး ရှိနေသော်လည်း ယဲ့ရှောင်ရှောင် တုန်လှုပ်ချောက်ချားမှု မရှိပေ။ သူမ၏ အပ်စိုက်နည်းလမ်းများက အလွန်ပင် တည်ငြိမ်သွက်လက်လွန်းပါသည်။

ကျန်းခိုင်ယွမ်သည် တစ်ခေါင်းလုံး ဖြူဖွေးနေသည့် အဘိုးကြီးတစ်ဦးဖြစ်သော်လည်း မျက်လုံးများကမူ ယခုချိန်ထိ စူးရှထက်မြက်နေဆဲပင်။

အပ်စိုက်ကုသစဉ်တစ်လျှောက်လုံး တည်တည်ငြိမ်ငြိမ်ဖြင့် စကားတစ်ခွန်းမှ မပြောခဲ့ချေ။ ယဲ့ရှောင်ရှောင်တစ်ယောက် အပ်တစ်စုံလုံးကို စိုက်သွင်းပြီးသည့်အခါမှသာ သူ ပြောလိုက်ပါသည်။

“အရင်ကလောက် တကယ်မနာတော့ဘူးပဲ”

သူ့ရောဂါဝေဒနာတွင် မတ်တပ်မရပ်နိုင်ခြင်းက အသေးအဖွဲပြဿနာသာဖြစ်ပြီး နေ့နေ့ညည သည်းမခံနိုင်အောင် နာကျင်ကိုက်ခဲနေခြင်းကသာ အဓိက ပြဿနာဖြစ်ပါသည်။

နာကျင်မှုများ ပြန်ပေါ်လာသည့်အခါ အကိုက်အခဲပျောက်ဆေးများကပင် အကူအညီမပေးနိုင်ပေ။

သို့သော် စောစောက သူ့ခြေထောက်ထဲ အပ်များစွာ စိုက်ဝင်သွားသောအခါတွင်မူ သက်တောင့်သက်သာရှိသော ခံစားချက်တစ်ခုကို ခံစားခဲ့ရပါသည်။

ကျိုးကျစ်ရန်က အပြုံးဖြင့် ပြောလိုက်သည်။

“အာနိသင်ရှိဖို့ပဲ အရေးကြီးတယ်၊ ဆရာကြီးစုန့်နဲ့ ရှောင်ရှောင်တို့ ဒီမှာပဲ နေလို့ ရနိုင်မလား”

စုန့်ကွမ်းကျင့် “ကျုပ်ကတော့ လာနေလို့ရတယ်၊ ဒါပေမယ့် ရှောင်ရှောင်က မရဘူး”

သို့သော် ရှောင်ရှောင့်ကို သူ၏လက်နှစ်ဖက်ပမာ အားကိုးနေရသဖြင့် သူမ မရှိလျှင် ဤကုသမှုကို ဆက်လက် ဆောင်ရွက်နိုင်မည် မဟုတ်ပါ။

ယဲ့ရှောင်ရှောင်က မတ်တပ်ရပ်လျက် ပြောလိုက်သည်။

“ဒီကုသမှုကို တော်တော်ကြာကြာ ဆောင်ရွက်ရမှာမို့လို့ အချိန်ဇယားကို ကျွန်မတက္ကသိုလ်အတန်းချိန်တွေနဲ့ ညှိပြီး ပြောင်းလဲမှရမယ်”

ကျန်းခိုင်ယွမ်ဘေးတွင် ရပ်နေသည့် အစောင့်တပ်သားက အနည်းငယ် စိတ်ဖိစီးသွားပါသည်။

“အဲ့လိုလုပ်လို့ ဖြစ်မလား၊ မင်းဘက်က အချိန်ဇယားကိုပဲ ပြောင်းလိုက်လို့မရဘူးလား”

ယဲ့ရှောင်ရှောင် မျက်လွှာအနည်းငယ်ပင့်လျက် ပြောလိုက်သည်။

“ကျွန်မက အခုလက်ရှိ ကျောင်းတက်နေရတာမို့လို့ ကျွန်မရဲ့ အတန်းချိန်ဇယားကို ပြောင်းလဲဖို့ စိတ်ကူးမရှိပါဘူး၊ ဒီကို နေ့တိုင်းလာရတာနဲ့တင် ကျွန်မအချိန်တွေ အရမ်းကုန်နေပြီ”

စကားကို ဤမျှတဲ့တိုးပြောတတ်သည့်လူအား ထိုတပ်သား တစ်ခါမှ မမြင်ဖူးခဲ့ပါ။

ကျန်းခိုင်ယွမ်၏ဆရာဝန်ဖြစ်လာခြင်းသည် မည်မျှ ဂုဏ်ယူစရာကောင်းကြောင်း သူမ သိသင့်သည်။ ထိုကောင်မလေးမှာ ငယ်ရွယ်သော်လည်း စိတ်ဓာတ်မာကျောမည့်ပုံစံပေါက်ပါသည်။

“ရှောင်းလီ၊ ဆရာကြီးစုန့် စီစဉ်တဲ့အတိုင်း လိုက်နာစမ်း”

စုန့်ကွမ်းကျင့်၏ ဆေးပညာစွမ်းရည်များ မည်မျှ ကြီးမားကြောင်းကို ကျန်းခိုင်ယွမ် ကောင်းကောင်းနားလည်ပါသည်။ ထို့ကြောင့် သူ့အား အကြွင်းမဲ့ ယုံကြည်သည်။

အတိတ်က အဖြစ်အပျက်များသည် စုန့်ကွမ်းကျင့်အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သည့်အပြင် နိုင်ငံတော်အတွက်ပါ အလွန်ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပါသည်။

စုန့်ကွမ်းကျင့်က ရှင်းပြသည်။

“အပ်စိုက်ကုသတာက အချိန်အများကြီး မပေးရဘူး၊ ဆေးရည်စိမ်တာနဲ့ ပေါင်းလိုက်ရင် ရှောင်ရှောင်က တစ်ရက်ကို တစ်နာရီလောက်ပဲ လာပေးဖို့ လိုတယ်၊ ဒါပေမယ့် အချိန်ကတော့ မနက် ၁၁ နာရီနဲ့ နေ့လယ် ၂ နာရီအတွင်းဖြစ်ရမယ်”

တရုတ်တိုင်းရင်းဆေးပညာက အံ့အားသင့်ဖို့ကောင်းပါသည်။ မည်သည့်အချိန်အပိုင်းအခြားတွင် အပ်စိုက်ကုသရမည် ဟူသည်ကပင် အရေးကြီးသည်။

ကျိုးကျစ်ရန်က သဘောတူသည်။

“အဲ့တာဆိုရင်တော့ ရှင်းပါတယ်၊ ရှောင်ရှောင့်ကို နေ့တိုင်းသွားခေါ်ဖို့ ကျုပ်လူတစ်ယောက် စီစဉ်ပေးလိုက်မယ်”

ယဲ့ရှောင်ရှောင်သည် ဆရာဖြစ်သူနောက်သို့လိုက်ကာ နောက်ထပ် အရေးကြီးသည့် တာဝန်တစ်ခုကိုယူခဲ့ရပြန်ပါသည်။

ငွေရေးကြေးရေးက အဓိကမကျသော်လည်း ဤအကျော်အမော်ကြီးအား ကုသပေးလိုက်ခြင်းအားဖြင့် အနာဂတ်တွင် သူမအတွက် အကျိုးရှိလာနိုင်ခြင်းက အဓိကပင်။

ဤသို့ဖြင့် ယဲ့ရှောင်ရှောင်တစ်ယောက် ကျင့်ဟွာတက္ကသိုလ်နှင့် ဟိုက်ဟဲဥယျာဉ်တို့အကြား နေ့စဉ် ခေါက်တုံ့ခေါက်ပြန် ခရီးနှင်ခဲ့ရတော့သည်။

အတန်းချိန်တစ်ခုအတွင်း ကျန်းခိုင်နင်က သူမကို တီးတိုးမေးမြန်းလိုက်ပါသည်။

“နင် ခုတလော ဘာတွေလုပ်နေတာလဲ၊ အတန်းဆင်းရင် နင့်ကို တစ်ယောက်ယောက် လာကြိုနေတာ ဘာလို့လဲ”

ယဲ့ရှောင်ရှောင် “လူနာတစ်ယောက်ကို ဆေးကုပေးနေလို့လေ”

“ဒါဆို အဲ့ဒီလူနာက တော်တော်အာဏာကြီးမယ့်ပုံပဲ၊ အဲ့ဒီကားက အရာရှိတွေစီးတဲ့ကားမျိုးပဲနော် ဟုတ်တယ်မလား”

ယဲ့ရှောင်ရှောင် ရှင်းပြလိုက်ပါသည်။

“ငါ့ လူနာရယ်လို့တော့ မဟုတ်ပါဘူး၊ ငါ့ ဆရာကြီးရဲ့လူနာ၊ ငါက အပ်စိုက်ကုသဖို့ပဲ သွားကူညီပေးတာ၊ ငါ့ဆရာကြီးက အရင်တုန်းက ထိခိုက်ဒဏ်ရာတစ်ခုကြောင့် အနုစိပ်ကျတဲ့ အပ်စိုက်ကုသမှုတွေကို မလုပ်နိုင်တော့ဘူးလေ၊ အဲ့တာကြောင့် ငါ့အကူအညီကို လိုအပ်တာ”

ကျန်းခိုင်နင် ညည်းတွားလိုက်သည်။

“တကယ် စိတ်မကောင်းစရာပဲ၊ ဆရာကြီးစုန့်လို နိုင်ငံ့ရတနာတစ်ပါးက လက်တွေမကောင်းတော့ဘူးဆိုတော့ ဆေးပညာတော်တော်များများ မျိုးသုဉ်းပျောက်ကွယ်သွားတော့မယ်သဘောပဲ”

ယဲ့ရှောင်ရှောင် “ငါရှိနေသေးတာကို ဘာလို့ ပျောက်ကွယ်ရမှာလဲ”

ကျန်းခိုင်နင်က ရှင်းရှင်းလင်းလင်း ပြန်ပြောသည်။

“ငါဆိုလိုတာက အရမ်းအဆင့်မြင့်တဲ့ ပညာတချို့ကို ကိုယ်တိုင်မျက်မြင်တွေ့ရဖို့ ခဲယဉ်းသွားပြီလို့ ပြောချင်တာပါ၊ နင်က နောက်ထပ် ဆယ်စုနှစ်နည်းနည်း‌လောက် လေ့ကျင့်လိုက်မယ်ဆိုရင်တော့ ဆရာကြီးစုန့်ရဲ့ အဆင့်ကို မှီလောက်မှာပေါ့”

ယဲ့ရှောင်ရှောင် မကျေမနပ်ပြောလိုက်သည်။

“တော်စမ်းပါ၊ နင့် စကားကို ငါ ဂရုစိုက်စရာလား”

“မခံမရပ်နိုင်ဖြစ်နေတာ ကြည့်ပါဦး၊ ငါက အမှန်အတိုင်းပြောတဲ့ဥစ္စာ”

ယဲ့ရှောင်ရှောင် သတိပေးလိုက်သည်။

“ဟိုမှာ ပါမောက္ခလာနေပြီနော်’

ကျန်းခိုင်နင်လည်း မတတ်သာတော့ဘဲ ရှေ့ပြန်လှည့်လိုက်ရတော့သည်။

ကျန်းခိုင်နင်ပြောခဲ့သည့် စကားများက အဓိပ္ပာယ်မဲ့လွန်းနေသည်တော့ မဟုတ်ချေ။ ယဲ့ရှောင်ရှောင်သည် ဆရာကြီးစုန့် ကိုယ်တိုင်အပ်စိုက်ကုသသည်ကို မမြင်ခဲ့ရပေ။

ဆရာကြီးစုန့်၏ လက်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့စဉ်က သူ့အတွက် အလွန်ခက်ခဲခဲ့ပေလိမ့်မည်။

ထိုအတွေးဖြင့် ယဲ့ရှောင်‌ရှောင် ခေါင်းတခါခါဖြစ်သွားရပြီး ပါမောက္ခက စာစသင်သောအခါ စာအုပ်ဖွင့်၍ စာကိုသာ အာရုံစိုက်လိုက်တော့သည်။

အတန်းဆင်းသောအခါ ကော်ရစ်ဒါတွင် ဂစ်တာတီးခတ်နေသော ကောင်လေးတစ်ယောက်ကို ယဲ့ရှောင်ရှောင် သတိထားမိသွားပါသည်။

သမ္မတခေတ်ကတည်းက နိုင်ငံတော်တွင် ဂစ်တာများ တည်ရှိခဲ့သော်လည်း ကျယ်ကျယ်ပြန့်ပြန့် ခေတ်မစားခဲ့သဖြင့် ထိုတူရိယာကို လူအတော်များများက မမြင်ဖူးကြပေ။

ယခင်အချိန်များမှစ၍ ယခုချိန်ထိ ဂစ်တာဟူသည်မှာ ကျောင်းဝင်းထဲတွင် စတိုင်ထုတ်ဖို့ အကောင်းဆုံး တူရိယာပင် ဖြစ်ပေသည်။

ဆံပင်ရှည်ရှည်နှင့် ထိုကောင်လေးသည် စာသင်ဆောင် ကော်ရစ်ဒါတွင် မတ်တပ်ရပ်နေသဖြင့် ဖြတ်သွားဖြတ်လာ ကျောင်းသားများက ထူးထူးဆန်းဆန်း လှည့်ကြည့်သွားခဲ့ကြပါသည်။

ကျန့်ခိုင်နင်က တီးတိုး ရေရွတ်လိုက်သည်။

“ငါတို့တက္ကသိုလ်ကို အဲ့လောက် ဖက်ရှင်ကျတဲ့ကောင်မျိုး ဘယ်တုန်းက ရောက်လာတာလဲ၊ စာသင်ဆောင် မှားနေတာများလား”

ထိုစဉ် အတန်းထဲမှ ဝမ်ကျောင်းထွက်လာခဲ့သည်။ ဂစ်တာတီးနေသည့် ကောင်လေးက ဝမ်ကျောင်းကို မြင်သောအခါ ပြုံးပြလိုက်ပြီး သူတို့နှစ်ဦး လက်ချင်းတွဲလျက် ထွက်ခွာသွားလေတော့သည်။

ကျန်းခိုင်နင်က မေးသည်။

“ရှောင်ရှောင် အဲ့တာ နင့်အခန်းဖော်မလား၊ လခွမ်း… သူ့အကြိုက်က တော်တော်ဆန်းကြယ်ပါလား”

ယဲ့ရှောင်ရှောင်က ချေပသည်။

“ဘာတွေ ဆန်းကြယ်နေလို့လဲ၊ ငါ့အမြင်မှာတော့ ရုပ်ချောပါတယ်”

ကျန်းခိုင်နင်က ပိုပိုကဲကဲ ပြောလိုက်သည်။

“မဖြစ်နိုင်တာ! နင်တို့မိန်းကလေးတွေက အဲ့လိုကောင်မျိုးတွေကို ကြိုက်ကြတာလား၊ ပုံစံကိုက အလုပ်မရှိ အကိုင်မရှိ ကလေကချေနဲ့တူနေတယ်”

ထိုစဉ် အနောက်မှ ချူးမြောင်ရောက်ရှိလာသည်။

“သူ့ပုံစံက အနုပညာရှင်ပုံစံပါ”

ကျန်းခိုင်နင် မေးသည်။

“လမ်းဘေးမှာ သီချင်းလိုက်ဆိုတဲ့ အနုပညာရှင်လား”

ချူးမြောင် “ခြေဦးတည့်ရာ ခရီးနှင်တဲ့ လေလွင့်အဆိုတော်”

ကျန်းခိုင်နင် နှာခေါင်းရှုံ့သွားသည်။

“အဲ့တာ ငါပြောတာနဲ့ ဘာကွာလို့လဲ”

All Chapters