← Chapters

အခန်း ၆၃

Vol. 5 Ch. 63

အခန်း ၆၃

Vol. 5 Ch. 63

အခန်း - ၆၃

ရှာဖွေ စူးစမ်းနေသော အကြည့်များစွာကြားမှ မီးခိုးရောင် ဝတ်စုံအား ဝတ်ဆင်ထားသော သက်ကြီးရွယ်အို တစ်ဦးသည် ရှေ့သို့ ထွက်လာပြီး ခါးအား ကိုင်းကာ ရိုသေစွာဖြင့် နှုတ်ဆက်လိုက်လေသည်။

"ဒီအဘိုးကြီးက ဒီနေရာရဲ့ ဒုတိယ ကြီးကြပ်ရေးမှူး အဖြစ် နှုတ်ခွန်းဆက်သပါတယ်။ မျိုးရိုးနာမည်က ကျူး ပါ။ သခင်လေးကို ဘယ်လို ကူညီပေးရမလဲဆိုတာ သိခွင့်ပြုပါ"

ပတ်ဝန်းကျင်အား တစ်ပတ်အပြည့် ဝေ့ကြည့် လိုက်ပြီးနောက် ဖုန်းကျို့သည် သူမ၏ အကြည့်များအား ပြန်လည် ရုပ်သိမ်းလိုက်ကာ သူမရှေ့ရှိ ကြီးကြပ်ရေးမှူးအား ကြည့်လျှက် ပြောလိုက်သည်။

"တိုက်ခိုက်ရေး စင်မြင့်က တိုက်ပွဲတွေကို ကြည့်လို့ရမယ့် သီးသန့်အခန်း တစ်ခန်း စီစဉ်ပေးပါ"

ထိုစကားအား ကြားသောအခါ ဒုတိယ ကြီးကြပ်ရေးမှူးမှ ပြုံးလျက် ပြောလိုက်လေသည်။

"သခင်လေး ဒီအဘိုးကြီး နောက်ကို လိုက်ခဲ့ပါ တိုက်ခိုက်ရေး စင်မြင့်က ဒီဘက် အပေါ်နားမှာပါ"

အဘိုးအိုသည် ရှေ့မှ လမ်းပြကာ ဖုန်းကျို့အား တိုက်ခိုက်ရေး စင်မြင့်အထက်မှ ဒုတိယထပ်ရှိ သီးသန့်အခန်းများ ဆီသို့ ခေါ်ဆောင် သွားတော့သည်။

"သခင်လေး ဒီအခန်းက အဆင်ပြေရဲ့လားဆိုတာ ကြည့်ပါဦး"

အဘိုးအိုမှ ပြောရင်း ပြတင်းပေါက်များအား ဖွင့်ပေးကာ ဘေးတစ်ဖက်တွင် ရပ်နေလိုက်သည်။ ဖုန်းကျို့သည် ရှေ့သို့ တိုးလာပြီး ကြည့်လိုက်လေရာ စတုဂံပုံ တိုက်ခိုက်ရေး စင်မြင့်တစ်ခု ဖြစ်ပြီး ၎င်း၏ ပတ်ပတ်လည် ပထမထပ်တွင် ပွဲကြည့်စင် ခုံတန်းရှည်များ အစီအရီ ရှိနေကာ ဒုတိယထပ်တွင်မူ သီးသန့် အခန်းများသာ ဖြစ်သည်။ ထိုနေရာ တစ်ခုလုံးသည် အထက်အောက် လူတစ်ထောင်ခန့် ဆံ့နိုင်ပေသည်။

ထိုအချိန်၌ တိုက်ခိုက်ရေး စင်မြင့်တွင် တိုက်ခိုက်ရေးသမား နှစ်ဦး တိုက်ပွဲဝင်နေကြပြီး လေထုမှာ အလွန် ပြင်းထန်ကာ ပရိသတ်များထံမှ အားပေးသံများသည် တစ်သံထက်တစ်သံ ပိုမို ကျယ်လောင်လာခဲ့သည်။

"ဒီနေရာက စျေးကွက်အခွဲ တစ်ခု ဖြစ်တဲ့အတွက် ကျွန်တော်တို့ဆီမှာ တိုက်ခိုက်ရေး စင်မြင့် တစ်ခုတည်းပဲ ရှိပါတယ် ဒါကြောင့် အဆင့်သတ်မှတ်ချက် တစ်ခုတည်းကိုပဲ စီစဉ်ထားပါတယ် အကယ်၍ သခင်လေးက တစ်နေ့ကျရင် တိမ်လွှာလမင်း မြို့တော် ကို သွားခဲ့ရင် အဲ့ဒီမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ပင်မ စျေးကို ဝင်ရောက် ပြီး လည်ပတ်နိုင်ပါတယ် ပင်မစျေးမှာမှ နက်နဲ အဆင့် မြေကမ္ဘာ အဆင့် နဲ့ ကောင်းကင် အဆင့် ဆိုပြီး အဆင့်သတ်မှတ်ချက် သုံးခု ရှိပါတယ်"

ဖုန်းကျို့သည် မည်သည်ကိုမှ ပြန်မပြောဘဲ ကြည့်ရုံသာ ကြည့်နေသည်အား မြင်သောအခါ ကြီးကြပ်ရေးမှူးမှ ပြုံးလျက် ဆက်ပြောသည်။

"သခင်လေး စိတ်ဝင်စားတယ်ဆိုရင် သခင်လေး နိုင်စေချင်တဲ့ တိုက်ခိုက်ရေးသမား အပေါ်မှာ လောင်းကြေးထပ်လို့ ရပါတယ်ဗျ အလျော်အစား အချိုးအစားကတော့ ဆယ်ဆ တစ်ဆ ဖြစ်ပါတယ်"

အချိန်အနည်းငယ်ကြာ ထပ်မံ ကြည့်ရှု ပြီးနောက် ဖုန်းကျို့သည် စိတ်ဝင်စားမှု လျော့နည်းသွားခဲ့ကာ သူမ၏ အကြည့်များအား ရုပ်သိမ်းလိုက်ကာ ကြီးကြပ်ရေးမှူးကို လှည့်ကြည့်ပြီးနောက် မေးလိုက်သည်။

"ဒီမှာ ရာဖြတ် ရှိလား"

ကြီးကြပ်ရေးမှူးမှာ ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

"ရှိပါတယ် သခင်လေး ဘာကို အကဲဖြတ်ချင်လို့လဲဆိုတာ မေးခွင့်ပြုပါ"

"ဆေး"

ထိုစကားအား ကြားသောအခါ ကြီးကြပ်ရေးမှူး၏ မျက်နှာမှာ အနည်းငယ် ပိုမိုလေးနက်သွားခဲ့သည်။

"သခင်လေး ဒီအဘိုးကြီး ရာဖြတ်ကို သွားခေါ်လိုက်ဦးမယ် ခဏလောက် စောင့်နေပေးပါ"

သူသည် စကားပြောရင်း အရိုအသေ ပေးလျှက် အခန်းထဲမှ ထွက်သွားခဲ့သည်။ တံခါး ပိတ်သွားသည်နှင့် တစ်ပြိုင်နက် ကြီးကြပ်ရေးမှူးသည် အခန်းဘက်သို့ သေချာစွာ ပြန်ကြည့် လိုက်ပြီးနောက် အလျင်အမြန် ထွက်သွားတော့သည်။

နံ့သာတိုင် တစ်ဝက်စာခန့် လောင်ကျွမ်းချိန် အကြာတွင် ဒုတိယ ကြီးကြပ်ရေးမှုး ကျူး ပြန်ရောက်လာပြီး သူနှင့်အတူ အခြား သက်ကြီးရွယ်အို အမျိုးသား နှစ်ဦးကိုပါ ခေါ်ဆောင်လာခဲ့သည်။ တံခါးမှ ဝင်လာသည်နှင့် တစ်ပြိုင်နက် သူသည် ဖုန်းကျို့အား ချက်ချင်း မိတ်ဆက်ပေးလိုက်သည်။

"သခင်လေး ဒီလူကြီးမင်းကတော့ ကျွန်တော်တို့ရဲ့ ကြီးကြပ်ရေးမှူးချုပ် ဖြစ်ပြီး မျိုးရိုးနာမည်က တုန်း ပါ ဒီလူကြီးမင်းကတော့ ကျွန်တော်တို့ရဲ့ ဆေးဝါးရာဖြတ် အဘိုးအို တိန့် ပါ"

ဝင်လာသော အခြားအမျိုးသား နှစ်ဦးသည် အခန်းတွင်းရှိ လူကို တိတ်တဆိတ် အကဲခတ်လိုက်ကြသည်။ သူသည် အနီရောင် ဝတ်စုံ အပြည့်အစုံကို ဝတ်ဆင်ထားပြီး ပြတင်းပေါက်နားတွင် ထိုင်ကာ လက်တစ်ဖက်ဖြင့် ခေါင်းအား ထောက်လျက် တိုက်ခိုက်ရေး စင်မြင့်တွင် ဖြစ်ပွားနေသော တိုက်ပွဲကို ကြည့်နေခဲ့သည်။

ငရဲပြည်မှ ညှို့ယူဖမ်းစားနိုင်သော အနီရောင် မန်ဒါရာ ပန်းပွင့်များဖြင့် အလှဆင်ထားသည့် သူ၏ ရွှေရောင် မျက်နှာဖုံးနှင့် သူ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော ကြက်သီးထဖွယ် ဆွဲဆောင်မှု တစ်မျိုးတို့သည် တစ်မူ ထူးခြား ပေါ်လွင်နေခဲ့သည်။ သို့သော် ထိုဆွဲဆောင်မှုတွင် ကျော်လွှား၍ မရနိုင်သော ကျက်သရေရှိမှုနှင့် ရိုသေလေးစားဖွယ် ကောင်းမှုတို့ ရောယှက်နေပြီး လူများအား အလိုအလျောက် ကြောက်ရွံ့ ရိုသေလေးစားမှုကို ခံစားရစေသည်။

ထိုအမျိုးသားသည် အသံကြားသောအခါ သူတို့ဆီသို့ လှည့်ကြည့်လိုက်သည်။ ထိုမျက်လုံးများမှာ အောက်ခြေမရှိသော ရေကန်ကြီးများကဲ့သို့ နက်ရှိုင်းပြီး မှောင်မိုက်နေကာ ထက်မြက်သော အလင်းရောင်များ ပြည့်နှက်နေပြီး ပျင်းရိပျင်းတွဲဟန် အနည်းငယ် ရောယှက်နေခဲ့သည်။

မျက်နှာအား အကဲခတ်ရုံမျှဖြင့် ထိုအမျိုးသား နှစ်ဦးသည် အနီရောင် ဝတ်စုံရှင် အမျိုးသားမှာ သေချာပေါက် ထူးခြားသူ တစ်ဦး ဖြစ်ကြောင်း သိလိုက်ကြသည်။

"တုန်း က သခင်လေးကို နှုတ်ခွန်းဆက်သပါတယ် သခင်လေးက ဘယ်လိုဆေးမျိုးကို အကဲဖြတ်ချင်တာလဲဆိုတာ သိပါရစေ"

ဆေးဆိုသည်မှာ ဆေးဖော်စပ်ခြင်း တွင် ကျွမ်းကျင်သော ဆေးဖော်စပ်သူ တစ်ဦးသာလျှင် ဖော်စပ်နိုင်သော အရာ ဖြစ်သည်။ ဤကဲ့သို့ မြို့ငယ်လေးမျိုးအား ဆိုထားဘိ။ တိမ်လွှာလမင်း မြို့တွင်ပင် တွေ့ရခဲလှပေသည်။ ထို့ကြောင့် တစ်စုံတစ်ဦးမှ ဆေးဝါးများအား အကဲဖြတ်ချင်ကြောင်း ကြားသောအခါ သူ ချက်ချင်း ပြေးလာခဲ့ခြင်း ဖြစ်သည်။

ဖုန်းကျို့မှ သူတို့အား ခေတ္တမျှ ကြည့်လိုက် ပြီးနောက် ပုလင်း တစ်ပုလင်းကို ထုတ်ယူကာ ဘေးတွင် ရပ်နေသော ဒုတိယ ကြီးကြပ်ရေးမှုး ကျူး ထံသို့ ပေးလိုက်ပြီးနောက် သူမ၏ အသံမှာ အလျင်စလို မရှိဘဲ ထွက်ပေါ်လာခဲ့သည်။

"ဒါက ချီစုစည်းမှု ဆေးရည် တစ်ပုလင်းပါ အဲ့ဒါက ချီစွမ်းအင်တွေ လုံးဝ ကုန်ခမ်းသွားတဲ့ လူတစ်ယောက်ကို ချက်ချင်းပဲ သူတို့ရဲ့ ပုံမှန်စွမ်းအားထက် သုံးဆလောက် ပေါက်ကွဲ ထွက်လာအောင် လုပ်ပေးနိုင်တယ် အာနိသင်က တစ်နာရီ ကြာတယ်"

"ဘာ"

ထိုစကားကို ကြားသောအခါ လူသုံးဦးစလုံးမှာ ယုံကြည်နိုင်စရာ မရှိလောက်အောင် အံ့အားသင့်သွားပြီး အသံ ထွက်လာကြတော့သည်။

All Chapters