← Chapters

အခန်း ၆၄

Vol. 5 Ch. 64

အခန်း ၆၄

Vol. 5 Ch. 64

အခန်း - ၆၄

"ဒါ ဒါက ချီစွမ်းအင် လုံးဝ ကုန်ခမ်းသွားတဲ့ လူတစ်ယောက်ကို ချက်ချင်းပဲ သူတို့ရဲ့ ပုံမှန် စွမ်းအားထက် သုံးဆလောက် ပေါက်ကွဲ ထွက်လာအောင် တကယ်ပဲ လုပ်ပေးနိုင်တာလား"

ဆေးဝါးရာဖြတ် တစ်ဦး ဖြစ်သည့်တိုင် အဘိုးအို တိန့် ၏ အသံမှာ အနည်းငယ် တုန်ယင်နေလျှက် ရှိကာ သူ၏ ရင်ထဲတွင် ယုံကြည်နိုင်ဖွယ် မရှိလောက်အောင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့ကာ ပုလင်းအား လှမ်းယူရန် ရှေ့သို့ တိုးလာတော့သည်။

ဖုန်းကျို့ မည်သည်ကိုမျှ မပြောပေ။ အောက်ထပ်တွင် သူမနှင့် မစိမ်းသော ပုံရိပ်တစ်ခု လမ်းလျှောက်နေသည်ကိုသာ သူမ၏ မျက်လုံးများမှ မြင်တွေ့ လိုက်ရသောကြောင့် ဖြစ်သည်။ သူမ ရှာဖွေ တွေ့ရှိချင်သော လူသည် ထိုလူ မဟုတ်ဘူးပါလား။

သူမ၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ထိုပုံရိပ်သည် ရှေ့ဆုံးတန်းရှိ နေရာတစ်ခုတွင် ထိုင်ကာ မှောင်ခိုစျေးကွက်မှ လူတစ်ဦးအား လှမ်းခေါ်လိုက်သည်အား မြင်သောအခါ သူမ၏ မျက်လုံးများထဲတွင် ထူးဆန်းသော ရွှင်မြူးမှုများ တောက်ပလာခဲ့တော့သည်။ သို့သော် သူတို့ မည်သည်ကို ပြောနေကြသည် ဆိုသည်အား သူမ မကြားရပေ။

အခန်းတွင်းရှိ အခြားလူသုံးဦးမှာ လက်ရှိတွင် သူတို့၏ အာရုံစိုက်မှု အားလုံးကို ချီစုစည်းမှု ဆေးရည် ပုလင်းလေး အပေါ်တွင်သာ ထားရှိကြလေသည်။ ကြီးကြပ်ရေးမှူး နှစ်ဦးသည် အဘိုးအို တိန့်မှ ပုလင်းအဖုံးအား ဖြည်းညင်းစွာ ဖွင့်ကာ အထဲမှ အရာအား ရှူရှိုက် ကြည့်သည်ကိုသာ စူးစိုက်ကြည့်နေကြတော့သည်။

သို့သော် အချိန် အတော်ကြာသည် အထိ သူသည် အခြား မည်သည့် လှုပ်ရှားမှုမျှ မလုပ်သည်အား မြင်သောအခါ ကြီးကြပ်ရေးမှုးချုပ် တုန်း သည် မအောင့်နိုင်ဘဲ လှမ်းခေါ်လိုက်သည်။

"အဘိုးအို တိန့်"

အဘိုးအို တိန့် မှ ကြီးကြပ်ရေးမှူး နှစ်ဦးနှင့် ပြတင်းပေါက်တွင် ထိုင်နေသော ဖုန်းကျို့အား ခါးသီးသော အပြုံးတစ်ခုဖြင့် ပြုံးပြကာ ပြောပြလိုက်သည်။

"ငါ့ကိုယ်ငါ အတော်လေး ရှက်မိပါတယ် ဒီအဘိုးကြီးက ဆေးဝါးရာဖြတ် တစ်ဦး ဖြစ်ပေမယ့် ဒီလိုဆေးမျိုးကို တစ်ခါမှ အကဲမဖြတ်ဖူးပါဘူး"

သူ ဆိုလိုသော ထိုစကားများ၏ အဓိပ္ပာယ်မှာ ဖုန်းကျို့ ပြောသော အရာသည် အမှန်တရား ဟုတ်မဟုတ်အား သူ အတည် မပြုနိုင်ကြောင်းပင် ဖြစ်သည်။

ထိုစကားအား ကြားသောအခါ ကြီးကြပ်ရေးမှူး နှစ်ဦးမှာ လုံးဝကို အံ့အားသင့် သွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဤကဲ့သို့သော အခြေအနေမျိုးနှင့် တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသောကြောင့် ဖြစ်သည်။

"အဲ့ဒီ မိန်းကလေးနဲ့ လူသန်ကြီးကြားမှာ ဘယ်သူက နောက်ဆုံး အနိုင်ရသွားမယ်လို့ ခင်ဗျားတို့ ထင်လဲ"

ဖုန်းကျို့၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာသဖြင့် အခန်းတွင်းရှိ အမျိုးသား သုံးဦးမှာ လန့်ဖြတ်သွားကြကုန်သည်။ ထိုအမေး စကားကြောင့် အမျိုးသားများသည် ရှေ့သို့ တိုးလာပြီး ပထမထပ်ရှိ တိုက်ခိုက်ရေး စင်မြင့်ဆီသို့ အောက်သို့ ငုံ့ကြည့်လိုက်ကြလေသည်။ အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ်အရွယ် မိန်းကလေး တစ်ဦးသည် ကြီးမားပြီး ကြွက်သားများ ထစ်ထစ်ထနေသော လူသန်ကြီး တစ်ဦးနှင့် တိုက်ခိုက်နေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

သို့သော် မိန်းကလေးသည် လူသန်ကြီး၏ ပြိုင်ဘက် မဟုတ်ဘဲ နောက်ဆုံး ထွက်သက်အား ရှူရှိုက်ရလုနီးပါး အရိုက်ခံ ထားရသော်လည်း သူမသည် မတ်တတ်ရပ်ရန် ခေါင်းမာစွာဖြင့် ကြိုးစားနေဆဲ ဖြစ်သည်။ ဒုတိယ ကြီးကြပ်ရေးမှုး ကျူး သည် အောက်ထပ်ရှိ အခြေအနေကို တစ်ချက်မျှ အကဲခတ်ကြည့်ပြီး ပြောလိုက်သည်။

"အဲ့မိန်းကလေးကက စစ်သည်တော် အဆင့် ၆ မှာပဲ ရှိသေးတယ် သူမရဲ့ ပြိုင်ဘက်ကတော့ နက်နဲ စစ်သည်တော် အဆင့် ၂ ကို ရောက်နေပြီ သဘာဝကျကျပဲ လူသန်ကြီးက နိုင်မှာပါ ပြီးတော့ မိန်းကလေးက အားအင်တွေ လုံးဝ ကုန်ခမ်းနေပြီ ဖြစ်တဲ့ အတွက် ဆက်ပြီး မတိုက်ခိုက်နိုင်တော့ပါဘူး"

ဖုန်းကျို့မှ နှုတ်ခမ်းအား တွန့်ကာ ပြုံးလိုက်ပြီး သဘောမတူသည့် အနေဖြင့် ခေါင်းခါပြကာ ပြောလိုက်သည်။

"မဟုတ်ဘူး သူမ နိုင်လိမ့်မယ်"

သူမ၏ အကြည့်များသည် တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန် ချထားဆဲဖြစ်သော မိန်းကလေး အပေါ်သို့ ကျရောက်သွားပြီနောက် ပြောလိုက်သည်။

"အကယ်၍ ခင်ဗျားတို့က အဲ့ဒီဆေးပုလင်းကို အောက်ယူ သွားပြီး သူမကို သောက်ခိုင်း လိုက်မယ်ဆိုရင် အကဲဖြတ်မှုရဲ့ ရလဒ်က အလိုလို ထွက်လာမှာပေါ့"

အမျိုးသား သုံးဦး၏ မျက်လုံးများ ချက်ချင်း တောက်ပ သွားခဲ့သည်။ ဟုတ်ပေသည်။ ထိုနည်းလမ်းသည် ရိုးရှင်းပြီး တိုက်ရိုက်ဆန်သော နည်းလမ်း ဖြစ်သည်။ ထိုနည်းဖြင့် အနီရောင် ဝတ်စုံရှင် အမျိုးသား ပြောသကဲ့သို့ ဆေးသည် အမှန်တကယ်ပဲ အံ့သြစရာ ကောင်းလောက်အောင် အစွမ်းထက်သည်လား ဆိုသည်ကို သူတို့ သိရှိနိုင်ပေလိမ့်မည်။

ထို့အပြင် တိုက်ပွဲအား ဆက်လက် ဆင်နွှဲရန် အားနည်းနေပြီ ဖြစ်သော တိုက်ခိုက်ရေး စင်မြင့်ပေါ်ရှိ မိန်းကလေးအား ထိုဆေး တိုက်လိုက် ပြီးနောက် သူမ အမှန်တကယ် အနိုင်ရသွားမည် ဆိုပါက ၎င်းသည် ထုတ်ကုန် အတွက် သူတို့ပေးနိုင်မည့် အကောင်းဆုံး ကြော်ငြာ ဖြစ်လာပေလိမ့်မည်။

"ကျွန်တော် အောက်ကို ယူသွားလိုက်ပါ့မယ်"

ဒုတိယ ကြီးကြပ်ရေးမှုး ကျူး မှ ပြောလိုက်ပြီးနောက် ဆေးပုလင်းအား လက်ထဲတွင် ဆုပ်ကိုင်လျှက် ပထမထပ်ရှိ တိုက်ခိုက်ရေး စင်မြင့်ဆီသို့ အလျင်အမြန် ပြေးဆင်းသွားခဲ့သည်။

တိုက်ခိုက်ရေး စင်မြင့် ပေါ်ဝယ်

"ဟားဟားဟား ကောင်မလေး မင်း မြန်မြန် အရှုံးပေးလိုက်တာ ကောင်းမယ် မင်း နောက်ထပ် ဆယ်နှစ်လောက် ကျင့်ကြံရင်တောင် ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူးကွ"

သူ အနိုင်ရရန် လောင်းထားသော ငွေများမှာ ဆယ်ဆ မြင့်တက် လာတော့မည်အား တွေးမိသောအခါ သူသည် ဝမ်းသာအားရဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။

မိန်းကလေးမှ သွေးတစ်လုတ် ထွေးထုတ် လိုက်လေရာ သူမ၏ ခန္ဓာကိုယ်မှာ မြင်းလှည်းများဖြင့် တက်ကြိတ် ခံထားရသကဲ့သို့ ခံစားနေရလေသည်။ သူမ၏ ခန္ဓာကိုယ်မှာ ထုံကျင်နေလောက်အောင် နာကျင်နေလျှက် ရှိကာ မဖြစ်စလောက် ခွန်အားလေး တစ်စက်မျှပင် စုစည်း၍ မရနိုင်တော့ပေ။

သို့သော် သူမ အရှုံးအား လက်ခံရန် ငြင်းဆန်လျှက် ရှိသည်။ သူမ ဤအတိုင်း အရှုံးပေးခြင်းအား လက်မခံနိုင်သလို ဤနည်းဖြင့်လည်း အရှုံးမပေးချင်ပေ။

သူမသည် အံတင်းတင်း ကြိတ်ကာ မတ်တတ်ရပ်ရန် အတင်းအဓမ္မ ကြိုးစား လိုက်သော်လည်း နောက်သို့ ပြန်လန် ကျသွားသဖြင့် ပွဲကြည့်ပရိသတ်များထံမှ ကျယ်လောင်သော လှောင်ပြောင် ရယ်မောသံများ ထွက်ပေါ်လာခဲ့လေသည်။

"အခုပဲ အရှုံးပေးလိုက်တော့ နောက်တစ်ပွဲ နောက်တစ်ပွဲ ငါတို့ အချိန်တွေကို လာမဖြုန်းနဲ့"

လူအုပ်ထဲမှ တစ်စုံတစ်ဦးသည် စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်သည်။ ထိုအချိန်တွင် ဒုတိယ ကြီးကြပ်ရေးမှုး ကျူး သည် ဆေးပုလင်းအား လက်ထဲတွင် ကိုင်ဆောင်ကာ မိန်းကလေး ဘေးသို့ ရောက်လာပြီး သူမအား တစ်စုံတစ်ရာ ပြောလိုက်လေသည်။ ထို့နောက် မိန်းကလေးသည် သူ့ထံမှ ပုလင်းအား ယူကာ အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိဘဲ ပုလင်းထဲမှ အရာများကို သူမ၏ လည်ချောင်းထဲသို့ မော့ချလိုက်သည်။

ဒုတိယ ကြီးကြပ်ရေးမှုး ကျူး ၏ အပြုအမူအား လူတိုင်း အလွန်တရာ နားမလည်နိုင် ဖြစ်နေချိန်တွင် မိန်းကလေး၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ မှေးမှိန်သော အနီရောင် အလင်းရောင်များ အရှိန်အဟုန်ပြင်းစွာ လည်ပတ်နေသည်ကိုသာ သူတို့ ရုတ်တရက် မြင်တွေ့လိုက်ရသည်။

"ဝိုးးး ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

All Chapters