အခန်း ၆၅
Vol. 5 Ch. 65
အခန်း - ၆၅
တိုက်ခိုက်ရေး စင်မြင့် တစ်ခုလုံးရှိ ပွဲကြည့် ပရိသတ်များ ထံမှ ယုံကြည်နိုင်စရာ မရှိလောက်အောင် အော်ဟစ်သံများ ထွက်ပေါ်လာ ပြီးနောက် လူအများအပြားမှာ လွန်ခဲ့သော ခဏလေးတင်ကမှ အားအင်များ လုံးဝ ကုန်ခမ်းနေပြီ ဖြစ်သော မိန်းကလေး၏ ပတ်လည်တွင် ယုံကြည်နိုင်ဖွယ် မရှိလောက်အောင် ချီစွမ်းအင်များ လည်ပတ်နေသည်ကိုသာ မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်ကာ ထရပ်မိလိုက်ကြသည်။
ထင်ရှားစွာ မြင်တွေ့နေရသော လှိုင်းလုံးများကဲ့သို့ လည်ပတ် နေသည့် ချီစွမ်းအင်များသည် အတုအယောင် မဖြစ်နိုင်ပေ။ မိန်းကလေး၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော ကြီးမားလှသည့် အရှိန်အဝါကိုလည်း အားလုံးသည် အထင်အရှား ခံစားသိရှိနိုင်ပေသည်။
သို့သော် လွန်ခဲ့သော ခဏလေးတင်ကမှ မိန်းကလေးမှာ ပြန်မတ်တတ် မရပ်နိုင်တော့သည် အထိ ဖြစ်နေခဲ့ပြီး ယခုအခါ သူမအား ရစ်ပတ်နေသော ချီစွမ်းအင်များသည် ရုတ်တရက် အရင်ကထက်ပင် ပိုမို အားကောင်း ပြင်းထန်လာခဲ့လေသည်။ အကယ်၍ သူတို့ မျက်စိဖြင့် ကိုယ်တိုင် မမြင်တွေ့ရပါက သူတို့ အမှန်တကယ်ပင် ယုံကြည်နိုင်ကြမည် မဟုတ်ပေ။
ထိုအချိန်၌ တိုက်ခိုက်ရေး စင်မြင့်ပေါ်ရှိ မိန်းကလေး ကိုယ်တိုင်၏ မျက်လုံးများတွင်လည်း ယုံကြည်နိုင်စရာ မရှိလောက်အောင် အံ့အားသင့်မှုများ ပြည့်နှက်နေပြီး တောက်ပသော ဝမ်းသာပီတိများ ရောယှက်နေလေသည်။
သူမသည် လက်များအား တင်းတင်းဆုပ်လိုက်လေရာ လက်သီးထဲသို့ ချီစွမ်းအင်များ စီးဝင်လာသည်အား ခံစားလိုက်ရသောအခါ အံ့အားသင့်နေသည့် သူမ၏ ပြိုင်ဘက် လူသန်ကြီးအား မျက်လုံးများပင့်ကာ စိုက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
"အနိုင်အရှုံးက မဆုံးဖြတ်ရသေးဘူး"
သူမ၏ အသံ ဆုံးသည်နှင့် တစ်ပြိုင်နက် သူမ၏ ခန္ဓာကိုယ်မှာ ပုံမှန်ထက် သုံးဆမျှ ပိုမိုမြန်ဆန်သော အရှိန်အဟုန်ဖြင့် ရှေ့သို့ ပြေးဝင်သွားခဲ့ကာ သူမ၏ လက်သီးချက်များ နှင့်အတူ လှည့်ပတ် တိုက်ခိုက် လိုက်တော့သည်။
သူမ၏ လက်သီးများပေါ်တွင် လည်ပတ်နေသော ချီစွမ်းအင်များ စုစည်း သွားခဲ့ကာ ကျယ်လောင်စွာ ဟိန်းဟောက်နေသော လေပွေများ အဖြစ် ပြောင်းလဲ သွားလေတော့သည်။ လူသန်ကြီးမှ ယုံကြည်နိုင်ဖွယ် မရှိအောင် အံ့အားသင့်လျှက် စိုက်ကြည့်နေစဉ် လက်သီးတစ်ချက်သည် သူ့အား ဝင်ဆောင့်လိုက်ရာ ဆယ်မီတာ အကွာအထိ လွင့်ထွက် သွားတော့သည်။ ထိုစွမ်းအားနှင့် ထိုတိုက်ခိုက်မှု၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် အံ့အားသင့်နေသော ပွဲကြည့်ပရိသတ်များထံမှ ကျယ်လောင်သော ဟစ်အော်သံများ ထွက်ပေါ်လာတေ့ာသည်။
တိုက်ခိုက်ရေး စင်မြင့်ပေါ်ရှိ လေထုမှာ တင်းမာ သွားပြီးနောက် ထိုမြင့်မားသော တင်းမာမှုများ ပြေလျော့သွားခဲ့ကာ ခေတ္တမျှ တိတ်ဆိတ် သွားပြီးနောက်တွင် ထောင်ပေါင်းများစွာသော ပွဲကြည့်ပရိသတ်များ အားလုံး တစ်ပြိုင်နက်တည်း မတ်တတ်ရပ်လိုက်ကြပြီး မိုးချုန်းသံကဲ့သို့ လက်ခုပ်တီးသံများ နားကွဲမတတ် ကျယ်လောင်သော အားပေးသံများ ပဲ့တင်ထပ်သွားတော့သည်။
ပရိသတ် တစ်ခုလုံး၏ တုံ့ပြန်မှုများနှင့် နှိုင်းယှဉ်ပါက ဒုတိယ ကြီးကြပ်ရေးမှုး ကျူး မှာ ပို၍ပင် စိတ်လှုပ်ရှားနေလေသည်။ အနိုင်အရှုံး ဆုံးဖြတ်တော့မည့် တိုက်ခိုက်ရေး စင်မြင့်ပေါ်သို့ သူ တစ်ချက်မျှ အကဲခတ် ကြည့်လိုက်ပြီးနောက် သူ လာခဲ့ရာ လမ်းအတိုင်း အလျင်အမြန် ပြန်သွားတော့သည်။
တိုက်ခိုက်ရေး စင်မြင့် တစ်လျှောက်လုံးတွင် ပထမထပ်ရှိ ပွဲကြည့်ပရိသတ်များ ဖြစ်စေ ဒုတိယထပ်ရှိ အထူးဧည့်သည် အခန်းများမှ လူများဖြစ်စေ ဒုတိယ ကြီးကြပ်ရေးမှုး ကျူး အလျင်အမြန် ထွက်ခွာသွားသည်အား မြင်သောအခါ လူတိုင်း၏ မျက်နှာပေါ်တွင် စဉ်းစား တွေးတောနေသည့် အမူအရာများ ရုတ်တရက် ပေါ်လာကြပြီး ထိုပုလင်းထဲတွင် မည်သည့် အရာများ ပါဝင်သည်ကို မေးမြန်းရန် အစေခံများအား အလျင်စလို ခေါ်ယူလိုက်ကြသည်။
အောက်ထပ်မှ ဆူညံနေသော စိတ်လှုပ်ရှားမှုများနှင့် ဆန့်ကျင်ဘက် အနေဖြင့် အထက်ရှိ သီးသန့်အခန်းထဲမှ ဖုန်းကျို့မှာမူ အလွန်တရာ တည်ငြိမ်နေပုံရသည်။ ထိုရလဒ်သည် သူမ မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်ပြီး သူမ အနည်းငယ်မျှပင် အံ့အားသင့်ခြင်း မရှိခဲ့ပေ။
မိန်းကလေး၏ အရှုံးမပေးလိုသော ခေါင်းမာမှုနှင့် တိုက်ပွဲဝင်လိုစိတ် ပြင်းပြမှုတို့ကြောင့် ဆေး၏ အကူအညီအား ရရှိပြီးနောက် သူမသာ ဆက်လက် ရှုံးနိမ့်သွားပါမူ အမှန်တကယ်ပင် ထူးဆန်းပေလိမ့်မည်။
ဖုန်းကျို့၏ တည်ငြိမ် အေးဆေးသော အမူအရာ အရှေ့တွင် အဘိုးအို တိန့် နှင့် ကြီးကြပ်ရေးမှုးချုပ် တုန်း တို့မှာ ဖိနှိပ်ထားသော စိတ်လှုပ်ရှားမှုများကြောင့် မျက်နှာများ နီရဲနေလျှက် ရှိကြကာ ဤတစ်ကြိမ်တွင် ရွှေတွင်း တစ်ခုအား တူးမိသကဲ့သို့ ဖုန်းကျို့ကို ကြည့်နေသော သူတို့၏ မျက်လုံးများ အတွင်း၌ ဝမ်းသာပီတိဖြစ်မှုများနှင့် စိတ်လှုပ်ရှားမှုများ စသည့် ခံစားချက်များ ပြည့်နှက်နေသည့် အကြည့်များဖြင့် တောက်ပနေခဲ့ကြသည်။
"လေးစားရပါသော သခင်လေး သခင်လေးဆီမှာ အဲ့ဒီဆေး ဘယ်လောက်များများ ရှိသေးလဲဆိုတာ မေးခွင့်ပြုပါ ခင်ဗျာ ပြီးတော့ သခင်လေးက ကျွန်တော်တို့နဲ့ ဘယ်လိုမျိုး ကုန်သွယ်မှု လုပ်ချင်တာလဲ"
ကြီးကြပ်ရေးမှုးချုပ် တုန်း သတိ ပြန်လည်လာချိန်တွင် သူ၏ အခေါ်အဝေါ်ပင် ပြောင်းလဲသွားပြီး သူ၏ အပြုအမူများမှာလည်း အလွန်အမင်း ယဉ်ကျေး လာခဲ့လေသည်။ ဤမျှ အံ့သြဖွယ်ကောင်းသော အာနိသင်များရှိသည့် ဆေးတစ်မျိုးသည် တိမ်လွှာလမင်း မြို့ အတွင်းရှိ မှောင်ခို စျေးကွက်တွင် ပေါ်လာပါက ကြီးမားသော ဆူပူအုံကြွမှုကြီး တစ်ခုအား သေချာပေါက် ဖြစ်ပေါ် လာစေလိမ့်မည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့ ရောက်ရှိနေသော အဆင့်ကိုး နိုင်ငံငယ်လေး တစ်ခုတွင် ဤကဲ့သို့သော ဆေးမျိုးအား မည်သူမျှ မြင်တွေ့ခဲ့ဖူးမည် မဟုတ်သောကြောင့် ဖြစ်သည်။
ဤကဲ့သို့သော ဆေးတစ်ခွက်အား ပိုင်ဆိုင်ထားခြင်းသည် အသက်အား ကယ်တင်ပေးနိုင်မည့် အဆောင်လက်ဖွဲ့ တစ်ခုအား ပိုင်ဆိုင်ထားခြင်းနှင့် အတူတူပင်ဖြစ်ကာ အကယ်၍ သူတို့ အနိုင် မယူနိုင်သော အင်အား ကြီးမားသည့် ပြိုင်ဘက်နှင့် ရင်ဆိုင်ရပါက ထွက်ပြေး လွတ်မြောက်ရန် ၎င်းအား အသုံးပြုနိုင်သေးသည်။ ဤအရာသည် လူအများအား မည်ကဲ့သို့ ဆွဲဆောင်မှု မရှိဘဲ နေနိုင်လိမ့်မည်နည်း။
"ဒီဆေးက လေးစားရပါသော သခင်လေး ကိုယ်တိုင် ဖော်စပ်ထားတာလား။ သခင်လေးက ဆေးလုံးဖော်စပ်သူ တစ်ဦးများလား"
အဘိုးအို တိန့် မှ မေးလိုက်လေရာ သူ၏ မျက်လုံးများမှ ဖုံးကွယ်မထားနိုင်သော အားကျမှုများဖြင့် တောက်ပနေလျှက် ရှိပြီး ဖုန်းကျို့အား မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။
ထိုစကားအား ကြားသောအခါ ဖုန်းကျို့မှ အဘိုးအို တိန့် အား မျက်စောင်း ထိုးကြည့်လိုက်ပြီးနောက် သူမ၏ အသံမှာ အေးစက်ကာ ပျင်းရိပျင်းတွဲဟန်ဖြင့် ပြောလိုက်သည်။
"ငါ ဘယ်သူလဲဆိုတာကို ခင်ဗျားကို ပြောပြဖို့ မလိုဘူးလို့ ထင်တယ် ဟုတ်တယ်မလား"
သူ စည်းကျော် သွားခဲ့ပြီ ဖြစ်ကြောင်းကိုလည်း သတိပြုမိသွားသော အဘိုးအို တိန့် မှ ပြန်လည်၍ တောင်းပန်လိုက်လေသည်။
"လေးစားရပါသော သခင်လေး အနေနဲ့ အပြစ်မယူဖို့ တောင်းပန်ပါတယ် ခင်ဗျာ ဒီအဘိုးကြီးက အရမ်းစိတ်လှုပ်ရှားသွားပြီး စည်း ကျော်လွန် သွားမိပါတယ်"
ဟုတ်ပေသည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် မည်သူကများ တည်ငြိမ်နေနိုင်မည်နည်း။ သူ၏ မျက်စိရှေ့ရှိ အမျိုးသားမှာ ဆေးဖော်စပ်သူ တစ်ဦး အမှန်တကယ် ဖြစ်နိုင်ပေသည်။ သူရိယတေဇနိုင်ငံတွင် ဆေးလုံးဖော်စပ်သူ တစ်ဦးတစ်ယောက်မျှ တစ်ကြိမ်တစ်ခါမှ မပေါ်ထွက်ခဲ့ဖူးကြောင်း လူတိုင်း သိကြပေသည်။