အခန်း ၆၆
Vol. 5 Ch. 66
အခန်း - ၆၆
အမျိုးသား နှစ်ဦးအား တစ်ချက် ဝေ့ကြည့်လိုက် ပြီးနောက် ဖုန်းကျို့မှ ပြန်ဖြေလိုက်သည်။
"ငါ့ဆီမှာ နောက်ထပ် ဆေးပုလင်း နှစ်ပုလင်း ရှိသေးတယ် ဒါပေမဲ့ လေလံပွဲ က တစ်ဆင့်ပဲ ရောင်းဖို့ ရည်ရွယ်ထားတယ် ပြီးတော့ ငါနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် မှန်သမျှ လုံးဝ(လုံးဝ) ပေါက်ကြားလို့ မရဘူး"
နောက်ထပ် နှစ်ပုလင်း ရှိသေးကြောင်း ကြားသောအခါ ကြီးကြပ်ရေးမှူးချုပ် တုန်း ၏ မျက်လုံးများ တောက်ပသွားခဲ့ကာ အပြုံးကြီးကြီး တစ်ခု ပြုံးပြလျှက် ပြောလိုက်သည်။
"ကျွန်တော်တို့က ဒီမှာ မှောင်ခို စျေးကွက်ကို လုပ်ကိုင်နေတာ မှန်ပေမယ့် သခင်လေးရဲ့ သဘောတူညီချက် မပါဘဲ သခင်လေးနဲ့ ပတ်သက်တဲ့ အချက်အလက် တစ်ခုလေးကိုတောင် ကျွန်တော်တို့ ပေါက်ကြားစေမှာ မဟုတ်ပါဘူး ဒါကြောင့် သခင်လေး စိတ်ချလက်ချ နေနိုင်ပါတယ်"
ဖုန်းကျို့မှ ခေါင်းညိတ်ကာ ထပ်ပြောလိုက်သည်။
"အဲ့ဒါအပြင် ဝိဉာဉ်ဆေးပင် အမျိုးအစား နည်းနည်းလောက်ကို ရှာပေးဖို့ ငါ အကူအညီ လိုတယ်"
သူမ၏ အသံမှာ ခေတ္တမျှ ရပ်တန့် သွားပြီးနောက် ဆက်ပြောလိုက်သည်။
"ပြီးတော့ ခင်ဗျားတို့ ရှာတွေ့တဲ့အခါ ကြိုးစားပေးတဲ့ အတွက် အခကြေးငွေ အနေနဲ့ ချီစုစည်းမှု ဆေးရည် တစ်ပုလင်းကို ငါ လက်ဆောင်ပေးမယ် သေချာတာပေါ့ ဝိဉာဉ်ဆေးပင်တွေရဲ့ တန်ဖိုးကိုတော့ သီးသန့် ပေးမှာပါ ခင်ဗျားတို့ကို အရှုံး မခံစေရပါဘူး"
အမျိုးသား နှစ်ဦး၏ မျက်လုံးများ တောက်ပသွားပြီးနောက် သူမ မည်သည့် ဝိဉာဉ်ဆေးပင်များအား ရှာဖွေ ပေးစေချင်သနည်းဟု အလျင်အမြန် မေးလိုက်ကြသည်။
နောက်ဆုံးတွင် ဖုန်းကျို့သည် စာရွက်နှင့် မှင်အား တောင်းယူကာ သူမ လိုအပ်သော ဝိဉာဉ်ဆေးပင်များ၏ စာရင်းကို ရေးချလိုက်ပြီး ထိုစာရင်းအား သူတို့ထံ ပေးလိုက်သည်။
"လေးစားရပါသော သခင်လေး ဝိဉာဉ်ဆေးပင်တွေ အားလုံးကို စုဆောင်းမိတဲ့အခါ သခင်လေးကို ဘယ်လို ဆက်သွယ်ရမလဲ"
ကြီးကြပ်ရေးမှူးချုပ် တုန်း မှ ဆက်မေးလိုက်သည်။ ဖုန်းကျို့သည် သူ့အား တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"နောက်ရက် အနည်းငယ် ကြာရင် ငါ ဒီကို နောက်တစ်ခေါက် ပြန်လာခဲ့မယ် အဲ့ဒီအတွက် ခင်ဗျား စိတ်ပူစရာ မလိုပါဘူး"
သူမသည် အဝတ်အစားများအား လက်ဖြင့် သပ်ချကာ ထရပ် လိုက်ပြီးနောက် ဆေးပုလင်း နှစ်ပုလင်းအား ချန်ထားခဲ့ကာ အပြင်ဘက်သို့ ကြီးမားသော ခြေလှမ်းများဖြင့် လျှောက်ထွက် သွားတော့သည်။
"လေးစားရပါသော သခင်လေး ခဏလောက် စောင့်ပါဦး"
#ကြီးကြပ်ရေးမှူးချုပ် တုန်း မှ တစ်ချက် လှမ်းခေါ်လိုက်ပြီးနောက် အနီရောင် ဝတ်စုံရှင် အမျိုးသား ဘေးသို့ အလျင်အမြန် လျှောက်သွားကာ အနက်ရောင် တံဆိပ်ပြား တစ်ခုအား ကမ်းပေးလိုက်သည်။
"ဒါက မှောင်ခိုစျေးကွက်ရဲ့ အနက်ရောင် တံဆိပ်ပြားပါ လေးစားမှု ပြယုဂ် တစ်ခု အနေနဲ့ သခင်လေးကို လက်ခံစေချင်ပါတယ်"
ထိုစကားကို ကြားသောအခါ ဖုန်းကျို့မှ လက်လှမ်း ယူလိုက်ပြီးနောက် လက်စွပ် အတွင်းသို့ သိမ်းဆည်းလိုက်ကာ သူမ၏ လမ်းအတိုင်း ဆက်လျှောက်သွားသည်။
ထိုအခါ အမျိုးသား နှစ်ဦးသည် ဆေးပုလင်းများကို ကောက်ယူလျှက် ဧည့်သည်ကို လိုက်လံပို့ဆောင်ရန် အလျင်အမြန် ထွက်လာကြလေသည်။ အပြင်သို့ ရောက်သောအခါ မျက်နှာပေါ်တွင် အပြုံးကြီးကြီးဖြင့် ပြန်လာနေသော ဒုတိယ ဒုတိယ ကြီးကြပ်ရေးမှုး ကျူး အား သူတို့ မြင်တွေ့လိုက်ရသည်။
"လေးစားရပါသော သခင်လေးကို နှုတ်ခွန်းဆက်သပါတယ်"
ဒုတိယ ကြီးကြပ်ရေးမှုး ကျူး မှ အလျင်အမြန် အရိုအသေ ပေးလိုက်လေရာ သူ၏ အမူအရာမှာ အလွန်တရာ စိတ်လှုပ်ရှားနေခဲ့ကာ တစ်ခုခု ပြောချင်ပုံ ပေါ်သော်လည်း မြှောက်ထားသော လက်တစ်ဖက်ဖြင့် တားဆီး ခံလိုက်ရသည်။
"ခင်ဗျားတို့ အားလုံး လိုက်ပို့စရာ မလိုပါဘူး ငါ့ဟာငါ ဟိုဟိုဒီဒီ လိုက်ကြည့်လိုက်ဦးမယ်"
သူမသည် သူတို့အား လိုက်ပို့ခြင်းမှ တားဆီးလိုက်ပြီးနောက် ကြီးမားသော ခြေလှမ်းများဖြင့် ချက်ချင်း ထွက်ခွာ သွားတော့သည်။ အမျိုးသား သုံးဦးသည် အနီရောင် ပုံရိပ်လေး ထောင့်ကွေ့တစ်ခုသို့ ပျောက်ကွယ် သွားသည်သာ မြင်တွေ့ လိုက်ရ ပြီးနောက် သူတို့၏ အကြည့်များအား ရုပ်သိမ်းကာ တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါသော အကြည့်များဖြင့် ကြည့်လိုက်ကြကာ သီးသန့်အခန်းဆီသို့ အားလုံး ပြန်သွားကြသည်။
"ပုလင်းထဲမှာ ဘာတွေပါလဲဆိုတာကို လူအတော်များများက ကျွန်တော့်ဆီမှာ လာစုံစမ်းကြည့်ကြတယ်"
ဒုတိယ ကြီးကြပ်ရေးမှုး ကျူး မှ သူ၏ မျက်နှာပေါ်တွင် စိတ်အား ထက်သန်သော အမူအရာဖြင့် ပြောလိုက်သည်။
"သူတို့က ရှင်းရှင်းလင်းလင်း မပြောပေမယ့် အဲ့ဒါ ဆေးဆိုတာကို သူတို့ ခန့်မှန်းမိသွားပြီလို့ ထင်တယ် ဘာလို့လဲဆိုတော့ ဆေးရည် တစ်မျိုးကသာ ဒီလောက် အံ့သြစရာကောင်းတဲ့ အာနိသင်တွေကို ပေးစွမ်းနိုင်တာကိုး"
"သခင်လေးနဲ့ ပတ်သက်တဲ့ အချက်အလက် တစ်ခုလေးကိုမှ ဘယ်သူ့ကိုမှ မပြောပြနဲ့ အထက်လူကြီးတွေကိုပဲ လျှို့ဝှက်သတင်းပို့လိုက်ပါ"
ကြီးကြပ်ရေးမှုးချုပ် တုန်း မှ တိုးတိတ်သော အသံဖြင့် ပြောလိုက်သည်။
"သူ့နောက်ကို လူတချို့ လွှတ်ပြီး စောင့်ကြည့်ခိုင်းဖို့ လိုမလား"
"မလိုဘူး"
ကြီးကြပ်ရေးမှုးချုပ် တုန်း မှ ခေါင်းခါ ပြလိုက်သည်။
"အဲ့ဒီလူရဲ့ အတိမ်အနက်ကို ငါတို့ မသိဘူး ဒါပေမဲ့ သူက ငါတို့ ပြစ်မှားလို့ မရတဲ့ လူတစ်ယောက် ဆိုတာကိုတော့ သေချာသိတယ် အကယ်လို့သာ သူ့နောက်ကို လူတွေ လွှတ်ပြီး စောင့်ကြည့် ခိုင်းမယ်ဆိုရင် သူ့ရဲ့ မကျေနပ်မှုကို ငါတို့ ခံရနိုင်ပြီး အရာအားလုံး ဆုံးရှုံးသွားလိမ့်မယ်"
ထိုအချိန်တွင် တစ်ချိန်လုံး စကားတစ်ခွန်းမျှ မပြောဘဲ နေနေသော အဘိုးအို တိန့် မှ ရုတ်တရက် စကားဆိုလာခဲ့သည်။
"ဒီစာရင်းထဲက ဝိဉာဉ်ဆေးပင်တွေကို ရှာဖို့ အဲ့ဒီလောက် လွယ်မယ် မထင်ဘူး"
"ဟင် ဘာလို့လဲ"
ကြီးကြပ်ရေးမှုးချုပ် တုန်း မှ သူ့အား လှည့်ကြည့် လိုက်တော့သည်။ သူသည် ဆေးပင်များနှင့် သိပ်မရင်းနှီးသောကြောင့် ထိုစာရင်းထဲရှိ ဝိဉာဉ်ဆေးပင်များ၏ အသုံးဝင်ပုံများကိုလည်း သိပ်မသိပါချေ။
"ဒီဟာတွေ အားလုံးက ငါတို့ရဲ့ သူရိယတေဇနိုင်ငံမှာ တွေ့ရခဲပြီး တခြားနိုင်ငံတွေကနေ ရှာဖွေရလိမ့်မယ်"
အဘိုးအို တိန့် မှ အခြားအမျိုးသား နှစ်ဦးအား ကြည့်ကာ ပြောလိုက်လေရာ သူ၏ မျက်လုံးများသည် သူ၏ စိတ်အားထက်သန်မှုအား ဖော်ပြနေခဲ့သည်။
"အဲ့ဒီလူကြီးမင်းက သေချာပေါက် ဆေးလုံးဖော်စပ်သူ တစ်ဦး ဖြစ်မယ်ဆိုတာ ငါ သေချာတယ် ဒါမှမဟုတ် သူက ဆေးလုံး ဖော်စပ်တဲ့ အဂ္ဂိရတ်ပညာရှင် တစ်ယောက်တောင် ဖြစ်နိုင်သေးတယ်"
"ဘာ"
ကြီးကြပ်ရေးမှူး နှစ်ဦးမှာ အံ့အားသင့်လွန်းသဖြင့် ထိတ်လန့်တကြား အသံများ ထွက်သွားခဲ့သည်။
(** မင်မင် နားလည်သလို ပြန်ထားခြင်း ဖြစ်ပါတယ် ဆေးလုံးဖော်စပ်သူနဲ့ အဂ္ဂိရတ် ပညာရှင်က မတူပါဖူးတဲ့နော် ။ အဂ္ဂိရတ် ပညာရှင်ဆိုတာက ဆေးပင်တွေ သစ်မြစ် သားရဲ စတာတွေရဲ့ အာနိသင်ကို နားလည်ပြီး ဆေးမီးဖိုနဲ့ ဝိဉာဉ်မီးကို သုံးပြီဂ အစွမ်းထက် ဆေးလုံးတွေကို ဖန်တီးတာ မျိုးပါ သူတို့ ဖော်စပ်တဲ့ ဆေးတွေက ကျင့်ကြံသူတွေ အတွက် အထောက်အကူ ဖြစ်စေတဲ့ ဆေးအမျိုးမျိုး ကို ဖန်တီး ထုတ်လုပ်ပါတယ်
ဆေးလုံးဖော်စပ်သူဆိုတာကတော့ ဆေးပညာနဲ့ ကုသရေးပိုင်းကို အူိကထားပြီး ဆေးလုံးတွေကို အသုံးပြုသော်ငြားလည်း ကိုယ်ပိုင် ချီစွမ်းအင်ကို အသုံးပြုပြီး ကုသတာ အပ်စိုက် ကုသပေးတာ ပိတ်ဆို့နေတဲ့ သွးကြောတွေကို ဖွင့်ပေး တာ ကျင့်စဉ် ချွတ်ချော်သွားတာတွေကို ပြုုပြင်ပေးတာမျိုးကို အဓိက လုပ်ဆောင်ပေးပါတယ် ပြောရရင် လူနာနဲ့ တိုက်ရိုက် ထိတွေ့ပြီး လက်တွေ့ကုသပေးတဲ့ သမားတော်မျိုးနဲ့ ဆင်တူပါတယ်
များသောအားဖြင့် ရှန်းရှ ဝတ္တုများမှာတော့ MCတော်တော်များများက ဆေးလုံးဖော်စပ်သည့်အပြင် အဂ္ဂိရိတ် ပညာမှာပါ ကျွမ်းကျင်ကြပါတယ် သို့သော်ငြားလည်း ဆေးလုံးဖော်စပ်သူ များက အခြေခံအားဖြင့် အဂ္ဂိရတ် ပညာရှင်ပါ ဖြစ်နိုင်သော်လည်း အဂ္ဂိရတ် ပညာရှင်တိုင်းမှာမူ ဆေးလုံး ဖော်စပ်သူ မဖြစ်ပါဖူးတဲ့နော်
ဒါက မင်မင် နားလည်သလို ပြန်ရှင်းပြခြင်းသာ ဖြစ်ပါတယ် အမှားအယွင်း ဖြစ်သွားရင်လည်း နားလည်ပေးပါလို့ ကြိုပြောချင်ပါတယ် သိုင်းအဆင့်တွေကိုလည်း အတတ်နိုင်ဆုံး ရှင်းအောင် တော့ ရေးပေးထားပါတယ်နော် **)
"အဂ္ဂိရတ်ပညာရှင်လား အဲ့ဒါက အရမ်းကို မြင့်မြတ်တဲ့ အဆင့်အတန်းလေ တကယ်ပဲ ဖြစ်နိုင်လို့လား သူ့ရဲ့ အသံကို နားထောင် ကြည့်ရသလောက်ဆိုရင် သူက အတော်လေး ငယ်ရွယ်သေးတဲ့ပုံပဲ သူက ဘယ်လိုလုပ် အဂ္ဂိရတ်ပညာရှင် တစ်ယောက် ဖြစ်နိုင်မှာလဲ"
အဂ္ဂိရတ်ပညာရှင်များသည် ဆေးလုံးဖော်စပ်သူများ၏ အမြင့်ဆုံး အဆင့်တွင် ရပ်တည်နေသူများ ဖြစ်ကြောင်း လူသိများကြလေသည်။ အဆင့်ကိုး နိုင်ငံငယ်လေးအား ဆိုထားဘိ အလယ်အလတ် ဖြစ်သော အဆင့်ခြောက် နိုင်ငံတွင်ပင် ထိုပညာရှင် တစ်ဦးကို ရှာတွေ့ရန် အလွန်တရာ ခက်ခဲပေလိမ့်မည်။
ထိုအမျိုးသား သုံးဦး ပြောဆိုနေကြသော သူမှာမူ ထိုအချိန်၌ မှောင်ခိုစျေးကွက်ရှိ ကြေးစားစစ်သည်များ၏ တာဝန် ကြေညာသင်ပုန်း ရှေ့တွင် ရပ်နေပြီး ပေးအပ်ထားသော ဆုကြေးများနှင့် ဖမ်းဆီးမှုများအား လေ့လာနေလေသည်။ သူမ၏ နှုတ်ခမ်းများမှ အနည်းငယ် တွန့်ကွေးသွားပြီး သဲ့သဲ့လေး ပြုံးနေလေတော့သည်။