အခန်း ၆၇
Vol. 5 Ch. 67
အခန်း - ၆၇
သူမ၏ ခေါင်းအတွက် သတ်မှတ် ထားသည့် ဆုကြေးငွေသည် တတိယ အများဆုံးနေရာ အထိ ထိုးတက်သွားလိမ့်မည်ဟု သူမ ထင်မထားခဲ့မိချေ။
‘ကျွတ် ကျွတ် အံ့သြစရာကောင်းနေတာပါလား’
သူမ အတွေးနယ်ချဲ့နေဆဲမှာပင် လူအချို့ စကားပြောနေသံများသည် သူမ၏ နားထဲသို့ တိုးဝင်လာခဲ့သည်။
"ဟိုပန်းချီကားထဲက ကောင်မလေးက ဘယ်လိုလုပ်ပြီး ထိပ်ဆုံး သုံးယောက်စာရင်းထဲ ရောက်သွားတာလဲ ဆုကြေးငွေက ငါးသိန်းတောင် ဖြစ်သွားပြီဟ"
"မင်းက အခုမှ ပြန်ရောက် လာတာဆိုတော့ သေချာ သိမှာမဟုတ်လောက်ဘူး အခုချိန်မှာ ဘယ်ကြေးစားမှ အဲဒီမစ်ရှင်ကို မယူရဲကြတော့ဘူးကွ"
"ဘာဖြစ်လို့လဲ"
"ဘာလို့လဲဆိုတော့ အဲဒီမစ်ရှင်ကို ယူတဲ့ ကြေးစားသမားတွေ တစ်ယောက်မှ အသက်ရှင်လျက် ပြန်မလာနိုင်ကြလို့ပဲလေ လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်လောက်ဆိုတဲ့ တိုတောင်းလှတဲ့ အချိန်အတွင်းမှာတောင် လူတော်တော်များများက ပန်းချီကားထဲက ကောင်မလေးလက်ထဲမှာ အသက်ပျောက်ခဲ့ကြရတယ်"
ထိုလူနှစ်ယောက် စကားပြောနေရင်း အနီရောင် ဝတ်စုံအပြည့် ဝတ်ဆင်ထားကာ ထင်ပေါ်နေသည့် အမျိုးသားအား ကြည့်ပြီး စပ်စုချင်စိတ်များ ပေါ်လာသဖြင့် တစ်ယောက်မှ မေးလိုက်သည်။
"သခင်လေးက ဆုကြေးငွေ လာထုတ်ချင်လို့လား"
မည်သို့ပင် ဆိုစေကာမူ မှောင်ခိုဈေးကွက်မှ ကြေးစားသမားများသာ ကြော်ငြာသင်ပုန်းပေါ်ရှိ မစ်ရှင်များအား လက်ခံနိုင်သည် မဟုတ်ပါလော။ ဖုန်းကျို့မှ ထိုလူနှစ်ယောက်အား လှည့်ကြည့်ကာ ပြုံး၍ ခေါင်းခါ ပြလိုက်သည်။ မျက်လုံး ထောင့်မှနေ၍ ကြည့်လိုက်သောအခါ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အပြင် ထွက်ပေါက်ဆီသို့ လျှောက်သွားနေသည်အား မြင်လိုက်ရသဖြင့် သူမလည်း အနောက်မှ လိုက်သွားခဲ့သည်။
သူမ ထွက်သွားပြီးနောက် မှောင်ခို ကြေးစား နှစ်ယောက်သည် အချင်းချင်းကြည့်ကာ တီးတိုးပြောလိုက်ကြသည်။
"ဒီလူက ဒီကို ပထမဆုံးအကြိမ် လာတဲ့ပုံပဲ သူ့ တစ်ကိုယ်လုံးမှာ ဆွဲဆောင်မှုရှိတဲ့ အငွေ့အသက်တွေ လွှမ်းခြုံနေတယ် ဘယ်လိုလူမျိုးများလဲ မသိဘူး"
"သူ ဘယ်သူလဲဆိုတာ ငါတို့ ခေါင်းထဲထည့်စရာ မလိုပါဘူးကွာ လာ မင်းကို အရက်တစ်ခွက် တိုက်မယ်"
ကျန်တစ်ယောက်သည် သူ့အဖော် ဖြစ်သူ၏ ကျောအား ပုတ်လိုက်ပြီး ပခုံးဖက်ကာ ထွက်သွားကြတော့သည်။ တည်းခိုခန်းဆီသို့ ပြန်လျှောက်လာရင်း လူလတ်ပိုင်းအမျိုးသားသည် ရုတ်တရက် ခြေလှမ်းများအား ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ နောက်သို့ လှည့်ကြည့်လိုက်လေသည်။
သူသည် ခြေလှမ်းများအား ခပ်သွက်သွက် လှမ်းကာ လမ်းကြားလေး တစ်ခုထဲသို့ ဝင်သွား ပြီးနောက် နောက်တစ်ကြိမ် ထပ်ရပ်လိုက်ကာ အော်မေးလိုက်သည်။
"ဘယ်သူလဲ ထွက်ခဲ့စမ်း"
အနီရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် ကျက်သရေ ရှိလှသော ခြေလှမ်းများဖြင့် ထွက်လာခဲ့လေတော့သည်။ သူသည် တောက်ပသော အနီရောင်ဝတ်စုံ အပြည့်အား ဝတ်ဆင်ထားပြီး အနက်ရောင် ဆံပင်များကိုလည်း အနီရောင်ပိုးဖဲကြိုးဖြင့် စည်းနှောင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် အနည်းငယ်ထူးခြားနေသည်မှာ သူ၏ မျက်နှာအား ငရဲပန်းများဟု တင်စားကြသည့် မန်ဒါလာပန်းများ ပုံဖော်ထားသော ရွှေရောင် မျက်နှာဖုံးဖြင့် ဖုံးကွယ်ထားခြင်းပင် ဖြစ်သည်။
ဖြည်းဖြည်းချင်း လျှောက်လာသူအား စိုက်ကြည့်ရင်း လူလတ်ပိုင်း အမျိုးသား၏ မျက်လုံးများ ကျဉ်းမြောင်း သွားခဲ့သည်။ သူ့ခေါင်းထဲတွင် ကနဦး ခန့်မှန်းချက်တစ်ခု ပေါ်လာသော်လည်း ချက်ချင်းပင် ပယ်ဖျက်လိုက်လေသည်။
[မဟုတ်ဘူး အဲဒီမိန်းမ မဖြစ်နိုင်ဘူး သူ့ရှေ့ကလူက အဲဒီမိန်းမထက် အရပ်ပိုရှည်တယ် သူ မဖြစ်နိုင်ဘူး]
"ငါတို့ မတွေ့ရတာ တော်တော်ကြာပြီနော်"
ဖုန်းကျို့၏ လေသံသည် ပျင်းရိပျင်းတွဲနိုင်လှသော်လည်း သရော် လှောင်ပြောင်မှုများ နှင့်အတူ ကျောချမ်းဖွယ် လူသတ်ငွေ့များ ရောယှက်နေခဲ့သည်။
"မင်း မင်းပဲ"
ရင်းနှီးနေသော အသံအား ကြားလိုက်ရချိန်တွင် သူ၏ မျက်နှာ အမူအရာသည် အနည်းငယ် ပြောင်းလဲသွား ပြီးနောက် အသံများပင် တုန်ယင် လာခဲ့သည်။ ရုတ်တရက် ခံစားလိုက်ရသော ဗီဇအရ ကြောက်ရွံ့မှုကြောင့် သူက ချက်ချင်း ခြေနှစ်လှမ်း ဆုတ်လိုက်ပြီး တစ်ကိုယ်လုံးအား ကာကွယ်ရန် တင်းခံ ထားလိုက်လေသည်။ တိုက်ပွဲ မစခင်မှာပင် သူ့ကျောပြင် မှနေ၍ ချွေးစေးများ ကျဆင်းနေလေပြီ ဖြစ်သည်။
သူ့ကိုလည်း အပြစ်တင်၍ မရနိုင်ချေ။ သာမန် စစ်သည်တော် တစ်ယောက်အား ကြောက်လန့်နေသည့် နက်နဲအဆင့် စစ်သည်တော် တစ်ယောက် ဖြစ်သော်လည်း ယခင်တွင် ဤကောင်မလေးနှင့် တိုက်ခိုက်ခဲ့ဖူးသောကြောင့် သူမ၏ စွမ်းရည်များအား ကောင်းကောင်း သိထား၍သာ ဖြစ်ပေသည်။
သူမ၏ လက်အောက်တွင် သေလုနီးပါး ဖြစ်ခဲ့ရ သည့်အပြင် လက်တစ်ဖက် အသုံးမဝင်တော့သည် အထိ ဖြစ်ခဲ့ရသည်များအား ပြန်တွေးမိသောအခါ မသိစိတ် မှနေ၍ ကြောက်ရွံ့မှုများ ဝင်ရောက်လာခဲ့ကာ သူ၏ နှလုံးသားအား ဆုပ်ကိုင်ထားသလို ခံစားလိုက်ရလေသည်။
ထိုအကြောင်းကြောင့်ပင် သူမအား တိုက်ရိုက် မရင်ဆိုင်ရဲဘဲ မှောင်ခိုဈေးကွက်တွင် ဆုကြေးငွေ သွားထုတ်ခဲ့ရခြင်း ဖြစ်သည်။ ထိုလူ၏ တုံ့ပြန်မှုများအား မြင်သောအခါ ဖုန်းကျို့မှ အသံထွက်ကာ ရယ်မောလိုက်မိပြီးနောက် ပြောလိုက်သည်။
"ငါ့ကို အဲဒီလောက် ကြောက်နေမှတော့ ဘာလို့ ငါ့ခေါင်းကို ဆုကြေးငွေ ထုတ်ထားသေးလဲ"
သူမမှ တစ်လှမ်းချင်းစီ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားရင်း သူတို့ကြားရှိ ကွာဟချက်အား ကျဉ်းမြောင်းသွားစေသည်။
"မင်းလိုလူမျိုး ရှိနေသေးတယ်ဆိုတာကို ငါ မေ့တောင်မေ့နေပြီ မင်းက ငါ့ရှေ့ကို နောက်တစ်ကြိမ် ပြေးလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"
သူမ ထိုစကားများအား ပြောလိုက်သည့် အချိန်မှာပင် နောက်ကျောဘက်မှ အသံတချို့အား ကြားလိုက်ရလေသည်။ မျက်ခုံးပင့်လျှက် နောက်သို့ လှည့်ကြည့်လိုက်မိသည်။
သူမ၏ နောက်တွင် နောက်ထပ် လူလတ်ပိုင်း အမျိုးသား တစ်ယောက်နှင့် အဘိုးအို တစ်ယောက် မည်သည့်အချိန်ကတည်းမှ ရောက်နေမှန်း သူမ မသိလိုက်ချေ။ သူတို့ နှစ်ယောက် စလုံးသည် အားကောင်းသော တည်ရှိမှုမျိုး ဖြစ်ကြကာ သူတို့၏ အကြည့်များ သည်လည်း စူးရှ ထက်မြက်နေခဲ့သည်။ အသစ် ရောက်လာသူ နှစ်ယောက်ဆီမှ ဖိနှိပ်ချုပ်ချယ်သော အရှိန်အဝါများ ထွက်ပေါ်လာပြီးနောက် လေထုထဲတွင် လူသတ်လိုသော အနံ့အသက်များ ပြည့်နှံ့သွားခဲ့ကာ လမ်းကြားလေး တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
"ဟားဟားဟား မင်းက ငါ့ကို သတ်ချင်တာလား အဲဒါက မင်းမှာ စွမ်းရည် ရှိမရှိဆိုတဲ့ အပေါ်မှာပဲ မူတည်လိမ့်မယ်"
လမ်းကြားတစ်ဖက်ရှိ လူနှစ်ယောက်အား မြင်လိုက်ရသဖြင့် ပထမ လူလတ်ပိုင်း အမျိုးသားသည် ယခင် ကြောက်ရွံ့ ထိတ်လန့်မှုများ ပျောက်ဆုံးသွားကာ သူ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာခဲ့သည်။
"အကြီးအကဲချုပ် စတုတ္ထအကြီးအကဲ ဒီလူပဲ။ ဖုန်းလေးကို သတ်ခဲ့တဲ့သူက ဒီလူပဲ"