← Chapters

အခန်း ၆၉

Vol. 5 Ch. 69

အခန်း ၆၉

Vol. 5 Ch. 69

အခန်း - ၆၉

'ချွမ်'

'ချွမ်'

ကျယ်လောင်သော ကျိုးပဲ့သံတစ်ခု ထွက်ပေါ်လာပြီး အကြီးအကဲချုပ်၏ မျက်လုံးများ အတွင်း၌ အံ့သြမှုကြောင့် ပြူးကျယ်သွားခဲ့သည်။ သူမလက်ထဲမှ အပြာရောင် တောက်ပနေသော ဓားအား စိုက်ကြည့်ပြီးနောက် သူကိုင်ထားသော ဓားပေါ်ရှိ အက်ကွဲကြောင်း အရှည်ကြီးအား ပြန်ကြည့်လိုက်သောအခါ သူ့နှလုံးသား အတွင်း၌ အောက်ခြေအထိ ထိုးဆင်းသွားတော့သည်။

နောက်တစ်စက္ကန့်မှာပင် သူ့လက်ထဲမှ ဓားရှည်သည် ပြိုင်ဘက်၏ ဓားချီ စွမ်းအင်အောက်တွင် နှစ်ပိုင်း ကျိုးသွားခဲ့ကာ မြေပြင်ပေါ်သို့ ကျယ်လောင်သော အသံဖြင့် ကျသွားတော့သည်။

တစ်ချိန်တည်းမှာပင် ဓားဆီမှ ထွက်ပေါ်လာသော ရက်စက် ကြမ်းကြုတ်သည့် ချီစွမ်းအင်အား အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ဘဲ သူ့ တစ်ကိုယ်လုံး ရပ်နေသည့် နေရာမှ ရုတ်တရက် လွင့်စင်သွားသည်ကို တွေ့လိုက်ရသည်။

"အား"

သူ ဟန်ချက်ပျက်သွားပြီး နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားရလေသည်။ ကံကောင်း ထောက်မစွာဖြင့် အနောက်ဘက်ရှိ စတုတ္ထအကြီးအကဲမှ သူ့အား ထိန်းပေးလိုက်နိုင်သဖြင့် မြေပြင်ပေါ်သို့ ရှက်ဖွယ် ကောင်းလောက်အောင် လဲကျမသွားခြင်း ဖြစ်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အဲဒါက မိုးပြာရောင်ဓားသွား မဖြစ်နိုင်ဘူး"

(** အခုချိန်မှ စ၍ အပြာရောင် အနားသတ် ဓားအား မိုးပြာရောင် ဓား (သို့) မိုးပြာရောင် ဓားသွား ဟု ပြန်လည် သုံးနှုန်းပါမည်**)

အကြီးအကဲချုပ်သည် ပြိုင်ဘက်၏ လက်ထဲတွင် ကိုင်ထားလျှက် ရှိသည့် အပြာရောင်အလင်းတန်းများ ထွက်ပေါ်နေသော ဒဏ္ဍာရီလာဓားအား မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေခဲ့လေသည်။ ယင်းမှ ထွက်ပေါ်လာသော အလင်းရောင်သည် တောက်ပလွန်းလှပေ သည်။ ဤနယ်မြေတစ်ခုလုံးတွင် ဒဏ္ဍာရီလာ မိုးပြာရောင်ဓားသွား တစ်လက်တည်းသာ သူ့အလိုလို ဤသို့တောက်ပသော အပြာရောင်အလင်းများ ထွက်ပေါ်နိုင်ခြင်း ဖြစ်သည်။

သူတင်မက စတုတ္ထအကြီးအကဲနှင့် ရွှီမိသားစု၏ ဒုတိယသခင်လေးတို့၏ မျက်နှာပေါ်တွင်လည်း ထိုအချိန်၌ ကြီးမားသော အံ့သြတုန်လှုပ်မှုများ ပေါ်လွင်နေခဲ့သည်။ သို့သော် အံ့သြ တုန်လှုပ်မှုများ အပြင် သူတို့၏ မျက်လုံးများထဲတွင် သူတို့ရှေ့မှ ဒဏ္ဍာရီလာ ဓားအပေါ် လောဘရမ္မက်များလည်း ရောယှက်နေခဲ့လေသည်။

ဒဏ္ဍာရီလာ မိုးပြာရောင်ဓားသွား ... ထိုအရာသည် ဒဏ္ဍာရီများထဲမှ ဒဏ္ဍာရီလာ ဓားပင် ဖြစ်ချေသည်။

နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သော မိုးပြာရောင် ဓားသွားသည် ဤနေ့တွင် ရုတ်တရက် ပြန်ပေါ်လာခဲ့ကာ သူတို့၏ ရှေ့တည့်တည့်၌ ရှိနေခဲ့ခြင်း ဖြစ်သည်။ သူတို့ မည်ကဲ့သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်လိမ့်မည်နည်း။ ယင်းအား ပိုင်ဆိုင်ချင်လာသည့် သူတို့နှလုံးသားထဲတွင် ကြီးထွားလာသည့် ဆန္ဒအား မည်ကဲ့သို့ တွန်းလှန်နိုင်လိမ့်မည်နည်း။

မိုးပြာရောင်ဓားသွားသည် မြေပြင်ဆီသို့ စောင်းငဲ့ ချိန်ရွယ်ထားပြီး အပြာရောင် အလင်းတန်းများ တလက်လက် တောက်ပနေလျှက် ရှိကာ ထို့အတူ ဖုန်းကျို့၏ ခန္ဓာကိုယ်ဆီမှ သွေးဆာနေသော အရှိန်အဝါများ ထွက်ပေါ်လာချိန်တွင် အနီရောင် ဝတ်စုံသည်ပင်လျှင် လေထဲ၌ လွင့်ပျံနေခဲ့သည်။

သူမသည် အံ့သြနေသည့် မျက်နှာများနှင့် လောဘတကြီး ကြည့်နေသော လူသုံးယောက်၏ မျက်လုံးများအား စိုက်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်များအား ကွေးလိုက်ကာ သွေးအေး ရက်စက်သော အပြုံးတစ်ခုကို ဖော်ပြရင်း ပြောလိုက်သည်။

"ဒီဓားကို မျက်စိကျတဲ့သူတိုင်း သေရမယ်"

အသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် အနီရောင်ဝတ်စုံနှင့် လူသည် နတ်ဆိုး တစ်ကောင် ပမာ ချက်ချင်း ပြေးထွက် လာခဲ့တော့သည်။ သို့သော် သူမသည် အကြီးအကဲချုပ်နှင့် စတုတ္ထအကြီးအကဲဆီသို့ သွားခြင် းမဟုတ်ဘဲ အနောက်သို့ ပြန်လှည့်လိုက်ပြီး လက်ထဲမှ မိုးပြာရောင်ဓားသွားအား ဝှေ့ယမ်းလိုက်လေရာ ရက်စက် ကြမ်းကြုတ်သော ဓားချီစွမ်းအင်လှိုင်း တစ်ခုသည် လေထုအား ဆုတ်ဖြဲသွားခဲ့သည်။

"အား"

ရွှီမိသားစု၏ ဒုတိယသခင်လေးမှာ လုံးဝ သတိမထားမိ လိုက်ချိန်မှာပင် သူ့လည်ပင်းအား ခုတ်ပိုင်း ခံလိုက်ရလေသည်။ ထိုအရာသည် သူ့အတွက် ကာကွယ်ရန် အလွန်ပင် ရုတ်တရက် ဆန်လွန်းနေပြီး အလွန်လည်း မြန်ဆန်လွန်းနေခဲ့သည်။ သေဆုံးသွားသည့် အချိန်အထိ သူ့မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်နေဆဲ ဖြစ်လေသည်။ သေဆုံးသွားသည့်တိုင် သူ့နှလုံးသား။ အတွင်း၌လည်း နာကြည်းနေဆဲပင် ဖြစ်ချေသည်။

"ဒုတိယသခင်လေး"

တောင့်တင်းစွာ လဲကျသွားသော လူအား မြင်လိုက်ရသောအခါ အကြီးအကဲချုပ်နှင့် စတုတ္ထအကြီးအကဲတို့သည် အံ့သြတကြီး အော်ဟစ် လိုက်မိကြသည်။ မျက်တောင် တစ်ခတ် အတွင်းမှာပင် သူတို့၏ ဒုတိယသခင်လေး၏ အသက်သည် သူတို့၏ မျက်စိရှေ့မှာပင် ရုတ်သိမ်း ခံလိုက်ရခြင်း ဖြစ်သည်။

ခုတ်ပိုင်းလိုက်သော ဓားချက်သည် အလွန်တရာ မြန်ဆန်လွန်းလှသဖြင့် လည်ပင်းမှ သွေးများပင်လျှင် ချက်ချင်း ယိုဆင်း မဆင်းလာခဲ့ချေ။ အသက်အား နှုတ်ယူလိုက်သည့်တိုင် လည်ပင်းမှ ဒဏ်ရာသည် ခန္ဓာကိုယ် တစ်ခုလုံး လဲကျသွား၍ တုန်ခါသွားသွားမှသာလျှင် ပွင့်ဟသွားခဲ့လေသည်။ ထိုအခါမှသာ သွေးစိမ်းရှင်ရှင်တို့သည် အထက် သို့ ရေပန်းများသဖွယ် ပန်းထွက်လာခဲ့ကာ ပတ်ဝန်းကျင် တစ်ခွင်လုံးအား ကြက်သွေးရောင် အဖြစ် ရဲရဲနီကာ စွန်းထင်းသွားစေခဲ့သည်။

ထိုသူမှာ အိမ်တော်သခင် အနှစ်သက်ဆုံး ညီ ဖြစ်ပြီး ယခုတွင်မူ သူသည်လည်း သေဆုံးသွားလေပြီ ဖြစ်ကာ သူတို့ အိမ်တော်သို့ ပြန်ရောက်သည့်အခါ အိမ်တော်သခင် မည်မျှ ဒေါသထွက်မည်အား သူတို့ အမှန်ပင် စိတ်ကူးမယဉ်ရဲတော့ချေ။

ထိုလူနှစ်ယောက် မျက်နှာပေါ်ရှိ အမူအရာများအား မြင်သောအခါ ဖုန်းကျို့မှ ရယ်မောကာ ပြောလိုက်သည်။

"မင်းတို့တွေ ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ်လို့ တကယ် ထင်နေတာလား"

မိုးပြာရောင်ဓားသွားအား ဆွဲထုတ်လိုက်သည့် အချိန်ကစ၍ လူသုံးယောက်ထဲမှ တစ်ယောက်ကိုမျှ ဤနေရာမှ အသက်ရှင်လျက် ထွက်သွားခွင့်ပေးရန် သူမ ရည်ရွယ်မထားခဲ့ချေ။

[ဒီလမ်းကြားလေးက သူတို့ရဲ့ နောက်ဆုံး အနားယူရာ နေရာဖြစ်လာလိမ့်မယ်]

သူမ၏ မျက်လုံးများ ကျဉ်းမြောင်း သွားပြီးနောက် အတွင်း၌ အေးစက်သော အရောင်အဝါတစ်ခု လက်ဖြာသွားခဲ့သည်။ သူမ၏ လူသတ်ချင်သော အရှိန်အဝါများ ထတောက်လာခဲ့ကာ အနီရောင် ဝတ်စုံနှင့်လူသည် ထိုလူနှစ်ယောက်ဆီ ချက်ချင်း ပြေးဝင်သွားခဲ့သည်။ သူမသည် လက်ထဲမှ မိုးပြာရောင်ဓားသွားအား ခါယမ်းလိုက်လေရာ အေးစက်ပြီး ထက်မြက်သော ဓားချီစွမ်းအင်များသည် အပြင်သို့ ပြေးထွက်သွား ပြီးနောက် အရှေ့သို့ ပျံသန်းသွားသည့် ဓားသွားများ အဖြစ် ပြောင်းလဲသွားသည်။

"သူ့ကို သတ်"

ထိုလူနှစ်ယောက်မှ ဒေါသတကြီး အော်ဟစ်လိုက်ကြလေသည်။ အကြီးအကဲချုပ်သည် ရှေ့သို့ ပြေးဝင်သွားရင်း သူ၏ ကျိုးနေသော ဓားအား ရှေ့တွင် ကိုင်ထားလျှက် စတုတ္ထအကြီးအကဲသည်လည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန် သူ၏ဓားအား ဆွဲထုတ်လိုက်တော့သည်။ သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုများအား ပေါင်းစပ်လိုက်သည်နှင့် အဆင့်မြင့် စစ်သည်တော် သခင်များ၏ ဖိနှိပ်ချုပ်ချယ်သည့် အရှိန်အဝါများသည် လမ်းကြားငယ်လေး တစ်ခုလုံးအား ချက်ချင်း လွှမ်းခြုံသွားပြီးနောက် လေထုထဲတွင် ရုတ်တရက် ထူထဲလာခဲ့ကာ အသက်ရှူကျပ်လာစေသည်။

'ချွမ်’

‘ ရွှမ်း’

‘ ရွှမ်း'

ဓားများ ရိုက်ခတ်သွားသည်နှင့် ထက်ရှသော ချီစွမ်းအင်များ ထွက်ပေါ်လာပြီး ဓားရေးယှဉ်ပြိုင်သံများသည်လည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့သည်။ ဖုန်းကျို့၏ သွေးဆာနေသော လူသတ်လိုသည့် အရှိန်အဝါများသည် သူတို့အား တဖြည်းဖြည်း လွှမ်းခြုံလာသည် နှင့်အမျှ ကြောက်ရွံ့ ထိတ်လန့်မှုများသည် သူတို့နှလုံးသားထဲသို့ တဖြည်းဖြည်း တွားသွား ဝင်ရောက်လာခဲ့တော့သည်။

ထို့အပြင် သေစေနိုင်လောက်သည့် တိကျမှုများနှင့် သတ်ဖြတ်ရန် ရည်ရွယ်ထားသော သူမ၏ သေမင်းတမန် တိုက်ခိုက်မှုများကြောင့် ထိုလူနှစ်ယောက်မှာ ဖိအားများလာပြီး အနည်းငယ် ကတုန်ကယင် ဖြစ်လာတော့သည်။

"မဖြစ်နိုင်ဘူး"

All Chapters