အခန်း ၇၀
Vol. 5 Ch. 70
အခန်း - ၇၀
အလွန် ပြင်းထန်လှသော တိုက်ခိုက်မှုကြောင့် နောက်သို့ လွင့်စင်သွားရသော စတုတ္ထအကြီးအကဲသည် အံ့အားသင့်စွာ အော်ဟစ် လိုက်မိသည်။ သူ တုံ့ပြန်နိုင်ခြင်းပင် မရှိသေးမီမှာပင် အကြီးအကဲချုပ်၏ ကျိုးပဲ့နေသော ဓားကျိုးကြီးမှာ ရိုက်ချိုး ခံလိုက်ရကာ အဝေးသို့ လွင့်စင်သွားခဲ့ကာ တောက်ပသော အပြာရောင် အလင်းတန်းများ ဖြာထွက်နေသည့် မိုးပြာရောင် ဓားသွားသည် အကြီးအကဲချုပ်၏ ရင်ဘတ်ထဲသို့ 'ရွှပ်' ခနဲ ထိုးဖောက် ဝင်ရောက်သွားသည်ကို ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့လိုက်ရတော့သည်။
အကြီးအကဲချုပ်၏ မျက်လုံးများ ပြူးကျယ်သွားကာ လုံးဝ မယုံကြည်နိုင်ဖြစ်နေသော အကြည့်များကိုပါ သူမြင်တွေ့ နေရလေသည်။ သူ အထင်သေး အထင်အမြင် သေးခဲ့သော ပြိုင်ဘက် တစ်ဦး၏ လက်အောက်တွင် ယခုကဲ့သို့ သေပွဲ ဝင်ရမည်အား လက်မခံနိုင်သော အံ့အားသင့်လျှက် လုံးဝ မယုံကြည်နိုင်သော ဟန်ပန်များ သူ၏ မျက်နှာထက်တွင် အထင်းသား ပေါ်လွင်နေခဲ့သည်။
အကြီးအကဲချုပ်၏ ခန္ဓာကိုယ်ကြီး ပြင်းထန်စွာ တုန်ယင်ကာ လဲကျသွားသည်ကိုသာ စတုတ္ထအကြီးအကဲ စောင့်ကြည့်နေမိလေသည်။ သူ၏ မျက်လုံးများထဲတွင် မိမိကံကြမ္မာအား ကျေနပ် လက်ခံနိုင်ခြင်း မရှိသည့် အရိပ်အယောင်များ အပြည့်ရှိနေခဲ့သည်။
ထိုမြင်ကွင်းကြောင့် စတုတ္ထအကြီးအကဲ၏ နှလုံးသားမှာ ရင်ဘတ်အတွင်းမှ နေ၍ ခုန်ထွက်မတတ် ဖြစ်သွားရပြီး သူ၏ အကြည့်များသည် လေထဲတွင် တလွင့်လွင့် ဖြစ်နေသော အနီရောင် ဝတ်ရုံပိုင်ရှင် မိန်းကလေးထံသို့ အမြန် လှည့်ကြည့်လိုက်မိသည်။
ထိုမိန်းကလေးမှ ဓားအား ဆွဲနှုတ်လိုက်ပြီးနောက် သူရှိရာဆီသို့ စူးရဲစွာ စိုက်ကြည့် လာသည်ကို သူမြင်တွေ့လိုက်ရလေသည်။ ထိုစက္ကန့် အနည်းငယ် အတွင်းမှာပင် သူ၏ အသိစိတ်မှ သူ့အား ထွက်ပြေးရန် အော်ဟစ် သတိပေးနေတော့သည်။
‘ဟုတ်တယ် ပြေးမှဖြစ်မယ်’
ဤအတွေးတစ်ခုတည်းသာ သူ၏ ခေါင်းထဲတွင် ရှိနေတော့သည့် အပြင် သူ၏ ခန္ဓာကိုယ်သည်လည်း အလိုအလျောက် တုံ့ပြန်ကာ ထွက်ပြေးရန် ဟန်ပြင်လိုက်လေသည်။
သို့သော် သူ၏ ခြေထောက်များမှ ပထမဆုံး ခြေလှမ်း တစ်လှမ်းအား စတင်၍ လှမ်းလိုက်ချိန်မှာပင် နတ်ဆိုး တစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသော အသံတစ်ခုသည် သူ၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့လေသည်။
"ငါ မင်းကို ပြောခဲ့ပြီးပြီလေ မိုးပြာရောင် ဓားသွားကို မြင်ဖူးသူတိုင်း သေရမယ်လို့"
ရေခဲတမျှ အေးစက်ကာ သွေးဆာနေသော အသံလေး၏ အဆုံးတွင် အနီရောင် အရိပ်တစ်ခု ဖြတ်ပြေးသွားပြီးနောက် စတုတ္ထအကြီးအကဲ၏ ရှေ့တည့်တည့်တွင် ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။
ကြောက်ရွံ့ ထိတ်လန့်မှုများကြောင့် ပုံပျက်ကာ ဖြူဖျော့နေသော သူ၏ မျက်နှာအား စိုက်ကြည့်ရင်း အသက်ပါ ခြင်းမရှိသော အပြုံးတစ်ခုဖြင့် သူမမှ ပြုံးပြလိုက်လေသည်။
"မင်း ဘယ်ကို ပြေးနိုင်မယ်လို့ ထင်နေတာလဲ"
"ဟား"
သူ ကျယ်လောင်စွာ အော်ဟစ် လိုက်ပြီးနောက် လက်ထဲရှိ ဓားရှည်ဆီသို့ ဝိညာဉ် ချီစွမ်းအင်များ သွင်းနှံလိုက်ကာ ဖုန်းကျို့ဆီသို့ ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။
ပြေးစရာ မြေမရှိတော့သည်အား သိလိုက်ရသဖြင့် သေသည်အထိ တိုက်ခိုက်ရန် မှလွဲ၍ သူ၏ ရှေ့တွင် အခြား ရွေးချယ်စရာ လမ်း မရှိတော့ပေ။ အစောပိုင်းတွင် ယှဉ်ပြိုင် တိုက်ခိုက်ခဲ့စဉ်၌ သူမ၏ ထူးဆန်းလှသော သိုင်းကွက်များကြောင့် သူ အလွန်တရာ တုန်လှုပ်ခဲ့ရသော်လည်း ယခုအချိန်တွင် အခြားသော ရွေးချယ်စရာ လမ်း မရှိတော့ချေ။
အသက်ရှင်ကျန်ရစ်ရန် အခွင့်အရေး တစ်ခု အတွက် သူ၏ ခန္ဓာကိုယ်ထဲရှိ ရှိသမျှ ဝိညာဉ်ချီစွမ်းအင် အကုန်လုံးအား ပေါက်ကွဲ ထွက်မတတ် ညှစ်ထုတ် လိုက်ရတော့သည်။ အဆင့်မြင့် ဝိညာဉ် စစ်သည်တော် တစ်ဦး၏ ချီစွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ် လာသောအခါ မြေပြင်ပေါ်ရှိ သဲများနှင့် ဖုန်မှုန့်များပင် လေထဲသို့ လွင့်စင် တက်လာကုန်ကြသည်။
"ငါလို အဆင့်မြင့် ဝိညာဉ် စစ်သည်တော် တစ်ယောက်က မင်းလို ကောင်မစုတ်လေးဆီမှာ ရှုံးနိမ့်သွားလိမ့်မယ်ဆိုတာ ငါ လုံးဝ မယုံဘူး"
သူသည် သူမအား ဒေါသတကြီး ကြည့်ကာ အော်ဟစ် ပြောဆို လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် လှည့်ပတ်နေသော ဝိညာဉ်ချီစွမ်းအင်များသည် သူ၏ အမြန်နှုန်းအား အမြင့်ဆုံးအထိ မြှင့်တင်ပေးလိုက်တော့သည်။
သူ စတင်၍ တိုက်ခိုက်လိုက်ချိန်တွင် သူ၏ ခန္ဓာကိုယ်သည် ဟာရီကိန်းမုန်တိုင်း တစ်ခုလို လျင်မြန်နေလျှက် ရှိကာ ကျားတစ်ကောင်ကဲ့သို့ ကြမ်းကြုတ် ရက်စက်နေခဲ့သည်။
ထို တိုက်ခိုက်မှုများအား တုံ့ပြန်သည့် အနေဖြင့် ဖုန်းကျို့သည် သူမ၏ ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်ချီစွမ်းအင်များ အားလုံးကို ဆင့်ခေါ်လိုက်ပြီးနောက် ပေါက်ကွဲ ထွက်လာစေလေသည်။ ဤနေရာတွင် သူမ၏ အားသာချက်မှာ ဝိညာဉ်ချီစွမ်းအင် မဟုတ်ဘဲ သူမလက်ထဲရှိ မိုးပြာရောင် ဓားသွားပင် ဖြစ်ကာ သူမ၏ တိုက်ကွက်များသည် ပြိုင်ဘက်၏ အသက်အန္တရာယ်အား တိကျသေချာစွာ ချိန်ရွယ်ထားသော သေမင်းတမန် တိုက်ကွက်များပင် ဖြစ်ပေသည်။
သူမသည် သူနှင့် ဝိညာဉ်ချီစွမ်းအင်ချင်း ယှဉ်ပြိုင်တိုက်ခိုက်မည် မဟုတ်ချေ။ သူမ၏ ပြိုင်ဘက်အား အတိုတောင်းဆုံး အချိန်အတွင်း သတ်ဖြတ်ပစ်ရန်သာ လိုလားပေသည်။ သို့မဟုတ်ပါက ဤနေရာရှိ ဆူညံသံများသည် ကျင့်ကြံသူတစ်စုအား မကြာမီ ဆွဲဆောင် သွားလိမ့်မည်ဖြစ်ပြီး ထိုအချိန်ကျမှ ဤနေရာမှ ထွက်ပြေးရန် သူမအတွက် ခက်ခဲသွားပေလိမ့်မည်။
အနီရောင်အရိပ်လေးသည် မဆုံးနိုင်သော လေပြင်း မုန်တိုင်း တစ်ခုအလား ရွေ့လျားသွားပြီးနောက် မိုးပြာရောင် ဓားသွားထံမှ တားဆီး၍ မရနိုင်သော စွမ်းအားများ၏ အဟုတ်အား ရယူ ထားသကဲ့သို့ ဓားချက် တစ်ချက်ချင်းစီတိုင်းသည် ပြိုင်ဘက်၏ အသက်အား ခြွေယူကာ သေစေနိုင်လောက်သည် အထိ အန္တရာယ် ကြီးမားလှပေသည်။ သူမ၏ သိုင်းကွက်များမှာ လျင်မြန်ကာ အစွမ်းထက်လှသဖြင့် စတုတ္ထအကြီးအကဲသည် သူ၏ ခံစစ်အား အပြည့်အဝ တည်ဆောက်ကာ ခုခံသော်ငြားလည်း မိုးပြာရောင် ဓားသွား၏ ထက်မြက်လှသော ခုတ်ချက်များနှင့် ဖုန်းကျို့၏ သေမင်းတမန် တိုက်ကွက်များကို ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ပေ။
"အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ"
စတုတ္ထအကြီးအကဲ နောက်သို့ လွင့်စင်သွားချိန်တွင် သူမသည် ဓားအား လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီးနောက် သူမ၏ ဝိညာဉ်ချီစွမ်းအင်များ အားလုံးကို မိုးပြာရောင် ဓားသွားထဲသို့ တွန်းပို့လိုက်ကာ ရှိသမျှ ခွန်အားကို အားကုန်သုံး၍ သူ၏ထံသို့ အမြန်ဆုံး ခုတ်ချလိုက်တော့သည်။
စတုတ္ထအကြီးအကဲသည် သူ၏ လက်ထဲရှိ ဓားဖြင့် အလိုအလျောက် ပိတ်ဆို့ ကာကွယ်လိုက်သည်။ သို့သော်လည်း...
'ချွင်'
"အားးးး"
ကျယ်လောင်စူးရှသော အော်ဟစ်သံကြီး တစ်ခုသည် ကောင်းကင်ယံသို့ ထိုးဖောက်သွားလေသည်။ စတုတ္ထအကြီးအကဲ၏ လက်ထဲရှိ ဓားရှည်ကြီးမှာ ဖုန်းကျို့၏ ခုတ်ချက်ကြောင့် ထက်ပိုင်း ကျိုးသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကြီးပါ နှစ်ပိုင်းပြတ်ကာ မြေပြင်ပေါ်သို့ လဲကျ သွားတော့သည်။
ဖုန်းကျို့၏ အကြည့်များသည် မြေပြင်ပေါ်ရှိ အလောင်း သုံးလောင်းပေါ်သို့ လျင်မြန်စွာ ကျရောက်သွားခဲ့ကာ သူမ၏ လက်ထဲရှိ မိုးပြာရောင် ဓားသွားဖြင့် သူတို့၏ ခါးတွင် ချိတ်ဆွဲထားသော သိုလှောင်အိတ်များအား ကော်ယူလိုက်လေသည်။ ထို့နောက် သူမ၏ ချီစွမ်းအင်များအား အသုံးပြုကာ ကျဉ်းမြောင်းသော လမ်းကြားလေးထဲရှိ နံရံအား ကျော်လွှားကာ ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့တော့သည်။
သူမ၏ ရှေ့ခြေထောက် ထိုနေရာမှ ထွက်ခွာ သွားသည်နှင့် တစ်ပြိုင်နက် ကျင့်ကြံသူ အတော်များများ ကျဉ်းမြောင်းသော လမ်းကြားလေးထဲသို့ ချက်ချင်း ဝင်ရောက်လာကြကုန်သည်။ သူတို့သည် တိုက်ခိုက်သံများအား ကြားလိုက်ရသဖြင့် လာရောက် စစ်ဆေးကြခြင်း ဖြစ်သည်။
သို့သော် သူတို့သည် လမ်းကြားလေးထဲသို့ ဝင်ရောက်လာပြီး သွေးသံရဲရဲ မြင်ကွင်းကြီးကိုသာ မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာများမှာ ချက်ချင်း အရောင် ပြောင်းသွားကြပြီးနောက် သူတို့ထဲမှ အချို့မှာ မခံစားနိုင်တော့ဘဲ ထိုနေရာတွင်ပင် အန်ချကုန်ကြသည်။
လူတစ်ဦးအား သတ်ဖြတ်ရာတွင် ဤမျှလောက် သနားကရုဏာ ကင်းမဲ့နေရန် မလိုအပ်ချေ။ အတွင်းဘက်ရှိ မြင်ကွင်းမှာ အမှန်ပင် သွေးထွက်သံယို ဖြစ်မှုများလွန်းလှပြီး ကြည့်ရှုသူတိုင်း အတွက် ရင်မဆိုင်ရဲစရာ ဖြစ်နေခဲ့သည်။
"သေသွားတဲ့ လူသုံးယောက်လုံးက ဝိညာဉ်စစ်သည်တော် အဆင့်တွေပဲ"
အနည်းငယ် သတ္တိ ပိုကောင်းသော သက်ကြီးပိုင်း ကျင့်ကြံသူ တစ်ဦးသည် သေဆုံးသွားသော လူသုံးဦးအား သွားရောက် စစ်ဆေးကြည့်လေရာ သေဆုံးသွားသူများ ပိုင်ဆိုင်ထားသော စွမ်းအားအဆင့်ကိုလည်း သိလိုက်ရလေသည်။ ထိုအခါ သူ အလွန်တရာ အံ့အားသင့် သွားရတော့သည်။
ဝိညာဉ်စစ်သည်တော် သုံးဦးအား ယခုလို လျှင်မြန်စွာ သတ်ဖြတ်နိုင်ခဲ့သူသည် မည်မျှလောက်တောင် အစွမ်းထက်နေလိမ့်မည်နည်း။