← Chapters

အခန်း ၇၄

Vol. 5 Ch. 74

အခန်း ၇၄

Vol. 5 Ch. 74

အခန်း - ၇၄

ဖုန်းကျို့သည် အနောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် အနည်းငယ် အံ့အားသင့်သွားခဲ့ကာ မျက်နှာအား အမည်းရောင်များ သုတ်လိမ်းထားသော မိန်းကလေးငယ်ကို ကြည့်လိုက်ပြီး မသေချာ မရေရာသော လေသံဖြင့် မေးလိုက်လေသည်။

"မင်း ခုနက ဘာပြောလိုက်တာလဲ"

မိန်းကလေးငယ်သည် သူမ၏ နှုတ်ခမ်းအား ကိုက်လိုက်ကာ အနီရောင် အရိပ်လေးအား စိုက်ကြည့်လျှက် ပြတ်သားစွာဖြင့် ပြောလိုက်လေသည်။

"ရှင့်အတွက် ရှင့်ရဲ့ အိပ်ရာကို ကျွန်မ နွေးထွေးအောင် လုပ်ပေးနိုင်တယ်"

ဤတစ်ကြိမ်တွင် ဖုန်းကျို့သည် ထိုစကားများအား အလွန် ရှင်းလင်းစွာ ကြားလိုက် ရသောအခါ ကျယ်လောင်စွာ ရယ်မောချင်နေသော စိတ်ဆန္ဒအား ပြင်းပြင်းထန်ထန် ထိန်းချုပ်လိုက်ရကာ နောက်ပြောင် ပြောဆိုလိုက်သည်။

"ငါက အလှလေးတွေကိုမှ သဘောကျတာကွ မင်းလို မျက်နှာမည်းမည်းနဲ့ ကောင်မလေးက ငါ့အိပ်ရာကို နွေးထွေးအောင် လုပ်ပေးမယ်ဆိုတိုင်း ငါက လက်ခံရမှာလား"

အနက်ရောင် ဝတ်စုံအပြည့် ဝတ်ဆင်ထားသော မိန်းကလေးသည် ဖုန်းကျို့၏ စကားများအား ကြားလိုက်ရသောအခါ သူမ၏ လက်မောင်းအား အမြန်မတင်လိုက်ပြီးနောက် မျက်နှာကို ပွတ်သပ်လိုက်လေရာ အောက်တွင် ဖုံးကွယ်ထားသော သူမ၏ မူလရုပ်ဆင်းသဏ္ဍာန် ပေါ်ထွက်လာခဲ့လေသည်။

"ကျွန်မ အရုပ်မဆိုးပါဘူး"

သူမမှ ဖုန်းကျို့အား မော့ကြည့်ကာ ပြောလိုက်လေသည်။ ဟုတ်ပေသည်။ မိန်းကလေးငယ်သည် ရုပ်မဆိုးရုံသာမက အလွန်တရာ သပ်ရပ်လှပသော အင်္ဂါရပ်များကိုပါ ပိုင်ဆိုင်ထားပေသည်။ ၎င်းသည် သဘာဝ အလှတရား ဖြစ်ကာ သူမ၏ သေးငယ်သော လက်ဖဝါးအရွယ် မျက်နှာလေးနှင့် ပေါင်းစပ်လိုက်သောအခါ အလွန်အမင်း ညှို့ယူ ဖမ်းစားနိုင်စွမ်းရှိသော အလှတရား၏ ဆွဲဆောင်မှုကို ထုတ်လွှတ် ပေးနေသင့်ပေသည်။

သို့သော်လည်း သူမထံတွင် မိန်းမငယ်လေး တစ်ဦး၏ ရှက်ရွံ့တတ်သော အမူအရာမျိုး အနည်းငယ်မျှပင် မရှိဘဲ အေးစက် ခက်ထန်ကာ ခပ်တန်းတန်း နေတတ်သော ဟန်ပန်ကိုသာ ပြသနေခဲ့သည်။ သို့သော် သူမ၏ ထိုအေးစက်သော ဟန်ပန်သည်ပင် သူမ၏ ပတ်ဝန်းကျင်တွင် အေးစက်သော ဆွဲဆောင်မှုတစ်မျိုးကို ထုတ်လွှတ် ပေးနေသေးသည်။

သူမ၏ မျက်နှာအား အမည်းရောင်များ သုတ်လိမ်းပြီး ညစ်ပတ်အောင် လုပ်ထားသည့် အပြင် သူမ၏ မျက်ခုံးနှင့် မျက်လုံးများကိုလည်း ထင်ရှားမှု နည်းပါးစေရန် ပုံစံပြောင်း ထားသေးလေသည်။

ကြည့်စရာပင်မလိုပင်။ သူမ၏ ပြားချပ်နေသော ရင်ဘတ်အားလည်း အဝတ်စထူထူများဖြင့် တင်းကျပ်စွာ ပတ်စည်း ထားရမည် ဖြစ်ကြောင်း ဖုန်းကျို့ ခန့်မှန်းမိလိုက်သည်။

မိန်းကလေးသည် သူမ၏ ထူးချွန်သော ရုပ်ရည်သွင်ပြင်များအား ဖုံးကွယ် ထားနိုင်လောက်အောင် အနည်းဆုံး ထက်မြက်မှု ရှိပေသည်။ သို့မဟုတ်ပါက ထိုအရာများသည် သူမအတွက် ပြဿနာများစွာကို ဆောင်ကြဉ်း လာနိုင်ပေသည်။

ဖုန်းကျို့သည် ခြေလှမ်းကျဲကြီးများဖြင့် အနောက်သို့ ပြန်လျှောက်လာပြီးနောက် အနက်ရောင်ဝတ် မိန်းကလေး၏ အနီးသို့ ချဉ်းကပ်လာခဲ့လေသည်။ ဖုန်းကျို့၏ အကြည့်များသည် နောက်ပြောင်ချင်သောဟန် ရှိနေပြီး မေးလိုက်လေသည်။

"မင်းက တကယ်ပဲ ငါ့အိပ်ရာကို နွေးထွေးအောင် လုပ်ပေးမှာလား"

"ရှင် ကျွန်မရဲ့ မောင်လေးကို ကယ်တင်ပေးသရွေ့ ကျွန်မရဲ့ အသက်က ရှင့်ရဲ့ ပိုင်ဆိုင်မှုပဲ ဒီခန္ဓာကိုယ်ဆိုရင်တော့ ပြောစရာတောင် မလိုတော့ပါဘူး"

မိန်းကလေးမှ လုံးဝ ဂရုမစိုက်သကဲ့သို့ အမူအရာကင်းမဲ့သော ဟန်ပန်အား ပြသနေလေသည်။ သို့သော် ဖုန်းကျို့၏ အနီးကပ် ချဉ်းကပ်မှုကြောင့် သူမ၏ ခန္ဓာကိုယ်မှာ တင်းမာနေလျှက် ရှိကာ တင်းကျပ်စွာ ဆုပ်ကိုင်ထားသော သူမ၏ လက်များအား ကြည့်ခြင်းဖြင့် ထို မိန်းကလေးငယ်သည် သူမ ဟန်ဆောင် နေသကဲ့သို့ ဂရုမစိုက်ဘဲ မနေနိုင်ကြောင်း ဖုန်းကျို့အား ပြောပြနေခဲ့သည်။

မည်သို့ပင်ဆိုစေ မည်သည့် မိန်းကလေးမှ ဤကဲ့သို့ သူစိမ်း တစ်ယောက်၏ အိပ်ရာအား နွေးထွေးအောင် လုပ်ပေးရန် သဘောကျလိမ့်မည်နည်း။ သို့မဟုတ်ပါက ကိုယ့်အသက်အား ဤမျှ လွယ်လွယ်ကူကူ ပေးအပ်လိုက်ရန် ဝန်လေးမည် မဟုတ်ပါလော။

ဖုန်းကျို့သည် မိန်းကလေးငယ်အား အတန်ကြာ စိုက်ကြည့်နေ ပြီးနောက် နှုတ်ခမ်းစွန်းများ ကွေးညွတ်သွားကာ ပြောလိုက်လေသည်။

"ဒါဆိုလည်း လမ်းပြတော့လေ"

"ဟုတ်ကဲ့"

မိန်းကလေးငယ်မှ အသိအမှတ်ပြုသည့် အနေဖြင့် အကြည့်များအား အောက်သို့ ချလိုက်ပြီးနောက် သူမ နေထိုင်ရာ နေရာသို့ လမ်းပြရန် ထရပ်လိုက်တော့သည်။

တစ်နာရီခန့် အကြာတွင်

ဖုန်းကျို့သည် အနည်းငယ်သော လေပြင်း တိုက်ခတ်မှု ကြောင့်ပင် ပြိုကျသွားနိုင်သည့် သူမ၏ မျက်စိရှေ့ရှိ ဟောင်းနွမ်း ပျက်စီးနေသော အိမ်ငယ်လေးအား ကြည့်လိုက်မိသည်။ အနက်ရောင်ဝတ် မိန်းကလေးသည် တံခါးဖွင့်ဖွင့်ချင်း အိမ်ထဲသို့ အပြေးအလွှား ဝင်သွားသည်ကိုသာ သူမ မြင်တွေ့လိုက်ရသဖြင့် မိန်းကလေး၏ နောက်မှ ကပ်လျက် လိုက်ဝင်သွားခဲ့သည်။ အတွင်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် သစ်သားပြား ခုတင်လေးပေါ်တွင် လဲလျောင်းနေသော လူငယ်လေး တစ်ဦးအား သူမ ချက်ချင်း မြင်လိုက်ရလေသည်။

အနက်ရောင်ဝတ် မိန်းကလေးသည် အဝတ်စတစ်ခုအား ရေဖြင့် ဆေးကြောလိုက်ပြီးနောက် လူငယ်လေး၏ နဖူးနှင့် လက်ဖဝါးများအား သုတ်ပေးလိုက်ကာ ဖုန်းကျို့ကို လှည့်ကြည့်လျှက် ပြောလိုက်သည်။

"ဒါက ကျွန်မရဲ့ မောင်လေးပါ လွန်ခဲ့တဲ့ နှစ်ရက်က ဆေးသောက် ပြီးတဲ့နောက် သွေးတွေအန်ပြီး ရုတ်တရက် သတိလစ်သွားတာ"

ဖုန်းကျို့ ရှေ့သို့ တိုးသွာ၍ ကြည့်လိုက်လေရာ ကောင်လေးမှာ မေးစေ့များပင် ချွန်ထွက်လာသည် အထိ ပိန်ချုံးနေလျှက် ရှိကာ သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး သွေးဆုတ်နေသည်ကိုသာ မြင်လိုက်ရသည်။ ထိုတစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် သူမသည် လက်အား ဆန့်ထုတ်လိုက်ပြီး ကောင်လေး၏ လက်ကောက်ဝတ်ပေါ်တွင် လက်ချောင်းများ တင်ကာ သွေးခုန်နှုန်းကို စမ်းသပ်လိုက်တော့သည်။

ခဏအကြာတွင် သူမ၏ လက်ကို ရုပ်သိမ်းလိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။

"သူ့အင်္ကျီကို ချွတ်လိုက်"

သူမ စကားပြောနေစဉ်မှာပင် ဖုန်းကျို့သည် သူမ၏ ငွေအပ်များကို ဆွဲထုတ်လိုက်လေသည်။ အနက်ရောင်ဝတ် မိန်းကလေးမှ နာခံစွာဖြင့် သူမမောင်လေး၏ အင်္ကျီအား ချွတ်ပေးလိုက်သည်။ ဖုန်းကျို့သည် သူမမောင်လေး၏ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်ဗဟိုချက် အတော်များများသို့ ထိုငွေအပ်များအား ဂရုမစိုက်သလို စိုက်သွင်းနေသည်ကို သူမ စောင့်ကြည့်နေခဲ့သည်။

ဖုန်းကျို့အား သွားရောက် တားဆီးချင်သော စိတ်ဆန္ဒများအား ပြင်းပြင်းထန်ထန် တွန်းလှန်လိုက်ရသဖြင့် သူမ၏ နှလုံးသားမှာ လည်ချောင်းဝ အထိ ခုန်တက်လာပြီးနောက် ရုတ်တရက် ဖြစ်ပေါ်လာနိုင်သော မကောင်းသည့် အကျိုးဆက်များကိုလည်း အလွန်အမင်း ကြောက်ရွံ့နေခဲ့ကာ သူမမောင်လေး၏ မျက်နှာပေါ်သို့သာ အကြည့်များကို စူးစိုက်ထား လိုက်တော့သည်။ အတော်လေး ကြာပြီးနောက် ဖုန်းကျို့မှ အပ်များအား ပြန်လည် ရုပ်သိမ်းလိုက်ပြီး မတ်တပ်ရပ်လိုက်လေသည်။

"သူ့ကို ကျောပိုးပြီး ငါ့နောက်ကို လိုက်ခဲ့"

ထိုစကားကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် ဖုန်းကျို့သည် လှည့်ကာ အပြင်သို့ ထွက်သွားခဲ့တော့သည်။ အနက်ရောင်ဝတ် မိန်းကလေးသည် ဖုန်းကျို့ ရွေ့လျားသွားသည်အား မြင်သောအခါ သူမမောင်လေးအား ကျောပေါ်သို့ အမြန် ဆွဲတင်လိုက်ပြီးနောက် ဖုန်းကျို့၏ နောက်မှ အနီးကပ် လိုက်ပါရန် အပြေးအလွှား လိုက်သွားခဲ့လေသည်။

ဖုန်းကျို့၏ ခြံဝင်း အိမ်လေးသို့ ပြန်ရောက်သောအခါ ကွမ်ရှီးလင်သည် မြင်းလှည်းပေါ်သို့ မွေ့ရာအိအိလေး တစ်ခု သယ်ယူသွားသည်ကို မြင်လိုက်ရသည်။ သူသည် ဖုန်းကျို့ ပြန်လာသည်ကို မြင်သောအခါ ရွှင်လန်းစွာဖြင့် လှမ်းခေါ်လိုက်သည်။

"ရှောင်ကျို့ ဒီမြင်းလှည်းကို ဘယ်လိုမြင်လဲ ခရီးသွားရင်း နားချင်ရင် လှဲအိပ်လို့ရအောင် အကြီးဆုံးကို အစ်ကို သီးသန့် ရွေးဝယ်လာတာ ဒီလိုဆိုရင် ညီမလေးအတွက် ပိုသက်တောင့်သက်သာ ရှိမှာပေါ့"

သူ၏ မျက်လုံးများက ဖုန်းကျို့၏ နောက်ရှိ အခြားလူနှစ်ဦးအား မြင်တွေ့လိုက်ရသောအခါ ကွမ်ရှီးလင်၏ မျက်နှာမှာ နားမလည်နိုင်မှုများဖြင့် ရှုံ့မဲ့သွားပြီး မေးမြန်းလိုက်လေသည်။

"သူတို့က ဘာလာလုပ်တာလဲ"

ဖုန်းကျို့မှ ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

"အိပ်ရာ နွေးထွေးအောင် လုပ်ပေးမယ့်သူလေ"

All Chapters