အခန်း ၁၂၄
Vol. 12 Ch. 124
အခန်း ၁၂၄ - ကိုယ်တွင်းအညစ်အကြေး ပမာဏ တွက်နည်း
အမြုတေတစ်ခု ပေါင်းစပ်လိုက်တိုင်း ခန္ဓာကိုယ်ထဲတွင် အညစ်အကြေး ဝဒသမ ၅ ရာခိုင်နှုန်း ထွက်ပေါ်လာသည်ဟုသတ်မှတိကာ တွက်ချက်ကြည့်ပါက ရလဒ်များမှာ အကြမ်းဖျင်းအားဖြင့် ကိုက်ညီနေကြောင်း ဝမ်ထောင် သိရှိသွားသည်။
သူတို့ အမြုတေတစ်ခုကို ပေါင်းစပ်စဉ်က ခန္ဓာကိုယ်တွင်းအညစ်အကြေးများ ၀ ရာခိုင်နှုန်းဟု ပြသနေသည်ကို ဝမ်ထောင် မြင်တွေ့ခဲ့ရသည်။ ထိုအချိန်တွင် လက်တွေ့၌ ဝဒသမ ၅ ရာခိုင်နှုန်း ဖြစ်နိုင်သော်လည်း ဒသမကိန်းကို ဖြတ်တောက်ပစ်လိုက်သောကြောင့် ၀ ရာခိုင်နှုန်းဟု ပြသနေခြင်း ဖြစ်၏။
ထိုသို့ဆိုလျှင် အမြုတေ ၁၂ ခု ပေါင်းစပ်ထားသော ရှန့်ဟုန်ပင်းတွင် ခန္ဓာကိုယ်တွင်းအညစ်အကြေးများ ၆ ရာခိုင်နှုန်း ရှိနေခြင်းက ယုတ္တိရှိပါသည်။
ဝေကျန့်ကော်သည် ၇ ခု ပေါင်းစပ်ထားပြီး ၎င်း၏ ခန္ဓာကိုယ်တွင်းအညစ်အကြေးများမှာ ၃ ရာခိုင်နှုန်း ဖြစ်သော်လည်း လက်တွေ့တွင် ၃ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်၏။ ၎င်းသည် နောက်ထပ်တစ်ခု ထပ်မံပေါင်းစပ်ပါက ၄ ရာခိုင်နှုန်း ဖြစ်လာနိုင်ခြေ ရှိသည်။
ဤတွက်ချက်ပုံကို အခြားသူများ၌ပါ အသုံးချကြည့်သောအခါ အားလုံး ကိုက်ညီနေ၏။
ထို့ကြောင့် လူတစ်ဦး ပေါင်းစပ်နိုင်သည့် အမြုတေ အရေအတွက်၏ အမြင့်ဆုံး ကန့်သတ်ချက်သည် သီအိုရီအရ ၂၀၀ ထက် မပိုနိုင်ဟု ဝမ်ထောင် ကောက်ချက်ချလိုက်သည်။
အဘယ်ကြောင့်ဆိုသော် အမြုတေတစ်ခုက အညစ်အကြေး ဝဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပေါ်စေပါက အမြုတေ ၂၀၀ ဆိုလျှင် အညစ်အကြေး ၁၀၀ ရာခိုင်နှုန်း ဖြစ်သွားမည်ဖြစ်ရာ ထိုသူသည် ဇွန်ဘီအဖြစ်သို့ မုချပြောင်းလဲသွားမည် ဖြစ်သောကြောင့်တည်း။
အမြုတေ ၁၉၉ ခုဆိုလျှင် အညစ်အကြေး ၉၉ ရာခိုင်နှုန်း ဖြစ်၏။ ဤဖြစ်နိုင်ခြေသည် ဇွန်ဘီအဖြစ် ပြောင်းလဲရန် အလွန်နီးစပ်နေသော်လည်း သီအိုရီအရမူ မပြောင်းလဲဘဲ ကျန်ရှိနေမည့် အခွင့်အရေး အနည်းငယ် ရှိနေသေးသည်။
အမြုတေ ၂၀၀ ဟု တွက်ချက်ကြည့်ပါက ဤအရေအတွက်သည် များပြားသည်ဟု ဆိုနိုင်သကဲ့သို့ နည်းပါးသည်ဟုလည်း ဆိုနိုင်ပေသည်။
ဝမ်ထောင်၏ လက်ရှိ စွမ်းရည်အရ မတူညီသော အမြုတေ အမျိုးအစား လေးမျိုးကို ပေါင်းစပ်နိုင်သဖြင့် ၎င်းသည် အများဆုံး အခု ၄၀ သာ ပေါင်းစပ်နိုင်ရာ ၂၀၀ နှင့် အလှမ်းဝေးသေးသောကြောင့် များပြားသည်ဟု ယူဆနိုင်၏။
နည်းပါးသည်ဟု ယူဆရခြင်းမှာ ဝမ်ထောင်သည် အောင်မြင်မှုနှုန်း ၁၀၀ ရာခိုင်နှုန်းရှိသော လိမ္မော်ရောင်အမြုတေများကိုသာ ပေါင်းစပ်ခြင်း ဖြစ်သော်လည်း အခြားသူများမှာမူ အမြုတေများ ပေါင်းစပ်သည့်အခါ ကျရှုံးမှုနှုန်းနှင့် ရင်ဆိုင်ရသောကြောင့် ဖြစ်သည်။ ကျရှုံးခြင်းကလည်း အညစ်အကြေးများကို စုပုံစေ၏။
လူတစ်ဦးသည် အောင်မြင်မှုနှုန်း ၂၀ ရာခိုင်နှုန်းသာရှိသော အဖြူရောင်အမြုတေများကိုသာ ပေါင်းစပ်ပြီး ပျမ်းမျှအားဖြင့် ငါးကြိမ်လျှင် တစ်ကြိမ်သာ အောင်မြင်ပါက ၎င်းတို့သည် အမြုတေ ၄၀ အောင်မြင်စွာ ပေါင်းစပ်နိုင်ရန် အမြုတေ ၂၀၀ တိတိ အသုံးပြုရမည် ဖြစ်သည်။ ၎င်းတို့၏ ကံကြမ္မာ အနည်းငယ် ညံ့ဖျင်းပါက ၂၀၀ ပင်လျှင် လုံလောက်မည်မဟုတ်ပေ။ ထို့ကြောင့် ဤပေါင်းစပ်နိုင်သော အမြုတေ အရေအတွက်သည် အမှန်တကယ်တော့ များပြားလှသည်မဟုတ်ချေ။
သို့သော် ဝမ်ထောင်သည် ပြဿနာတစ်ခုကို ရုတ်တရက် တွေးမိသွား၏။ ပထမအဆင့် အမြုတေများ ရှိနေမှတော့ ဒုတိယအဆင့်၊ တတိယအဆင့် စသည်ဖြင့် ရှိရပေမည်။ ပထမအဆင့် အမြုတေများကပင် ခန္ဓာကိုယ်တွင်းအညစ်အကြေးများ ဤမျှ စုပုံစေပါက ဒုတိယအဆင့်နှင့် ထိုထက်မြင့်သော အမြုတေများကို မည်သို့ ပေါင်းစပ်ကြမည်နည်း။
ပထမအဆင့် အမြုတေများကို နည်းနိုင်သမျှနည်းအောင် ပေါင်းစပ်ပြီး ဒုတိယအဆင့် အမြုတေများကို ပိုမိုပေါင်းစပ်ရန် စောင့်ဆိုင်းရမည်လော။ သို့သော် ထိုသို့လုပ်ဆောင်ရန် လုံးဝမဖြစ်နိုင်ပေ။ ပထမအဆင့်တွင် မိမိ၏ အင်အားကို မမြှင့်တင်ထားပါက ဒုတိယအဆင့်အထိ မည်သို့ အသက်ရှင် ကျန်ရစ်နိုင်မည်နည်း။ ဝမ်ထောင် အလွန် ဇဝေဇဝါ ဖြစ်နေမိသည်။
သို့သော် သူ၏အင်အားက ထိုအဆင့်သို့ မရောက်သေးသဖြင့် ဤမျှအထိ အဝေးကြီး တွေးနေခြင်းက အပိုသာဖြစ်ရာ လက်ရှိအခြေအနေကိုသာ အရင်ဆုံး ဖြေရှင်းရမည် ဖြစ်၏။
"ငါ ခန့်မှန်းကြည့်တာတော့ အမြုတေတစ်ခု ပေါင်းစပ်တိုင်း ငါတို့ခန္ဓာကိုယ်ထဲမှာ အညစ်အကြေး ဝဒသမ ၅ ရာခိုင်နှုန်းလောက် စုမိသွားတယ်။ ဒါကြောင့် ငါတို့ ပေါင်းစပ်နိုင်တဲ့ အမြုတေ အရေအတွက်က ၂၀၀ ထက် မပိုနိုင်ဘူး။"
ဝမ်ထောင်သည် မိမိ၏ ခန့်မှန်းချက်ကို ၎င်းတို့အား ပြောပြလိုက်သည်။
"ဝဒသမ ၅ ရာခိုင်နှုန်း..."
" အမြုတေ ၂၀၀..."
အားလုံး၏ အမူအရာများမှာ မကောင်းတော့ချေ။သူတို့သည် ထိုမျှအထိ များပြားသော အမြုတေများကို ပေါင်းစပ်နိုင်လိမ့်မည်မဟုတ်ဟု ခံစားနေရသော်လည်း အမြင့်ဆုံး ကန့်သတ်ချက် ရှိနေခြင်းက စိတ်ထဲတွင် မတင်မကျ ဖြစ်စေသည်။
"ငါ့အမြင်ပြောရရင်တော့ ငါတို့ သတိပေးစည်းတစ်ခု သတ်မှတ်ထားသင့်တယ်။ ဥပမာ အမြုတေ အရေအတွက် တော်တော်များများ ပေါင်းစပ်ပြီးချိန် ဒါမှမဟုတ် ခန္ဓာကိုယ်တွင်းအညစ်အကြေးတွေက အဆင့်တစ်ခုခုကို ရောက်သွားတဲ့အချိန်ပေါ့။ ဒါမှမဟုတ်ရင် ငါတို့ ဆက်ပြီး ပေါင်းစပ်နေရင်းနဲ့ တကယ် ပြဿနာတက်ကုန်လိမ့်မယ်။"
ရန်ကျဲက စိုးရိမ်တကြီးဖြင့် ဝင်ပြော၏။
အမြုတေများကို ပေါင်းစပ်ခြင်းက လူကို ပိုမိုသန်မာစေသော်လည်း ပေးဆပ်ရသည့် တန်ဖိုးက အနည်းငယ် ကြီးမားလှပြီး ပြန်လည်ကုစား၍ မရနိုင်ပုံပေါ်သည်။ လူစုသည် မျက်မှောင်ကုတ်လျက် ခတ္တမျှ ဆွေးနွေးကြပြီးနောက် ခန္ဓာကိုယ်တွင်းအညစ်အကြေးများ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ပေါင်းစပ်ထားသော အမြုတေ အခု ၁၀၀ ကို သတိပေးစည်းအဖြစ် သတ်မှတ်ရန် သဘောတူလိုက်ကြ၏။ သူတို့သည် ခန္ဓာကိုယ်တွင်းအညစ်အကြေးများကို ၅၀ ရာခိုင်နှုန်းအတွင်း ထိန်းသိမ်းရန် ကြိုးစားကြမည် ဖြစ်သော်လည်း အပြော၌သာလွယ်ကူလေသည်။လက်တွေ့မှာတော့ ယခုက ကမ္ဘာပျက်ကပ် ခေတ်ဖြစ်ရာ အင်အားမရှိပါက အသက်ရှင်နိုင်မည်မဟုတ်သဖြင့် အင်အားမြှင့်တင်ရန်အတွက် အမြုတေများကို ပိုမိုပေါင်းစပ်ရုံမှတစ်ပါး အခြားနည်းလမ်းမရှိပေ။
သူတို့၏ ညှိုးငယ်နေသော မျက်နှာများကို မြင်သောအခါ ဝမ်ထောင်သည် အားလုံး၏ အာရုံကို ဆွဲဆောင်ရန် လက်ခုပ်တီးလိုက်သည်။
"အားလုံး စိတ်မပျက်ကြပါနဲ့ဦး။ ငါ့မှာ မင်းတို့ကို ပြောစရာ နောက်ထပ် သတင်းတစ်ခု ရှိသေးတယ်။"
"ဟင်.. သတင်းကောင်းလား။"
ရှန့်ဟုန်ပင်း၏ မျက်လုံးများ တောက်ပသွား၏။
"မဟုတ်ဘူး။ ဖြစ်နိုင်ရင် ဒါက ပိုတောင်ဆိုးတဲ့ သတင်းပဲ။"
"..."
သို့သော် ခန္ဓာကိုယ်တွင်းအညစ်အကြေးများထက် ပိုဆိုးသော သတင်း ရှိနိုင်ပါဦးမည်လား။
"ငါ မနေ့က ဆေးရုံမှာ ဂေါ်ရီလာဇွန်ဘီတစ်ကောင်ကို တွေ့ခဲ့တယ်။ ကုန်တိုက်ဟောင်းမှာ ငါတို့တွေ့ခဲ့တဲ့ ဇွန်ဘီနဲ့ အတူတူပဲ။ အဲဒါက ပိုတောင် သန်မာလာသေးတယ်။ ဒါပေမဲ့ အဓိကအချက်က အဲဒါမဟုတ်ဘူး။ အဓိကအချက်က အဲဒီကောင် ပထမဆေးရုံကို တကယ် ရောက်နေတာပဲ။"
"ဘာ။ ဆေးရုံကို ရောက်နေတာ ဟုတ်လား။"
ဝေကျန့်ကော်၏ အမူအရာ ပြောင်းလဲသွား၏။ဝမ်ထောင် ပြောလိုသော အဓိပ္ပာယ်ကို သူရှင်းရှင်းလင်းလင်း နားလည်ပါသည်။ ကုန်တိုက်ဟောင်းမှ ဆေးရုံသို့ အကွာအဝေးသည် စခန်းသို့ အကွာအဝေးထက် ပိုမိုဝေးကွာသည်။
တစ်နည်းအားဖြင့် ဂေါ်ရီလာဇွန်ဘီသည် ဆေးရုံသို့ ရောက်ရှိနိုင်လျှင် စခန်းသို့လည်း ရောက်ရှိလာနိုင်ခြေ ရှိနေ၏။
ခဏမျှ တွေးပြီးနောက် အားလုံးသည်လည်း ထိုပြဿနာ၏ အရေးကြီးပုံကို ချက်ချင်း သဘောပေါက်သွားကြ၏။
ဖုန်းမင်အန်က အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။
"ဒီဂေါ်ရီလာဇွန်ဘီက ဇွန်ဘီဘုရင်လို့ ပြောကြတယ်မဟုတ်လား။ ဒါဆိုရင် သူက သူ့နယ်မြေထဲမှာပဲ လှုပ်ရှားရမှာလေ။ ဆေးရုံကို ဘယ်လိုဖြစ်ပြီး ရောက်သွားတာလဲ။"
"သူက နယ်မြေချဲ့ထွင်လိုက်ပြီး ဆေးရုံကိုပါ သူ့ပိုင်နက်လို့ သတ်မှတ်လိုက်တာ ဖြစ်နိုင်မလား။"
လုကန်းက ရုတ်တရက် လေးနက်သော လေသံဖြင့် ပြောလိုက်၏။
"..."
အားလုံး မှင်တက်သွားပြီးနောက် ရှန့်ဟုန်ပင်းက ဒေါသတကြီ ထဆဲလိုက်တော့သည်။
"တောက်.. အဲသေချင်းဆိုးက ဆေးရုံကိုပါ သိမ်းပိုက်ထားပြီဆိုရင် ငါတို့စခန်းကိုပါ သိမ်းပိုက်ဖို့ ကြံစည်နေတာ ဖြစ်နိုင်မလား။"
လျိုဟဲက ထိုအချိန်တွင် ဝင်ပြော၏။
"သူက စခန်းကိုပါ သူ့နယ်မြေလို့ သတ်မှတ်လာရင် ဘယ်လိုလုပ်မလဲ ၊ ငါတို့ တားနိုင်ပါ့မလား။"
သူသည် တိုက်ခိုက်ရေးသမားတစ်ဦး မဟုတ်သဖြင့် စခန်း၏ တိုက်ခိုက်ရေးစွမ်းအားကို တိုက်ရိုက် မသိရှိပေ။
"ပြောရခက်တယ်။"
အားလုံးက ခေါင်းခါလိုက်ကြ၏။
မျှမျှတတ ပြောရလျှင် ရွှေကျဲစခန်း၏ အင်အားသည် သေနတ်များစွာ ရှိသောကြောင့် တော်တော်လေး အားကောင်းသည်ဟု ဆိုနိုင်သည်။သူတို့က ပစ်ခတ်မှုဖြင့် ဖိနှိပ်ထားပါက မည်သူနိုင်မည်ကို ပြောရန် အမှန်တကယ် ခက်ခဲလှသည်။
သို့သော် ပြဿနာမှာ ၎င်းတို့အနေဖြင့် သေနတ်များစွာ အသုံးပြုရမည်ဆိုပါက ဇွန်ဘီ မည်မျှအထိ ဆွဲဆောင်မိမည်နည်း။
သူတို့က ထိုဇွန်ဘီကို သတ်ဖြတ်နိုင်ခဲ့လျှင်ပင် ဆက်တိုက်ထွက်ပေါ်နေသော သေနတ်သံများက ကောင်တီတစ်ခုလုံးရှိ ဇွန်ဘီများကို ဆွဲခေါ်လာပါက စခန်းရှိ လူများ အသက်ရှင်နိုင်ပါဦးမလား။
ထို့အပြင် ဂေါ်ရီလာဇွန်ဘီသည် ပိုမိုသန်မာလာကြောင်း ဝမ်ထောင်က ယခုလေးတင် ပြောခဲ့သေးသည်။
အထူးဇွန်ဘီများ၌ပင် ထူးဆန်းသော စွမ်းရည်များစွာ ရှိနေပြီးဖြစ်ရာ ဇွန်ဘီဘုရင်တစ်ကောင်တွင် ကျည်ဆန်များကို ကာကွယ်နိုင်သည့် စွမ်းရည် တိုးတက်လာခဲ့လျှင်လည်း အံ့ဩစရာ မရှိပေ။
ဒေါက် ဒေါက် ဒေါက်—
ဝမ်ထောင်က စားပွဲကို ခေါက်လိုက်သဖြင့် အားလုံး သတိပြန်ဝင်လာကြ၏။
"ငါတို့ အခု လုပ်ရမယ့်အချက် နှစ်ချက် ရှိတယ်လို့ ထင်တယ်။ တစ်ခုက ရှောက်ယုံရဲ့ ခြေရာလက်ရာကို မြန်နိုင်သမျှ မြန်မြန် ရှာဖို့ပဲ။ နောက်တစ်ခုက ငါတို့ရဲ့ အင်အားကို မြန်မြန် မြှင့်တင်ဖို့ပဲ။ ငါတို့ စခန်းကို ရွှေ့လို့မရဘူး။ ဒါကြောင့် ဂေါ်ရီလာဇွန်ဘီ ရောက်လာရင် ဘယ်လိုရင်ဆိုင်မလဲဆိုတာကိုပဲ ပြင်ဆင်ထားနိုင်တယ်။ ဒီလိုဇွန်ဘီမျိုးကို ရင်ဆိုင်ဖို့ ငါတို့ကိုယ်ပိုင်အင်အားက အရေးကြီးဆုံးပဲ။"
အခြားသူများကလည်း ခေါင်းညိတ်ကြ၏။
"ဇွန်ဘီအမြုတေများနှင့် ပတ်သက်ပြီး မင်းတို့ ငါ့ကို ယုံကြည်တယ်ဆိုရင် စခန်းထဲမှာရှိတဲ့ အမြုတေအားလုံးကို ငါ့ဆီ အပ်နှံထားလို့ရတယ်။ နောက်ပြီးရင် ငါ ဇွန်ဘီတွေကို ပိုပြီး အမဲလိုက်နိုင်အောင် ကြိုးစားမယ်။ ပြီးရင် မင်းတို့နဲ့ သင့်တော်မယ့် အမြုတေတွေကို စီစဉ်ပေးပြီး မင်းတို့အားလုံးကို အချိန်တိုအတွင်း ပေါင်းစပ်မှု ကန့်သတ်ချက် ပြည့်မီအောင် လုပ်ပေးမယ်။"
ဝမ်ထောင်က အားလုံးကို ကြည့်လိုက်သည်။
အားလုံးသည် ဝမ်ထောင်၏ စကားကြောင့် အနည်းငယ် အံ့ဩသွားကြသော်လည်း ခေါင်းညိတ်လိုက်ကြ၏။
"ငါတို့ မင်းကို ယုံကြည်ပါတယ် ဝမ်ထောင်။ ဒါဆိုရင် အဲဒါတွေကို မင်းဆီပဲ အပ်နှံလိုက်မယ်။ ဘယ်သူကန့်ကွက်ချင်လဲ။"
ဝေကျန့်ကော်က လူစုကို ကြည့်လိုက်ရာ အားလုံး ခေါင်းညိတ်ကြသည်။
ဝမ်ထောင်သည် တိုက်ခိုက်ရေးစွမ်းရည် အမြင့်ဆုံးဖြစ်ပြီး အထူးဇွန်ဘီများကို အများဆုံး သတ်ဖြတ်ခဲ့ကာ အမြုတေများစွာကိုလည်း ကိုယ်တိုင် ပံ့ပိုးပေးခဲ့သည့်အပြင် အားလုံးကို ခွဲခြမ်းစိတ်ဖြာမှုနှင့် အကြံဉာဏ်များ ပေးခဲ့သည်။ ၎င်းသည် အမှန်တကယ် ယုံကြည်စိတ်ချရသူ ဖြစ်သည်။
"ကောင်းပြီ။"
ဝမ်ထောင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
ထိုဂေါ်ရီလာဇွန်ဘီ ပြန်လည်ပေါ်လာခြင်းက ဝမ်ထောင်ကို ပြင်းထန်သော အရေးတကြီး ခံစားချက် ဖြစ်ပေါ်စေသည်။ သူသည် မူလက မိမိအဖော်များ၏ အင်အားကို တဖြည်းဖြည်းချင်း မြှင့်တင်ရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ အချိန်မရှိတော့သဖြင့် အရှိန်မြှင့်တင်ရမည် ဖြစ်သည်။
ပထမဦးစွာ သူသည် ဇွန်ဘီအမြုတေအားလုံးကို ယူထားရန်လိုအပ်လေသည်။
ထို့အခါမှ သူသည် ထိုအမြုတေများကို ပေါင်းစပ်နိုင်မည်ဖြစ်၏။ ပေါင်းစပ်မှု အောင်မြင်မှုနှုန်း ၁၀၀ ရာခိုင်နှုန်းရှိသော မော်ကွန်းဝင်အမြုတေများအဖြစ် အားလုံးကို ပေါင်းစပ်ရန်တော့ မလိုအပ်ပေ။ ထိုသို့လုပ်ဆောင်ပါက သံသယဖြစ်ဖွယ် ကောင်းလှ၏။သူသည် မိမိ၏ ပေါင်းစပ်စွမ်းရည်ကို လောလောဆယ် မဖော်ပြချင်သေးသောကြောင့် ဖြစ်၏။
သို့သော် အောင်မြင်မှုနှုန်း ၆၀ ရာခိုင်နှုန်း သို့မဟုတ် ၈၀ ရာခိုင်နှုန်း ရှိသော အမြုတေအချို့ကိုတော့ ပေါင်းစပ်ပေးနိုင်သည်။
၅၀ ရာခိုင်နှုန်းထက် ကျော်လွန်နေသရွေ့ အောင်မြင်ရန် ဖြစ်နိုင်ခြေက ပိုမိုမြင့်မားပေသည်။ အောင်မြင်မှုနှုန်း ၈၀ ရာခိုင်နှုန်းသည် လက်တွေ့တွင် ၁၀၀ ရာခိုင်နှုန်းနှင့် သိပ်မကွာခြားလှချေ။ အနီရောင်အမြုတေများကို ပေါင်းစပ်ခဲ့ကြသော သူတို့ထဲမှ လူအနည်းငယ်သည် တစ်ကြိမ်မျှ ကျရှုံးခြင်း မရှိခဲ့ကြပေ။
ဤအောင်မြင်မှုနှုန်းသည် စစ်မှန်သော အောင်မြင်မှုနှုန်း ဖြစ်၏။ အောင်မြင်မှုနှုန်း ၉၀ ရာခိုင်နှုန်းသည် ၅၀ ရာခိုင်နှုန်းကဲ့သို့ ဖြစ်နေပြီး ၅၀ ရာခိုင်နှုန်းသည် ၂၀ ရာခိုင်နှုန်းနီးပါး ဖြစ်နေတတ်သည့် အချို့သော အကျင့်ပျက် စလော့ဂိမ်းရေးဆွဲသူများ၏ စနစ်နှင့် မတူချေ။ အချို့စလော့ဂိမ်းများသည် ပို၍ပင် ရှက်စရာကောင်းလှပြီး ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှု မဟုတ်လျှင် ၉၉ ရာခိုင်နှုန်း ဖြစ်နေပါစေဦးတော့ ကျရှုံးရန် ဖြစ်နိုင်ခြေက မြင့်မားနေဆဲ ဖြစ်၏။ ဝမ်ထောင်သည် ယခင်က ထိုသို့ အလှည့်စားခံခဲ့ရဖူးသည်။
ထို့အပြင် ဝမ်ထောင်သည် ဤအမြုတေများကို ပေါင်းစပ်သည့်အခါ ၎င်း၏ ရည်ရွယ်ချက်က ပေါင်းစပ်မှု အောင်မြင်မှုနှုန်းကို မြှင့်တင်ရန်သာမကဘဲ ပိုမိုအရေးကြီးသည်မှာ ဘေးထွက်ဆိုးကျိုးများနှင့် အညစ်အကြေးများကို ဖယ်ရှားပစ်ရန် ဖြစ်သည်။
အမှန်တကယ်တော့ စခန်းတွင် အဖြူရောင်နှင့် အပြာရောင် အမြုတေ အများအပြား ရှိနှင့်ပြီး ဖြစ်သော်လည်း ဝမ်ထောင်၏ သတိပေးချက်ကြောင့် မည်သူမျှ ခွင့်ပြုချက်မရှိဘဲ မသုံးစွဲဝံ့ကြချေ။
ဘေးထွက်ဆိုးကျိုးများနှင့် အညစ်အကြေးများသည် အားလုံး၏အပေါ်တွင် တောင်ကြီးတစ်လုံးက ဖိသတ်ထားသကဲ့သို့ ဖြစ်နေသည်။ အဆုံးစွန်၌ မည်သူမျှ သားရဲကောင် သို့မဟုတ် ဇွန်ဘီအဖြစ်သို့ မပြောင်းလဲချင်ကြချေ။
နောက်ပိုင်းတွင် မည်သို့ ရှင်းပြရမည်နည်းဟူမူ ဝမ်ထောင်အနေဖြင့် ရှင်းပြသည်ဖြစ်စေ၊ မရှင်းပြသည်ဖြစ်စေ အရေးမကြီးပေ။ ယခုအခါ ကမ္ဘာပျက်ကပ် ရောက်ရှိနေပြီဖြစ်ရာ ထူးဆန်းသော အရာမျိုးစုံ ပေါ်ပေါက်နေပြီး အများစုမှာ ရှင်းပြရန် ခက်ခဲလှပေသည်။
မည်သို့ပင်ဆိုစေ ဝမ်ထောင်၏ အခြေခံစည်းမျဉ်းမှာ မိမိ၏ သီးခြားစွမ်းရည်များကို မဖော်ပြရန်နှင့် မိမိ၏ ဝှက်ဖဲအားလုံးကို မထုတ်ပြရန် ဖြစ်သည်။ အခြေအနေ တင်းမာလာပါက ကံကောင်းခြင်းကြောင့်ဟုသာ လွှဲချလိုက်ပြီး ၎င်းတို့ကိုသာ ခန့်မှန်းခိုင်းလိုက်မည် ဖြစ်၏။
အဖွဲ့သည် နောက်ထပ် လုပ်ဆောင်ရမည့် အစီအစဉ်ကို ဆုံးဖြတ်ပြီးနောက် လုကန်းသည် သူစုဆောင်းထားသော အမြုတေအားလုံးကို ယူဆောင်လာခဲ့သည်။
ထိုအမြုတေများကို မိမိတွင် ရှိနှင့်ပြီးသား အမြုတေများနှင့် ပေါင်းစပ်ကြည့်သောအခါ အားလုံး၏ စွမ်းရည်များကို +၁၀ အထိ မြှင့်တင်ရန် လုံလောက်လိမ့်မည်ဟု ဝမ်ထောင် ခံစားလိုက်ရ၏။
ထို့နောက် ဝမ်ထောင်က ၎င်းတို့အား မည်သည့်အမြုတေများကို အောင်မြင်စွာ ပေါင်းစပ်ထားပြီးဖြစ်ကြောင်း၊ လက်ရှိတွင် မည်သည့်စွမ်းရည်များ ပိုင်ဆိုင်ထားကြောင်းနှင့် ပေါင်းစပ်နိုင်သည့် အမျိုးအစား အမြင့်ဆုံး ကန့်သတ်ချက်က မည်မျှဖြစ်ကြောင်း မေးမြန်းလိုက်သည်။
ဝေကျန့်ကော်သည် လောလောဆယ်တွင် အရှိန်ပြင်းဝင်တိုက်ခြင်းနှင့် တုန်ခါမှုလှိုင်းဟူသော အမြုတေ အမျိုးအစား နှစ်မျိုးကိုသာ ပေါင်းစပ်ထားရသေးသည်။ ၎င်းသည် အမျိုးအစားများကို ဆက်လက် ပေါင်းစပ်နိုင်သည်ဟု ခံစားရသော်လည်း လက်ရှိ အင်အားက မလုံလောက်သေးသဖြင့် ဆက်လက်လုပ်ဆောင်ပါက ပြဿနာတက်နိုင်လေသည်။ ထို့ကြောင့် ဝေကျန့်ကော်သည် အနည်းဆုံး အမြုတေ အမျိုးအစား သုံးမျိုးကို ပေါင်းစပ်နိုင်စွမ်း ရှိသည်။
ရှန့်ဟုန်ပင်း၏ အခြေအနေသည်လည်း အတူတူပင် ဖြစ်၏။ ၎င်းသည်လည်း အရှိန်ပြင်းဝင်တိုက်ခြင်းနှင့် တုန်ခါမှုလှိုင်းတို့ကို ပေါင်းစပ်ထားပြီး တတိယမြောက် အမျိုးအစားကို ပေါင်းစပ်နိုင်သော်လည်း လောလောဆယ် မလုပ်နိုင်သေးချေ။ သို့သော် ရှန့်ဟုန်ပင်းသည် ဝေကျန့်ကော်ထက် ပေါင်းစပ်ထားသော အမြုတေ စုစုပေါင်း အရေအတွက် ပိုမိုများပြားပြီး တိုက်ခိုက်ရေးစွမ်းရည်လည်း ပိုမိုသန်မာသည်။
လုကန်းသည် လောလောဆယ်တွင် အမြန်ပြေး အမြုတေ နှစ်ခုကိုသာ ပေါင်းစပ်ထားရသေးသည်။ သူသည်လည်း အခြား အမြုတေ အမျိုးအစားတစ်ခုကို ပေါင်းစပ်ရန် ပြဿနာမရှိဟု ခံစားရသည်။
ဖုန်းမင်အန်ကား ပြောစရာပင် မလိုတော့ချေ။ ၎င်းသည် အမြုတေ အမျိုးအစား တစ်မျိုးတည်းကိုသာ ပေါင်းစပ်နိုင်သည်။ သို့သော် ၎င်း၏ အကျိအချွဲအန်ထုတ်ခြင်း စွမ်းရည်သည် +၃ သို့ ရောက်ရှိနေပြီဖြစ်ရာ +၁၀ သို့ ရောက်ရန် အမြုတေ ၇ ခုသာ လိုတော့သည်။ ၎င်းတွင် စွမ်းရည် တစ်မျိုးတည်းသာ ရှိသဖြင့် အဆင့်မြှင့်တင်ရန်မှာ တော်တော်လေးရိုးရှင်းလှသည်။
ရန်ကျဲသည် စူးရှစွာအော်ဟစ်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးဟူသော အမြုတေ နှစ်ခုကို ပေါင်းစပ်ထား၏။ ၎င်းသည် ထပ်မံ ပေါင်းစပ်နိုင်ခြင်း မရှိတော့ဟု ခံစားရသဖြင့် အမျိုးအစား နှစ်မျိုးသည် ၎င်း၏ ကန့်သတ်ချက် ဖြစ်သည်။
လျိုဟဲသည် ဖုံးကွယ်ခြင်း အမြုတေ တစ်ခုကိုသာ ပေါင်းစပ်ထားရသေး၏။
ရန်ကျဲနှင့် လျိုဟဲတို့ကို လောလောဆယ် ကျော်ထားနိုင်သည်။ သူတို့သည် တိုက်ခိုက်ရေးအင်အားစုများ မဟုတ်ကြသဖြင့် လောလောဆယ်တွင် အများကြီး ပေါင်းစပ်ရန် မလိုသေးချေ။ အမြုတေများကို လိုအပ်နေသူများအတွက် သိမ်းဆည်းထားသင့်သည်။
ဦးစားပေးအနေဖြင့် ရှန့်ဟုန်ပင်း၊ ဝေကျန့်ကော်နှင့် လုကန်းတို့အတွက် အမြုတေများကို ပြင်ဆင်ပေးရမည် ဖြစ်၏။
ယင်းတွင် ဟန်ရွှေလည်း ပါဝင်သည်။ သူမသည်လည်း စခန်း၏ အဓိက တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်သဖြင့် သင့်တော်သော အဆင့်မြှင့်တင်မှု လိုအပ်ပေသည်။
ဝမ်ထောင်သည် လုံခြုံရေးတပ် တစ်ခုလုံးကို စွမ်းရည်ရှင်များအဖြစ် ပြောင်းလဲပစ်သင့်ပြီး စခန်းမှအမဲလိုက်သမားများထဲမှ လူအချို့ကိုလည်း စွမ်းရည်ရှင်များ ဖြစ်လာစေရန် ရွေးချယ်သင့်သည်ဟုပင် ခံစားမိ၏။
သီအိုရီအရ သာမန်လူတစ်ဦးအား အမြုတေတစ်ခု ပေး၍ စွမ်းရည်ရှင်အဖြစ် ပြောင်းလဲပေးခြင်းသည် ရှိနှင့်ပြီးသား စွမ်းရည်ရှင်တစ်ဦး၏ စွမ်းရည်အဆင့်ကို မြှင့်တင်ရန် ထိုအမြုတေကို အသုံးပြုခြင်းထက် စခန်းအတွက် ပိုမိုကြီးမားသော အကျိုးကျေးဇူးကို ရရှိစေသည်။
စွမ်းရည်ရှင်တစ်ဦးနှင့် သာမန်လူတစ်ဦးအကြား တိုက်ခိုက်ရေးစွမ်းရည် ကွာခြားချက်က ကြီးမားလှရာ ၎င်းသည် ၀ မှ ၁ သို့ ခုန်တက်သွားခြင်း ဖြစ်သည်။ စွမ်းရည်ရှင် လူစုတစ်စုကြောင့် တိုးတက်လာသော တိုက်ခိုက်ရေးစွမ်းရည်သည် လူနည်းစုကို မြှင့်တင်ပေးခြင်းထက် ယေဘုယျအားဖြင့် ပိုမိုများပြားပေသည်။
စခန်းအနေဖြင့် ထိပ်တန်း တိုက်ခိုက်ရေးသမားများလည်း လိုအပ်နေသည်။ တစ်ခါတစ်ရံတွင် အဆင့်မြင့်စွမ်းအားသည် လူအင်အားသုံးဗျူဟာထက် ပို၍အသုံးဝင်၏။ထို့ကြောင့် ကဏ္ဍနှစ်ခုလုံးကို စေ့စပ်စွာကိုင်တွယ်ရမည် ။
အားလုံးနှင့် ထပ်မံဆွေးနွေးပြီးနောက် ဝမ်ထောင်က ပြောလိုက်သည်။
"နောက်ထပ် အားလုံးအနေနဲ့ စခန်းရဲ့ အခြေခံအင်အားကို မြှင့်တင်ဖို့ အထူးဇွန်ဘီတွေကို ပိုပြီး သတ်ရမယ်။ ဒါပေမဲ့ အမြုတေတွေကိုတော့ လောလောဆယ် မပေါင်းစပ်ပါနဲ့ဦး။ အမြုတေ ပြဿနာကို ငါ နည်းလမ်းရှာပြီး ဖြေရှင်းပေးမယ်။"
"ကောင်းပါပြီ။"
အားလုံး ခေါင်းညိတ်ကြ၏။
ရှောက်ယုံ၏ ကိစ္စနှင့် ဂေါ်ရီလာဇွန်ဘီ၏ ကိစ္စ နှစ်ခုလုံးက အားလုံးကို အရေးတကြီး ခံစားချက်များ ဖြစ်ပေါ်စေသည်။ အစည်းအဝေး ပြီးဆုံးသည်နှင့် တိုက်ခိုက်ရေးအင်အားစုများသည် သူတို့၏ အဖွဲ့များကို ခေါ်ဆောင်၍ အထူးဇွန်ဘီများကို ရှာဖွေရန် ချက်ချင်း ထွက်ခွာသွားကြတော့သည်။
ရန်ကျဲသည် ရှောက်ယုံ၏ လှုပ်ရှားမှုများကို ခြေရာခံရန်နှင့် အထူးဇွန်ဘီများ တည်ရှိရာကို ရှာဖွေရန် လူများကို စီစဉ်လိုက်၏။
သူသည် အားလုံးအား ရှောက်ယုံအကြောင်းကိုလည်း အကြောင်းကြားပြီး လတ်တလော အပြင်ထွက်သည့်အခါ သတိထားကြရန် သတိပေးလိုက်သည်။
သို့သော် ရန်ကျဲသည် သတင်းတစ်ခုကိုလည်း ထုတ်ပြန်ခဲ့၏။ ကော်မတီသည် လောလောဆယ်တွင် စွမ်းရည်ရှင်အသစ်များ ရွေးချယ်ရေး လုပ်ငန်းစဉ်ကို စဉ်းစားနေသည်။ ကိုယ်ကျင့်တရားကောင်းမွန်ပြီး စွမ်းရည်ထက်မြက်သူများသည် ရွေးချယ်ခံရမည့် အခွင့်အရေး ရှိလိမ့်မည်ဟူ၏။
ရှောက်ယုံ အသက်ရှင်နေဆဲဖြစ်ကြောင်း သတင်းကို ကြေညာလိုက်သောအခါ လူအများအပြားက ဆဲရေးကြသည်။ ရှောက်ယုံ မသေဘဲ အလွန်အင်အားကြီးနေဆဲ ဆိုပါက ၎င်းတို့သည် ယခင်ကကဲ့သို့ပင် အပြင်မထွက်ဘဲ စခန်းထဲတွင်သာ ပုန်းအောင်းနေရလိမ့်မည် ဖြစ်သည်။
သို့သော် ကော်မတီက စွမ်းရည်ရှင်အသစ်များကို ရွေးချယ်တော့မည်ဟူသော သတင်းထွက်ပေါ်လာသောအခါ လူတိုင်းနီးပါးကို စိတ်လှုပ်ရှားသွားစေ၏။
စွမ်းရည်ရှင်တစ်ဦး ဖြစ်လာရမည်။
ထိုအချက်က ယခုအချိန်တွင် လူတိုင်း အလိုချင်ဆုံးသော ဆန္ဒဖြစ်မှာ မုချပင် ဖြစ်သည်။
လောလောဆယ်တွင် စခန်း၌ ကော်မတီဝင်များသာ စွမ်းရည်ရှင်များ ဖြစ်ကြသည်။ လူအများအပြားသည် စွမ်းရည်ရှင်များ၏ တိုက်ခိုက်မှုကို မြင်တွေ့ခဲ့ဖူးရာ အရှိန်ပြင်းဝင်တိုက်ခြင်းနှင့် တုန်ခါမှုလှိုင်းကဲ့သို့သော မြင့်မားသည့် တိုက်ခိုက်ရေးစွမ်းရည်များကို လူအများစုက ပိုင်ဆိုင်ချင်ကြသည်။
ကံဆိုးစွာဖြင့် သူတို့၏ အင်အားဖြင့် အထူးဇွန်ဘီများကို သတ်ဖြတ်ရန်မှာ အလွန် အန္တရာယ်များလှပေသည်။ အထူးသဖြင့် အထူးဇွန်ဘီအများစုသည် ပေါက်ကွဲဇွန်ဘီတစ်ကောင်နှင့်အတူ တွဲနေတတ်သဖြင့် ပိုမိုခက်ခဲစေသည်။
ယခုအချိန်အထိ ဟန်ရွှေမှလွဲ၍ မည်သည့် သာမန်လူမျှ စွမ်းရည်ရှင် ဖြစ်မလာနိုင်သေးချေ။
ထို့ကြောင့် ရန်ကျဲ၏ ကြေညာချက်က လူအများအပြားကို၊ အထူးသဖြင့် အမဲလိုက်သမားများကို ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားစေသည်။ သူတို့သည် မိမိတို့၏ အခွင့်အရေး ရောက်လာပြီဟု ခံစားလိုက်ရ၏။
သူတို့သည် ဇွန်ဘီများကို သတ်ဖြတ်ရန် အပြင်ထွက်လိုကြပြီး ရွေးချယ်ခံရရန်အတွက် မိမိတို့၏ အင်အားကို ထပ်မံ မြှင့်တင်လိုကြသည်။
ရှောက်ယုံ ဟုတ်လား။ ရှောက်ယုံပင်လျှင် ၎င်းတို့ သန်မာလာခြင်းကို မတားဆီးနိုင်ပေ။
အဆိုးဆုံးဖြစ်ပါက ၎င်းတို့ ပိုမိုသတိထားပြီး စခန်းနှင့် နီးကပ်စွာ နေထိုင်ကာ အဝေးကြီးသို့ မသွားဘဲ တစ်ခုခုဖြစ်လျှင် ချက်ချင်း ပြန်ပြေးလာကြမည် ဖြစ်၏။ မည်သို့ပင်ဆိုစေ အင်အားကို မြှင့်တင်ရမည် ဖြစ်သည်။ ၎သူတို့သည် စွမ်းရည်ရှင်များ ဖြစ်လာရန် သန္နိဋ္ဌာန်ချထားကြ၏။
လုံခြုံရေးတပ်ဖွဲ့ဝင်များမှာမူ စိတ်လှုပ်ရှားနေကြသော်လည်း အလွန်အမင်းတော့ မဟုတ်ချေ။ သူတို့သည် ကျွမ်းကျင်စွာ လေ့ကျင့်ထားသူများ ဖြစ်ကြပြီး ရန်ကျဲကလည်း ၎င်းတို့အား ကော်မတီဝင်များပြီးနောက် စွမ်းရည်ရှင် ဖြစ်လာမည့် ဒုတိယမြောက် အစုအဖွဲ့ ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့ပြီးဖြစ်ရာ အခြေခံအားဖြင့် ဆုံးဖြတ်ပြီးသား ဖြစ်နေ၏။
ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် သန်မာရုံသာမက ကိုယ်ကျင့်တရားကလည်း ကောင်းမွန်သောကြောင့် ဖြစ်၏။ ဝမ်ထောင်သည် ထိုစစ်သားများ၏ စရိုက်ကို ယုံကြည်ဆဲ ဖြစ်သည်။
အခြားသူများ အလုပ်ရှုပ်နေစဉ် ဝမ်ထောင်သည် အမြုတေအားလုံးကို ယူဆောင်၍ အိမ်သို့ ပြန်လာခဲ့သည်။
တင်ယွီချင်သည် အိမ်တွင်မရှိချေ။ သူမသည် မနက်ခင်းကတည်းက ကောဟွာတို့နှင့်အတူ ဇွန်ဘီများကို သတ်ဖြတ်ရန် ထွက်သွားခဲ့သည်။ သူတို့သည် စခန်း၏ ပတ်ဝန်းကျင်တွင်သာ ရှိသဖြင့် အတော်အတန် ဘေးကင်းပေသည်။ ဇွန်ဘီများက တစ်နေရာတည်းတွင် ငြိမ်မနေတတ်သဖြင့် အနီးနားရှိ ဇွန်ဘီများကို သတ်ဖြတ်လိုက်ပါက အသစ်များက ထိုနေရာသို့ ထပ်မံဖြည့်တင်းလာတတ်သဖြင့် ကုန်ဆုံးသွားခြင်း မရှိနိုင်ပေ။
အမြုတေများကို ကြည့်ရင်း ဝမ်ထောင်သည် မိမိအသုံးပြုနိုင်မည့် အရာများ ရှိမရှိ အရင်ဆုံး ကြည့်နေမိသည်။
"ကြေးအရေပြားနှင့်သံမဏိအရိုး၊ တိကျစွာပစ်ခတ်ခြင်း... မဆိုးဘူး။"
ကိုယ်တိုင်ကုသခြင်း မပါဝင်သော်လည်း ဤအမြုတေ နှစ်မျိုးကို ရရှိခြင်းကပင် အလွန် ကောင်းမွန်နေလေပြီ။
သူ့တွင် ထိုအမြုတေ တစ်ခုစီ ရှိနှင့်ပြီး ဖြစ်သည်။ နောက်ထပ်အမြုတေအနည်းငယ်ကို ထည့်ပေါင်းပြီးနောက် ဝမ်ထောင်သည် ပေါင်းစပ်ခြင်းကို စတင်လိုက်၏။
ဟင်းလင်းပြင်ကျောပိုးအိတ်ထဲတွင် သက်တံရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက် ၎င်း၏ လက်ထဲတွင် လိမ္မော်ရောင် ၅ ခုနှင့် အနီရောင်အမြုတေ ၁ ခု ပေါ်လာသည်။
ထိုအနီရောင်အမြုတေမှာ အပြာရောင်အမြုတေ နှစ်ခုမှ ပေါင်းစပ်ထားသော တိကျစွာပစ်ခတ်ခြင်း ဖြစ်၏။ ဝမ်ထောင်သည် ဤအရာကို လုကန်းအား ပေးရန် စီစဉ်လိုက်သည်။
လုကန်းသည် စခန်းတွင် အကောင်းဆုံး သေနတ်သမားဖြစ်ပြီး လက်ရှိတွင် လေးဖြင့် ပစ်ခတ်မှု စွမ်းဆောင်ရည်လည်း ကောင်းမွန်လှသည်။ ထို့ကြောင့် တိကျစွာပစ်ခတ်ခြင်းကို ၎င်းအား ပေးအပ်ခြင်းက အလွန် သင့်တော်သည်။
ဝမ်ထောင်၏ အမြုတေ ပေါင်းစပ်ခြင်း စည်းမျဉ်းမှာ အရည်အသွေးများ ပေါင်းစပ်ခြင်းနှင့် သန့်စင်မှုများ ပေါင်းစပ်ခြင်း ဖြစ်သည်။
လက်ရှိ ပထမအဆင့် အမြုတေများအားလုံးတွင် သန့်စင်မှု ၅၀ ရာခိုင်နှုန်း ရှိသည်။ ဆိုလိုသည်မှာ ၎င်းသည် တူညီသော အမြုတေ နှစ်ခုကို ပေါင်းစပ်လိုက်သရွေ့ သန့်စင်မှုသည် ၁၀၀ ရာခိုင်နှုန်း ဖြစ်လာမည်ဖြစ်ပြီး ခန္ဓာကိုယ်တွင်းအညစ်အကြေးများအားလုံးကို ဖယ်ရှားပေးကာ ဘေးထွက်ဆိုးကျိုးများကို ပျောက်ကွယ်သွားစေမည် ဖြစ်၏။
တိကျစွာပစ်ခတ်ခြင်း၏ ဘေးထွက်ဆိုးကျိုးမှာ အလွန် ကြောက်စရာကောင်းလှရာ မျက်စိတစ်ဖက် ကွယ်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် ဤဘေးထွက်ဆိုးကျိုးကို ဖယ်ရှားရမည်ဖြစ်ပြီး မဟုတ်ပါက မည်သူမျှ မသုံးစွဲဝံ့ကြချေ။
အောင်မြင်မှုနှုန်းနှင့် ပတ်သက်၍မူ အောင်မြင်မှုနှုန်း ၈၀ ရာခိုင်နှုန်းသည် မည်သည့် မတော်တဆမှုမျှ မဖြစ်စေနိုင်ဟု ဝမ်ထောင် ခံစားရသည်။ လိမ္မော်ရောင်သည် အလွန် သိသာလွန်းသဖြင့် ယခုလိုအနီရောင်က ပိုမိုကောင်းမွန်ပေသည်။ အကယ်၍ အမှန်တကယ် ကျရှုံးခဲ့ပါက လုကန်း၏ ကံကြမ္မာ အလွန်ညံ့ဖျင်းလွန်း၍သာ ဖြစ်လိမ့်မည်။
အခြား လိမ္မော်ရောင်အမြုတေ ၅ ခုမှာ ကြေးအရေပြားနှင့်သံမဏိအရိုး ၄ ခုနှင့် တိကျစွာပစ်ခတ်ခြင်း ၁ ခု ဖြစ်၏။
ဝမ်ထောင်သည် ထိုအမြုတေများကို တစ်ခုပြီးတစ်ခု ပါးစပ်ထဲသို့ ထည့်လိုက်သည်။
မကြာမီတွင် အမြုတေ ၅ ခုလုံးကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့၏။
ဝမ်ထောင်၏ ကြေးအရေပြားနှင့်သံမဏိအရိုးသည် ယခင်က ၆ ကြိမ် ပေါင်းစပ်ထားပြီး ဖြစ်သည်။ ဤ ၄ ခုနှင့်ဆိုလျှင် ၁၀ ခုတိတိ ဖြစ်သွားပြီး ၎င်း၏ ကြေးအရေပြားနှင့်သံမဏိအရိုး စွမ်းရည်သည် နောက်ဆုံးတွင် ကန့်သတ်ချက်သို့ ရောက်ရှိသွားတော့သည်။
တိကျစွာပစ်ခတ်ခြင်းမှာမူ ၎င်းသည် ယခင်က ၃ ကြိမ် ပေါင်းစပ်ထားသဖြင့် ယခုအခါ ၄ ကြိမ်သာ ရှိသေးသည်။
ဝမ်ထောင်၏ စွမ်းအင်ပမာဏသည် ယခုအခါ ၂၅၀၀ သို့ ရောက်ရှိနေပြီ ဖြစ်၏။ ၎င်းသည် ရှောက်ယုံကဲ့သို့ စွမ်းအင်ပမာဏ ၄၀၀၀ ရောက်ရန် တိကျစွာပစ်ခတ်ခြင်း အမြုတေ ၆ ခုနှင့် ကိုယ်တိုင်ကုသခြင်း အမြုတေ ၉ ခု လိုအပ်နေသေးသည်။
သို့သော် ကိုယ်တိုင်ကုသခြင်း အမြုတေများသည် တိကျစွာပစ်ခတ်ခြင်းထက်ပင် ရရှိရန် ပိုမိုခက်ခဲလေသည်။ ဝမ်ထောင်သည် နောက်ပိုင်းတွင် ဆေးရုံသို့ ထပ်မံသွားရောက်ရန် စိတ်ကူးထား၏။ ဆေးရုံတွင် အထူးဇွန်ဘီများစွာ ရှိပြီး ထိုနေရာ၌ ကိုယ်တိုင်ကုသဇွန်ဘီများလည်း ရှိနေသည်။ သို့မဟုတ်ပါက အခြားနေရာများမှ ဤအမြုတေ ၉ ခုကို စုဆောင်းရန် အလွန် ခက်ခဲလိမ့်မည် ဖြစ်၏။
ထို့နောက် ဝမ်ထောင်သည် အခြားအမြုတေများကို အမျိုးအစားခွဲခြားပြီး ပေါင်းစပ်ခြင်းကို စတင်လိုက်သည်။
အရာအားလုံးကို လိမ္မော်ရောင်အဖြစ် ပေါင်းစပ်ရန် မလိုချေ။ အပြာရောင်နှစ်ခု သို့မဟုတ် အဖြူရောင်တစ်ခုနှင့် ခရမ်းရောင်တစ်ခုကို သုံး၍ အနီရောင်ပြုလုပ်ခြင်း၊ အဖြူရောင်တစ်ခုနှင့် အပြာရောင်တစ်ခုကို သုံး၍ ခရမ်းရောင်ပြုလုပ်ခြင်းနှင့် ရံဖန်ရံခါ လိမ္မော်ရောင်အချို့ကို ပေါင်းစပ်ခြင်းဖြင့် မကြာမီတွင် ဝမ်ထောင်၌ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ခန္ဓာကိုယ်တွင်းအညစ်အကြေးများ မရှိသော အမြုတေပုံကြီး တစ်ပုံ ရှိလာတော့သည်။
ဤအမြုတေများကို ကြည့်ရင်း ဝမ်ထောင်၏ မျက်နှာတွင် ကျေနပ်သော အမူအရာ ပေါ်လာ၏။
ဤအရာသည် ဝေကျန့်ကော်နှင့် အခြားသူများ၏ အင်အားကို သိသာထင်ရှားစွာ မြှင့်တင်ပေးနိုင်ရုံသာမက စခန်းတွင် စွမ်းရည်ရှင်များစွာကိုလည်း ဖန်တီးပေးနိုင်လိမ့်မည် ဖြစ်သည်။ ဂေါ်ရီလာဇွန်ဘီ တကယ် ရောက်လာခဲ့လျှင်ပင် စခန်းတွင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘဲ ဖြစ်မနေတော့ချေ။
...မွန်းလွဲပိုင်းတွင် ကောဟွာ ရုတ်တရက် ပြန်ရောက်လာ၏။
"အစ်ကိုကြီး။ ကျွန်တော် ရှောက်ယုံရဲ့ ခြေရာလက်ရာကို ရှာတွေ့ခဲ့ပြီ။"
-------