အခန်း ၁၂၅
Vol. 12 Ch. 125
အခန်း ၁၂၅ -ပိတ်ဆို့ခြင်း
" အရင် ထိုင်ဦး။ ပြီးမှ ငါ့ကို သေချာပြောပြ။"
ဝမ်ထောင်သည် ကောဟွာအတွက် ရေတစ်ဖန်ခွက်ကို ကိုယ်တိုင် ငှဲ့ပေးလိုက်၏။
ဂလု ဂလု...
ကောဟွာသည် ရေဖန်ခွက်အကြီးကိုပင် တစ်ကျိုက်တည်းဖြင့် အကုန်သောက်လိုက်ပြီးနောက် သူ၏ နဖူးမှ ချွေးများကို သုတ်ရင်း အလျင်အမြန် ပြောလိုက်သည်။
"ရှောက်ယုံ မသေဘူးဆိုတာ ကြားတော့ သူ ပြန်သွားနိုင်တယ်လို့ ကျွန်တော်တွေးမိတယ်။ ဒါကြောင့် ဒီမနက် ကုန်တိုက်ဟောင်းမှာ သူ့ကို သွားစောင့်နေတာ သူ့ကိုတန်းတွေ့တာပဲ။"
"သူက အတော်လေး ဒေါသထွက်နေတဲ့ ပုံစံနဲ့ မြေအောက်ကုန်တိုက်ထဲကို ဝင်သွားပြီး ခနမျှကြာတော့ ပိုပြီး ဒေါသထွက်နေတဲ့ ပုံစံနဲ့ ပြန်ထွက်လာတယ်။ ပြီးတော့ ဒေါသဖြေတဲ့အနေနဲ့ ဇွန်ဘီ တော်တော်များများကို သတ်ပစ်ခဲ့သေးတယ်။ ပြီးတော့ လူနေတိုက်ခန်းတွဲတစ်ခုထဲကို ဝင်သွားတယ်။"
"အပြင်မှာ ယာယီဘေးကင်းဇုန်တချို့ ပြင်ဆင်ထားတယ်လို့ အရင်က ပြောတာ ကျွန်တော်ကြားဖူးတယ်။ အဲဒီလူနေတိုက်ခန်းတွဲထဲက အိမ်တချို့ကလည်း အဲဒီထဲမှာ ပါဝင်နေတာပဲ။ ကျွန်တော် သူ့နောက်ကို ဆက်မလိုက်ရဲတော့လို့ အစ်ကိုကြီးဆီ ချက်ချင်း ပြန်လာသတင်းပို့တာ။"
ကောဟွာ၏ စကားကို ကြားပြီးနောက် ဝမ်ထောင်သည် ရုတ်တရက် မျက်မှောင်ကုတ်လိုက်၏။
"မင်းပြောချင်တာက သူလူနေတိုက်ခန်းတွဲထဲ ဝင်သွားတဲ့အထိ နောက်က လိုက်သွားခဲ့တာပေါ့။ သူ့နောက်ကို ဘယ်လောက်ကြာကြာ လိုက်ခဲ့တာလဲ။"
"ကျွန်တော် တစ်မနက်ခင်းလုံး လိုက်ခဲ့တာ။ အစ်ကိုကြီးက ကျွန်တော့်ရဲ့အင်အားကို မြှင့်တင်ပေးထားလို့သာပေါ့။ မဟုတ်ရင် သူ့နောက်လိုက်ဖို့ နေနေသာသာ မြေအောက်ကုန်တိုက်ကိုတောင် ကျွန်တော် ရောက်နိုင်မှာမဟုတ်ဘူး။"
ကောဟွာက စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။
သို့သော် ဝမ်ထောင်၏ မျက်နှာကတော့ ပြုံးရိပ်မရှိဘဲ ပို၍ပင် တည်ကြည်လေးနက်သွား၏။
"သူ... ဒီကို ရောက်နေပြီ။"
"ဗျာ။"
ကောဟွာ မှင်တက်သွားပြီးနောက် အမြန် ပြောလိုက်သည်။
"အစ်ကိုကြီး ပြောတာ ရှောက်ယုံကိုလား။ သူက လူနေတိုက်ခန်းတွဲထဲမှာ ရှိနေတုန်းပဲလေ။ သူ ဝင်သွားတာကို ကျွန်တော့်မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာပါ။"
"မဟုတ်ဘူး။ သူ ဒီကို ရောက်နေပြီ။ မင်းနောက်ကို လိုက်ပြီး ဒီအထိ ရောက်လာတာ။"
ဝမ်ထောင်က ခေါင်းခါလိုက်၏။
"ဘယ်လိုဖြစ်လို့လဲ။ မ...မဖြစ်နိုင်တာ။"
ကောဟွာ မယုံကြည်နိုင်အောင်ဖြစ်နေ၏။
"ရှောက်ယုံရဲ့ အာရုံခံစားမှုက အရမ်း စူးရှတယ်။ မင်း သူ့နောက်ကို ဒီလောက်အထိ အကြာကြီးလိုက်နေတာကို သူ ရိပ်မိမသွားဘူးဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။"
ဝမ်ထောင်သည် ဆေးရုံအနီးတွင် ရှိစဉ်က အဝေးတစ်နေရာမှနေ၍ မှန်ပြောင်းဖြင့် ရှောက်ယုံကို ကြည့်ခဲ့သည်ကိုပင် ထိုသူက သတိပြုမိခဲ့သည်။ ထိုသို့ဆိုလျှင် ကောဟွာက ၎င်း၏နောက်သို့ တမနက်ကြာအောင် လိုက်နေသည်ကို မည်သို့မသိဘဲ နေမည်နည်း။ ၎င်းက လုံးဝ မဖြစ်နိုင်သည့် အချက်ပင် ။
ဝမ်ထောင်၏ စကားကို ကြားသောအခါ ကောဟွာသ ချက်ချင်း ထိတ်လန့်သွားတော့သည်။
ဝမ်ထောင်က ထပ်မေးလိုက်၏။
"မင်း ဖုံးကွယ်ခြင်းဆေးရည်ကို သုံးခဲ့လား။"
ယခင်က ဓားစာခံများကို ကယ်တင်ရန် ကောဟွာက ကမ်းလှမ်းခဲ့စဉ်က ဝမ်ထောင်သည် ၎င်းအား အသက်ကယ်ပစ္စည်းအချို့ ပေးခဲ့သည်။ ယင်းထဲတွင် ဖုံးကွယ်ခြင်းဆေးရည် နှစ်ပုလင်း ပါဝင်ပြီး တစ်ပုလင်းမှာ လူများ၏ရန်မှ ဖုံးကွယ်ရန်နှင့် နောက်တစ်ပုလင်းမှာ ဇွန်ဘီများရန်မှ ဖုံးကွယ်ရန် ဖြစ်၏။
သို့သော် ထိုအချိန်က ဆေးရည်များကို မသုံးဖြစ်ခဲ့ချေ။ စခန်းသို့ ပြန်ရောက်ပြီးနောက် ဝမ်ထောင်ထံ ပြန်ပေးရန် ကြိုးစားခဲ့သော်လည်း ဝမ်ထောင်က ပြန်မယူခဲ့ပေ။
သူလိုအစ်ကိုကြီးတစ်ဦးအနေဖြင့် မိမိ၏ လက်အောက်ငယ်သားအား ပေးပြီးသား ပစ္စည်းများကို မည်သို့ ပြန်ယူပါမည်နည်း။ ထို့ကြောင့် ၎င်းအား ဆုလာဘ်အဖြစ်သာ သတ်မှတ်ပေးခဲ့၏။
အကယ်၍ ကောဟွာသည် လူအများရန်မှ ဖုံးကွယ်ရန် ရည်ရွယ်သည့် ဖုံးကွယ်ခြင်းဆေးရည်ကို အသုံးပြုခဲ့ပါက ရိပ်မိခြင်းမရှိအောင် ရှောင်လွှဲနိုင်ခြင်းက ဖြစ်နိုင်ချေ ရှိပေသည်။
သို့သော် ကောဟွာက ခေါင်းခါလိုက်၏။
"မသုံးခဲ့ပါဘူး..."
"ဒါဆို မင်းနဲ့ သူ ဘယ်လောက်အကွာအဝေးမှာ ရှိနေတာလဲ။"
ကောဟွာသည် မည်သည့်အရာကိုမျှ မဖုံးကွယ်ရဲတော့ချေ။ သူကက အနည်းငယ်တွေးပြီးနောက် အမှန်အတိုင်းပြောလိုက်သည်။
"မီတာ... နှစ်ဆယ်လောက်လား။"
ထိုမျှ အကွာအဝေးတွင် ရှိနေပြီး ဖုံးကွယ်ခြင်းဆေးရည်ကိုလည်း မသုံးစွဲထားပါက ရှောက်ယုံသည် ၎င်းကို ရိပ်မိသွားခဲ့ပြီဖြစ်ကြောင်း ဝမ်ထောင် သေချာပေါက် ဆုံးဖြတ်လိုက်သည်။
ရှောက်ယုံ၏ စရိုက်အရ မိမိနောက်သို့ တစ်စုံတစ်ဦး လိုက်နေသည်ကို သိရှိပါလျက်နှင့် မသတ်ဖြတ်ဘဲ သို့မဟုတ် ဖမ်းဆီးခြင်းပင် မပြုဘဲ ထားရှိခြင်းက အချက်တစ်ခုကိုသာ ညွှန်ပြနေပေသည်။ ရှောက်ယုံသည် ကောဟွာ၏ နောက်သို့ ပြန်လည်ခြေရာခံရန် ကြံစည်နေခြင်း ဖြစ်၏။
ထို့ကြောင့် ဝမ်ထောင်က ရှောက်ယုံသည် ဤနေရာသို့ ရောက်ရှိနေပြီဟု ပြောခြင်း ဖြစ်သည်။
၎င်းသည် စခန်းထဲသို့ပင် ဝင်ရောက်နေလောက်ပြီ ဖြစ်၏။
ရွှေကျဲစခန်းကို မူလက ဇွန်ဘီများကို တားဆီးရန် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ပင်မဂိတ်တံခါးတွင်သာ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သားများက စောင့်ကြပ်နေကြပြီး အခြားဧရိယာများတွင်မူ ဇွန်ဘီများ ဝင်မလာနိုင်စေရန် တံတိုင်းအမြင့်များနှင့် သံဇကာခြံစည်းရိုးများကိုသာ အသုံးပြုထားသည်။ ဤတံတိုင်းအမြင့်များသည် ဇွန်ဘီများကို တားဆီးနိုင်သော်လည်း စွမ်းရည်ရှင်တစ်ဦးကိုမူ လုံးဝ တားဆီးနိုင်မည်မဟုတ်ချေ။
"ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ တောင်းပန်ပါတယ် အစ်ကိုကြီး။ ကျွန်တော် တကယ် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါဘူး..."
ကောဟွာသည် ယခုအခါ အလွန် ထိတ်လန့်နေပြီ ဖြစ်သည်။
မြေအောက်ကုန်တိုက် ဤမျှအထိ မြန်မြန်ဆန်ဆန် ပျက်စီးသွားရခြင်းမှာ သူနှင့် အများကြီး သက်ဆိုင်နေ၏။အကယ်၍ ရှောက်ယုံက လက်စားချေရန် လာခဲ့ပါက ကောဟွာသည် သေချာပေါက် ပထမဆုံး ပစ်မှတ် ဖြစ်လာလိမ့်မည်။
ထို့အပြင် သူက ရှောက်ယုံကို စခန်းထဲသို့ အမှန်တကယ် ခေါ်ဆောင်လာခဲ့ပါက စခန်းတစ်ခုလုံးအတွက် အန္တရာယ်မှာ မြေအောက်ကုန်တိုက်တွင် ဇွန်ဘီဗိုင်းရပ်စ် လွှတ်ခဲ့စဉ်ကထက် မနည်းပေ။ လက်တွေ့၌ ရှောက်ယုံသည် ဇွန်ဘီဗိုင်းရပ်စ်ထက်ပင် ပိုမိုအန္တရာယ်များလှသည်။ ယခုအချိန်၌ ရှောက်ယုံသည် ဒေါသအပြည့်ဖြင့် လက်စားချေသူတစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။
ထိတ်လန့်နေသော ကောဟွာကို ကြည့်ကာ ဝမ်ထောင်ထမတ်တတ်ရပ်လိုက်ရင်းမှ သူ၏ ပုခုံးကို ပုတ်ပေးလိုက်၏။
"မင်း အစိုးရိမ်လွန်တာတွေ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာတွေ မလုပ်နေနဲ့။ ရှောက်ယုံက ရွှေကျဲစခန်းရဲ့ တည်နေရာကို အမဲလိုက်သမားတွေဆီကနေ သိပြီးသားပဲ။ မင်း မရှိရင်တောင် သူက ဒီကို လာမယ့် လမ်းကို ရှာတွေ့မှာပဲ။ ငါ အခု လုပ်ရမှာက ဘာမှမသိသလိုမျိုး ဟန်ဆောင်နေဖို့ပဲ။ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပါနဲ့။ ကျန်တဲ့အချက်တွေကို ငါ့ကိုပဲ လွှဲထားလိုက်။ အရင်ဆုံး သွားပြီး အနားယူလိုက်ဦး။ ဒါပေမဲ့ လူနည်းတဲ့နေရာတွေကိုတော့ ရှောင်ဖို့ အကြံပြုချင်တယ်။ မင်းရဲ့ ရုံးခန်းထဲမှာပဲ အနားယူတာ အကောင်းဆုံးပဲ။ အန္တရာယ်တစ်ခုခုရှိရင် ဝေါ်ကီတော်ကီကို သုံးပြီး ချက်ချင်း အကူအညီတောင်းပါ။"
"ဟုတိကဲ့"
ကောဟွာသည် မျက်နှာတွင် အရှက်ရရိပ်များ အပြည့်ဖြင့် ဝမ်ထောင်ကို ရိုသေစွာ ဦးညွှတ်ကျေးဇူးတင်လိုက်၏။
"တောင်းပန်ပါတယ် အစ်ကိုကြီး။ စခန်းအတွက် ဒီလောက်အထိ ကြီးမားတဲ့ ပြဿနာကို သယ်ဆောင်လာမိလိမ့်မယ်လို့ တကယ် မထင်ထားခဲ့ဘူး..."
မိမိကို ရှောက်ယုံ ရိပ်မိသွားပြီး နောက်က လိုက်လာသည်ကို သိခဲ့ပါက သူသည် ဤမျှအထိ မြန်မြန်ဆန်ဆန် ပြန်လာခဲ့လိမ့်မည် မဟုတ်ပေ။
သူအနေဖြင့် အဆင့်အတန်း ကောင်းမွန်သော အသက်ရှင်ကျန်ရစ်သူများ စခန်းတစ်ခုကို ခက်ခက်ခဲခဲ ရှာဖွေတွေ့ရှိထားခြင်းဖြစ်ရာ ဤစခန်းကို မည်သည့်အရာမျှ မဖြစ်စေချင်ချေ။ အထူးသဖြင့် ဤဖြစ်ရပ်ကြောင့် ဝမ်ထောင်က သူ့အပေါ် ထားရှိသော အမြင်ကို ကျဆင်းသွားစေလိမ့်မည် ဖြစ်သည်။ သူသည် အစ်ကိုကြီး၏ ခြေထောက်ကို မနည်း ဖက်တွယ်ထားရခြင်းဖြစ်ရာ အစွန့်ပစ်မခံလိုပေ။
ကောဟွာ ထွက်ခွာသွားပြီးနောက် ဝမ်ထောင်သည် ပြတင်းပေါက်အပြင်ဘက်ရှိ အစိမ်းရောင် အပင်များကို ကြည့်ကာ အတွေးနက်နေမိသည်။
သူသည် ကိုယ့်ကိုယ်ကိုယ် ရှောက်ယုံ၏ နေရာတွင် အစားသွင်း၍ တွေးကြည့်၏။ အကယ်၍ သူသာ လက်စားချေရန် လာသော ရှောက်ယုံ ဖြစ်ခဲ့ပါက ကောဟွာ၏ နောက်သို့ လိုက်၍ စခန်းသို့ ရောက်လာပြီးနောက် မည်သည့်နေရာကို ဦးစားပေး သွားရောက်မည်နည်း။
ဘက်စုံသုံးအဆောက်အအုံလား။ ဆရာများတိုက်ခန်းလား။ ဗီလာအိမ်များရှိသော နေရာလား။ ထမင်းစားဆောင် သို့မဟုတ် ဂိုဒေါင်လော... ဤနေရာအားလုံးသို့ သွားရောက်ရန် အကြောင်းပြချက်များ ရှိနေပုံပေါ်သည်။
"ရှောက်ယုံ... မင်း ဘယ်မှာလဲ။"
ကောဟွာသည် ဗီလာဧရိယာမှ ထွက်ခွာလာပြီးနောက် အလွန် စိုးရိမ်ပူပန်နေသော်လည်း သူ၏ မျက်နှာတွင်မူ ဖော်ပြခြင်း မရှိချေ။
ဝမ်ထောင်က သူ့အား အလွန် စိတ်မလှုပ်ရှားရန်နှင့် မိမိကို သိရှိသွားကြောင်း ရှောက်ယုံအား မရိပ်မိစေရန် ပြောကြားထားသောကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက ရှောက်ယုံသည် ချက်ချင်း လှုပ်ရှားလာနိုင်ပြီး သူနှင့် စခန်းရှိ အသက်ရှင်ကျန်ရစ်သူများပါ ကြီးမားသော ပြဿနာနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်၏။
ကောဟွာသည် ဘက်စုံသုံးအဆောက်အအုံရှိ ၎င်း၏ ကိုယ်ပိုင်ရုံးခန်းဆီသို့ လျှောက်သွားသည်။
ရွှေကျဲစခန်းတွင် ယခုအခါ လူဦးရေ ခြောက်ရာနီးပါး ရှိနေပြီ ဖြစ်၏။ ကျောင်းဝင်းသည် ကျယ်ဝန်းလှသော်လည်း လူသားများသည် အစုအဖွဲ့ဖြင့် နေထိုင်တတ်သော သတ္တဝါများ ဖြစ်ကြသဖြင့် တစ်ဦးနှင့်တစ်ဦး အလွန်အမင်း ဝေးကွာစွာ မနေထိုင်လိုကြချေ။ အချို့သော ဧရိယာများကို ပိတ်ဆို့ထားခြင်းနှင့်ပါ ပေါင်းစပ်လိုက်သောအခါ အသက်ရှင်ကျန်ရစ်သူများ၏ လှုပ်ရှားမှု နယ်ပယ်သည် အခြေခံအားဖြင့် ဘက်စုံသုံးအဆောက်အအုံကို ဗဟိုပြုနေပေသည်။
ကောဟွာသည် ဝမ်ထောင်၏ ညွှန်ကြားချက်ကို တိကျစွာ လိုက်နာလျက် လူစည်ကားသော ဧရိယာများကိုသာ ဖြတ်သန်းသွားရန် ကြိုးစား၏။
ဘက်စုံသုံးအဆောက်အအုံကို မြင်ရသောအခါ ကောဟွာသည် စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားသည်။ ၎င်းသည် ယခုအခါ ဘေးကင်းသင့်ပြီ ဖြစ်၏။
ထိုအချိန်အတွင်း သူသည် ဝမ်ထောင်အနေဖြင့် အသေးအဖွဲ ကိစ္စကို အကြီးကြီး လုပ်နေခြင်း ဖြစ်မလားဟုပင် တွေးတောမိသေးသည်။ ရှောက်ယုံက သူကို ရိပ်မိခြင်း မရှိခဲ့ခြင်းမျိူးလည်း ဖြစ်နိုင်၏။
သို့သော် ထိုအချိန်တွင် ကောဟွာ၏ လည်ပင်းမှ အမွှေးအမျှင်များ ရုတ်တရက် ထောင်ထလာတော့သည်။
သူသည် အဆိပ်ပြင်းသော မြွေတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ခံစားလိုက်ရ၏။
ထိုခံစားချက်ကို စကားဖြင့် ဖော်ပြရန် ခက်ခဲလှသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားပြီး ခြေလက်များ တောင့်တင်းသွား၏။ သို့သော် ထိုခံစားချက်က မြန်မြန်ဆန်ဆန်ပင် ရောက်လာပြီး ပြန်လည်ပျောက်ကွယ်သွားရာ တစ်စက္ကန့်ပင် မပြည့်ချေ။
၎င်းသည် စိတ်အာရုံ ချောက်ချားခြင်းကဲ့သို့ပင် ။
ကောဟွာသည် ပုံမှန်ခြေလှမ်းကို ထိန်းသိမ်းလျက် ဘက်စုံသုံးအဆောက်အအုံထဲသို့ လျှောက်လှမ်းသွား၏။
ထို့နောက် သူ၏ ခြေထောက်များ ရုတ်တရက် အားနည်းသွားသဖြင့် တံတိုင်းကို မှီလိုက်ရပြီး ကျောပြင်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲသွားတော့သည်။
"ဒါ စိတ်အာရုံချောက်ချားတာ မဟုတ်ဘူး။ စိတ်အာရုံချောက်ချားတာ မဟုတ်ဘူး။ အဲဒါ သူပဲ။ ရှောက်ယုံပဲ။"
ကောဟွာသည် စိတ်ထဲမှနေ၍ အော်ဟစ်နေမိသည်။
"ဒါရိုက်တာကော... ဘာဖြစ်လို့လဲ။"
အရင်းအမြစ်ဌာနမှ လက်အောက်ငယ်သားတစ်ဦးသည် ကောဟွာ၏ ဖြူလျော်နေသော မျက်နှာကို မြင်သောအခါ ချက်ချင်း အပြေးအလွှား လာရောက်၍ စိုးရိမ်တကြီး မေးမြန်းလိုက်၏။
"ငါ ဘာမှမဖြစ်ပါဘူး။ နေ့လယ်စာ မစားရသေးလို့ ဗိုက်ဆာနေတာ ဖြစ်လိမ့်မယ်။ မင်း အလုပ်ပဲ မင်း သွားလုပ်ပါ။"
ကောဟွာက လက်ဝှေ့ယမ်းပြလိုက်သည်။
"ကောင်းပါပြီ ဒါရိုက်တာကော။"
ထိုသူ ထွက်ခွာသွားပြီးနောက် ကောဟွာသည် အသက်ကို ပြင်းထန်စွာ ရှူလိုက်ပြီးနောက် အပေါ်ထပ်သို့ အလောတကြီး မဟုတ်သည့် ပုံစံဖြင့် တက်လှမ်းသွား၏။
မိမိ၏ ကိုယ်ပိုင်ရုံးခန်းထဲသို့ ဝင်ရောက်ခဲ့ပြီး အထဲတွင် မည်သူမျှ မရှိကြောင်းနှင့် ပြတင်းပေါက်များကို ပိတ်ထားကြောင်း သေချာစေပြီးနောက် ဝေါ်ကီတော်ကီကို အလျင်အမြန် ထုတ်ယူလိုက်သည်။
"ကောဟွာ ဖြစ်ပါတယ်။ ကော်မတီဝင်ဝမ်နဲ့ ချိတ်ဆက်ပေးဖို့ တောင်းဆိုပါတယ်။"
ပုံမှန်အားဖြင့် ကော်မတီဝင်အချို့၊ ဟန်ရွှေနှင့် ဝန်ထမ်းအချို့သာ ဝမ်ထောင်ထံ ဝေါ်ကီတော်ကီဖြင့် တိုက်ရိုက် ဆက်သွယ်နိုင်ပြီး အခြားသူများတွင်မူ ထိုသို့သော အခွင့်အရေးမရှိချေ။ ကော်မတီဝင်တစ်ဦးဆိုသည်မှာ စခန်းတွင် အမြင့်ဆုံး ရာထူးရှိသူ ခုနစ်ဦးထဲမှ တစ်ဦး ဖြစ်သည်။ မည်သူမဆို ဆက်သွယ်နိုင်ပါက ၎င်းသည် တစ်ချက်မျှ အနားရလိမ့်မည် မဟုတ်ပေ။
သို့သော် လူအချို့သည် ဗီလာဧရိယာရှိ အစောင့်များကို ဆက်သွယ်ခြင်းဖြင့် ဝမ်ထောင်နှင့် စကားပြောရန် တောင်းဆိုနိုင်သည်။ ဤအချက်ကား အရေးကြီးသော အချက်အလက်များ လွတ်သွားခြင်း မရှိစေရန်အတွက် ဖြစ်၏။
ခတ္တမျှကြာသော် ဝမ်ထောင်၏ အသံ ထွက်ပေါ်လာသည်။
"ငါ ဝမ်ထောင်ပါ။ ဘာကိစ္စလဲ။"
"အစ်ကိုကြီး။ ကျွန်... ကျွန်တော်အခုတင်ပဲ စောင့်ကြည့်ခံလိုက်ရတယ်လို့ ထင်တယ်။ ထိုအချိန်မှာ ငါ သေတော့မလို့ပဲလို့တောင် တွေးမိသွားတယ်။"
ကောဟွာသည် အကူအညီတောင်းခံနေခြင်းထက် ဝမ်ထောင်အား အခြေအနေကို အကြောင်းကြားနေခြင်း ဖြစ်၏။ သို့သော် ၎င်းသည် စိတ်ထဲမှနေ၍ အစ်ကိုကြီး၏ ကာကွယ်မှုကိုလည်း တိတ်တဆိတ် မျှော်လင့်နေမိသည်။
"မင်း အခု ဘယ်မှာလဲ။"
"ဘက်စုံသုံးအဆောက်အအုံထဲက ငါ့ရုံးခန်းထဲမှာ ရှိနေတယ်။"
"ကောင်းပြီ။ အဲဒီနေရာမှာပဲ လောလောဆယ် နေပါ။"
ဗီလာအိမ်အသေးထဲတွင် ဝမ်ထောင် ဖုန်းချလိုက်၏။
"သူ သေချာပေါက် ဒီကို ရောက်နေပြီ။"
ဝမ်ထောင်သည် ၎င်း၏ ဝတ်စုံအသုံးအဆောင်များအားလုံးကို ချက်ချင်း ဝတ်ဆင်လိုက်ပြီး ဘက်စုံသုံးအဆောက်အအုံဆီသို့ မောင်းနှင်သွားတော့သည်။
လမ်းခရီးတွင် ဝမ်ထောင်၏ အာရုံကြောများမှာ အလွန် တင်းကျပ်နေပြီး မည်သည့်အချိန်တွင်မဆို တိုက်ခိုက်ရန် အသင့်ပြင်ထား၏။ သို့သော် သူသည် စောင့်ကြည့်ခံရသည့် ခံစားချက်မျိုး မရှိသကဲ့သို့ မည်သည့် ထူးခြားမှုကိုမျှလည်း မတွေ့ရှိရချေ။
ဘက်စုံသုံးအဆောက်အအုံသို့ ရောက်ရှိသောအခါ ဝမ်ထောင်သည် ကောဟွာကို ၎င်း၏ ရုံးခန်းထဲတွင် တွေ့ဆုံလိုက်သည်။
"အခြေအနေက ဒီလို.ပါ.. ကျွန်တော်က လမ်းဆုံတစ်ခုကို သွားနေတာ။ လမ်းပေါ်မှာ အခြားလူတွေ ရှိပေမဲ့ အများကြီးတော့ မဟုတ်ဘူး။ မြောက်ဘက်ကို သွားတဲ့ လမ်းမှာပဲ လူတစ်ယောက်မှ မရှိတာကို တွေ့ရတယ်။"
ကောဟွာက ၎င်းကြုံတွေ့ခဲ့ရသည်များကိုသာမက ထိုအချိန်က မိမိ၏ စိတ်အခြေအနေနှင့် တစ်စုံတစ်ဦး စောင့်ဆိုင်းနေနိုင်မည့် နေရာကိုပါ အလျင်အမြန် ရှင်းပြလိုက်၏။
ကောဟွာ၏ စကားကို ကြားပြီးနောက် ဝမ်ထောင် ခတ္တမျှ တွေးလိုက်သည်။
မြောက်ဘက်သို့ သွားသော လမ်းဆိုလျှင် ကျောင်းထမင်းစားဆောင် သို့မဟုတ် ဆရာများတိုက်ခန်းပင်။
"ငါ နားလည်ပြီ။ လောလောဆယ် ဒီနေရာကနေ မထွက်နဲ့။"
"ဟုတ်ကဲ့။"
ဝမ်ထောင်သည် အပေါ်ဆုံးထပ်ရှိ အစည်းအဝေးခန်းမသို့ သွားကြည့်လိုက်၏ ။ ထိုနေရာတွင် ရန်ကျဲ တစ်ဦးတည်းသာ ရှိနေသည်။
"ရှောက်ယုံ ဒီကို ရောက်နေပြီ။"
ဝမ်ထောင်က လိုရင်းကို တိုက်ရိုက် ပြောလိုက်သည်။
"ဟင်... ဘယ်မှာလဲ။"
ရန်ကျဲ လန့်သွားလေ၏။
လောလောဆယ်တွင် ထိပ်တန်း တိုက်ခိုက်ရေးသမားဖြစ်သော ဝမ်ထောင်မှလွဲ၍ အခြားသူများအားလုံး အပြင်သို့ ထွက်သွားကြသည်။ အကယ်၍ ရှောက်ယုံ ယခု ရောက်လာပါက ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။
ဝမ်ထောင်က အောက်သို့ ညွှန်ပြလိုက်သည်။
"ဒီစခန်းထဲမှာပဲ။"
"ဘာ။"
ဝမ်ထောင်၏ ပုံစံမှာ နောက်ပြောင်နေသည့်ပုံ မဟုတ်သည်ကို မြင်သောအခါ ရန်ကျဲ၏ အမူအရာသည် ချက်ချင်း တည်ကြည်သွားတော့သည်။
"သူ စခန်းထဲကို ရောက်နေပြီ ဟုတ်လား။ အတော် မြန်တာပဲ။ ငါတို့က သူ့ကို ရှာနေတုန်းပဲ ရှိသေးတာ။ သူကတော့ ကိုယ်တိုင် ရောက်လာခဲ့ပြီ။"
အကယ်၍ ရှောက်ယုံသာ စခန်းထဲတွင် ရှိနေပါက မိမိတို့အနေဖြင့် ထိုသူကို သတ်နိုင်မလားဟူသော ပြဿနာ မဟုတ်တော့ဘဲ ထိုသူက စခန်းရှိ အသက်ရှင်ကျန်ရစ်သူများကို သတ်ဖြတ်ခြင်းနှင့် ပျက်စီးခြင်းများ ဖြစ်ပေါ်စေမလားဟူသော ပြဿနာ ဖြစ်လာလေပြီ။
ဝမ်ထောင်ထက်ပင် ပိုမိုသန်မာသော ရှောက်ယုံကဲ့သို့ စွမ်းရည်ရှင်တစ်ဦးသည် အရာအားလုံးကို ဖျက်ဆီးရန်နှင့် လူများကို စည်းကမ်းမဲ့ သတ်ဖြတ်ရန် စတင်လာပါက တားဆီးရန် ခက်ခဲပေလိမ့်မည် ။ ထိုမျှအထိ တိုက်ခိုက်ရေးစွမ်းရည်ရှိသော လူတစ်ဦးသည် ဇွန်ဘီများထက်ပင် ပိုမိုကြောက်စရာကောင်းလှသည်။
ရန်ကျဲ အနည်းငယ် ထိတ်လန့်သွားသော်လည်း အသိတရားတော့ ပျောက်ကွယ်သွားခြင်း မရှိချေ။
သူက ဝမ်ထောင်အား အသေးစိတ် အချက်အလက်များကို မေးမြန်းပြီးနောက် ၎င်း၏ အမူအရာသည် လေးနက်သွားတော့သည်။
"သူ ပင်မဂိတ်တံခါးကနေ ဝင်လာတာတော့ လုံးဝ မဖြစ်နိုင်ဘူး။ ငါတို့က သေနတ် လေးလက်နဲ့ စောင့်ကြပ်နေတာလေ။ သူ တံတိုင်းတစ်ခုခုကနေ ကျော်တက်လာတာ ဖြစ်ရမယ်။ ငါ လူတွေကို လွှတ်ပြီး ကင်းလှည့်ခိုင်းလိုက်မယ်။ ခြေရာလက်ရာ တစ်ခုခု ရှာတွေ့နိုင်မလား ကြည့်ရမယ်..."
"မင်းပြောတာ သူက မြောက်ဘက်ကို သွားတဲ့ လမ်းမှာ ပေါ်လာတာဆိုတော့ အဲဒီဘက်မှာ ထမင်းစားဆောင်နဲ့ ဆရာများတိုက်ခန်းပဲ ရှိတာ။ မင်း ထမင်းစားဆောင်ကို သွားစစ်ဆေးကြည့်ပါလား။ ငါ ဆရာများတိုက်ခန်းကို လူလွှတ်လိုက်မယ်..."
"ငါလည်း အဲဒီလိုပဲ တွေးနေတာ။ ဒါပေမဲ့ မင်း လူလွှတ်ဖို့ မလိုပါဘူး။ ငါတို့ သူ့ကို ရိပ်မိမသွားစေချင်ဘူး။ ငါ ဟန်ရွှေကိုပဲ သွားစစ်ခိုင်းလိုက်မယ်။"
"ကောင်းပါပြီ။ ဒါဆိုရင် ငါ လုံခြုံရေးတပ်ကို အချိန်မရွေး တိုက်ပွဲဝင်နိုင်အောင် အကြောင်းကြားထားလိုက်မယ်။ ပြီးရင် ဝေကျန့်ကော်တို့နဲ့ ချိတ်ဆက်နိုင်မလားဆိုတာ ဆက်သွယ်ကြည့်မယ်..."
ရန်ကျဲသည် အခြားသူများကို ဆက်သွယ်ရန် ချက်ချင်း ထွက်ခွာသွား၏။ ဝမ်ထောင်သည် ဟန်ရွှေကို ဆက်သွယ်၍ အခြေအနေကို ရှင်းပြပြီးနောက် အခြားလမ်းကြောင်းတစ်ခုမှတစ်ဆင့် ထမင်းစားဆောင်ဆီသို့ မောင်းနှင်သွားတော့သည်။
ယခုက မွန်းလွဲ ၂ နာရီ ဖြစ်ရာ ထမင်းစားဆောင်တွင် ယနေ့အတွက် ညစာကို ပြင်ဆင်နေကြပြီ ဖြစ်၏။
ဖျော်ဖြေရေးမရှိသော နေ့ရက်များတွင် အသက်ရှင်ကျန်ရစ်သူများသည် စောစော အိပ်ရာဝင်လေ့ရှိကြသဖြင့် ညစာကိုလည်း စောစော စားကြသည်။
"ကော်မတီဝင်ဝမ်။"
ဝမ်ထောင် ရောက်လာသည်ကို မြင်သောအခါ ချက်ပြုတ်နေသော ဝန်ထမ်းများသည် ၎င်းအား ရိုသေစွာ ချက်ချင်း နှုတ်ဆက်ကြ၏။
"အင်း။"
ဝမ်ထောင်က ခေါင်းညိတ်လိုက်ပြီးနောက် ထမင်းစားဆောင် တာဝန်ခံကို စကားပြောလိုက်သည်။
"ဒီနေ့ ထမင်းစားဆောင် ဝန်ထမ်းအားလုံး စုံရဲ့လား။"
"အားလုံးလား... ကျွန်တော် သွားစစ်လိုက်ပါဦးမယ်။"
တာဝန်ခံသည် အားလုံး ရှိနေကြောင်း ပြောချင်သော်လည်း ဝမ်ထောင်၏ ရည်ရွယ်ချက်ကို သူက မသေချာချေ။ အကယ်၍ ဝမ်ထောင်က အလုပ်ပျက်ကွက်သူ တစ်စုံတစ်ဦးကို ရှာဖွေတွေ့ရှိထားခြင်း ဖြစ်ပါက မည်သို့လုပ်မည်နည်း။
ထို့ကြောင့် သူသည် လူအားလုံးကို အလျင်အမြန် စုစည်း၍ သေချာစွာ ရေတွက်ပြီးနောက် မည်သူမျှ ပျောက်ဆုံးခြင်း မရှိကြောင်း အကြိမ်ကြိမ် အတည်ပြုပြီးမှ ဝမ်ထောင်ထံ ပြန်လာခဲ့သည်။
"ကော်မတီဝင်ဝမ်။ ထမင်းစားဆောင်မှာ အလုပ်လုပ်နေတဲ့ အသက်ရှင်ကျန်ရစ်သူ ၁၂ ဦး ရှိပါတယ်။ တစ်ယောက်မှ မပိုသလို မလိုပါဘူး။ အားလုံး စုံပါတယ်။ ဘာညွှန်ကြားချက်ပဲရှိရှိ အမိန့်ပေးပါ။"
"ဒါဆို အလုပ်ဆင်းကြတော့။"
ဝမ်ထောင်က ခေါင်းညိတ်ပြလိုက်၏။
"ဗျာ။"
"အားလုံး အလုပ်ဆင်းကြတော့။ လစာပြည့်ခွင့်ရက် နေ့တစ်ဝက် ပေးတယ်။ ပြန်ကြတော့။"
"ဒါပေမဲ့... ဒီနေ့ ညစာက မပြီးသေးဘူးလေ..."
တာဝန်ခံသည် တွေဝေနေသော အမူအရာဖြင့် ကြည့်လိုက်သည်။
"ဒီနေ့ ထမင်းစားဆောင်က စက်တွေ ပျက်စီးသွားလို့ အသုံးမပြုနိုင်တဲ့အတွက် ညစာ မရှိဘူးလို့ အကြောင်းကြားလိုက်ပါ။ မနက်ဖြန်ကျရင် ပြင်ဆင်ပြီးလောက်မှာပါ။"
"...ဟုတ်ကဲ့ပါ။"
တာဝန်ခံသည် ဝမ်ထောင် ဘာလုပ်နေသည်ကို မသိသော်လည်း ကော်မတီဝင်တစ်ဦး၏ အမိန့်ကိုမူ မလွန်ဆန်ဝံ့ချေ။
မကြာမီတွင် ထမင်းစားဆောင်ရှိ လူအားလုံး ထွက်ခွာသွားကြတော့သည်။
ဝမ်ထောင်သည် ကြိတ်ခြေထားသော မကျက်တကျက် အစာများကို ကြည့်ကာ ခေါင်းခါလိုက်၏။
ယခင်က ကောဟွာ၏ အဆိပ်ခတ်မှု ဖြစ်ရပ်ကြောင့် ဝမ်ထောင်သည် ဇွန်ဘီဗိုင်းရပ်စ် ကိစ္စကို အလွန် လေးနက်စွာ သဘောထားသည်။ ရှောက်ယုံသည် ထမင်းစားဆောင်သို့ လာရောက်၍ ယနေ့ အစားအစာများတွင် အဆိပ်ခတ်ထားခြင်းမျိုးကို တားဆီးရန်အတွက် ၎င်းသည် အားလုံးကို ရပ်တန့်စေလိုက်ခြင်း ဖြစ်၏။
သို့သော် ဤအရာကား အစားအစာ ဖြစ်သဖြင့် လေလွင့် ပျက်စီး၍လည်း မဖြစ်ပေ။
ဝမ်ထောင်သည် အလွတ်ဖြစ်နေသော ဂိုဒေါင်တစ်ခုကို ရှာပြီး ဟင်းလင်းပြင်ကျောပိုးအိတ်ထဲမှ အစားအစာဖိသိပ်စက်ကို ထုတ်ယူလိုက်သည်။ သူသည် အစားအစာအားလုံးကို ဖိသိပ်စက်ထဲသို့ ထည့်လိုက်ရာ အာဟာရရည် ပုလင်းများ ထွက်ပေါ်လာ၏။ သူက ကျောပိုးအိတ်ထဲသို့ စုဆောင်းလိုက်၏။
ထိုအချိန်တွင် သူ၏ ဝေါ်ကီတော်ကီ မြည်လာတော့သည်။
"ဝမ်ထောင်။ ကျွန်မ စွမ်းရည်ရှင်တစ်ဦးကို ရှာတွေ့ပြီ။"
ဟန်ရွှေ၏ အသံ ဝေါ်ကီတော်ကီမှ ထွက်ပေါ်လာ၏။
လောလောဆယ်တွင် စခန်း၌ စွမ်းရည်ရှင် ၈ ဦးသာ ရှိသည်။ ယင်းတို့မှာ ကော်မတီဝင် ၇ ဦးနှင့် ဟန်ရွှေ ဖြစ်၏။ အကယ်၍ အခြား အသက်ရှင်ကျန်ရစ်သူတစ်ဦး စွမ်းရည်ရှင် ဖြစ်လာပါက ဟန်ရွှေ၏ အာရုံခံစွမ်းရည်ကြောင့် သေချာပေါက် သိရှိနိုင်သဖြင့် စခန်းထဲတွင် အင်အားကို ဖုံးကွယ်ထားရန် လုံးဝ မဖြစ်နိုင်ပေ။ အကယ်၍ အခြား စွမ်းရည်ရှင်တစ်ဦး ရှိနေပါက ထိုသူသည် ရှောက်ယုံသာ ဖြစ်ရပေမည်။
"ဘယ်မှာလဲ။"
"ဆရာများတိုက်ခန်း အပြင်ဘက်က ပန်းခင်းထဲမှာ။ ငါ အနားကိုတော့ မသွားရဲဘူး..."
"ကောင်းပြီ။ ငါ့ကို စောင့်နေပါ။"
ဝမ်ထောင်သည် ဆရာများတိုက်ခန်းဆီသို့ ချက်ချင်း မောင်းနှင်သွားတော့သည်။
သို့သော် လမ်းခရီးတွင် ဟန်ရွှေက ဝမ်ထောင်အား ထိုစွမ်းရည်ရှင် ထွက်ခွာသွားပြီဖြစ်ကြောင်း ပြောခဲ့၏။သူသည် ကန့်သတ်ဇုန်ဆီသို့ ဦးတည်သွားခြင်း ဖြစ်သည်။ ကန့်သတ်ဇုန်ဟူသည် စခန်းအတွင်းရှိ ချိတ်ပိတ်ထားသောအဆောက်အအုံများကို ယေဘုယျအားဖြင့် ခေါ်ဆိုခြင်း ဖြစ်၏။ စခန်းတွင် အသက်ရှင်ကျန်ရစ်သူ အများအပြား မရှိသော်လည်း ကျောင်းက ကြီးမားလှသဖြင့် အားလုံးကို မနေရာယူနိုင်သောကြောင့် အချို့သောအဆောက်အအုံများကို လူဦးရေ ပိုမိုများပြားလာမည့် အချိန်တွင် ပြန်လည်ဖွင့်လှစ်ရန် ချိတ်ပိတ်ထားခြင်း ဖြစ်သည်။
ရှောက်ယုံသည် ကန့်သတ်ဇုန်ဆီသို့ သွားကြောင်း ကြားရသောအခါ ဝမ်ထောင် သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။ ၎င်းက ဖျက်ဆီးခြင်းများ မပြုလုပ်သရွေ့ အဆင်ပြေပေသည်။
"ဝမ်ထောင်။"
ဝမ်ထောင်သည် ဆရာများတိုက်ခန်းသို့ ရောက်သည်နှင့် ဟန်ရွှေက သူ့အား ပန်းခင်းဆီသို့ ချက်ချင်း ခေါ်ဆောင်သွား၏။
"သူ ခုနတင်ပဲ ဒီမှာ ရှိနေတာ။"
ကမ္ဘာပျက်ကပ် ရောက်ရှိပြီးနောက် ပန်းခင်းများကို သဘာဝအတိုင်း ပစ်ထားကြသော်လည်း အက်ဆစ်မိုး၏ အာဟာရပေးမှုကြောင့် ယခုအခါ အလွန် စိမ်းလန်းစိုပြေနေပေသည်။ ၎င်းသည် ပန်းခင်းထက်စာလျှင် တောအုပ်အသေးစားတစ်ခုနှင့် ပို၍ပင် တူညီနေ၏။
ဟန်ရွှေ ညွှန်ပြသော နေရာရှိ ဖုန်မှုန့်များအကြားတွင် ကြီးမားသော ခြေရာအချို့ ရှိနေသည်။ ထိုခြေရာများအပေါ်တွင် သွေးကွက်အချို့ ရှိနေသည်ကိုပါ တွေ့ရ၏။
ဝမ်ထောင်သည် ဆောင့်ကြောင့်ထိုင်လျက် တောက်ပနေသော သွေးကွက်များကို ကြည့်ကာ မျက်မှောင်ကုတ်လိုက်သည်။
"သူ့ရဲ့ ဒဏ်ရာတွေက မပျောက်သေးဘူးပဲ..."
ရှောက်ယုံသည် ထိုအချိန်က သွေးနည်းသောအခြေအနေတွင် ရှိနေပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ သို့သော် သုံးရက် ရှိခဲ့ပြီဖြစ်သော်လည်း ၎င်း၏ ဒဏ်ရာများက မပျောက်ကွယ်သေးဘဲ သွေးများပင် ထွက်နေဆဲ ဖြစ်၏။ ဤအရာက အချက်တစ်ခုကိုသာ သက်သေပြနိုင်ပေသည်။ ရှောက်ယုံတွင် သွေးပြန်ပြည့်ရန် ကိုယ်တိုင်ကုသခြင်း စွမ်းရည် မရှိသကဲ့သို့ ဆေးသေတ္တာ သို့မဟုတ် အလားတူ သွေးအားပြန်ပြည့်ဆေးရည်များလည်း မရှိချေ။
ဤအချက်က ၎င်းသည် ရွှေကျဲစခန်းကို တိုက်ရိုက် မတိုက်ခိုက်ဘဲ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်း ဖြစ်နိုင်ပေသည်။
၎င်းသည် သွေးနည်းသောအခြေအနေတွင် ရှိနေပါက အခြေအနေက တစ်မျိုး ပြောင်းလဲသွားပေပြီ။
ဝမ်ထောင်သည် ယခင်က အင်အားအပြည့်ရှိသော ရှောက်ယုံကို ယှဉ်နိုင်လိမ့်မည်မဟုတ်ဟု တွေးမိခဲ့သည်။ အမြုတေအချို့ကို ပေါင်းစပ်ပြီးနောက်တွင်မူ သူသည် အနည်းဆုံးတော့ လက်ရည်တူတိုက်ခိုက်နိုင်စွမ်း ရှိသည်ဟု ခံစားရ၏။ ယခုအခါ ရှောက်ယုံသည် သွေးနည်းသောအခြေအနေတွင် ရှိနေဆဲ ဖြစ်သည်ကို မြင်ရသောအခါ ဝမ်ထောင် ခံစားလိုက်ရသည်မှာ—အသာစီးက ငါ့ဘက်မှာပဲ။
ဝမ်ထောင်သည် ရှောက်ယုံကို အမှန်တကယ် အထင်သေးခြင်းမျိုးတော့ မရှိချေ။ ရှောက်ယုံသည် သွေးပမာဏ ၄၀၀၀ ရှိပြီး စွမ်းရည်မျိုးစုံကို တတ်မြောက်ထားသော စွမ်းရည်ရှင်တစ်ဦး ဖြစ်သည့်အပြင် ဇွန်ဘီများကဲ့သို့ အသိဉာဏ်မဲ့သူလည်း မဟုတ်ချေ။ ထို့ကြောင့် ရှောက်ယုံကို ဖြေရှင်းရခြင်းက အဆင့်တူညီသော ဇွန်ဘီတစ်ကောင်ထက် ပိုမိုခက်ခဲလိမ့်မည် ။
"သူ ကန့်သတ်ဇုန်ကို သွားတာ သေချာလား။"
ဝမ်ထောင်က မေးလိုက်သည်။
"သေချာပါတယ် .. ကျွန်မရဲ့ အာရုံခံစွမ်းရည်နဲ့ စောင့်ကြည့်နေတာ။"
ဟန်ရွှေက ပြန်ဖြေ၏။
ရှောက်ယုံ၏ အာရုံခံစားမှုက အလွန် စူးရှကြောင်း ဝမ်ထောင်က သူမအား ယခင်က သတိပေးထားဖူးသဖြင့် ဟန်ရွှေသည် ထိုသူကို တိုက်ရိုက် မကြည့်ဘဲ မိမိ၏ စွမ်းရည်ကို အသုံးပြု၍သာ အာရုံခံခဲ့ခြင်း ဖြစ်သည်။
"အင်း။ ငါ စဉ်းစားကြည့်ပါဦးမယ်..."
ဝမ်ထောင်သည် အတန်ကြာစဥ်းစားလိုက်ပြီးနောက် နည်းလမ်းတစ်ခုကို တွေးမိသွား၏။
ရှောက်ယုံသည် ကန့်သတ်ဇုန်ထဲသို့ ဝင်သွားခဲ့သဖြင့် သူ့အနေဖြင့်ကန့်သတ်ဇုန်ကို ပိတ်ဆို့ပစ်ရမည်။ ထို့နောက် လူများဖြင့် စောင့်ကြပ်ခိုင်းရမည်။
ရှောက်ယုံအနေဖြင့် အစောင့်အားလုံးကို အသံတိတ် မသတ်ဖြတ်နိုင်လျှင် သူလှုပ်ရှားလာသည်နှင့် သေချာပေါက် သိရှိနိုင်မည်ဖြစ်ရာ ဝမ်ထောင်က လာရောက်ဖြေရှင်းမည် ဖြစ်သည်။
ယခုအခါ ရှောက်ယုံသည် သွေးနည်းသောအခြေအနေတွင် ရှိနေသဖြင့် ဝမ်ထောင်သည် ၎င်းကို မကြောက်ရွံ့ချေ။ ဝမ်ထောင် ကြောက်ရွံ့သည်မှာ ထိုသူက စခန်းထဲတွင် ပုန်းအောင်းလျက် ဖျက်ဆီးခြင်းများ ပြုလုပ်မည်ကို ဖြစ်၏။ အကြံသမား သူခိုးတစ်ယောက်ကို မည်သူမှ အမြဲတမ်း ကာကွယ်ရန် မဖြစ်နိုင်ပေ။
သူသည် မကြောက်ရွံ့သော်လည်း ကန့်သတ်ဇုန်ထဲသို့ ဝင်ရောက်၍ ထိုသူကို ရှာဖွေရန်လည်း မလိုချေ။ ထိုသို့လုပ်ဆောင်ပါက ချုံခိုတိုက်ခိုက်ခံရရန် အခွင့်အရေးရသွားနိုင်သည်။ ထိုသူကို ကိုယ်တိုင် ထွက်လာစေခြင်းက ပိုကောင်း၏။
သို့သော် လိုအပ်ချက်တစ်ခုတော့ ရှိသည်။ သူတို့သည် သူ့ကို ရိပ်မိသွားပြီဖြစ်ကြောင်း ရှောက်ယုံအား မသင်္ကာမဖြစ်စေရ။
သို့မဟုတ်ပါက ၎င်းက အသေအလဲ အတင်းတိုက်ခိုက်လာပါက ထိုသူကို နောက်ဆုံးတွင် သတ်ဖြတ်နိုင်ခဲ့လျှင်ပင် မိမိဘက်မှ လူအများအပြားကိုလည်း သတ်ဖြတ်သွားနိုင်လေသည်။
ဝမ်ထောင်သည် ဟန်ရွှေအား ရှောက်ယုံကို ဆက်လက်စောင့်ကြည့်ခိုင်းပြီး သူကတော့ ရန်ကျဲကို သွားရှာလိုက်၏။
"ငါတို့ရဲ့ ကင်းလှည့်အဖွဲ့က စခန်းရဲ့ အရှေ့မြောက်ထောင့်မှာ သံဇကာခြံစည်းရိုး ပျက်စီးနေတာကို ရှာတွေ့ခဲ့တယ်။"
ရန်ကျဲသည် ဝမ်ထောင်ကို မြင်သည်နှင့် ချက်ချင်း ပြောလိုက်သည်။
" အင်း...ဟုတ်ပြီ"
"ဒီလိုလုပ်ကြစို့..."
ဝမ်ထောင်သည် အစီအစဉ်ကို ရန်ကျဲအား အကျဉ်းချုပ် ရှင်းပြလိုက်ပြီးနောက် စခန်းမှ ထွက်ခွာသွားတော့သည်။
မွန်းလွဲပိုင်းတွင် ရူးသွပ်ဇွန်ဘီအချို့သည် သံဇကာခြံစည်းရိုး၏ အပေါက်မှတစ်ဆင့် ရုတ်တရက် ဝင်ရောက်လာကြ၏။
စခန်းရှိ အသက်ရှင်ကျန်ရစ်သူများသည် ရုတ်တရက် ထိတ်လန့်သွားကြပြီး ထိုအချိန်တွင် ဝေကျန့်ကော်နှင့် အခြားသူများကလည်း တိုက်တိုက်ဆိုင်ဆိုင် ပြန်ရောက်လာကြသည်။
ကံကောင်းထောက်မစွာဖြင့် ၎င်းတို့ အချိန်မီ ရောက်ရှိလာသဖြင့် မည်သည့် ထိခိုက်ဒဏ်ရာရမှုမျှ မရှိခဲ့ချေ။
သို့သော် ရူးသွပ်ဇွန်ဘီ နှစ်ကောင်သည် ကန့်သတ်ဇုန်ထဲသို့ ပြေးဝင်သွားခဲ့ရာ ရုတ်တရက် ရှာမတွေ့နိုင်ဘဲ ဖြစ်နေ၏.။ ထို့ကြောင့် ဝေကျန့်ကော်သည် စခန်း၏ နယ်နိမိတ်ကို ချက်ချင်း ကျုံ့လိုက်ရန်နှင့် ထိုကန့်သတ်ဇုန်များကို စွန့်လွှတ်ရန် ကော်မတီက ဆုံးဖြတ်လိုက်ကြောင်း ထိုနေရာတွင်ပင် ကြေညာလိုက်တော့သည်။ ၎င်းတို့သည် ဤနေရာတွင် တံတိုင်းကို ပြန်လည်တည်ဆောက်ကြမည် ဖြစ်၏။
ရွှေကျဲစခန်းသည် အနည်းငယ် ကျယ်ဝန်းလှသဖြင့် လစ်ဟင်းမှုများ ဖြစ်ပေါ်ရန် လွယ်ကူပေသည်။ မည်သည့်အချိန်က ပျက်စီးသွားမှန်းမသိသော ဤသံဇကာခြံစည်းရိုးကဲ့သို့ ဖြစ်ရပ်မျိုးသည် ဘေးအန္တရာယ်တစ်ခုကို ဖြစ်ပေါ်စေလုနီးပါး ဖြစ်ခဲ့၏။
ထို့ကြောင့် ဘေးကင်းလုံခြုံရေးအတွက် စခန်းကို ကျုံ့လိုက်ခြင်းက အလွန် ယုတ္တိရှိပေသည်။
ထိုညတွင် လူရာပေါင်းများစွာဖြင့် ပြုလုပ်ထားသော သံဇကာမျက်နှာပြင်၊ သစ်သားနှင့် အုတ်ခဲများဖြင့် တည်ဆောက်ထားသည့် တံတိုင်းသည် ပြီးစီးသွားခဲ့ပြီး ကန့်သတ်ဇုန်ကို တိုက်ရိုက် ပိတ်ဆို့လိုက်တော့သည်။
"ဇွန်ဘီအန္တရာယ်ကြောင့် ကန့်သတ်ဇုန်ကို ပိတ်လိုက်ပြီ"
---------