အခန်း ၁၂၈
Vol. 12 Ch. 128
အခန်း (၁၂၈) - ဒုတိယအဆင့်ဇွန်ဘီ
"ဒုတိယအဆင့်ဇွန်ဘီတစ်ကောင်...ဟုတ်လား"
အားလုံးက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြ၏။
ထို့နောက် သူတို့အားလုံးသည် ထိုအစိမ်းရင့်ရောင် အမြုတေကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ကြသည်။
သူတို့အနေဖြင့် ဒေတာအချက်အလက်များကို မမြင်နိုင်သော်လည်း ဤအမြုတေသည် ယခင်က မြင်ဖူးသမျှ အမြုတေများထက် သိသိသာသာ ပို၍ကြီးမားကြောင်းကိုမူ ရှင်းလင်းစွာ သိနိုင်ကြသည်။
ယခင်အမြုတေများသည် အမျိုးအစားနှင့် အရောင် ကွဲပြားသော်လည်း အရွယ်အစားမှာမူ လုံးဝ ထပ်တူညီကြပြီး မည်သည့်ကွာခြားချက်မျှ မရှိခဲ့ပေ။
ထို့ကြောင့် သိသာစွာ ပို၍ကြီးမားနေသော ဤအမြုတေသည် ဒုတိယအဆင့်အမြုတေတစ်ခု ဖြစ်ရပေမည်။
အားလုံးသည် ထိုလှပသော ဒုတိယအဆင့်အမြုတေကို ကြည့်ရင်း စိတ်လှုပ်ရှားနေကြ၏။
သူတို့သည် ဝမ်ထောင်နှင့် မတွေ့ဆုံမီက ဇွန်ဘီအမြုတေများအကြောင်းကိုသာ သိခဲ့ကြသော်လည်း သူနှင့်တွေ့ပြီးနောက်တွင်မူ ၎င်း၏အမည်အပြည့်အစုံမှာ 'ပထမအဆင့်အမြုတေ' ဖြစ်ကြောင်း သိရှိခဲ့ကြသည်။
ပထမအဆင့် ရှိနေသဖြင့် ဒုတိယအဆင့်နှင့် တတိယအဆင့်များလည်း ရှိနေဦးမည်မှာ အသေအချာပင် ။
ဒုတိယအဆင့်ဇွန်ဘီများသည် ပထမအဆင့်ဇွန်ဘီများထက် ပို၍သန်မာမည်ဖြစ်ပြီး တတိယအဆင့်ဇွန်ဘီများသည်လည်း ဒုတိယအဆင့်ထက် ပို၍သန်မာကြမည် ဖြစ်သည်။
သို့သော်လည်း လူတိုင်း ရင်ဆိုင်သတ်ဖြတ်ခဲ့ဖူးသမျှ ဇွန်ဘီများမှာ ပထမအဆင့်ဇွန်ဘီများသာ ဖြစ်ခဲ့ကြသဖြင့် တဖြည်းဖြည်းနှင့် သူတို့သည် ဇွန်ဘီများ၏ အဆင့်များကို သတိမထားမိဘဲ ဖြစ်နေခဲ့ကြ၏။
ယခုအခါ ဤဒုတိယအဆင့်အမြုတေကို မြင်တွေ့လိုက်ရသဖြင့် လူတိုင်းသည် ဝမ်ထောင် ယခင်က ပြောပြခဲ့ဖူးသော ဗဟုသုတကို ရုတ်တရက် ပြန်လည်သတိရသွားကြသည်။ ဇွန်ဘီများတွင်လည်း အဆင့်များရှိပြီး ပထမအဆင့်သည် အနိမ့်ဆုံးဖြစ်ကြောင်း သိလိုက်ကြရသည်။
မကြာသေးမီကမှ လူတိုင်းသည် စိုးရိမ်ပူပန်စိတ်များ ဝင်ရောက်နေခဲ့ကြရာ ယခုကဲ့သို့ ဒုတိယအဆင့်ဇွန်ဘီ ပေါ်ပေါက်လာမှုက သူတို့၏ ဖိအားကို နှစ်ဆမျှ ပိုမိုပြင်းထန်သွားစေခဲ့၏။
ဝမ်ထောင်သည် လက်ထဲမှဒုတိယအဆင့်အမြုတေကို ကြည့်လိုက်သည်။ ၎င်းသည် ပထမအဆင့်အမြုတေနှင့် နှိုင်းယှဉ်လျှင် အသွင်အပြင် ပိုမိုကြီးမားသည်မှအပ စွမ်းရည်အရည်အချင်းပိုင်း၌ ကွာခြားချက်တစ်ခုသာ ရှိသည်၊ ထိုအရာမှာ သန့်စင်မှု ဖြစ်သည်။
ပထမအဆင့်အမြုတေတစ်ခု၏ သန့်စင်မှုသည် ၅၀ ရာခိုင်နှုန်းဖြစ်ပြီး ကျန်ရှိသော ၅၀ ရာခိုင်နှုန်းမှာ အညစ်အကြေးများ ဖြစ်ကြ၏။
ထိုအညစ်အကြေးများသည် လူသားခန္ဓာကိုယ်ကို အန္တရာယ်ပြုနိုင်စွမ်း ရှိသည်။ ပမာဏအနည်းငယ်ကို စုပ်ယူခြင်းက ပြဿနာမရှိသော်လည်း အညစ်အကြေးများ လွန်စွာများပြားသွားပါက ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားနိုင်သည့် အန္တရာယ်ရှိသည်။ အညစ်အကြေး ပိုမိုများပြားလေလေ အန္တရာယ် ပိုမိုကြီးမားလေလေပင်။
ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်ကဲ့သို့ ပိုမိုမြင့်မားသောအဆင့်ရှိ အမြုတေများတွင် အညစ်အကြေးများ ပိုမိုနည်းပါးလိမ့်မည်ဟု ဝမ်ထောင်က ယခင်က မျှော်လင့်ခဲ့ဖူးသည်။
သို့သော် ယခုကြည့်ရသည်မှာ သူ အမြင်မကျယ်ခဲ့ခြင်း ဖြစ်ပုံရ၏။
ဒုတိယအဆင့်အမြုတေတစ်ခု၏ သန့်စင်မှုသည် ပထမအဆင့်ထက် ၅ ရာခိုင်နှုန်းပင် ပို၍နည်းနေကာ အညစ်အကြေးများ ပိုမိုများပြားနေသည်ဟု ဆိုလိုနေသည်။
ထိုသို့ဆိုလျှင် နောင်အနာဂတ်တွင် ဒုတိယအဆင့်အမြုတေများကို ပေါင်းစပ်သည့်အခါ သူသည် ပိုမိုသတိထားရတော့မည် ဖြစ်၏။
ထို့အပြင် ဝမ်ထောင်သည် အခြားအရေးကြီးသောအချက်တစ်ခုကိုလည်း ရုတ်တရက် သတိရသွားသည်။
ပထမအဆင့်အမြုတေတစ်ခုတွင် သန့်စင်မှု ၅၀ ရာခိုင်နှုန်းရှိပြီး ၎င်းနှစ်ခုကို ပေါင်းစပ်လိုက်လျှင် သန့်စင်မှုသည် ၁၀၀ ရာခိုင်နှုန်း ဖြစ်လာသည်။
သို့သော် ဒုတိယအဆင့်အမြုတေတစ်ခု၏ သန့်စင်မှုသည် ၄၅ ရာခိုင်နှုန်းသာ ရှိသဖြင့် ၎င်းနှစ်ခုကို ပေါင်းစပ်ပါက ၉၀ ရာခိုင်နှုန်းသာ ရရှိမည်ဖြစ်သည်။ သူသည် ပေါင်းစပ်ရန်အတွက် အမြုတေ သုံးခုကို အသုံးပြုရမည်လား။
မိမိခန္ဓာကိုယ်အတွင်း၌ အညစ်အကြေးအချို့ စုပုံလာမည်ကို ဝမ်ထောင်က ဂရုမစိုက်ပါက ပြဿနာမရှိသော်လည်း ဂရုစိုက်မည်ဆိုလျှင်မူ ပေါင်းစပ်ရန်အတွက် အမြုတေ သုံးခုကို အသုံးပြုရမည် ဖြစ်သည်။ သို့သော် အမြုတေ သုံးခု၏ သန့်စင်မှုများကို ပေါင်းလိုက်ပါက ၁၃၅ ရာခိုင်နှုန်းအထိ ဖြစ်သွားပေလိမ့်မည်။
သန့်စင်မှုသည် ၁၀၀ ရာခိုင်နှုန်းထက် မကျော်လွန်နိုင်ကြောင်းကို သူ ယခင်က စမ်းသပ်ဖူးသည်။ တစ်နည်းအားဖြင့်ဆိုရသော် အညစ်အကြေးမရှိသော ဒုတိယအဆင့်အမြုတေတစ်ခုကို ပေါင်းစပ်ရန်အတွက် သူသည် အနည်းဆုံး အမြုတေတစ်ဝက်ခန့်ကို ဖြုန်းတီးပစ်ရမည် ဖြစ်ရာ ဝမ်ထောင်သည် စိတ်ထဲမှ နှမြောတသ ဖြစ်သွားရ၏။
"ရှောက်ယုံ အသက်ရှင်စဉ်တုန်းက ဘယ်အဆင့်မှာ ရှိခဲ့တာလဲ"
ထိုအချိန်တွင် ရှန့်ဟုန်ပင်းက ရုတ်တရက် မေးမြန်းလိုက်သဖြင့် စိတ်ထဲမှ နှမြောနေသော ဝမ်ထောင်သည် အတွေးထဲမှ ပြန်လည်နိုးထလာသည်။
ကျန်ရှိနေသူများကလည်း ထိုအမေးကို ကြားသောအခါ ဝမ်ထောင်ကို စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်ကြ၏။
ဝမ်ထောင်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"သူ အသက်ရှင်နေတုန်းက ပထမအဆင့်စွမ်းရည်ရှင်တစ်ယောက် ဖြစ်ခဲ့ပြီး သေဆုံးသွားပြီးမှ ဒုတိယအဆင့်ဇွန်ဘီ ဖြစ်လာတာ နေမှာပါ၊ အသေးစိတ် အကြောင်းရင်းကိုတော့ မသိရသေးဘူး၊ ငါတို့က ဇွန်ဘီတွေအကြောင်းကို သိတာ နည်းလွန်းသေးတယ်လေ"
သွေးပမာဏ ၅၀၀၀ ကန့်သတ်ချက်သို့ ရောက်ရှိခြင်းသည် ဒုတိယအဆင့်သို့ မြှင့်တင်ခြင်းခံရသည်ဟု အဓိပ္ပာယ်ရကြောင်း ဝမ်ထောင်က ခန့်မှန်းမိသည်။
ထိုစဉ်က ရှောက်ယုံတွင် သွေးပမာဏ ၄၀၀၀ ကျော်သာ ရှိခဲ့သဖြင့် သူသည် ဒုတိယအဆင့်သို့ မရောက်ရှိသေးသည်မှာ သေချာသည်။ နောက်ပိုင်းတွင် ဒုတိယအဆင့်ဇွန်ဘီ ဖြစ်လာပြီးနောက်၌ သူ၏ သွေးပမာဏကန့်သတ်ချက်သည် ၅၀၀၀ အထိ မြင့်တက်သွားခြင်း ဖြစ်ရာ ဤသွေးပမာဏသည် အဆင့်အတန်းနှင့် တိုက်ရိုက်သက်ဆိုင်
နေသည်။
သွေးပမာဏ ၅၀၀၀ အကြောင်းကို ပြောရင်းနှင့် ဂေါ်ရီလာဇွန်ဘီ၏ ပုံရိပ်သည် ဝမ်ထောင်၏ စိတ်ထဲတွင် ပေါ်လာ၏။
"ငါ ဂေါ်ရီလာဇွန်ဘီအကြောင်းကို ရုတ်တရက် သတိရသွားတယ်၊ ငါတို့ အဲဒါကို စတွေ့တုန်းက အခုရှောက်ယုံပေးတဲ့ ခံစားချက်မျိုးပဲ ရခဲ့တာ၊ ဒါကြောင့် အဲဒီတုန်းကတည်းက အဲဒီအကောင်က ဒုတိယအဆင့်ဇွန်ဘီ ဖြစ်နေခဲ့တာပဲ"
ဝမ်ထောင်က ဂေါ်ရီလာဇွန်ဘီကို စတင်တွေ့ရှိစဉ်က ၎င်းတွင် သွေးပမာဏ ၅၀၀၀ ရှိနေခဲ့ပြီး ထိုအချိန်တွင် သူသည် ၎င်းကို လုံးဝ မယှဉ်နိုင်ကြောင်း သိခဲ့သည်။
သို့သော်လည်း ထိုစဉ်က သူတို့ကြားရှိ တကယ့်ကွာဟချက်ကို ဝမ်ထောင် သေချာမသိခဲ့ပေ။ ယခုအခါတွင်မူ သူ သိရှိသွားလေပြီ။သူနှင့် ဂေါ်ရီလာဇွန်ဘီကြားရှိ ကွာဟချက်သည် သွေးပမာဏ ကွာဟချက်တင်မကဘဲ အဆင့်အတန်း ကွာဟချက်ပါ ဖြစ်နေခြင်းပင်။
ထို့နောက် ဝမ်ထောင်၏ အတွေးများသည် လေထီးချပစ္စည်းကို သွားရောက်ယူဆောင်သည့် ပထမဆုံးအကြိမ် အပြင်ပတ်လမ်း၌ တွေ့ခဲ့ရသော အရိပ်မည်းကြီးဆီသို့ ရောက်ရှိသွားပြီး ၎င်းက သူ့ကို ခြေလှမ်းပင် မလှမ်းနိုင်အောင် ခြောက်လှန့်ခဲ့ဖူးသည်။
ထိုအရိပ်မည်းကြီးတွင် သွေးပမာဏ ၁၀၀၀၀ အပြည့် ရှိခဲ့သဖြင့် ၎င်းသည်လည်း ဒုတိယအဆင့်ထက် ပိုမိုမြင့်မားသော အဆင့်တွင် ရှိနေခဲ့ခြင်း ဖြစ်နိုင်သည်။
ထိုစဉ်က မိမိခြေထောက်များ အနည်းငယ် တုန်လှုပ်သွားခဲ့သည်မှာ မဆန်းတော့ပေ။ ထိုအချိန်က သူ့တွင် သွေးပမာဏ နှစ်ရာကျော်သာ ရှိခဲ့ပြီး စွမ်းရည်ရှင်တစ်ဦးပင် မဟုတ်ခဲ့သေးချေ။ ထို့ကြောင့် ဇွန်ဘီရှောက်ယုံသည် နောက်ဆုံးသွေးပမာဏ အနည်းငယ်သာ ကျန်ရှိတော့သည့် အခြေအနေ မဟုတ်ခဲ့ပါက သူတို့ဘက်က လူအင်အားဖြင့် အနိုင်ယူနိုင်ခဲ့လျှင်ပင် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရလိမ့်မည်ဟု ဝမ်ထောင်က ပြောခြင်း ဖြစ်သည်။
"ဂေါ်ရီလာဇွန်ဘီ..."
လူတိုင်းသည် ရှောက်ယုံကို သတ်ဖြတ်နိုင်ခဲ့သဖြင့် အတော်လေးပျော်ရွှင်နေခဲ့ကြသော်လည်း ယခုအခါ ဒုတိယအဆင့်ဇွန်ဘီတစ်ကောင် ပေါ်ပေါက်လာခြင်းနှင့် ဂေါ်ရီလာဇွန်ဘီသည် အနည်းဆုံး ဒုတိယအဆင့်ဇွန်ဘီ ဖြစ်ကြောင်း သိလိုက်ရသောအခါ သူတို့၏ ပျော်ရွှင်မှုများသည် ချက်ချင်း ပျောက်ကွယ်သွားရ၏။
သူတို့ခုနက အသုံးပြုခဲ့သော တိုက်ခိုက်မှုအဆင့်အတန်းမျိုးကို ရှောက်ယုံမှတစ်ပါး အခြားသူများ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ၎င်းမှာ သွေးပမာဏ နည်းပါးနေသော ပထမအဆင့် ရှောက်ယုံသာ ဖြစ်သည်။
ဒုတိယအဆင့်ဇွန်ဘီ ရှောက်ယုံ ပေါ်လာသည်နှင့် သူတို့မှာ တိုက်ခိုက်ခွင့်ပင် မရရှိတော့ဘဲ ဝမ်ထောင်ကိုသာ အားကိုးခဲ့ကြရ၏။
ဒဏ်ရာမရရှိထားသော ဇွန်ဘီရှောက်ယုံတစ်ကောင်သည် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းမည်ကို သူတို့ မတွေးရဲကြပေ။
"တောက်... ဇွန်ဘီတွေကို သတ်ပြီး ငါတို့ခွန်အားကို မြှင့်တင်ရမယ်"
ရှန့်ဟုန်ပင်းက မြေပြင်ပေါ်ရှိ အလောင်းကို ပြင်းထန်စွာ တစ်ချက် ကန်လိုက်သည်။
"မင်းတို့ နားချင်ရင်နား၊ ဒါမှမဟုတ် လုပ်စရာရှိတာလုပ်ကြ၊ ဒီကကိစ္စကို ငါပဲ ဖြေရှင်းလိုက်မယ်"
ရန်ကျဲက ဇွန်ဘီအလောင်းနှင့် ကန့်သတ်ဇုန်ကို ညွှန်ပြရင်း ပြောလိုက်၏။
ရှောက်ယုံကို သတ်ဖြတ်ပြီးပြီဖြစ်၍ မနေ့ညက တည်ဆောက်ခဲ့သော ခြံစည်းရိုးတံတိုင်းကို ဖျက်ဆီးပစ်နိုင်ပြီ ဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူများကြားတွင် ထိတ်လန့်မှုမဖြစ်စေရန်အတွက် သင့်တော်သော အကြောင်းပြချက်တစ်ခုကိုလည်း သူ ရှာဖွေရဦးမည်ဖြစ်သည်။
"ငါတို့ ခဏလောက် နားပြီးရင် မွန်းလွဲပိုင်းမှာ ဇွန်ဘီတွေကို အမဲလိုက်ဖို့ အပြင်ထွက်ကြမယ်၊ ဝမ်ထောင် မင်းကော ဘယ်လိုလဲ"
ဝေကျန့်ကော်က မေးမြန်းလိုက်သည်။
"ငါ အိမ်ပြန်ပြီး အရင်နားဖို့ လိုတယ်"
ဝမ်ထောင်က ပြောလိုက်၏။
"ကောင်းပြီလေ"
အားလုံးသည် ကန့်သတ်ဇုန်အတွင်းကို နောက်ထပ်တစ်ကြိမ် ရှာဖွေခဲ့ကြပြီး ဇွန်ဘီများ မကျန်တော့ကြောင်း အတည်ပြုပြီးနောက် ထွက်ခွာသွားကြတော့သည်။
ရန်ကျဲသည် စခန်းအတွင်း၌ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ရှောက်ယုံကို ကော်မတီဝင်အချို့ စုပေါင်းကာ သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်းနှင့် အားလုံးအနေဖြင့် ရှောက်ယုံ၏ ချောင်းမြောင်းတိုက်ခိုက်မှုကို စိုးရိမ်ရန် မလိုတော့ကြောင်း ပြောကြားလိုက်၏။
ဤသတင်းကို ကြားလိုက်ရသောအခါ အမဲလိုက်သမားများသည် သက်ပြင်းအေးအေး ချနိုင်သွားကြသည်။
သူတို့သည် လွန်ခဲ့သော ရက်အနည်းငယ်က အပြင်ဘက်တွင် ထိတ်လန့်ကြောက်ရွံ့စွာ နေထိုင်ခဲ့ကြရသဖြင့် ယခုအခါတွင်မူ စိတ်အေးသွားကြပြီ ဖြစ်သည်။
သို့သော်လည်း ရန်ကျဲသည် နောက်ထပ်သတင်းတစ်ခုကို ထပ်မံကြေညာခဲ့ပြီး အပြင်ဘက်တွင် ဒုတိယအဆင့်ဇွန်ဘီများ ပေါ်ပေါက်နေပြီဖြစ်၍ လူတိုင်း ဘေးကင်းအောင် နေထိုင်ကြရန် သတိပေးလိုက်၏။
ရန်ကျဲသည် ပထမအဆင့်နှင့် ဒုတိယအဆင့်ဟူသည် မည်သည့်အရာဖြစ်ကြောင်းကိုပါ တစ်ပါတည်း ရှင်းပြခဲ့သည်။
သာမန်လူများတွင် မည်သည့်အဆင့်မျှ မရှိဘဲ စွမ်းရည်ရှင်တစ်ဦး ဖြစ်လာပြီးနောက်မှသာ ပထမအဆင့်စွမ်းရည်ရှင်အဖြစ် သတ်မှတ်ခြင်း ခံရသည်။ ဒုတိယအဆင့်ဟူသည် ပထမအဆင့်ထက်ပင် ပိုမိုသန်မာသော တည်ရှိမှု ဖြစ်သည်။
ဒုတိယအဆင့်ဇွန်ဘီများ၏ သတင်းကြောင့် လူတိုင်းသည် ချက်ချင်းပင် စိုးရိမ်စိတ်များ ဝင်ရောက်လာကြ၏။
သူတို့ထဲမှ အများစုမှာ ဇွန်ဘီများ မည်မျှအထိ သန်မာကြောင်းကို အသေးစိတ် မသိကြဘဲ သာမန်ဇွန်ဘီများသည် သန်မာပြီး အထူးဇွန်ဘီများသည် သာမန်ဇွန်ဘီများထက် ပို၍သန်မာကြောင်းကိုသာ သိကြသည်။
သို့သော် ယခုအခါတွင်မူ သူတို့ မြင်တွေ့ခဲ့ရသော အထူးဇွန်ဘီများသည် အမှန်တကယ်၌ ပထမအဆင့်ဇွန်ဘီများသာ ဖြစ်ကြောင်း သိလိုက်ရသောအခါ အလွန်ထိတ်လန့်ကုန်၏။
ဒုတိယအဆင့်ဇွန်ဘီတစ်ကောင်သည် မည်မျှအထိ သန်မာလိမ့်မည်နည်း။
ဇွန်ဘီများအားလုံးသည် ပိုမိုသန်မာလာကြမည်ဖြစ်ရာ သူတို့လည်း ပိုမိုသန်မာလာရန် ကြိုးစားကြရမည် ဖြစ်သည်။ သို့မဟုတ်ပါက ဇွန်ဘီများကို သတ်ဖြတ်ရန် နေနေသာသာ ရိက္ခာရှာဖွေရန် အပြင်ထွက်ခြင်းသည်ပင် အန္တရာယ် ပိုမိုကြီးမားလာလိမ့်မည်။
အမဲလိုက်သမား အများအပြားသည် မိမိတို့၏ ခွန်အားကို အလျင်အမြန် မြှင့်တင်ရန်နှင့် ကော်မတီ၏ ရွေးချယ်ခြင်းခံရကာ စွမ်းရည်ရှင်များ ဖြစ်လာစေရန် စိတ်ထဲမှ တိတ်တဆိတ် ဆုံးဖြတ်လိုက်ကြ၏။
စွမ်းရည်ရှင်တစ်ဦး ဖြစ်လာမှသာလျှင် ကမ္ဘာပျက်ကပ်အတွင်း၌ အသက်ရှင်သန်ခွင့် အရည်အချင်းကို ရရှိနိုင်မည် ဖြစ်သည်။
ဝမ်ထောင် အိမ်သို့ ပြန်ရောက်ပြီးနောက်တွင်မူ အနည်းငယ် အိပ်ငိုက်လာသည်ကို ခံစားလိုက်ရပြီး လန်းဆန်းစေသောဆေးရည်ဖြင့် အတင်းအကျပ် မြှင့်တင်ထားခဲ့သော စိတ်စွမ်းအင်များမှာ ကုန်ဆုံးတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"မရတော့ဘူး၊ ငါ အရမ်းအိပ်ချင်လာပြီ၊ မရီး... ငါ အရင်အိပ်လိုက်ဦးမယ်..."
စကားများစွာ ပြောရန် အချိန်မရတော့ဘဲ ဝမ်ထောင်သည် ဆိုဖာပေါ်၌ပင် အိပ်ပျော်သွားခဲ့၏။
"အင်း.."
တင်ယွီချင်သည် ဤအရာက ခွန်အားမြှင့်တင်ခြင်း ဖြစ်စဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း သိရှိသဖြင့် ဝမ်ထောင်အတွက် စိတ်ထဲမှ အမှန်တကယ် ဝမ်းသာပေးနေမိသည်။
ယခုအခါ သူမတွင် သွေးပမာဏ ၁၀၀၀ ရှိနေပြီဖြစ်၍ ခွန်အားများစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ သူမသည် ဝမ်ထောင်ကို ဆိုဖာပေါ်၌ အိပ်ရသည်မှာ သက်တောင့်သက်သာ မရှိသဖြင့် ကုတင်ပေါ်သို့ ပွေ့ချီကာ ရွှေ့ပြောင်းပေးလိုက်၏။
မည်မျှကြာသွားသည်မသိဘဲ ဝမ်ထောင်သည် နောက်ဆုံးတွင် နိုးလာခဲ့သည်။ သူသည် ရေဆာသလို ခံစားလိုက်ရစဉ် ရေဖန်ခွက်တစ်ခု ကမ်းပေးလာသည်ကို မြင်လိုက်ရ၏။
"မရီး... ငါ ဘယ်လောက်ကြာအောင် အိပ်ပျော်သွားတာလဲ"
ဝမ်ထောင်က ကုတင်ဘေးတွင် ထိုင်ကာ
သူ့ကိုစောင့်ရှောက်ပေးနေသော တင်ယွီချင်ကို လှမ်းကြည့်ရင်း မေးလိုက်သည်။
"အရင်အတိုင်း သုံးနာရီပါပဲ"
တင်ယွီချင်က နံရံကပ်နာရီကို ကြည့်ကာ ဆက်ပြောသည်။
"ငါ ညစာသွားချက်လိုက်ဦးမယ်"
"အင်း"
တင်ယွီချင် ထွက်သွားပြီးနောက် ဝမ်ထောင်သည် အကြောဆန့်လိုက်ပြီး လက်သီးကို တင်းတင်းဆုပ်လိုက်၏။
"ငါထပ်ပြီး သန်မာလာပြန်ပြီ"
ဝမ်ထောင်သည် အနည်းငယ် စိတ်လှုပ်ရှားသွားသော်လည်း မာန်မာန မထောင်လွှားမိပေ။
ရှောက်ယုံ၏ နိဂုံးသည် မာန်မာန ထောင်လွှားခြင်း၏ အကျိုးဆက်ဖြစ်ရာ သူသည် ထိုသင်ခန်းစာကို အမြဲတစေ နှလုံးသွင်းထားရမည် ဖြစ်သည်။
ထို့နောက် ဝမ်ထောင်သည် ယနေ့ ရှောက်ယုံကို သတ်ဖြတ်ခြင်းမှ ရရှိခဲ့သော စစ်ပွဲရလဒ်ပစ္စည်းများကို ကြည့်လိုက်၏။
ယခုအကြိမ် အခြေအနေသည် ယခင်ကနှင့် အနည်းငယ် ကွဲပြားနေသည်၊ အကြောင်းမှာ ဝမ်ထောင်သည် ရှောက်ယုံကို နှစ်ကြိမ်တိုင်တိုင် သတ်ဖြတ်ခဲ့ရခြင်းကြောင့် ဖြစ်သည်။
ပထမတစ်ကြိမ်က လူသားရှောက်ယုံအဖြစ် ဖြစ်ပြီး ဒုတိယတစ်ကြိမ်က ဇွန်ဘီရှောက်ယုံအဖြစ် ဖြစ်၏။
ဤအခြေအနေသည် ဝမ်ထောင်ကိုယ်တိုင်ကိုပင် ဝေခွဲမရ ဖြစ်စေခဲ့သည်။ သူသည် သွေးပမာဏ တိုးပွားလာခြင်းနှင့် ပစ္စည်းထုပ်များကို မမြင်ခဲ့ပါက သတိထားမိလိမ့်မည် မဟုတ်ပေ။ မှန်ပါသည်၊ သူ၏ သွေးပမာဏသည် နှစ်ကြိမ်တိုင်တိုင် တိုးတက်လာခဲ့ပြီး ပစ္စည်းထုပ် နှစ်ထုပ်ကိုလည်း ရရှိခဲ့သည်။
သူ သေချာမှတ်မိသရွေ့ မနေ့ကအထိ သူ၏ အမြင့်ဆုံးသွေးပမာဏသည် ၃၇၄၀ ဖြစ်သည်။ ရှောက်ယုံကို သတ်ဖြတ်ပြီးနောက်တွင်မူ ၎င်းသည် ၃၉၄၀ သို့ ချက်ချင်း မြင့်တက်သွားခဲ့၏။
တစ်နည်းအားဖြင့်ဆိုရသော် ရှောက်ယုံကို သတ်ဖြတ်ခြင်းက သူ၏ အမြင့်ဆုံးသွေးပမာဏကို ၂၀၀ တိုးပွားစေခဲ့ပြီး ၎င်းသည် ယခင်က သူ သတ်ခဲ့ဖူးသမျှ ဇွန်ဘီများထက် ပို၍များပြားသော သွေးပမာဏ ဖြစ်သည်။
တိုးပွားလာသော အမြင့်ဆုံးသွေးပမာဏသည် ပြိုင်ဘက်၏ ခွန်အားနှင့် သက်ဆိုင်လိမ့်မည်ဟု ဝမ်ထောင်က ခန့်မှန်းမိသည်။ ရှောက်ယုံသည် လွန်စွာ သန်မာသူဖြစ်သဖြင့် အမြင့်ဆုံးသွေးပမာဏ ၂၀၀ တိုးပွားလာခြင်းမှာ များပြားသော်လည်း ကျိုးကြောင်းဆီလျော်မှု ရှိသည်။
သို့သော်လည်း ဝမ်ထောင်သည် ထိုသွေးပမာဏ ၂၀၀ သည် အမှန်တကယ်၌ များပြားခြင်း မရှိကြောင်းကို မကြာမီ သိရှိသွားရ၏။
အကြောင်းမှာ သူ ရှောက်ယုံကို ဒုတိယအကြိမ် သတ်ဖြတ်သည့်အခါတွင် ဖြစ်သည်။ ပို၍တိကျစွာ ပြောရလျှင် ဇွန်ဘီရှောက်ယုံကို သတ်ဖြတ်သည့်အခါ တိုးပွားလာသော အမြင့်ဆုံးသွေးပမာဏသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး ၉၆၀ အထိ တိုက်ရိုက် တိုးပွားသွားခဲ့ခြင်းပင်။
ဝမ်ထောင်သည် ရုတ်တရက် ကြောင်ငေး
သွားကာ သူ၏ သွေးဘားတန်းသည် ၃၉၄၀ မှ ၄၉၀၀ သို့ ရုတ်တရက် အကြီးအကျယ် မြင့်တက်သွားသည်ကိုသာ ကြည့်နေမိတော့သည်။
သူသည် သွေးပမာဏ ၅၀၀၀ သို့ ရောက်ရှိရန်အတွက် ၁၀၀ သာ လိုအပ်တော့၏။
သွေးပမာဏ ၅၀၀၀ သည် ပထမအဆင့်နှင့် ဒုတိယအဆင့်ကြားရှိ အကူးအပြောင်းအမှတ် ဖြစ်ပုံရသည်။ သူသည် သွေးပမာဏ ၅၀၀၀ သို့ ရောက်ရှိပါက ဒုတိယအဆင့် အထူးစွမ်းရည်ရှင်တစ်ဦး ဖြစ်လာနိုင်လေသည်။
ဇွန်ဘီရှောက်ယုံက အဘယ်ကြောင့် ဤမျှအထိ သွေးပမာဏ အများအပြား တိုးပွားစေခဲ့သည်ကို သူ မသိသော်လည်း အကြောင်းရင်း နှစ်ခုသာ ရှိနိုင်သည်၊ ဒုတိယအဆင့်ဇွန်ဘီကို သတ်ဖြတ်ခြင်းက သွေးပမာဏ ပိုမိုရရှိစေခြင်း ဖြစ်နိုင်သလို မိမိထက် အဆင့်မြင့်သော ဇွန်ဘီကို သတ်ဖြတ်ခြင်းက အပိုဆောင်းသွေးပမာဏ ရရှိစေခြင်းလည်း ဖြစ်နိုင်သည်။
မည်သည့်အချက် ဖြစ်သည်ကိုမူ နောင်အနာဂတ်တွင် ပိုမိုစောင့်ကြည့်ရဦးမည် ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ သူ၏ လက်ရှိသွေးပမာဏ 【၄၉၀၀/၄၉၀၀】ကို ကြည့်ရင်း ဝမ်ထောင်သည် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
သွေးပမာဏ ၁၀၀ သာ လိုအပ်တော့သဖြင့် ကံကောင်းသော မနက်ခင်းတစ်ခုဆိုလျှင်ပင် လုံလောက်ပေပြီ။ ကံမကောင်းလျှင်ပင် တစ်ရက်ခန့်သာ ကြာမြင့်မည်ဖြစ်ရာ သူသည် သွေးပမာဏ ၅၀၀၀ သို့ အသေအချာ ရောက်ရှိနိုင်တော့မည် ဖြစ်သည်။
ထို့နောက် ဝမ်ထောင်သည် အခြားပစ္စည်းများကို ကြည့်လိုက်၏။
သူသည် ရှောက်ယုံကို ပထမဆုံးအကြိမ် သတ်စဉ်က ကျဆင်းခဲ့သော ပစ္စည်းထုပ်ကို သေချာကြည့်ရန် အချိန်မရခဲ့ပေ။ ယခု သေချာကြည့်လိုက်သောအခါ ၎င်းသည် ဝမ်ထောင်၏ မျှော်လင့်ချက်ကို များစွာ ကျော်လွန်နေခဲ့ပြန်သည်။
အထဲ၌ အမြုတေ လေးခုအထိ ရှိနေခြင်းပင်။
【ပထမအဆင့်အမြုတေ · ခွန်အားကြီးမားခြင်း】
【ပထမအဆင့်အမြုတေ · လျှာရှည်စွမ်းရည်】
【ပထမအဆင့်အမြုတေ · ပစ်ခတ်ခြင်းကျွမ်းကျင်မှု】
【ပထမအဆင့်အမြုတေ · ပြန်လည်ပြည့်ဖြိုးခြင်း】
၎င်းတို့အားလုံးသည် ဘေးထွက်ဆိုးကျိုးမရှိဘဲ ပေါင်းစပ်အောင်မြင်မှုနှုန်း ၅၀ ရာခိုင်နှုန်းရှိသော အစိမ်းနုရောင် အမြုတေများ ဖြစ်ကြ၏။
လူသားတစ်ဦးထံမှ ကျဆင်းသော ပစ္စည်းထုပ်အတွင်း၌ အမြုတေများကို တွေ့ရှိရခြင်းမှာ ဝမ်ထောင်အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ သို့သော် ဝမ်ထောင်သည် လူအများအပြားကို သတ်ဖြတ်ခဲ့ခြင်း မရှိဘဲ ကောရှင်းနှင့် ရှောက်ယုံဟူသော စွမ်းရည်ရှင် နှစ်ဦးကိုသာ သတ်ခဲ့ဖူးခြင်း ဖြစ်သည်။
ကောရှင်း ကျဆင်းခဲ့သော ပစ္စည်းထုပ်မှာ အကျိအချွဲဗုံးတစ်ခု ဖြစ်သော်လည်း ထိုစဉ်က ကောရှင်းတွင် သွေးပမာဏ နှစ်ရာကျော်သာ ရှိခဲ့ပြီး လက်ရှိ သွေးပမာဏ လေးထောင်ကျော်ရှိသော ရှောက်ယုံနှင့် လုံးဝ နှိုင်းယှဉ်၍မရသော အားနည်းသူတစ်ဦး ဖြစ်ခဲ့သည်။ ထို့ကြောင့် နှိုင်းယှဉ်ချက် ပြုလုပ်ရန် မဖြစ်နိုင်ပေ။
ဝမ်ထောင်က ဤအမြုတေ လေးခုသည် ရှောက်ယုံ တတ်မြောက်ထားသော စွမ်းရည် လေးခု ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ ဤအချက်သည် သူ၏ ယခင်တွက်ချက်မှုနှင့် ကိုက်ညီနေ၏။ ရှောက်ယုံသည် စွမ်းရည် လေးခုကို သိရှိထားပြီး တစ်ခုချင်းစီအတွက် အမြုတေ ဆယ်ခုစီ ပေါင်းစပ်ထားခဲ့သဖြင့် သူ၏ စွမ်းအင်ပမာဏက လေးထောင် ဖြစ်နေခြင်းပင်။
အမြုတေ လေးခု၏ အမည်များကို ကြည့်ရင်း ရှောက်ယုံကို မြင်ဖူးခဲ့ကြသော ဝေကျန့်ကော်နှင့် ကောဟွာတို့က သူသည် ယခင်ကနှင့် လုံးဝ ကွဲပြားသွားခဲ့ပြီဟု အဘယ်ကြောင့် ပြောခဲ့ကြကြောင်းကို ဝမ်ထောင် အကြမ်းဖျင်း နားလည်သွားခဲ့သည်။
ရှောက်ယုံသည် စွမ်းရည်ရှင်တစ်ဦး၏ ခွန်အားကို ရရှိခဲ့သဖြင့် မာန်မာန ထောင်လွှားလာခြင်းက အကြောင်းရင်းတစ်ခု ဖြစ်နိုင်သော်လည်း အခြားအရေးကြီးသော အကြောင်းရင်းတစ်ခု ရှိသေးသည်၊ ၎င်းမှာ ဤအမြုတေများ၏ ဘေးထွက်ဆိုးကျိုးများ ဖြစ်၏။
ခွန်အားကြီးမားခြင်း၏ ဘေးထွက်ဆိုးကျိုးမှာ ခန္ဓာကိုယ်အရွယ်အစားသည် ခွန်အားနှင့် တိုက်ရိုက်အချိုးကျနေခြင်း ဖြစ်ပြီး ၎င်းက ရှောက်ယုံ၏ စိတ်နေစိတ်ထားကို လတ်တလောတွင် မသက်ရောက်နိုင်ပေ။ သို့သော် ကျန်ရှိသော အမြုတေ သုံးခုမှာမူ ကွဲပြားခြားနားကြသည်။
လျှာရှည်စွမ်းရည်အမြုတေ၏ ဘေးထွက်ဆိုးကျိုးမှာ 'စိတ်ပြောင်းလဲလွယ်ခြင်း' ဖြစ်ပြီး၊ ပစ်ခတ်ခြင်းကျွမ်းကျင်အမြုတေ၏ ဘေးထွက်ဆိုးကျိုးမှာ 'ဒေါသထွက်လွယ်ခြင်း' ဖြစ်ကာ၊ ပြန်လည်ပြည့်ဖြိုးခြင်းအမြုတေ၏ ဘေးထွက်ဆိုးကျိုးမှာ 'ကာမဂုဏ်၌ခံစားလွယ်ခြင်း' ဖြစ်သည်။ ဤဘေးထွက်ဆိုးကျိုးများ အားလုံးသည် လူတစ်ဦး၏ စိတ်နေစိတ်ထားကို လွှမ်းမိုးနိုင်စွမ်း ရှိကြ၏။
ဘေးထွက်ဆိုးကျိုး တစ်ခုတည်းသာ ရှိပါက ပြဿနာမရှိနိုင်သော်လည်း ရှောက်ယုံသည် အမြုတေ အမျိုးအစား သုံးခုစလုံးကို ပေါင်းစပ်ခဲ့သည့်အပြင် ၎င်းတို့ကို အမြင့်ဆုံးကန့်သတ်ချက်အထိပင် ပေါင်းစပ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ရှောက်ယုံကိုယ်တိုင်ကလည်း မာနထောင်လွှားသူဖြစ်နိုင်ပြီး စိတ်ဓာတ်ကြံ့ခိုင်မှု မရှိခဲ့ခြင်းကြောင့် တဖြည်းဖြည်းနှင့် အတွင်းစိတ်ဖောက်ပြန်နေသူတစ်ဦး ဖြစ်လာခဲ့ရခြင်းပင်။
သူကိုယ်တိုင်လည်း ဤအချက်ကို သတိပြုမိလိမ့်မည်မဟုတ်ဘဲ မိမိလုပ်သမျှ အားလုံး မှန်ကန်သည်ဟုပင် ထင်မှတ်နေခဲ့ပေလိမ့်မည်။ လူတစ်ဦး၏ စိတ်နေစိတ်ထားကို သိမ်မွေ့စွာ ပြောင်းလဲပစ်နိုင်သော ဤဘေးထွက်ဆိုးကျိုးများသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှ၏။
နောင်အနာဂတ်တွင် ဤကဲ့သို့သော အမြုတေများကို ပေါင်းစပ်ထားသူကို တွေ့ရှိပါက သူ သတိထားရမည် ဖြစ်သည်၊ ထိုသူသည် နောက်ထပ် ရှောက်ယုံတစ်ဦး ဖြစ်လာနိုင်သောကြောင့်ပင်။ ဝမ်ထောင် ဒုတိယအကြိမ် သတ်ဖြတ်ခြင်းမှ ရရှိခဲ့သော ပစ္စည်းများမှာမူ ဒုတိယအဆင့်အမြုတေတစ်ခုနှင့် ပစ္စည်းထုပ်တစ်ခု ဖြစ်ကြသည်။
သူသည် ဇွန်ဘီရှောက်ယုံ၏ ဦးနှောက်ကို တူးဆွပြီးနောက် အစိမ်းရောင် ဒုတိယအဆင့် ခွန်အားကြီးမားခြင်းအမြုတေတစ်ခုကိုသာ တွေ့ရှိခဲ့ရသည်။ ဝမ်ထောင်က ၎င်း၏ဦးခေါင်းထဲတွင် အမြုတေ လေးခု ရှိလိမ့်မည်ဟု ထင်မှတ်ခဲ့သဖြင့် အနည်းငယ် စိတ်ပျက်သွားခဲ့၏။
ပစ္စည်းထုပ်အတွင်းရှိ ပစ္စည်းများမှာမူ ဝမ်ထောင်၏ မျှော်လင့်ချက်ကို နောက်ထပ်တစ်ကြိမ် ကျော်လွန်သွားခဲ့ပြန်သည်၊ ၎င်းတို့သည် အမှန်တကယ်ပင် အမြုတေများ ဖြစ်နေကြဆဲပင်။
သို့သော် ယခုအကြိမ်တွင် နှစ်ခုသာ ရှိပြီး ဤအမြုတေ နှစ်ခုသည် ယခင်က သူ မြင်ဖူးသမျှ အမြုတေများနှင့် လုံးဝ ကွဲပြားခြားနားနေသည်။
【ပထမအဆင့်အမြုတေ · ဘက်စုံသုံးစွမ်းရည်】
【အရည်အသွေး - ထူးချွန် (၄၀%)】
【အညစ်အကြေး - ၅၀% (ဘေးထွက်ဆိုးကျိုးမရှိ)】
【ဘက်စုံသုံးစွမ်းရည် - ပေါင်းစပ်ပြီးနောက် ပေါင်းစပ်ထားပြီးဖြစ်သော စွမ်းရည်တစ်ခုခုကို အပေါင်း ၁၀ ကန့်သတ်ချက်အထိ ကျပန်းစနစ်ဖြင့် အပေါင်း ၁ တိုးပွားစေနိုင်သည်】
ပထမတစ်ခုမှာ ဘက်စုံသုံးစွမ်းရည်အမြုတေ ဖြစ်သည်။
ဝမ်ထောင်အနေဖြင့် ဤကဲ့သို့သော အမြုတေမျိုးကို မြင်ဖူးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်၏။
အမြုတေပေါ်ရှိ ဖော်ပြချက်ကို ကြည့်ရသည်မှာ ဤပထမအဆင့် ဘက်စုံသုံးစွမ်းရည်အမြုတေကို ပေါင်းစပ်အောင်မြင်ပါက သူ၏ တိကျစွာပစ်ခတ်ခြင်း သို့မဟုတ် ကိုယ်တိုင်ကုသခြင်းစွမ်းရည်ကို အပေါင်း ၁ တိုက်ရိုက် တိုးမြှင့်နိုင်သည်ဟု ဆိုလိုခြင်း ပင်။
ထိုသို့ဆိုလျှင် ဤအရာသည် အတော်ပင် အစွမ်းထက်လှ၏။
သို့သော် ဤအမြုတေကို ရရှိရန် ခက်ခဲမှုမှာ လည်း သိသာစွာ ပိုမိုမြင့်မားလှ၏။ ဝမ်ထောင်သည် ဇွန်ဘီအများအပြားကို သတ်ဖြတ်ခဲ့သော်လည်း ဤကဲ့သို့သော ဘက်စုံသုံးစွမ်းရည်အမြုတေကို တစ်ကြိမ်မျှ မမြင်ဖူးခဲ့ပေ။
ဤအရာသည် ရှောက်ယုံ၏ ခွန်အားနှင့် သက်ဆိုင်လိမ့်မည်ဟု ဝမ်ထောင် ခံစားမိသည်။ ဇွန်ဘီရှောက်ယုံသည် မိမိကိုယ်တိုင် သန်မာရုံတင်မကဘဲ စွမ်းရည် လေးခုကိုလည်း သိရှိထားခဲ့ရာ ၎င်းက အခြားဇွန်ဘီများနှင့် လုံးဝ ကွဲပြားခြားနားနေသည့် အချက် ဖြစ်သည်။ ဝမ်ထောင် ယခုအချိန်အထိ မြင်တွေ့ခဲ့ရသော ဇွန်ဘီများအားလုံးသည် စွမ်းရည်တစ်ခုကိုသာ သိရှိကြ၏။
ထို့ကြောင့် စွမ်းရည်အများအပြားရှိသော ဇွန်ဘီများသာလျှင် ဤဘက်စုံသုံးစွမ်းရည်အမြုတေကို ချပေးနိုင်လိမ့်မည်ဟု ဝမ်ထောင်က ခန့်မှန်းလိုက်သည်။
အကယ်၍ ထိုသို့သာဆိုလျှင် စည်းကမ်းချက်များသည် လွန်စွာ တင်းကျပ်လှပေသည်။ စွမ်းရည်ရှင်များမှ ပြောင်းလဲသွားသော ဇွန်ဘီများမှလွဲ၍ ဝမ်ထောင်သည် စွမ်းရည် နှစ်ခုထက်ပိုသော ဇွန်ဘီကို မည်သည့်အခါမျှ မမြင်ဖူးခဲ့ချေ။ ထို့နောက် ဒုတိယအမြုတေကို ကြည့်လိုက်သောအခါ ဝမ်ထောင်သည် ခုနက ဘက်စုံသုံးစွမ်းရည်အမြုတေထက်ပင် ပိုမိုဝမ်းသာသွားရသည်။
【ဒုတိယအဆင့်အမြုတေ · အဆင့်မြှင့်တင်ခြင်း】
【အရည်အသွေး - ထူးချွန် (၈၀%)】
【အညစ်အကြေး - ၄၅% (ဘေးထွက်ဆိုးကျိုးမရှိ)】
【အဆင့်မြှင့်တင်ခြင်း - ပေါင်းစပ်ပြီးနောက် ပေါင်းစပ်ထားပြီးဖြစ်သော စွမ်းရည်တစ်ခုခုကို ဒုတိယအဆင့်သို့ ကျပန်းစနစ်ဖြင့် အဆင့်မြှင့်တင်ပေးနိုင်သည်】
ဝမ်ထောင်သည် ယခင်က စဉ်းစားခဲ့ဖူးသည်၊
စွမ်းရည်တစ်ခုကို အမြုတေ ၁၀ ခုဖြင့် အောင်မြင်စွာ ပေါင်းစပ်ပြီးနောက် ထပ်မံပေါင်းစပ်၍ မရတော့ပါက မည်သို့ ဆက်လက်တိုးတက်အောင် ပြုလုပ်ရမည်နည်း။
ဒုတိယအဆင့်အမြုတေများ ရှိကြောင်းကို ဝမ်ထောင် သိသော်လည်း မိမိလက်ထဲတွင် ဒုတိယအဆင့်အမြုတေတစ်ခု ရှိပါက ၎င်းကို တိုက်ရိုက် ပေါင်းစပ်ရမည်လော။သို့မဟုတ် မည်သည့်စည်းကမ်းချက်များ ရှိသနည်း။
မိမိ၏ စွမ်းရည်က ပထမအဆင့်ဖြစ်ရာ ဒုတိယအဆင့်အမြုတေတစ်ခုကို တိုက်ရိုက် ပေါင်းစပ်နိုင်သလား ဟူသော မေးခွန်းများ ရှိခဲ့ဖူးသည်။
ယခုအခါတွင်မူ ဝမ်ထောင်သည် သိရှိသွားခဲ့လေပြီ ။
သူ၏ ပထမအဆင့်စွမ်းရည်သည် ဒုတိယအဆင့်အမြုတေများနှင့် ဆက်လက်ပေါင်းစပ်နိုင်သည်၊ သို့သော် သူသည် မိမိ၏ စွမ်းရည်ကို ဒုတိယအဆင့်သို့ အရင်ဆုံး မြှင့်တင်ရမည် ဖြစ်သည်။
ဒုတိယအဆင့်သို့ မြှင့်တင်ရန် နည်းလမ်းမှာ ဤဒုတိယအဆင့် အဆင့်မြှင့်တင်အမြုတေကို ပေါင်းစပ်ရန် ဖြစ်သည်။
ဤအဆင့်မြှင့်တင်အမြုတေများသည် ဘက်စုံသုံးစွမ်းရည်အမြုတေများထက်ပင် ပိုမို အဖိုးတန်လှ၏။
အဆင့်မြှင့်တင်အမြုတေသည် အခြေခံအုတ်မြစ်အဖြစ် လုပ်ဆောင်ပေးသည်။ အဆင့်မြှင့်တင်အမြုတေကို အသုံးပြု၍ မိမိ၏ စွမ်းရည်ကို ဒုတိယအဆင့်သို့ မမြှင့်တင်ပါက ဘက်စုံသုံးစွမ်းရည်အမြုတေများ မည်မျှပင် ရှိစေကာမူ အသုံးမဝင်နိုင်ပေ။
သို့သော်လည်း ဝမ်ထောင်သည် နောက်ထပ်ပြဿနာတစ်ခုကို ရုတ်တရက် သတိရသွားပြန်သည်။
ဤအမြုတေက ပေါင်းစပ်ထားပြီးဖြစ်သော စွမ်းရည်တစ်ခုခုကို ဒုတိယအဆင့်သို့ ကျပန်းစနစ်ဖြင့် အဆင့်မြှင့်တင်ပေးမည်ဟု ဆိုထားသော်လည်း သူ့တွင် စွမ်းရည် ၄ ခု ရှိနေသည်။ တစ်နည်းအားဖြင့်ဆိုရသော် သူသည် အဆင့်မြှင့်တင်အမြုတေ ၄ ခု လိုအပ်မည် ဖြစ်သည်၊ မဟုတ်သေးပါ၊ လေးခုထက်မက ပို၍လိုအပ်နိုင်သည်။ အကယ်၍ သူက ပိုမိုမြင့်မားသော အောင်မြင်မှုနှုန်းကို လိုချင်ပြီး အညစ်အကြေးများ မရှိစေချင်ပါက ၈ ခု သို့မဟုတ် ၁၂ ခုအထိပင် လိုအပ်နိုင်ပေရာ ဝမ်ထောင်သည် ရုတ်တရက် ခေါင်းခဲသွားရ၏။
ဤဒုတိယအဆင့် အဆင့်မြှင့်တင်အမြုတေကို ဒုတိယအဆင့်ဇွန်ဘီတစ်ကောင်ကသာ ချပေးနိုင်မည်ဖြစ်ရာ ဤမျှအထိ များပြားသောအမြုတေများကို ရရှိရန် သူသည် ဒုတိယအဆင့်ဇွန်ဘီ မည်မျှအထိ သတ်ဖြတ်ရမည်နည်း။
ထို့အပြင် ဒုတိယအဆင့်ဇွန်ဘီတိုင်းက ၎င်းကို ချပေးလိမ့်မည်ဟုလည်း မသေချာပေ။ ဤအရာက ကံတရားပေါ်တွင်သာ အခြေခံရမည်ဆိုပါက ဝမ်ထောင်သည် စိတ်ပျက်အားလျော့သွားရ၏။
၎င်းက ဒုတိယအဆင့်ဇွန်ဘီ ဖြစ်သည်။
သူသည် ဇွန်ဘီရှောက်ယုံကို သတ်ဖြတ်နိုင်ခဲ့သည်မှာ ပြိုင်ဘက်တွင် သွေးပမာဏ နည်းပါးနေသည့် အချက်ကို အားကိုးခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သွေးပမာဏအပြည့်ရှိသော ဒုတိယအဆင့် ဇွန်ဘီရှောက်ယုံသာ ဖြစ်ပါက သူ အနိုင်ရနိုင်မည်လား မသိနိုင်ချေ။ ဝမ်ထောင်သည် တူကိုင်ဇွန်ဘီနှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့စဉ်က ခံစားချက်ကို ရုတ်တရက် သတိရသွားသည်။ ထိုကဲ့သို့သော ရင်ဖိုစိတ်လှုပ်ရှားဖွယ်ကောင်းပြီး အန္တရာယ်များသော ခံစားချက်မျိုးကို သူ နောင်အနာဂတ်တွင် မကြာခဏ ကြုံတွေ့ရတော့မည် ဖြစ်ပုံရ၏။
"တောက်..."
သူသည် တိုးတိုးလေး ကျိန်ဆဲရင်း ခေါင်းကို ခါယမ်းလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူ၏ ခွန်အားကို မြှင့်တင်ရမည် ဖြစ်သည်။ အန္တရာယ်ရှိကြောင်း သိသော်လည်း သူ ဆက်လက်လုပ်ဆောင်ရမည်သာ။
မဟုတ်ပါက ဤဇွန်ဘီများက အဆင့်မြင့်လာပြီး ဆင့်ကဲပြောင်းလဲနေကြစဉ် သူကသာ တစ်နေရာတည်း၌ ရပ်တန့်နေပါက အနှေးနှင့်အမြန် ဖယ်ရှားခြင်း ခံရပေလိမ့်မည်။
...နောက်တစ်နေ့ နံနက်စောစော။
ဝမ်ထောင် နိုးလာပြီးနောက် ဇွန်ဘီများကို အမဲလိုက်ရန် ပြင်ဆင်လိုက်သည်။ သူသည် သွေးပမာဏ ၅၀၀၀ သို့ ရောက်ရှိရန် ၁၀၀ သာ လိုအပ်တော့သဖြင့် သွေးပမာဏ ၅၀၀၀ သို့ ရောက်ရှိခြင်းက သူ့ကို ဒုတိယအဆင့်အထူးစွမ်းရည်ရှင်တစ်ဦး ဖြစ်လာစေမည်လောဟူသည်ကို မြင်တွေ့လိုနေသည်။
သို့သော်လည်း သူ ကုတင်ပေါ်မှ ထလိုက်သည်နှင့် ဝမ်ထောင်သည် မိမိခန္ဓာကိုယ် အနည်းငယ် အားနည်းနေသည်ကို ခံစားလိုက်ရ၏။
"ဒါက ဘာအခြေအနေကြီးလဲ၊ ငါ မနေ့ညက ဘာမှမလုပ်ခဲ့ပါဘူး"
ဝမ်ထောင်သည် သူ၏ အရည်အချင်း အချက်အလက်များကို အလျင်အမြန် ကြည့်လိုက်ရာ သူ၏ သွေးဘားတန်းအောက်တွင် အားနည်းမှုပြအမှတ်အသားတစ်ခု ပေါ်နေသည်ကို တွေ့လိုက်ရသည်။
【အားနည်းသောအခြေအနေ ကျန်ရှိချိန် - ၁၇:၃၂:၄၇】
" သွားပြီ"
လန်းဆန်းစေသောဆေးရည်တွင် ဘေးထွက်ဆိုးကျိုးတစ်ခု ရှိကြောင်းကို ဝမ်ထောင် ရုတ်တရက် သတိရသွားသည်၊ ၎င်းကို အသုံးပြုပါက တစ်ရက်ခန့် အားနည်းသောအခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်သည်။
မနေ့က ဝမ်ထောင်သည် စောစောအိပ်ပျော်သွားခဲ့သဖြင့် ဤအချက်ကို မေ့လျော့နေခဲ့ခြင်းပင်။
ဤဆေးရည်သည် အတော်ပင် စိတ်ဝင်စားစရာကောင်းလှသည်၊ ၎င်းက တစ်ရက်ခန့် အားနည်းမည်ဟု ဆိုထားပြီး ဒုတိယနေ့ သန်းခေါင်ယံအချိန်မှစတင်ကာ အချိန်ရေတွက်ခြင်း ဖြစ်သည်။
------------