← Chapters

အခန်း ၁၃၁

Vol. 12 Ch. 131

အခန်း ၁၃၁

Vol. 12 Ch. 131

အခန်း ၁၃၁ - အခက်ခဲဆုံး အဆင့်တက်ခြင်း

"ဝမ်ထောင်၊ ရှင် ဘာဖြစ်တာလဲ"

ဟန်ရွှေသည် ဝမ်ထောင်ကို အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်၏။

"ငါဘာမှမဖြစ်ဘူး။ ကျန်နေတဲ့ ဇွန်ဘီတွေကိုတော့ မင်းပဲ အဆုံးသတ်လိုက်တော့"

အထူးဇွန်ဘီများကို သတ်ခြင်းက သူ၏ သွေးပမာဏကို မတိုးစေတော့ပေ။ ထိုအခွင့်အရေးကို အလဟဿမဖြစ်စေလိုသဖြင့် ဟန်ရွှေကိုသာ သတ်ခိုင်းလိုက်၏။

"ဟင် တကယ်လား။ရှင့်ရဲ့စွမ်းအားကို ထပ်မမြှင့်တော့ဘူးလား"

ဟန်ရွှေ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူမသည် ပိုမိုသန်မာလာချင်သော်လည်း ဝမ်ထောင်ကိုသာ ဦးစားပေးရမည်ဟု အရင်က သဘောတူညီချက် ရှိထားလေ၏။

"ငါ့ရဲ့ကန့်သတ်ချက်ကို ရောက်သွားပြီ။ အခုလောလောဆယ်တော့ စွမ်းအားကို ထပ်မြှင့်လို့မရတော့ဘူး"

ဝမ်ထောင်သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။

"ကန့်သတ်ချက်လား"

ဟန်ရွှေသည် ခဏမျှ ကြောင်သွားသည်။

"ဟုတ်တယ်၊ ပထမအဆင့်ရဲ့ ကန့်သတ်ချက်ကို ရောက်သွားတာ။ ဒုတိယအဆင့်ကို အရင်တက်မှပဲ ရတော့မယ်။ မဟုတ်ရင် ဒီအထူးဇွန်ဘီတွေကို သတ်နေလည်း အလကားပဲ"

ယခင်က သွေးပမာဏ ၁,၀၀၀ ရှိပြီးနောက် သာမန်ဇွန်ဘီများကို သတ်ခြင်းက သွေးပမာဏ မတိုးတော့ဘဲ အထူးဇွန်ဘီများမှသာ တိုးခဲ့၏။ သို့သော် ယခုတစ်ခါတွင်မူ ကွဲပြားသည်။ ယခင်က သွေးပမာဏ ၁,၀၀၀ အထိ ရောက်နိုင်ခဲ့သော်လည်း ယခုမူ ၄,၉၉၉ တွင် တန့်နေပြီး ထပ်တက်၍ မရတော့ပေ။ ဒုတိယအဆင့်သို့ တက်လှမ်းရန် သွေးပမာဏ ၅,၀၀၀ လိုအပ်သည်ဟူသော သူ၏ ခန့်မှန်းချက်မှာ မှန်ကန်နိုင်သော်လည်း ဇွန်ဘီများကို သတ်ခြင်းသက်သက်ဖြင့် ထိုပမာဏကို မရနိုင်ဟု သူခံစားရ၏။ ဤအရာမှာ အမြုတေများနှင့် သက်ဆိုင်ရမည်ဟု ဝမ်ထောင် ယူဆလိုက်သည်။

သူသည် မနေ့က ရှောက်ယုံကို သတ်၍ ဒုတိယအဆင့် အဆင့်တက်အမြုတေ တစ်ခုကို ရရှိခဲ့သည်။ ထိုအမြုတေက စွမ်းရည်တစ်ခုကို ဒုတိယအဆင့်သို့ မြှင့်တင်ပေးနိုင်သည်။ စွမ်းရည်တစ်ခု ဒုတိယအဆင့်သို့ ရောက်မှသာလျှင် ဒုတိယအဆင့်အမြုတေများနှင့် ပေါင်းစပ်နိုင်သည်။

စွမ်းရည်ရှင်တစ်ဦး ဒုတိယအဆင့်သို့ တက်လှမ်းရန်အတွက် သူတို့၏ စွမ်းရည်ကို အရင်ဆုံး ဒုတိယအဆင့်သို့ မြှင့်တင်ရမည်လား။

ဝမ်ထောင်သည် ဇွန်ဘီများကို သတ်၍ သွေးပမာဏ ဆက်လက်ရရှိနိုင်ရန်အတွက် စွမ်းရည်ကို ဒုတိယအဆင့်သို့ အရင်မြှင့်တင်ရမည့်ပုံ ပေါ်နေ၏။

ထိုသို့သာဆိုလျှင်တော့ ဝမ်ထောင်အတွက် အလွန်ခက်ခဲပေလိမ့်မည်။ သူသည် စွမ်းရည်လေးမျိုး သင်ယူထားရာ လေးမျိုးလုံးကို ဒုတိယအဆင့်သို့ မြှင့်တင်ရမည်လား သို့မဟုတ် တစ်မျိုးတည်းဖြင့် လုံလောက်မည်လားလည်း မသိ​ပြန်ပါ ။ တစ်မျိုးတည်းဖြင့် ဒုတိယအဆင့်သို့ တက်နိုင်ပါက ကိစ္စမရှိသော်လည်း လေးမျိုးလုံးကို မြှင့်တင်ရမည်ဆိုပါက အလွန်ဒုက္ခများလေပြီ ။ ဒုတိယအဆင့်ဇွန်ဘီများကို သတ်ရန်အသာထား ရှာဖွေရန်ပင် ခက်ခဲလှ၏။ သတ်ဖြတ်ရန်မှာတော့ ပြောစရာပင်မလိုတော့ပေ။

လက်ရှိတွင် သူသိထားသော ဒုတိယအဆင့်ဇွန်ဘီများမှာ သေဆုံးသွားသည့် ဇွန်ဘီရှောက်ယုံ ၊ ယခုလေးတင် သူ မြင်လိုက်ရသည့် သွေးပမာဏ ၆,၀၀၀ ရှိသော ခေါင်းစွပ်ဇွန်ဘီနှင့် သွေးပမာဏ ၁၀,၀၀၀ ရှိသော ဂေါ်ရီလာဇွန်ဘီတို့သာ ဖြစ်၏။ ဂေါ်ရီလာဇွန်ဘီကို သူအနိုင်တိုက်နိုင်မည် မဟုတ်ပေ။ ခေါင်းစွပ်ဇွန်ဘီကိုမူ နည်းလမ်းရှာ၍ တိုက်နိုင်သော်လည်း သတ်လိုက်သည့်တိုင် အမြုတေအရေအတွက်က မလုံလောက်သေးပါ။ စိတ်ညစ်စရာပင်။

ဝမ်ထောင်သည် ခေါင်းခါ၍ ထိုအကြောင်းများကို ခဏမေ့ထားလိုက်ပြီး ဟန်ရွှေကို ကူညီ၍ ဇွန်ဘီများ သတ်ဖြတ်ရန်သာ အာရုံစိုက်လိုက်၏။ ဝမ်ထောင် ပြင်ဆင်ထားသော အသံချဲ့စက်မှာ ခေါင်းစွပ်ဇွန်ဘီကြောင့် ပျက်စီးသွားသော်လည်း ရည်ရွယ်ချက်မှာ ပြည့်စုံသွားပြီ ဖြစ်၏။ အထူးဇွန်ဘီများစွာကို ဆေးရုံအပြင်ဘက်သို့ ဆွဲဆောင်နိုင်ခဲ့သည်။ ကိုယ်ယောင်ဖျောက်ဆေးရည်၏ အာနိသင် ရှိနေစဉ် ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် ဇွန်ဘီများကို အပြတ်ရှင်းလိုက်၏။ ကိုယ်ယောင်ဖျောက်ဆေးရည်နှင့် ဒူးလေးမြှားတံများကြောင့် ဇွန်ဘီများက သူတို့ကို လုံးဝမတွေ့နိုင်ပေ။

နှစ်ရက်အတွင်းမှာပင် ဆေးရုံအပြင်သို့ ထွက်လာသော အထူးဇွန်ဘီ သုံးဆယ်ကျော်ကို သူတို့နှစ်ဦး သတ်ဖြတ်လိုက်၏။ ဝမ်ထောင် စမ်းသပ်ကြည့်ရာ သွေးပမာဏ ၄,၉၉၉ ရောက်ပြီးနောက် သွေးပမာဏကန့်သတ်ချက်ကို ထပ်မတိုးနိုင်တော့သည်မှာ အမှန်ပင် ဖြစ်၏။ ထိုစမ်းသပ်ချက်မှလွဲ၍ ကျန်ဇွန်ဘီအားလုံးကို ဟန်ရွှေက အဆုံးသတ်လိုက်သည်။ ဟန်ရွှေသည် အလွန်ပင် ပျော်ရွှင်နေ၏။ သူမသည် သွေးပမာဏ နှစ်ထောင်နီးပါးအထိ ရရှိလိုက်သောကြောင့် စုစုပေါင်း သွေးပမာဏ ၃,၀၃၀ အထိ ရောက်ရှိသွားသည်။

ဇွန်ဘီများကို တစ်ခါတည်း အပြီးသတ်နိုင်သော်လည်း ဟန်ရွှေက အိပ်စက်မှသာ သွေးပမာဏ တိုးနိုင်သည်ဖြစ်ရာ အချိန်အနည်းငယ် ကုန်ဆုံးသွား၏။ ဟန်ရွှေ၏ တိုးတက်မှုမှာ ဝေကျန့်ကော်နှင့် အခြားသူများထက် ပို၍မြန်ဆန်နေ၏။ ဝမ်ထောင်ကလည်း ကာကွယ်ကူညီပေးနေပြီး အထူးဇွန်ဘီများကလည်း ပေါများစွာ ရှိနေသောကြောင့် ဖြစ်သည်။

ဇွန်ဘီများစွာ သေဆုံးသွားပြီးနောက် ဆေးရုံအပြင်ဘက်တွင် အထူးဇွန်ဘီများ မကျန်တော့ပေ။ ဆက်လက်သတ်ရန်ဆိုပါက ၎င်းတို့ကို အပြင်သို့ ဆွဲထုတ်ရမည် သို့မဟုတ် အတွင်းသို့ ဝင်ရမည် ဖြစ်၏။ ဝမ်ထောင်၏ အသံချဲ့စက်မှာလည်း မရှိတော့သဖြင့် ဆွဲထုတ်ရန် ခက်ခဲသဖြင့် သူတို့နှစ်ဦး ဆေးရုံအတွင်းသို့ဝင်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ရှောက်ယုံကဲ့သို့ အစွမ်းထက်သူပင် ဆေးရုံတွင် ပိတ်မိခဲ့သည်ကို သူသတိရလိုက်သည်။ ထို့ကြောင့် ဆေးရုံဝင်ပေါက် အနီးတစ်ဝိုက်တွင်သာ နေထိုင်ရန် ဆုံးဖြတ်လိုက်၏။

သို့သော် သူတို့ဆေးရုံအတွင်းသို့ ဝင်ရောက်ပြီးနောက် အထူးဇွန်ဘီများများ ကျန်မနေတော့သည်ကို တွေ့လိုက်ရသည်။

"အကုန်လုံး သေကုန်ပြီလား။ မဖြစ်နိုင်ပါဘူး။ အရင်က ဒီလောက်များတာကို"

ဝမ်ထောင်သည် ဂေါ်ရီလာဇွန်ဘီ ဖျက်ဆီးထားသော လူနာဆောင်အဆောက်အအုံရှိ အပေါက်ကြီးကို ကြည့်လိုက်၏။ ဇွန်ဘီများ အထဲတွင် ရှိနိုင်သည်ဟု သူယူဆသည်။

"ထားလိုက်ပါတော့၊ အထဲက ဇွန်ဘီတွေကို မစဉ်းစားတော့ဘူး။ ရင်ပြင်မှာ ရှိတာတွေကိုပဲ ရှင်းထုတ်မယ်"

ဝမ်ထောင်သည် ဘေးကင်းရေးကိုသာ ပို၍ အရေးပေးလိုက်သည်။

"အင်း"

ဟန်ရွှေလည်း သဘောတူလိုက်၏။ ရင်ပြင်တွင် အထူးဇွန်ဘီ ၈ ကောင် ကျန်ရှိသဖြင့် ဟန်ရွှေ၏ သွေးပမာဏမှာ ၃,၄၇၀ အထိ ရောက်ရှိသွားသည်။သတ်စရာအထူးဇွန်ဘီများမရှိတော့သည်နှင့် သူတို့နှစ်ဦး ရပ်တန့်လိုက်ပြီး တိုက်ခန်းသို့ ချက်ချင်းပြန်သွား၏။

"နောက်ထပ် တစ်ရက်လောက် စောင့်ကြည့်မယ်။ အဆောက်အအုံထဲက ဇွန်ဘီတွေ ထွက်မလာရင် အိမ်ပြန်ကြတာပေါ့"

ဝမ်ထောင်က ​သေချာစဥ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်၏။ အမှန်ဆိုပါက ဟန်ရွှေ၏ သွေးပမာဏကို ၄,၀၀၀ အထိ တိုးပေးချင်သည်။ သို့သော် ဆေးရုံထဲမှ ဇွန်ဘီများက ထွက်မလာတော့ပေ။ ဇွန်ဘီများ ထွက်လာပါက ဟန်ရွှေ၏ သွေးပမာဏကို တိုးပေးရုံသာမက ဝေကျန့်ကော်နှင့် အခြားသူများကိုပါ ခေါ်လာ၍ သွေးပမာဏ တိုးပေးရန် ရည်ရွယ်ထား၏။ လူတိုင်း အစွမ်းထက်လာပါက ဝမ်ထောင်အတွက် ဒုတိယအဆင့်ဇွန်ဘီများကို သတ်ဖြတ်ရန် အကူအညီ ရနိုင်လိမ့်မည်။

သို့သော် အားလုံးမှာ စိတ်ကူးမျှသာ ဖြစ်၏။ နောက်တစ်ရက်ရောက်သောအခါ အထူးဇွန်ဘီများသာမက သာမန်ဇွန်ဘီများပါ ပျောက်ကွယ်သွား၏။

"ထားလိုက်ပါတော့၊ ပြန်ကြမယ်"

ဝမ်ထောင်သည် အိမ်ပြန်၍ အနားယူရန် ဆုံးဖြတ်လိုက်၏။ သို့သော် အိမ်ပြန်လမ်းတွင် ဝမ်ထောင်သည် အသံကြီးတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

"ဂေါ်ရီလာဇွန်ဘီပဲ"

သူတို့နှစ်ဦး ကားကိုချက်ချင်းရပ်ကာ ကားထဲမှ အမြန်ဆင်းပြီး နီးရာအဆောက်အအုံတစ်ခုထဲတွင် ပုန်းခိုလိုက်၏။ မကြာမီ ဂေါ်ရီလာဇွန်ဘီကြီး သူ့တို့ရှေ့မှ ဖြတ်သွားသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် တွေ့သမျှကိုဖျက်ဆီးတတ်သဖြင့် ဝမ်ထောင်သည် သူ၏ကားကိုပါ ကိုင်ပေါက်သွားမည်ကို အလွန်စိုးရိမ်နေခဲ့၏။ ကံကောင်းစွာဖြင့် ဂေါ်ရီလာဇွန်ဘီသည် အခြားလမ်းသို့ ဝင်သွားသဖြင့် သူ၏ကားလေး ဘေးကင်းသွားသည်။

"မြန်မြန်သွားရအောင်၊ အမြန်ပြန်မှ ဖြစ်မယ်"

ဂေါ်ရီလာဇွန်ဘီ ထွက်သွားပြီးနောက် နှစ်ယောက်သား ကားဆီသို့ပြေးတတ်ကာ ချက်ချင်းမောင်းထွက်ခဲ့၏။ ဂေါ်ရီလာဇွန်ဘီ၏ ပေါ်လာခြင်းမှာ သူတို့အတွက် အကျိုးအနည်းငယ် ရှိသည်ဟု ဆိုနိုင်သည်။ သူဖြတ်သွားသည့်လမ်းတွင် အတားအဆီးများ ရှင်းလင်းသွားသဖြင့် ကားမှာ အတားအဆီးမရှိဘဲ အရှိန်ဖြင့် မောင်းနှင်နိုင်၏။ ကားအတွင်းတွင် ဟန်ရွှေသည် ဝမ်ထောင်ကို ကြည့်၍ စိုးရိမ်တကြီး ပြောလိုက်သည်။

"ဂေါ်ရီလာဇွန်ဘီ သွားနေတဲ့လမ်းကြောင်းက လီချို့ယွီရဲ့ အိမ်နားက ဖြတ်သွားမယ့်ပုံပဲ"

ဝမ်ထောင် ခဏမျှ တွေးပြီး ခေါင်းခါလိုက်သည်။

"ငါတို့ ဘာမှလုပ်လို့မရဘူး။ သူရဲ့ကံ ကောင်းပါစေလို့ပဲ ဆုတောင်းရမှာပဲ"

ရိုးရှင်းသော ကိစ္စဆိုပါက သူကူညီပေးမည် ဖြစ်သော်လည်း ဤသည်မှာ သွေးပမာဏ ၁၀,၀၀၀ ရှိသော ဒုတိယအဆင့်ဇွန်ဘီ ဖြစ်၏။ ဝမ်ထောင်၏ လက်ရှိစွမ်းအားဖြင့် သွားရောက်ခြင်းမှာ အသက်ကို လောင်းကစားခြင်းသာ ဖြစ်သည်။

"အင်း"

ဟန်ရွှေသည် လီချို့ယွီကို ဝေါ်ကီတော်ကီဖြင့် ဆက်သွယ်ရန် ကြိုးစားသော်လည်း အဆက်အသွယ် မရရှိပေ။

နှစ်နာရီကြာပြီးနောက် သူတို့နှစ်ဦး ရွှေကျဲစခန်းသို့ ပြန်ရောက်သွား၏။ သူတို့ သုံးရက်ခန့် ထွက်သွားခဲ့ရာ စခန်းတွင် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ ရွေးချယ်ထားသော အသက်ရှင်ကျန်ရစ်သူ ၂၀ စလုံးသည် စွမ်းရည်ရှင်များ ဖြစ်လာကြပြီ ဖြစ်၏။ သူတို့အတွက် အမြုတေများကို အောင်မြင်သည်အထိ အထပ်ထပ်တိုက်ကျွေးထားခြင်းကြောင့် ဖြစ်သည်။ စခန်း၏ ဘက်စုံအင်အားမှာ များစွာ တိုးတက်လာ၏။

ရန်ကျဲနှင့် အခြားသူများမှာ အစပိုင်းတွင် ပျော်ရွှင်နေသော်လည်း ဝမ်ထောင်က ဒုတိယအဆင့်သို့ တက်၍မရသေးကြောင်း ပြောပြသည့်အခါ စိတ်ဓာတ်ကျသွားကြကုန်သည်။ အကယ်၍ ဂေါ်ရီလာဇွန်ဘီကြီးနှင့် မဖြစ်မနေရင်ဆိုင်ရပါက ဝမ်ထောင်သာ ဒုတိယအဆင့်သို့မရောက်သေးလျှင် စခန်းသည် ထိုဇွန်ဘီကို ရင်ဆိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။

"နောက်ပိုင်းမှာ အချိန်ကို အမိအရသုံးပြီး ဇွန်ဘီတွေကို သတ်၊ စွမ်းအားကို မြှင့်တင်ပြီး အမြုတေတွေကို စုဆောင်းထားကြပါ။ ဒုတိယအဆင့်ဇွန်ဘီလို့ သံသယရှိတဲ့ ကောင်မျိုး တွေ့ရင် ချက်ချင်း ဆက်သွယ်ပေးပါ။ ငါ့အတွက်ကတော့ ငါနည်းလမ်းရှာလိုက်ပါ့မယ်"

ဝမ်ထောင်သည် လူတိုင်းကို ကြည့်၍ ပြောလိုက်၏။

"ဟုတ်ကဲ့"

စခန်းရှိ လူငါး၊ ခြောက်ရာလုံးကသာ ပထမအဆင့်စွမ်းရည်ရှင်များ ဖြစ်လာပါက ဒုတိယအဆင့်ဇွန်ဘီ တစ်ကောင်ကိုတော့ အနိုင်တိုက်နိုင်လိမ့်မည်ဟု ယူဆရ၏။

အိမ်ပြန်ရောက်ပြီးနောက် ဝမ်ထောင်သည် စိတ်ညစ်စွာ စဥ်းစားနေမိသည်။ သူ၏လက်ထဲတွင် ဒုတိယအဆင့် အဆင့်တက်အမြုတေ တစ်ခု ရှိသော်လည်း အညစ်အကြေးများ ပါဝင်နေသည်။ အသုံးပြုရသင့်လားဟု သူတွေဝေနေ၏။ အရင်ကကဲ့သို့ အညစ်အကြေးမပါသော အမြုတေကို ပေါင်းစပ်ရန်ဆိုပါက ထိုကဲ့သို့သော အမြုတေ ၃ ခု လိုအပ်မည် ဖြစ်၏။

စွမ်းရည်လေးမျိုးလုံးကို ဒုတိယအဆင့်သို့ မြှင့်တင်ရမည်ဆိုပါက အမြုတေ ၁၂ ခု လိုအပ်မည် ဖြစ်သည်။သို့သော် ပြဿနာမှာ ဒုတိယအဆင့်ဇွန်ဘီ ၁၂ ကောင်ကို ဘယ်မှာရှာရမည်နည်း။

"ဖြစ်ချင်ရာဖြစ် တစ်ခုလောက် အရင်စမ်းသုံးကြည့်လိုက်မယ်"

နောက်ဆုံးတွင် ဝမ်ထောင်သည် စိတ်ကိုတင်း၍ ထိုအမြုတေကို သုံးရန် ဆုံးဖြတ်လိုက်၏။ ခန္ဓာကိုယ်ထဲတွင် အညစ်အကြေး အနည်းငယ် စုပုံမိရုံမျှသာ ဖြစ်ပြီး အတိုင်းအတာတစ်ခုအတွင်း ထိန်းထားနိုင်ပါက လုံခြုံပါသည်။ ဂေါ်ရီလာဇွန်ဘီမှာ အချိန်မရွေး စခန်းသို့ ရောက်လာနိုင်သဖြင့် အမြုတေများကို ဖြည်းဖြည်းချင်း စုဆောင်းရန် အချိန်မရှိတော့ပါ။

ဝမ်ထောင် ထိုအမြုတေကို ထုတ်လိုက်၏။

【ဒုတိယအဆင့်အမြုတေ · အဆင့်တက်ခြင်း】

【အရည်အသွေး -ထူးချွန် (၈၀%)】

【အညစ်အကြေး -၄၅% (ဘေးထွက်ဆိုးကျိုးမရှိ)】

【အဆင့်တက်ခြင်း - ပေါင်းစပ်ပြီးပါက အမြင့်ဆုံးအဆင့်ရောက်နေသော စွမ်းရည်တစ်ခုကို ကျပန်းဒုတိယအဆင့်သို့ မြှင့်တင်ပေးသည်】

ဝမ်ထောင်တွင် +၁၀ အဆင့်သို့ ရောက်နေသော တုန်ခါလှိုင်းစွမ်းရည်နှင့် ကြေးအရေပြားနှင့် သံမဏိအရိုးစွမ်းရည်ဟူ၍ နှစ်ခု ရှိသည်။ တစ်ခုခု မြှင့်တင်ရရှိပါက လက်ခံနိုင်၏။ ဝမ်ထောင် ပြတ်သားစွာဖြင့် အမြုတေကို ပါးစပ်ထဲ ထည့်လိုက်သည်။

အမြုတေမှာ ချက်ချင်းလိုလို ဓာတ်ငွေ့အဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားလေသည်။ ဝမ်ထောင် တစ်ကိုယ်လုံး နွေးထွေးသွားပြီး မည်သည့်အမှားအယွင်းမှ မရှိဘဲ အောင်မြင်သွား၏။

"ကောင်းလိုက်တာ"

ခဏအကြာတွင် နွေးထွေးမှုမှာ ပျောက်ကွယ်သွားပြီး သူ၏ ပင်ပန်းနွမ်းနယ်မှုများလည်း ပျောက်သွားသည်။ သူ၏ အရည်အချင်းများကို ကြည့်လိုက်ရာ သွေးပမာဏမှာ ၄,၉၉၉ အတိုင်း ဖြစ်သော်လည်း စွမ်းအင်ဘားတန်းမှာ ၂,၅၀၀ မှ ၂,၇၀၀ သို့ တိုးလာ၏။ ဒုတိယအဆင့်အမြုတေတစ်ခုက စွမ်းအင် ၂၀၀ တိုးပေးသည်ဟု ဆိုရမည်။

【ခန္ဓာကိုယ်တွင်း အညစ်အကြေးများ: ၀%】

အညစ်အကြေးများကို ကြည့်၍ ဝမ်ထောင် သက်ပြင်းချလိုက်၏။ သူ၏ တုန်ခါလှိုင်းစွမ်းရည်မှာ ဒုတိယအဆင့်သို့ တက်သွားပြီ ဖြစ်သည်။

ဝမ်ထောင်သည် ဒုတိယအဆင့်စွမ်းအားကို စမ်းသပ်ရန်အတွက် အပြင်သို့ ထွက်သွားလိုက်၏။ ဟန်ရွှေကို ခေါ်သွားပြီး အထူးဇွန်ဘီတစ်ကောင်ကို ရှာဖွေလိုက်၏။ အကြာကြီး ရှာပြီးမှ ပေါက်ကွဲဇွန်ဘီတစ်ကောင်ကို တွေ့လိုက်ရသည်။ ဝမ်ထောင်သည် အကျိအချွဲဗုံးကို သုံး၍ ထိန်းချုပ်လိုက်ပြီး ပုဆိန်ကို ဝှေ့ယမ်းလိုက်၏။ ထင်ရှားသော တုန်ခါလှိုင်းစွမ်းရည်မှာ ပုဆိန်သွားမှ ထွက်ပေါ်လာပြီး ပေါက်ကွဲဇွန်ဘီကို ရိုက်ခတ်လိုက်၏။

ဗုန်း...

ပေါက်ကွဲဇွန်ဘီမှာ ပေါက်ကွဲသွားလေ၏။ သို့သော် သူ၏ ကိုယ်ပိုင်ဖောက်ခွဲစွမ်းရည်ကြောင့် မဟုတ်ဘဲ တုန်ခါလှိုင်းကြောင့် အပိုင်းပိုင်း ဖြစ်သွားခြင်း ဖြစ်၏။

"အရမ်းသန်မာတာပဲ။ ဒါ ဒုတိယအဆင့်စွမ်းရည်ရှင်ရဲ့ အစွမ်းလား"

ဟန်ရွှေသည် အံ့အားသင့်စွာဖြင့် တိုးတိုးလေး ပြောလိုက်၏။

"ဒါက ဒုတိယအဆင့်စွမ်းရည်ရဲ့ အစွမ်းပဲ၊ ငါက ဒုတိယအဆင့်စွမ်းရည်ရှင် မဟုတ်သေးဘူး"

ဝမ်ထောင်ကတော့ ပျော်ရွှင်ခြင်း မရှိပါ။ သူ၏သွေးပမာဏမှာ တိုးမလာသောကြောင့် ဖြစ်၏။ သူစိုးရိမ်ခဲ့သည့်အတိုင်း စွမ်းရည်လေးမျိုးလုံးကို ဒုတိယအဆင့်သို့ မြှင့်တင်ရဦးမည် ဖြစ်၏။

"ဟုတ်လား.."

ဟန်ရွှေလည်း စိတ်မကောင်းဖြစ်သွားလေ၏။ သူမသည် စွမ်းရည်နှစ်မျိုးသာ သိထားသော်လည်း သူမသည် လေးမျိုးအထိ သင်ယူနိုင်သည်ဟု ခံစားရသည်။ ဝမ်ထောင်မှာမူ လေးမျိုးသင်ထားသဖြင့် အနည်းဆုံး အဆင့်တက်အမြုတေ လေးခု လိုအပ်ပေလိမ့်မည်။

"စွမ်းအားဆိုတာ အဖိုးအခ ပေးရတာပဲ"

ဝမ်ထောင် သက်ပြင်းချလိုက်၏။

"ဒါဆို... ဇွန်ဘီတွေကို ဆက်သတ်မှာလား"

ဟန်ရွှေက မေးလိုက်၏။

"သတ်မယ်"

ဝမ်ထောင် ခေါင်းညိတ်လိုက်၏။ အမြုတေများ လိုအပ်နေသေးသည်။ ဒုတိယအဆင့်ဇွန်ဘီများကို ရှာဖွေရမည်။ ဂေါ်ရီလာဇွန်ဘီနှင့် ခေါင်းစွပ်ဇွန်ဘီကိုသာ သူသိသေးသည်။ ထိုနှစ်ကောင်ကို သတ်နိုင်သည့်တိုင် နောက်ထပ် အမြုတေတစ်ခု လိုအပ်ဦးမည်ဖြစ်၏။ ထို့အပြင် တိကျစွာပစ်ခတ်ခြင်းစွမ်းရည်နှင့် ကိုယ်တိုင်ပြန်လည်ကုသခြင်းစွမ်းရည်တို့ကိုလည်း မြှင့်တင်ရဦးမည်။

ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် ညနေအထိ ဇွန်ဘီများကို သတ်ဖြတ်ခဲ့ကြသော်လည်း အထူးဇွန်ဘီ ၅ ကောင်သာ တွေ့ရ၏။

"ပြန်ပြီး ကောင်းကောင်းနားလိုက်တော့"

ဝမ်ထောင်က ဟန်ရွှေကို ပြောလိုက်၏။ ဟန်ရွှေသည် သွေးပမာဏ ၃,၇၀၀ အထိ တိုးလာပြီ ဖြစ်၏။ နောက်တစ်နေ့တွင် ဝမ်ထောင်သည် ဟန်ရွှေအပြင် တင်ယွီချင်၊ ကောဟွာနှင့် ချန်ကျွမ်းတို့ကိုပါ ခေါ်သွားလိုက်၏။ သူတို့မှာ သွေးပမာဏ ၁,၀၀၀ ကျော်သွားပြီဖြစ်ရာ သာမန်ဇွန်ဘီများဖြင့် သွေးပမာဏ မတိုးတော့ဘဲ အထူးဇွန်ဘီများကိုသာ သတ်ရမည် ဖြစ်၏။ သူတို့အား အထူးဇွန်ဘီများ၏ သဘောသဘာဝကို သိစေရန် ခေါ်သွားခြင်း ဖြစ်သည်။

ယနေ့တွင် အထူးဇွန်ဘီ ၁၆ ကောင်အထိ တွေ့ရသဖြင့် ဟန်ရွှေ၏ သွေးပမာဏမှာ ၄,၀၀၀ အထိ ရောက်ရှိသွားပြီး အိပ်ပျော်သွား၏။ တင်ယွီချင်၊ ကောဟွာနှင့် ချန်ကျွမ်းတို့လည်း အထူးဇွန်ဘီများကို သတ်ဖြတ်ခြင်း၏ အရသာကို ခံစားလိုက်ရသည်။

ဟန်ရွှေကို အိမ်သို့ ပို့ပေးပြီးနောက် ဝမ်ထောင်သည် အိမ်သို့ ပြန်လာခဲ့သည်။ ဟန်ရွှေ၏ အိမ်တွင် ဆန်းဝေကွမ်းကို တွေ့လိုက်ရ၏။

"ကော်မတီဝင်ဝမ်"

ဆန်းဝေကွမ်းမှာ ဝမ်ထောင်ကို ကြည့်၍ အံ့အားသင့်သွားသည်။

"မင်း ဘယ်တွေ ရောက်နေတာလဲ"

ဝမ်ထောင်ကလည်း သိချင်စိတ်ဖြင့် မေးလိုက်၏။

"ကျွန်တော် အိုရင်းရင်းနဲ့ပဲ ရှိနေတာပါ။ ဟန်ရွှေနဲ့ လမ်းခွဲကြောင်း တရားဝင် ပြောပြမလို့ လာတာပါ"

"အေးပါ၊ ဒါဆို ငါမနှောင့်ယှက်တော့ဘူး"

ဝမ်ထောင် ခေါင်းညိတ်၍ ထွက်သွားလိုက်၏။ ထို့နောက် ရန်ကျဲကို မေးလိုက်၏။

"ဒီနေ့မှာ မျက်နှာသစ်တွေ ဘာလို့များနေတာလဲ"

ရန်ကျဲက ပြန်ပြော၏။

"ဂေါ်ရီလာဇွန်ဘီကြောင့်လေ။ အသက်ရှင်ကျန်ရစ်သူစခန်းသေးသေးလေးတွေ အတော်များများ ပျက်စီးသွားကြလို့ပါ"

.............

All Chapters