← Chapters

အခန်း ၁၃၂

Vol. 12 Ch. 132

အခန်း ၁၃၂

Vol. 12 Ch. 132

အခန်း ၁၃၂ - လက်စားချေခြင်း

"အဲဒီလိုလား"

ဂေါ်ရီလာဇွန်ဘီကြောင့် ဖြစ်ပေါ်လာသည့် ဖျက်ဆီးမှုပမာဏမှာ ဝမ်ထောင် တွေးထားသည်ထက် များစွာ ပိုမိုပြင်းထန်နေ၏။ ၎င်းသည် လမ်းတစ်လျှောက်ရှိ တွေ့သမျှ အရာအားလုံးကို ဖျက်ဆီးပစ်လေ့ရှိသည်။ ကံဆိုးသည့် အသက်ရှင်ကျန်ရစ်သူစခန်းငယ်အချို့မှာ အလွန်ပင် ဒုက္ခရောက်ကြရသည်။

ဂေါ်ရီလာဇွန်ဘီကြီးက မထင်မှတ်ဘဲ ရောက်လာတတ်သဖြင့် ထွက်ပြေးရန်အချိန်မရဘဲ ဖျက်ဆီးခံလိုက်ရခြင်း သို့မဟုတ်အုပ်စုလိုက် သေဆုံးသွားခြင်းတို့ ဖြစ်ပွားခဲ့၏။ အသက်ရှင်ကျန်ရစ်သူများမှာ ဆက်မနေရဲတော့ဘဲ ထွက်ပြေးခဲ့ကြသည်။

ကမ္ဘာပျက်ကပ် စတင်ခဲ့သည်မှာ နှစ်လကျော်ပြီ ဖြစ်၍ ရွှေကျဲခရိုင်ရှိ အသက်ရှင်ကျန်ရစ်သူ အများစုမှာ ရွှေကျဲတက္ကသိုလ် အသက်ရှင်ကျန်ရစ်သူစခန်းအကြောင်းကို သိနေကြသည်။ ရွှေကျဲစခန်းမှ မုဆိုးများမှာ အပြင်သို့ထွက်သည့်အခါတွင်လည်း အခြားအသက်ရှင်ကျန်ရစ်သူများနှင့် တွေ့ဆုံလေ့ရှိသဖြင့် သတင်းများမှာ တဖြည်းဖြည်း ပျံ့နှံ့သွား၏။ ထို့အပြင် ရွှေကျဲစခန်းမှ ဝေါ်ကီတော်ကီများဖြင့် အချိန်အခါအလိုက် အသံထုတ်လွှင့်နေသဖြင့် အရပ်ဘက်သုံး ဝေါ်ကီတော်ကီများ ရှိသူများအနေဖြင့် အချက်ပြမှုများကို လက်ခံရရှိနိုင်၏။

သို့သော် ထိုစခန်းအကြောင်း သိရှိခြင်းနှင့် လာရောက်ရန် ဆန္ဒရှိခြင်းမှာ မတူညီပေ။ လာရောက်ခြင်းသည် စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ပြီး သူတို့၏ လွတ်လပ်မှုကို ဆုံးရှုံးရမည် ဖြစ်၏။ထို့အပြင် လမ်းခရီးတွင်လည်း ဇွန်ဘီများစွာ ရှိနေသဖြင့် ရွှေကျဲစခန်းသို့ ရောက်ရန်မှာ အလွန်အန္တရာယ်ကြီးမား၏။ ထို့ကြောင့် သူတို့သည် အသက်ရှင်နိုင်သမျှလေးဖြင့် ကြိုးစားရှင်သန်နေရန်သာ ကြိုးစားခဲ့ကြသော်လည်း ယခုအခါတွင်မူ ထိုသို့လုပ်ရန် မဖြစ်နိုင်တော့ပေ။ စခန်းငယ်များမှာ လူဦးရေ အများဆုံး တစ်ဒါဇင်ခန့်သာ ရှိပြီး ထိုသို့သော အန္တရာယ်ကြီးကို ခုခံနိုင်သည့် လူသူလက်နက်အင်အား လုံးဝမရှိပေ။ ယခင်က အစွမ်းထက်သည့် အထူးဇွန်ဘီများနှင့် တွေ့ပါက ပုန်းကွယ်နိုင်သော်လည်း ယခု ဂေါ်ရီလာဇွန်ဘီနှင့် တွေ့ပါက လုံးဝမဖြစ်နိုင်တော့ပေ။ စခန်းငယ်များစွာမှာ လုံးဝသုတ်သင်ခံလိုက်ရပြီး အသက်ရှင်ကျန်သူများမှာလည်း ထွက်ပြေးခဲ့ကြရ၏။

သို့သော် ရွှေကျဲတက္ကသိုလ်သို့ ရောက်ရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။

"ဒီနေ့ လူ ၃၂ ယောက် ရောက်လာတယ်။ သူတို့ပြောပုံအရ ၅၀ ကျော် သေဆုံးသွားတယ်တဲ့"

ရန်ကျဲ၏ လေသံမှာ အနည်းငယ် ဝမ်းနည်းနေ၏။ စခန်း၏ လူဦးရေ တိုးလာခြင်းမှာ ကောင်းသော်လည်း အသက်ရှင်ကျန်ရစ်သူများစွာ သေဆုံးသွားခြင်းမှာ စိတ်မကောင်းစရာပင်။ ဂေါ်ရီလာဇွန်ဘီက ဤကဲ့သို့ ဖျက်ဆီးနေပါက မကြာမီတွင် ရွှေကျဲခရိုင်၌ ရွှေကျဲစခန်းတစ်ခုတည်းတွင်သာ လူများ ကျန်ရှိတော့မည်ဟု ခန့်မှန်းရ၏။

"ငါတို့လည်း ဘာမှလုပ်လို့မရဘူးလေ"

ဝမ်ထောင်သည် ခေါင်းခါလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် တစ်စုံတစ်ခုကို သတိရသွားသဖြင့် ပြန်မေးလိုက်၏။

"ဟုတ်ပြီ၊ ဒီလူတွေထဲမှာ လီချို့ယွီဆိုတဲ့သူ ပါလာသေးလား"

ရန်ကျဲ ခေါင်းခါလိုက်သည်။

"လီချို့ယွီလား၊ မပါဘူး။ အဲဒီနာမည်ကို မကြားမိဘူး"

"ဒါဆိုလည်း ကိစ္စမရှိပါဘူး။ သူမက ငါ့ကို အရင်က ကူညီဖူးတယ်။ ဂေါ်ရီလာဇွန်ဘီက သူမအိမ်ဘက်ကို ဦးတည်သွားတာ မြင်လိုက်ပေမဲ့ ကူညီဖို့ နည်းလမ်းမရှိခဲ့ဘူး"

ဝမ်ထောင်သည် ထိုအချိန်က အခြေအနေကို ရှင်းပြလိုက်၏။ စိတ်မကောင်းဖြစ်ရသော်လည်း လီချို့ယွီအတွက်မူ သူမျှော်လင့်ချက် မထားတော့ပေ။

"အင်း..မင်းအမှား မဟုတ်ပါဘူး"

ရန်ကျဲ ခေါင်းခါလိုက်သည်။ ဝမ်ထောင်မှာ ဒုတိယအဆင့်သို့ မရောက်သေးသဖြင့် ဂေါ်ရီလာဇွန်ဘီကြီးကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

"ဒါပေမဲ့ သူမအသက်ရှင်နေမလားဆိုတာတော့ ငါသတိထားကြည့်ပေးပါ့မယ်"

"ကောင်းပြီ၊ ငါပြန်တော့မယ်"

ဝမ်ထောင် ထွက်ခွာသွားပြီးနောက် ရန်ကျဲ မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်၏။

"လီချို့ယွီဆိုတဲ့ နာမည်က မပါဘူးထင်တာပဲ"

သူသည် စာရင်းကို ထုတ်ယူကာ စစ်ဆေးကြည့်လိုက်၏။

"ယန်ထိုင်၊ မုန့်ရှောက်ကျွမ်း၊ ဝူဖေး... တကယ်ပဲ သူမနာမည် မပါဘူး"

... ဆရာများအဆောင်တိုက်ခန်း။

ဟန်ရွှေသည် နိုးလာသည့်အခါ ဝမ်ထောင်ကို မမြင်ရသဖြင့် စိတ်ပျက်သွားသည်။ သို့သော် ဆန်းဝေကွမ်းသည် ဧည့်ခန်းတွင် ရှိနေသည်ကို တွေ့လိုက်ရ၏။

"ရှင် ဒီမှာ ဘာလာလုပ်တာလဲ"

ဟန်ရွှေ၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွား၏။ ဆန်းဝေကွမ်း အိမ်တွင်မရှိစဉ်က သူမ အတော်ပင် သက်သောင့်သက်သာ နေနိုင်ခဲ့သည်။ သူမသည် ဆန်းဝေကွမ်းကို အခုအခါ အလွန်ရွံမုန်းနေပြီ ဖြစ်၏။ သူမကို ဆေးခတ်ခဲ့သည့်အတွက် သူ့ကို သတ်ပစ်လိုက်လျှင်ပင် နည်းနေသေးသည်ဟု သူမ ခံစားရ၏။ အတိတ်က ဆက်ဆံရေးကြောင့်သာ သူမသည် ထိုသို့မလုပ်ဆောင်ဘဲ နေခဲ့ခြင်း ဖြစ်သော်လည်း ဆန်းဝေကွမ်းကို နောက်ထပ် မမြင်ချင်တော့ပေ။

"နိုးပြီလား၊ ဒီလိုပါ... ဒီနှစ်တွေအတွင်း ငါ့ကို စောင့်ရှောက်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်။ ငါမင်းကို ဒုက္ခအများကြီး ပေးခဲ့မိတယ်ဆိုတာ သိပါတယ်။ အကုန်လုံး ငါ့အမှားပါ..."

ဆန်းဝေကွမ်း၏ စကားများကို နားထောင်ရင်း ဟန်ရွှေ မျက်မှောင်ကြုတ်လိုက်၏။ ဆန်းဝေကွမ်းသည် ပြန်ပေါင်းစည်းချင်နေခြင်းလား သို့မဟုတ် တစ်စုံတစ်ခု လိုချင်နေခြင်းလား ။

"ငါ တည့်တည့်ပဲ ပြောတော့မယ်။ ငါတို့ ဒီအတိုင်းပဲ လမ်းခွဲပြီး ကိုယ့်ဘဝနဲ့ကိုယ် နေကြရအောင်။ ဆိုလိုတာက... ကွာရှင်းကြရအောင်။ မင်း ဘယ်လိုထင်လဲ"

ဒါပဲလား။

ဟန်ရွှေသည် သူ့ကို လှောင်ပြောင်ချင်သော်လည်း ဆန်းဝေကွမ်း၏ တည်ကြည်သော မျက်နှာကို မြင်သောအခါ သူ အမှန်တကယ် ပြောင်းလဲသွားပြီဟု ခံစားလိုက်ရသဖြင့် ခေါင်းညိတ်လိုက်၏။

"ကောင်းပြီ၊ ငါသဘောတူတယ်"

ကမ္ဘာပျက်ကပ် ဖြစ်နေသဖြင့် ထိုသို့သော အစဉ်အလာများ မလိုအပ်သော်လည်း အိမ်ထောင်ပြုခဲ့ကြသူများ ဖြစ်သည့်အတွက် ကောင်းမွန်စွာလမ်းခွဲခြင်းမှာ အကောင်းဆုံးပင်။

ဟန်ရွှေက ချက်ချင်း သဘောတူလိုက်သည်ကို မြင်သောအခါ ဆန်းဝေကွမ်းသည် ရင်ထဲတွင် အနည်းငယ် နာကျင်သွားပြီး ခါးသီးစွာ ပြုံး၍ ခေါင်းညိတ်လိုက်၏။

"ဒါဆိုရင်... ငါသွားတော့မယ်"

ဆန်းဝေကွမ်းသည် အခန်းသော့များကို ချထားခဲ့လိုက်၏။

"ရှင် အိုရင်းရင်းနဲ့ရော အဆင်ပြေရဲ့လား"

ဟန်ရွှေက ရုတ်တရက် မေးလိုက်၏။

"အင်း၊ အိုရင်းရင်းက တောင်းပန်ပါတယ်တဲ့။ မင်းကို ရင်ဆိုင်ရမှာ ရှက်နေလို့ မလာတာပါ..."

ဆန်းဝေကွမ်းသည် ခဏရပ်လိုက်ပြီး ထွက်သွား၏။ ဆန်းဝေကွမ်း၏ ကျောပြင်ကိုကြည့်ရင်း ဟန်ရွှေမှာ စိတ်ရှုပ်ထွေးသွားသည်။ သူမသည် သူ့ကို လွမ်းဆွတ်နေခြင်း မဟုတ်သော်လည်း တစ်ချိန်က ခင်ပွန်းဖြစ်ခဲ့သူနှင့် ဤသို့ အဆုံးသတ်ရခြင်းမှာ စိတ်မကောင်းစရာပင်။

ခေါင်းခါလိုက်ပြီး ဟန်ရွှေသည် ထိုအကြောင်းများကို မေ့ထားလိုက်သည်။ သူမတွင် စိတ်ကူးယဉ်နေရန် အချိန်မရှိပါ၊ စွမ်းအားကို မြှင့်တင်ရန်သာ အဓိက ဖြစ်၏။

ဆန်းဝေကွမ်းသည် ဆရာများအဆောင်မှ ထွက်လာပြီးနောက် အိုရင်းရင်းနေသော ကျောင်းသားအဆောင်သို့ သွားလိုက်၏။ အခန်း၄၀၄ အပြင်ဘက်သို့ ရောက်သောအခါ တံခါးကို ခေါက်လိုက်သည်။

"ရင်းရင်း၊ တံခါးဖွင့်ပါဦး၊ ကိုယ်ပါ"

မည်သူမျှ ပြန်မဖြေပေ။ ဆန်းဝေကွမ်း ထပ်ခေါက်လိုက်သည်။

"ကိုယ်ပါ ရင်းရင်း၊ ဖွင့်ပါဦး"

မည်သူမျှ မရှိပေ။

ဆန်းဝေကွမ်း မျက်မှောင်ကြုတ်လိုက်၏။ ဤမျှ နောက်ကျနေပြီ ဖြစ်၍ အိုရင်းရင်း အပြင်တွင် မရှိနိုင်ပေ။ ထိုအချိန်တွင် အိမ်နီးချင်းအခန်းမှ လူတစ်ယောက် ထွက်လာ၏။

"အဘိုးကြီးလီ၊ ရင်းရင်းကို တွေ့မိလား"

အဘိုးကြီးလီမှာ ဆန်းဝေကွမ်းကို ထူးဆန်းစွာ ကြည့်လိုက်၏။

"အေ၊ ခုနက လူတစ်ယောက်က အောက်မှာ ရင်းရင်းကို ခေါ်နေတာ၊ သူလည်း ဆင်းသွားတယ်။ အဲဒီလူက မင်းမဟုတ်ဘူးလား"

"ဟင်.."

ဆန်းဝေကွမ်း ကြောင်သွား၏။ ညဘက်ကြီးတွင် အိုရင်းရင်းကို လာခေါ်သည့် လူတစ်ယောက်လား။ သူ့မှာ ဆိုးရွားသော ခံစားချက်တစ်ခု ဝင်လာ၏။ သူ ထပ်ပြီး အလိမ်ခံရပြန်ပြီလော။

"သူတို့ ဘယ်သွားကြလဲ"

ဆန်းဝေကွမ်းသည် အလျင်စလို မေးလိုက်၏။

"ဟိုဘက်က တောအုပ်လေးဘက်ကို သွားတာနေမှာ။ ဟေ့ကောင်၊ အဲလောက် မြန်မြန်မပြေးနဲ့လေ။ ရန်မဖြစ်နဲ့နော်၊ စခန်းထဲမှာ ရန်ဖြစ်ရင် အကျိုးဆက်က ကြောက်ဖို့ကောင်းတယ်..."

အဘိုးကြီးလီ စကားမဆုံးခင်မှာပင် ဆန်းဝေကွမ်း ပျောက်ကွယ်သွားပြီ ဖြစ်၏။

ဆန်းဝေကွမ်းသည် တောအုပ်လေးဆီသို့ အမြန်ဆုံး သွားလိုက်၏။

"မဖြစ်နိုင်ပါဘူး၊ ရင်းရင်းနဲ့ငါက အချစ်စစ်နဲ့ ချစ်ကြတာ။ သူမ တခြားလူနဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ညအမှောင်တွင် တောအုပ်လေးထဲ၌ လူသူမရှိပေ။ ဆန်းဝေကွမ်း သေသေချာချာ ရှာဖွေကြည့်သောအခါ ကျောက်ခုံတစ်ခုပေါ်တွင် ထိုင်နေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။ ရှည်လျားသော ဆံပင်များကို ကြည့်ခြင်းအားဖြင့် အိုရင်းရင်း ဖြစ်ကြောင်း သိလိုက်ရသည်။ ဆန်းဝေကွမ်းသည် တခြားလူ ရှိ၊ မရှိ အရင်စောင့်ကြည့်လိုက်၏။

သူ့တွင် အချိန်ရှိသေးသည်၊ အိုရင်းရင်းက ငါ့ကို သစ္စာမဖောက်နိုင်ဘူး။

"ရင်းရင်း၊ ဒီမှာ ဘာလုပ်နေတာလဲ"

အသံကြားသောအခါ အိုရင်းရင်း ခေါင်းမော့လိုက်၏။ သို့သော် အလင်းရောင် အနည်းငယ်သာ ရှိသဖြင့် ဆန်းဝေကွမ်းသည် သူမ၏ မျက်နှာကို သေသေချာချာ မမြင်ရပေ။

"ဘာဖြစ်နေတာလဲ၊ ကိုယ့်ကို ပြောပြပါ။ ကိုယ်က တစ်နေ့ကို ရိက္ခာကူပွန် ၄ ခု ရနိုင်တဲ့သူပါ၊ ဘာမဆို ဖြေရှင်းပေးနိုင်တယ်"

ဆန်းဝေကွမ်းသည် ရယ်မော၍ ပြောလိုက်၏။ ဟန်ရွှေနှင့် ရှိစဉ်က ရိက္ခာကူပွန် တစ်ခုသာ ရခဲ့သော်လည်း အိုရင်းရင်းနှင့် ရှိသည့်အခါတွင်မူ အလုပ်ကြမ်းလုပ်ရုံဖြင့် ကူပွန် ၄ ခု ရနိုင်၏။

"ရင်းရင်း"

အိုရင်းရင်း ဘာမှမပြောသဖြင့် ဆန်းဝေကွမ်း ထူးဆန်းသွားပြီး သူမပခုံးကို ကိုင်လိုက်၏။

"ရင်းရင်း ဘာဖြစ်.....၊ အား"

အိုရင်းရင်း ခေါင်းမော့လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာကို တွေ့လိုက်ရ၏။ သူမ၏ မျက်လုံးများမှာ ဖြူလျော်ဖြစ်နေပြီး အရေပြားပေါ်တွင် အမည်းရောင် သွေးကြောများ ပေါ်နေသည်။

ဆန်းဝေကွမ်း ကြောက်လန့်တကြားဖြင့် နောက်သို့ လဲကျသွား၏။

"ဇွန်...ဇွန်ဘီ... မင်း... မင်း ဘာဖြစ်သွားတာလဲ"

"ဂစ်... ခရီး..."

အိုရင်းရင်းသည် တိုးတိတ်စွာအော်ကာ သူမ၏ လက်ကို ဆန့်ထုတ်လိုက်၏။ ဆန်းဝေကွမ်းမှာ ပြန်မထနိုင်ဘဲ ဖင်ဒရွတ်တိုက်ကာ နောက်သို့ တရွေ့ရွေ့ ဆုတ်သွား၏။

"ရင်း..ရင်းရင်း..ကိုယ်လေ.."

"အား...မလာနဲ့.."

အိုရင်းရင်းသည် ဆန်းဝေကွမ်းကို ဖမ်းရန် ကြိုးစားရင်းမှ ရုတ်တရက်ရပ်တန့်သွား၏။

"ဂရား...ဂီးဂီး.."

"ဟင်.."

သူမက ရှေ့သို့တိုးနေသော်လည်း တစ်ခုခုက ဆွဲထားသလို ဖြစ်နေ၏။ ထိုအခါမှ သူမကိုယ်ပေါ်တွင် သံကြိုးတစ်ချောင်းဖြင့် သစ်ပင်တွင် ချည်နှောင်ထားသည်ကို တွေ့လိုက်ရသည်။ ကြောက်လန့်မှုအနည်းငယ် ပျောက်သွားပြီးနောက် ဆန်းဝေကွမ်းမှာ သတိဝင်လာ၏။

အိုရင်းရင်းမှာ ဒုက္ခရောက်နေလေပြီ ။

ဘယ်သူ.. ဘယ်သူက လုပ်တာလဲ။

ဆန်းဝေကွမ်း ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ ဘေးတွင် မည်သူမျှ မရှိပေ။

"ဟုတ်ပြီ၊ ဗိုင်းရပ်တားဆီးဆေး... ရင်းရင်း စောင့်နေ၊ ကိုယ် ဗိုင်းရပ်တားဆီးဆေး ရှာပေးမယ်"

ဆန်းဝေကွမ်း ပြေးထွက်သွား၏။

ဝမ်ထောင်မှာ ညတိုင်း လေ့ကျင့်ခန်း လုပ်နေကျအတိုင်း လုပ်နေ၏။ ထိုအချိန်တွင် ဝေါ်ကီတော်ကီမှ အသံတစ်ခု ထွက်လာ၏။

"ကော်မတီဝင်ဝမ်၊ စခန်းထဲမှာ ဇွန်ဘီ ပေါ်လာတယ် ။ ကျောင်းသားအဆောင် အမှတ် ၁ အောက်ကို မြန်မြန်လာခဲ့ပါ"

ဝမ်ထောင်သည် ဘာမှမပြောဘဲ သူ၏ အရှိန်ပြင်းဝင်တိုက်ဝတ်စုံကို ချက်ချင်း ဝတ်ဆင်လိုက်၏။

"မရီး.. အိမ်မှာပဲနေ၊ အပြင်မထွက်နဲ့၊ စခန်းထဲမှာ ဇွန်ဘီ ပေါ်လာတယ်"

"ဟင်၊..အင်း..အင်း...သတိထားပါ"

တင်ယွီချင်သည် မီးသတ်ပုဆိန်ကို ကမ်းပေးရင်းမှ စိုးရိမ်စွာ ပြောလိုက်၏။

ဝမ်ထောင်မှာ မကြာမီ ကျောင်းသားအဆောင် အမှတ် ၁ သို့ ရောက်သွား၏။ ဝေကျန့်ကော်၊ ရှန့်ဟုန်ပင်းနှင့် အခြား ကော်မတီဝင်များမှာလည်း ရောက်နေကြပြီ ဖြစ်၏။

"ဘာဖြစ်တာလဲ"

"ဆန်းဝေကွမ်းက ဗိုင်းရပ်တားဆီးဆေး လာတောင်းတယ်။ သူက တောအုပ်လေးထဲမှာ ကူးစက်ခံရတဲ့သူ ရှိတယ်လို့ ပြောတယ်။ ဝန်ထမ်းတွေ သွားကြည့်တော့ ဇွန်ဘီ ဖြစ်သွားပြီ"

ရန်ကျဲက ရှင်းပြ၏။

"ဇွန်ဘီက ဘယ်မှာလဲ၊ ထိခိုက်သူ ရှိသလား"

"တောအုပ်လေးထဲမှာ၊ သံကြိုးနဲ့ ချည်ထားတယ်။ ထိခိုက်သူ မရှိသေးဘူး"

ဇွန်ဘီမှာ ချည်နှောင်ခံထားရပြီး ထိခိုက်သူ မရှိကြောင်း သိရသဖြင့် အားလုံး သက်ပြင်းချလိုက်၏။

"ဆန်းဝေကွမ်းက ဇွန်ဘီကို တွေ့တာလား၊ သူဘယ်မှာလဲ"

"သူ့ကို ထိန်းသိမ်းထားတယ်၊ စိတ်အခြေအနေ မတည်ငြိမ်ဘူး။ သူ့ချစ်သူက အသက်ရှင်နိုင်သေးတယ်လို့ပဲ ပြောနေတယ်"

"ချစ်သူလား၊ အိုရင်းရင်း များလား"

ဝမ်ထောင် စိတ်ထဲတွင် တွေးလိုက်၏။

သူတို့ တောအုပ်ထဲသို့ ရောက်သွားကြသည်။ လက်နှိပ်ဓာတ်မီးများ၏ အလင်းရောင်အောက်တွင် ဇွန်ဘီ ဖြစ်နေသော အိုရင်းရင်းကို တွေ့လိုက်ရ၏။ သူမခါးတွင် သံကြိုးဖြင့် ချည်နှောင်ထားသည်။

"ဒီသံကြိုးကို ဘယ်သူ ချည်တာလဲ"

ဝေကျန့်ကော် မေးလိုက်၏။

"ဆန်းဝေကွမ်းလည်း မသိဘူးတဲ့၊ သူလုပ်တာ မဟုတ်ဘူး ပြောတယ်"

ရန်ကျဲ၏ အမူအရာမှာ တည်ငြိမ်နေ၏။

"တခြားလူ ရှိနေတာလား။ အိုရင်းရင်းကို လုပ်ကြံတာများလား"

အိုရင်းရင်းမှာ အပြင်မထွက်ခဲ့ဖူးသဖြင့် ဇွန်ဘီဗိုင်းရပ်စ် ကူးစက်နိုင်စရာမရှိပေ။ ထို့ကြောင့် သူမကို ဇွန်ဘီသွေးဖြင့် ကူးစက်အောင် လုပ်ခြင်း ဖြစ်ရမည်။

"စုံစမ်းစမ်း... ဘယ်သူက ဒီလောက်ထိ ရဲတင်းသလဲဆိုတာ ငါကြည့်မယ်"

ရှန့်ဟုန်ပင်းမှာ ဒေါသထွက်သွား၏။ ဝမ်ထောင်သည် ဇွန်ဘီ၏ မျက်နှာကို ကြည့်လိုက်၏။ အိုရင်းရင်း၏ လည်ပင်းတွင် နက်ရှိုင်းသော အကိုက်ခံရသည့်အမှတ်အသားကို တွေ့လိုက်ရ၏။

"မကောင်းတော့ဘူး.. စခန်းထဲမှာ ဇွန်ဘီ ရှိနေတယ်၊ သူက ဇွန်ဘီသွေးနဲ့ ကူးစက်တာ မဟုတ်ဘူး၊ အကိုက်ခံရတာ"

"ဘာ"

ဝမ်ထောင်သည် မြေပြင်ကို စစ်ဆေးလိုက်၏။ ခြေရာများအနက် တစ်ခုမှာ မြောက်ဘက် နံရံဆီသို့ ဦးတည်နေ၏။

"မင်းတို့ တခြားနေရာတွေကို ရှာကြည့်၊ ငါ အပြင်ထွက်ကြည့်လိုက်မယ်"

ဝမ်ထောင် လက်နှိပ်ဓာတ်မီးကို ကိုင်၍ ခြေရာအတိုင်း ပြေးသွား၏။

"မြန်မြန်၊ လူတိုင်းကို နှိုးပြီး စစ်ဆေး၊ တချို့လူတွေက တောအုပ်ကို စောင့်"

ဝေကျန့်ကော် အမိန့်ပေးလိုက်၏။ တောအုပ်အပြင်ဘက်သို့ ရောက်သောအခါ ဟန်ရွှေ ပြေးလာသည်ကို တွေ့လိုက်ရ၏။

"ဘာဖြစ်တာလဲ"

ဟန်ရွှေကလည်း စိုးရိမ်စွာ မေးလိုက်၏။ ရန်ကျဲ အခြေအနေကို ရှင်းပြလိုက်ရာ ဟန်ရွှေမှာ ကြောင်သွား၏။

"ဘာ၊ ဆန်းဝေကွမ်းနဲ့ အိုရင်းရင်းလား"

ဟန်ရွှေသည် တောအုပ်ထဲသို့ ပြေးဝင်သွား၏။ အိုရင်းရင်းကို မြင်လိုက်ရပြီးနောက် ဆန်းဝေကွမ်းကို ရှာရန် ပြေးထွက်သွား၏။

"ဆန်းဝေကွမ်းကို တွေ့ချင်တယ်"

"ဟုတ်ကဲ့၊ ဝန်ကြီးဟန်၊ ဒီဘက်ပါ... ဟင်၊ ဆန်းဝေကွမ်း ဘယ်မှာလဲ။ ပြတင်းပေါက်က ပွင့်နေတယ်! သူ ပြတင်းပေါက်က ခုန်ချသွားတာလား၊ ဒါ စတုတ္ထထပ်နော်"

"ရင်းရင်း၊ ကိုယ် ဗိုင်းရပ်တားဆီးဆေး ရလာပြီ၊ မင်းကို ကယ်မယ်"

ဆန်းဝေကွမ်းသည် ဗိုင်းရပ်တားဆီးဆေးကို ကိုင်၍ တောအုပ်ထဲသို့ ပြေးဝင်သွား၏။ မကြာမီ အိုရင်းရင်းကို တွေ့လိုက်ရ၏။

"ရင်းရင်း၊ ကိုယ်ပါ"

ဆန်းဝေကွမ်းသည် အိုရင်းရင်းကို ဖက်လိုက်၏။

"ရင်းရင်း၊ ပါးစပ်ဖွင့်"

ထိုအခိုက် ဇွန်ဘီဖြစ်နေသော အိုရင်းရင်းသည် ဆန်းဝေကွမ်း၏ လည်ပင်းကို ဆက်ခနဲ ကိုက်ချလိုက်၏။

"အူး..."

ဆန်းဝေကွမ်းမှာ မယုံနိုင်စွာဖြင့် လည်ပင်းကို ဖိထားရင်း အိုရင်းရင်းကို ကြည့်လိုက်၏။

"ရင်းရင်း... မင်း..."

"ဂီး... ဂီး."

........

"ဟိုမှာ တစ်ယောက်ယောက် လှုပ်ရှားနေတယ်"

ဝမ်ထောင်သည် ခြေရာအတိုင်း လိုက်သွားရင်း အရိပ်မည်းတစ်ခုကို မြင်လိုက်ရ၏။ နံရံဆီသို့ လိုက်သွားရာ အပေါ်ရှိ ဆူးကြိုးများကို ဖြတ်ထားသည်ကို တွေ့လိုက်ရ၏။

"ဇွန်ဘီက ဆူးကြိုးကို ဖြတ်နိုင်တာလား"

ဝမ်ထောင်မှာ အံ့အားသင့်သွားသော်လည်း မရပ်တန့်ဘဲ နံရံကို ကျော်တက်သွား၏။ အပြင်ဘက်တွင် ဇွန်ဘီ မရှိပေ။ ဝေးလံသောနေရာတွင် အရိပ်မည်းတစ်ခုကို မြင်လိုက်ရ၏။

"နောက်ဆုံးတော့ မိပြီ"

ဝမ်ထောင်သည် တိကျစွာပစ်ခတ်ခြင်းစွမ်းရည်ကို အသက်သွင်းလိုက်ပြီး အရှိန်ပြင်းဝင်တိုက်စွမ်းရည်ဖြင့် ပြေးလိုက်၏။

ဝုန်း...

ဝမ်ထောင် အရှိန်ပြင်းစွာဖြင့် ၂၀၊ ၃၀ မီတာအထိ ရောက်သွား၏။ ရှေ့တွင် ပိန်ပါးသော ပုံရိပ်တစ်ခု ပြေးနေသည်။ ဝမ်ထောင် ပုဆိန်ကို ပစ်လိုက်၏။

ဝုန်း...

သံချင်း ထိသံ ထွက်ပေါ်လာပြီး ပုံရိပ်က လှည့်ကြည့်လာ၏။

ဝမ်ထောင်အံ့အားသင့်သွားလေသည်။ ထိုသူ၏ သွေးပမာဏမှာ အနီရောင်နှင့် အစိမ်းရောင်ကြားတွင် လှုပ်ရှားနေသောကြောင့်ပင်။

"ဝူဖေး"

သူ့ရှေ့တွင် ရှိနေသူမှာ ဝူဖေး ဖြစ်၏။ သို့သော် ဝူဖေး၏ အမူအရာမှာ အေးစက်နေ၏။ ဝမ်ထောင် ထပ်မတိုက်ခိုက်သည်ကို မြင်သောအခါ ဝူဖေးမှာ ချက်ချင်းပင် ပြေးထွက်သွားပြီး ညအမှောင်ထဲတွင် ပျောက်ကွယ်သွား၏။

........

All Chapters