← Chapters

အခန်း ၁၃၃

Vol. 12 Ch. 133

အခန်း ၁၃၃

Vol. 12 Ch. 133

အခန်း ၁၃၃ - ခန္ဓာကိုယ်တွင်း အညစ်အကြေး ၉၅ ရာခိုင်နှုန်း

ဝူဖေး ထွက်ပြေးသွားသည်ကို မြင်လျှင် ဝမ်ထောင်သည် ပုဆိန်ကို ကောက်ယူလိုက်သော်လည်း နောက်မှ လိုက်မနေတော့ပေ။

ညအချိန်ဖြစ်၍ အပြင်ဘက်မှာ အလွန်အန္တရာယ်များ၏။ အသက်ကို ရင်းနှီးရန် မလိုပေ။

သူသည် လာခဲ့သည့်လမ်းအတိုင်း စခန်းသို့ ပြန်တက်လာပြီး ဝါယာကွက်ခြံစည်းရိုးကို ပြင်ဆင်ပေးရန် လူတစ်ယောက်ကို ခိုင်းလိုက်၏။

တောအုပ်လေးသို့ သူရောက်သောအခါ လေထုမှာ ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

ဝေကျန့်ကော်နှင့် အခြားသူများမှာ ဘာပြောရမှန်းမသိဖြစ်နေကြပြီး ဟန်ရွှေကမူ တောအုပ်လေးကို ငေးမောကြည့်နေ၏။

"အားလုံး ဘာဖြစ်နေကြတာလဲ"

ဝမ်ထောင်က စပ်စုစွာ မေးလိုက်သည်။

"ဆန်းဝေကွမ်း... သေသွားပြီ"

ဟန်ရွှေက မော့ကြည့်လာပြီး သူမ၏ အမူအရာမှာ ရှုပ်ထွေးနေ၏။

"ဟင် ဆန်းဝေကွမ်း သေသွားတယ် ဟုတ်လား သူက ကူးစက်ခံလိုက်ရတာလား"

ဝမ်ထောင် အနည်းငယ် အံ့ဩသွားသည်။

ဆန်းဝေကွမ်းကို ထိန်းချုပ်ထားသည်မဟုတ်လော။ အိုရင်းရင်းဆီက ကူးစက်တာမျိုး မဟုတ်ပါက သူဘယ်လိုလုပ် သေနိုင်မည်နည်း။

"သူ ကူးစက်ခံလိုက်ရတာတော့ ဟုတ်တယ် ဒါပေမဲ့... ဟူး လာကြည့်ပါဦး"

ဟန်ရွှေက ဝမ်ထောင်ကို တောအုပ်လေးထဲသို့ ခေါ်သွား၏။

သူ့ရှေ့က မြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်ထောင်၏ မျက်မှောင်များ ကြုံ့သွားသည်။

မူလက ဤနေရာတွင် အိုရင်းရင်း မဟုတ်ပါ.. ဇွန်ဘီတစ်ကောင်တည်း ရှိသည်ဟု ထင်ထားသော်လည်း ယခုအခါ ဆန်းဝေကွမ်း၏ အလောင်းမှာ ထပ်တိုးလာ၏။

အိုရင်းရင်းက ဆန်းဝေကွမ်းကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး သူမ၏ ပါးစပ်မှာ သူ၏ လည်ပင်းပေါ်တွင် ရှိနေဆဲဖြစ်သည်။ ဆန်းဝေကွမ်း၏ လည်ပင်းမှာ ကျောရိုးသာ ကျန်တော့သည်အထိ အကိုက်ခံထားရ၏။ နှစ်ဦးစလုံး၏ နဖူးတွင် ဒူးလေးမြှားတံများ စိုက်ဝင်နေ၏။ ထို့ပြင် ဆန်းဝေကွမ်း၏ လက်ထဲတွင် ဗိုင်းရပ်စ်ခုခံဆေး ပုလင်းတစ်လုံးကို တင်းတင်းဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

"ဒါ... ဘာဖြစ်တာလဲ"

ဝမ်ထောင် အနည်းငယ် ကြောင်သွားသည်။ သူ အပြင်ထွက်သွားတာ ခဏလေးပဲ ရှိသေးသည် မဟုတ်ပါလား။

"ဒီလိုပါ..."

ရန်ကျဲက ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြသည်။

အစပိုင်းတွင် ဆန်းဝေကွမ်းက အိုရင်းရင်း ဇွန်ဘီဖြစ်သွားသည်ကို သိလိုက်ရသောအခါ ဗိုင်းရပ်စ်ခုခံဆေး လျှောက်ထားရန် ဘက်စုံသုံးအဆောက်အအုံသို့ ချက်ချင်း ပြေးသွားခဲ့သည်။

ဘက်စုံသုံးအဆောက်အအုံအတွင်း၌ အသင့်သုံး ဗိုင်းရပ်စ်ခုခံဆေးများ ရှိသည်။ တစ်စုံတစ်ယောက် ကူးစက်ခံရလျှင် ၎င်းကို လျှောက်ထား၍ ရ၏။ ထိုနေရာတွင် လူတစ်ယောက်မှာ ၂၄ နာရီပတ်လုံး တာဝန်ယူ စောင့်ကြပ်နေသည်။

ဗိုင်းရပ်စ်ခုခံဆေးများမှာ အဖိုးတန်ပြီး ယခင်ကဆိုလျှင် ထောက်ပံ့မှုရမှတ် ၁ သိန်းပေးမှ ပုလင်းတစ်လုံး ရသည် ။ ယခုအခါ ယခင်ကလောက် ရှားပါးတော့ခြင်းမရှိဘဲ ဈေးနှုန်းမှာလည်း အတော်လေး ကျဆင်းသွားပြီ ဖြစ်သည်။

ထို့ပြင် လူတိုင်း ဇွန်ဘီကို အနိုင်တိုက်နိုင်သည် မဟုတ်ပေ။ စခန်းအတွင်း တစ်စုံတစ်ယောက် တကယ် ကူးစက်ခံရလျှင် ဇွန်ဘီဖြစ်လာသည်ထက် ဗိုင်းရပ်စ်ခုခံဆေးတစ်လုံး သုံး၍ ပြဿနာဖြေရှင်းခြင်းက ပိုကောင်း၏။

ထို့ကြောင့် ဆန်းဝေကွမ်းက ဗိုင်းရပ်စ်ခုခံဆေး လျှောက်ထားရန် ပြေးသွားခြင်းဖြစ်သည်။

ဗိုင်းရပ်စ်ခုခံဆေး လျှောက်ထားပုံမှာ ရိုးရှင်းသည်။ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်လျှင် ဝန်ထမ်းများက ဆေးကို ယူလာပေးမည်ဖြစ်၏။

ဆန်းဝေကွမ်းက အိုရင်းရင်း ကူးစက်ခံထားရကြောင်း ပြောပြသောအခါ ဝန်ထမ်းများက ချက်ချင်း လိုက်လာခဲ့ကြသည်။ သို့သော် အိုရင်းရင်းမှာ ဇွန်ဘီအဖြစ် လုံးဝ ပြောင်းလဲသွားပြီး ကုသ၍မရတော့ကြောင်း တွေ့ရှိသောအခါ သူတို့အနေဖြင့် ဗိုင်းရပ်စ်ခုခံဆေးကို ပေး၍ မရတော့ပေ။၄င်းက ဖြုန်းတီးမှုသာ

ဖြစ်သွား​ပေလိမ့်မည်။

သို့သော် ဆန်းဝေကွမ်းက လက်မခံဘဲ အိုရင်းရင်းကို ဆက်ကယ်နိုင်သေးသည်ဟု ထင်မှတ်ကာ အကြောင်းမဲ့ ရန်ရှာလာ၏။ ဝန်ထမ်းများမှာ အခြားရွေးချယ်စရာ မရှိတော့ဘဲ ဆန်းဝေကွမ်း ကူးစက်ခံထားရခြင်း မရှိကြောင်း စစ်ဆေးပြီးနောက် သူ့ကို ဖမ်းဆီး၍ ဘက်စုံသုံးအဆောက်အအုံတွင် လော့ခ်ချ ပိတ်လှောင်ထားလိုက်သည်။

ဝမ်ထောင်နှင့် အခြားသူများမှာလည်း ဤအချိန်တွင် တောအုပ်လေးသို့ ရောက်လာကြသည်။

အားလုံးက စခန်းထဲတွင် အခြားဇွန်ဘီများ ရှိမရှိ စစ်ဆေးနေစဉ် ဆန်းဝေကွမ်းက ဝန်ထမ်းများ လော့ခ်ချထားသည့် ဖန်ဗီရိုထဲမှ ဗိုင်းရပ်စ်ခုခံဆေးကို ခိုးယူပြီး စတုတ္ထထပ်မှ တန်းခုန်ချသွားတော့သည်။

ယခုအချိန်အထိ စခန်းတွင် လူပိတ်လှောင်ရန် သီးသန့်နေရာ မရှိသေးပေ။ တစ်အချက်မှာ စခန်းတွင်းရှိ ဝန်ထမ်းအချင်းချင်း စကားများတတ်ကြသော်လည်း အခြေခံအားဖြင့် ငြိမ်းချမ်းနေ၏။ နောက်တစ်ချက်မှာ စခန်းမှာ ဖွံ့ဖြိုးရေးအဆင့်တွင်သာ ရှိသေး၍ လုပ်သားများပင် မလုံလောက်ဘဲ လူကို ပိတ်လှောင်ထားပြီး အလကားကျွေးမွေးထားရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ဆန်းဝေကွမ်းကို ထိန်းသိမ်းထားသည့်နေရာမှာ ဝန်ထမ်းရုံးခန်းဖြစ်သော ဘက်စုံသုံးအဆောက်အအုံ၏ စတုတ္ထထပ် ဖြစ်သည်။ ဆန်းဝေကွမ်းက စတုတ္ထထပ်မှ ယခုလို မိုက်မိုက်ကန်းကန်း ခုန်ချလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။ ထို့ကြောင့် ထိုအချိန်တွင် မည်သူမျှ သတိမထားမိခဲ့ကြပါ။

ဟန်ရွှေက ဤနေရာသို့ လာပြီး အိုရင်းရင်း ကူးစက်ခံထားရကာ ဆန်းဝေကွမ်း ပိတ်လှောင်ခံထားရကြောင်း သိရသောအခါ အခြေအနေကို မေးမြန်းရန် ဆန်းဝေကွမ်းကို ရှာရန် ပြင်ဆင်ခဲ့သည်။

ထိုအခါမှ ဆန်းဝေကွမ်း ပျောက်ဆုံးနေကြောင်း သိလိုက်ရ၏။

ဝန်ထမ်းများက ဗီရိုထဲရှိ ဗိုင်းရပ်စ်ခုခံဆေး ပျောက်ဆုံးနေသည်ကို မြင်သောအခါ ဆန်းဝေကွမ်း၏ ယခင်အပြုအမူကို ချက်ချင်း သတိရသွားပြီး သူသည် အိုရင်းရင်းကို ရှာရန် သွားဖွယ်ရှိသည်ဟု တွေးလိုက်သည်။

ထို့ကြောင့် ဟန်ရွှေက တောအုပ်လေးသို့ အပြေးပြန်သွား၏။ သူမ ရောက်သောအခါ အိုရင်းရင်းက ဆန်းဝေကွမ်းကို ဖက်ပြီး ကိုက်စားနေသည်ကို တွေ့လိုက်ရသည်... ဆန်းဝေကွမ်းမှာ သေဆုံးသွားသည်မှာ ကြာပြီဖြစ်၍ ကယ်တင်ရန် လမ်းစမရှိတော့ပေ။ ဟန်ရွှေက စနိုက်ပါဒူးလေးကို ထုတ်ယူကာ ဆန်းဝေကွမ်း ဇွန်ဘီမဖြစ်လာစေရန် သူ၏ နဖူးကို မြှားတံတစ်ချောင်းဖြင့် ပစ်သတ်လိုက်ပြီးနောက် အိုရင်းရင်း၏ ဦးခေါင်းကို နောက်တစ်ချောင်းဖြင့် ပစ်လိုက်၏... မိနစ်ဝက်မျှအကြာတွင် ဝမ်ထောင် ပြန်ရောက်လာသည်။

ရန်ကျဲ ပြောပြသည်ကို နားထောင်ပြီးနောက် ဝမ်ထောင်မှာ တုန်လှုပ်လျက် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

သူသည် ဆန်းဝေကွမ်း၏ လုပ်ရပ်ကြောင့် တုန်လှုပ်သွားခြင်းဖြစ်သည်။

သူတို့နှစ်ယောက်မှာ တကယ်ပဲ အချစ်စစ်တွေများလား -။

အနည်းဆုံးတော့ ဆန်းဝေကွမ်းက အိုရင်းရင်းအပေါ် ထားရှိတဲ့ အချစ်ကတော့ စစ်မှန်နေမှာ အသေအချာပင်။

ဆန်းဝေကွမ်းက ဗိုင်းရပ်စ်ခုခံဆေးကို ခိုးယူပြီး အိုရင်းရင်းဆီ ရောက်အောင် ပို့ပေးဖို့အတွက် သေလုမျောပါး ဖြစ်ရပ်မျိုးကိုတောင် ရဲရဲဝံ့ဝံ့ လုပ်ဆောင်ခဲ့သည်။ အိုရင်းရင်းက ဇွန်ဘီအဖြစ် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သော်လည်း...။

ဆန်းဝေကွမ်းက ရူးသွားတာလား။

မဟုတ်ပါ။ ဆန်းဝေကွမ်းကို အရူးဟု ပြော၍ မရပေ။ အချစ်က လူကို မျက်စိကန်းစေတတ်သည် မဟုတ်ပါလား...။

ထို့ပြင် ဗိုင်းရပ်စ်ခုခံဆေးက ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးနိုင်သည်ကိုသာ လူအများ သိကြပြီး ရှေးဦးအခြေအနေကို သေချာ မသိကြပေ ။ ဆေးကိုသုံးရန် ကူးစက်ခံရသူက မသေဆုံးရသေးသူဖြစ်ပြီး ဇွန်ဘီအဖြစ် လုံးဝ ပြောင်းလဲ​သွားခြင်းလည်း မဖြစ်သေးမှသာ အသုံးဝင်၏ ။

သူတို့ သေဆုံးသွားလျှင် သို့မဟုတ် လုံးဝ ပြောင်းလဲသွားလျှင် ဗိုင်းရပ်စ်ခုခံဆေး မည်မျှ သုံးပါစေ၊ ကယ်တင်၍ မရတော့ပါ။ ဆန်းဝေကွမ်းက ဤအချက်ကို သိပုံမရပါ။

သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူ၏ လုပ်ရပ်က ဝမ်ထောင်ကို အနည်းငယ် လေးစားသွားစေ၏။

ဝမ်ထောင်က ဟန်ရွှေကို လှမ်းကြည့်လိုက်သည်။ သူမ၏ စိတ်ဓာတ်ကျနေရသည့် အကြောင်းရင်းကို သူ နားလည်သွားလေပြီ။

မည်သို့ပင်ဖြစ်စေ ဆန်းဝေကွမ်းမှာ သူမ၏ ခင်ပွန်း၊ သို့မဟုတ် ပြောရလျှင် အဖြစ်ဆိုးစွာ သေဆုံးသွားသည့် ခင်ပွန်းဟောင်းပင်။ ဟန်ရွှေ၏ အမြင်တွင် သူက လူမိုက်တစ်ယောက် ဖြစ်သော်လည်း အသက်ရှင်လျက် ရှိသူတစ်ယောက် ရုတ်တရက် ပျောက်ကွယ်သွားခြင်းက သူမကို စိတ်မကောင်း မဖြစ်စေလျှင်ပင်လည်း ဟာတာတာ ဖြစ်သွားစေမည်မှာ အမှန်ပင်။

အရေးအကြီးဆုံးမှာ ဆန်းဝေကွမ်းက အိုရင်းရင်း၏ လက်ထဲတွင် သေဆုံးသွားခဲ့ပြီး ဗိုင်းရပ်စ်ခုခံဆေး ပုလင်းကို တင်းတင်းဆုပ်ကိုင်ထားဆဲ ဖြစ်၏။

သေခါနီးအချိန်ထိ အိုရင်းရင်းကို ကယ်တင်ဖို့ပဲ တွေးနေခဲ့ခြင်းပင် မဟုတ်ပါလား။..

"ကျွန်မ ရုတ်တရက် စိတ်မကောင်း ဖြစ်မိတယ်၊ ကျွန်မကိုယ်ကျွန်မအတွက် စိတ်မကောင်း ဖြစ်မိတာပါ..."

ဟန်ရွှေက ရုတ်တရက် ပြောလာသည်။

သူမက ဆန်းဝေကွမ်းအတွက် အရာရာလုပ်ပေးခဲ့ဖူးသည်။ ကမ္ဘာပျက်ကပ် စတင်ပြီးနောက်တွင် သူ အသက်ရှင်ရေးအတွက် သူမ၏ အသက်ကိုပင် ရင်းခဲ့ရသည်။ သို့သော် ထိုခံစားချက်များက သူမနှင့် ရက်ပိုင်းသာ ရင်းနှီးသည့် အမျိုးသမီးတစ်ယောက်အပေါ် ထားသည့် အချစ်နှင့် မယှဉ်နိုင်ခဲ့ပေ... ဤအချက်က ဆန်းဝေကွမ်း သူမကို တစ်ခါမှ မချစ်ခဲ့ဖူးကြောင်း ပြသနေ၏။

ထို့ကြောင့်လည်း ဟန်ရွှေ အလွန် စိတ်ထိခိုက်သွားရသည်။

ဟန်ရွှေ၏ မျက်လုံးထဲရှိ မှိုင်တွေနေသည့် အရိပ်အယောင်ကို ကြည့်ပြီး ဝမ်ထောင်က သူမ၏ ပါးပြင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

ဟန်ရွှေကလည်း ဝမ်ထောင်၏ လက်ပေါ်တွင် သူမ၏ မျက်နှာကို အလိုအလျောက် ပွတ်သပ်လိုက်ပြီး သူမ၏ မျက်ဝန်းများမှာ တဖြည်းဖြည်း ကြည်လင်လာ၏။

"သွားကြစို့၊ ပြောစရာရှိသေးတယ်"

ဝမ်ထောင်က ဟန်ရွှေ၏ လက်ကိုဆွဲကာ ဝေကျန့်ကော်နှင့် အခြားသူများနောက်မှ ဘက်စုံသုံးအဆောက်အအုံသို့ လိုက်သွားလိုက်သည်။

အစည်းအဝေးခန်းမထဲ ရောက်သောအခါ ဝမ်ထောင်က ရုတ်တရက် ပြောလိုက်သည်။

"ငါ လူသတ်သမားကို မြင်ခဲ့တယ်"

"ဘယ်သူလဲ"

ဝေကျန့်ကော်နှင့် အခြားသူများ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွား၏။

အိုရင်းရင်းနှင့် ဆန်းဝေကွမ်း ဘာဖြစ်သည်ဖြစ်စေ၊ သူတို့စခန်းတွင် ရာဇဝတ်မှု ကျူးလွန်ရဲသည်မှာ ခွင့်လွှတ်၍ မရနိုင်ပေ။

"ဝူဖေး"

ဝမ်ထောင်က သူတို့ထဲမှ အချို့နှင့် မရင်းနှီးသော နာမည်တစ်ခုကို ပြောလိုက်သည်။

"ဝူဖေး"

သို့သော် ရန်ကျဲနှင့် ဟန်ရွှေက အလိုအလျောက် ရေရွတ်လိုက်ကြသည်။

"ဝူဖေး...သူက ဒီနေ့ ငါတို့ စခန်းကို ရောက်လာတဲ့ အသက်ရှင်ကျန်ရစ်သူ မဟုတ်လား။ ငါ ကြည့်လိုက်ဦးမယ်..."

ရန်ကျဲက စာရင်းကို အမြန် ရှာလိုက်သည်။ လူတိုင်း ကြည့်လိုက်သောအခါ ဒီနေ့ စခန်းတွင် မှတ်ပုံတင်ထားသည့် အသက်ရှင်ကျန်ရစ်သူများထဲတွင် ဝူဖေးဟု အမည်ရသူ ရှိနေ၏။

"အဲဒီ... ဆံပင်ဝါကောင်လေးများ ဖြစ်မနေပါစေနဲ့"

ဟန်ရွှေက မယုံကြည်နိုင်စွာ ပြောလိုက်သည်။

သူမ ဝူဖေးဟု ခေါ်သည့် ဆံပင်ဝါတစ်ယောက်နှင့် လီချန်ဟု ခေါ်သည့် ကျောင်းသားတစ်ယောက်ကို မှတ်မိနေသည်။

ထိုစဉ်က ဆန်းဝေကွမ်းနှင့် အိုရင်းရင်းတို့၏ လုပ်ရပ်ကြောင့် သူတို့နှစ်ယောက် သေဆုံးခဲ့ရပြီး သူတို့သာ လွတ်မြောက်သွားခဲ့ရ၏။

"သူပဲ"

ဝမ်ထောင်က ခေါင်းညိတ်သည်။

"ဒါပေမဲ့... ဒါပေမဲ့ သူ သေသွားပြီ မဟုတ်လား"

ဟန်ရွှေ၏ မျက်လုံးများ ပြူးကျယ် သွား၏။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူတို့နှစ်ယောက်သာ သေသွားပါက ဟန်ရွှေ စိတ်ထဲတွင် အလွန် အပြစ်ရှိနေမည် ဖြစ်သည်။ သူတို့ အသက်ရှင်နေပါက ဟန်ရွှေ ပို၍ပင် အပြစ်ရှိသလို ခံစားရမည် ဖြစ်၏.။

. ဟန်ရွှေက သူတို့ သေစေချင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သူမမှာ အပြစ်ရှာလိုသည့် အခွင့်အရေးရရန် သူတို့ အသက်ရှင်နေစေချင်သေး၏။

သို့သော် ဝူဖေးက အိုရင်းရင်းကို သတ်လိုက်သည့်အတွက် သူက မည်သည့် လျော်ကြေးကိုမျှ မလိုချင်ကြောင်း သိသာနေသည်။ သူက လက်စားချေဖို့ပဲ လိုချင်နေ၏။

"သူ မသေဘူး၊ ငါ သူ့ကို ကယ်ခဲ့တာ"

ဝမ်ထောင်က ရုတ်တရက် ပြောလိုက်သည်။

"..."

ဟန်ရွှေက ဝမ်ထောင်ကို တုန်လှုပ်စွာ ကြည့်လိုက်သည်။

"နေပါဦး၊ မင်းတို့နှစ်ယောက် ဘာပဟေဠိစကားတွေ ပြောနေကြတာလဲ"

ရှန့်ဟုန်ပင်းက ခေါင်းကုတ်ကာ သူတို့နှစ်ယောက်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေ၏။

"မင်းတို့ ဝူဖေးကို သိတာလား"

ရန်ကျဲက စပ်စုစွာ မေးသည်။

"သိတယ်လို့ ပြောလို့ရပါတယ်..."

ဝမ်ထောင်က အခြားသူများကို ရှင်းပြလိုက်သည်။

သူက အသေးစိတ် မပြောဘဲ ဝူဖေးက အိုရင်းရင်း၏ ရည်းစားဖြစ်ပြီး သူတို့ထွက်ပြေးစဉ် အိုရင်းရင်းက ဝူဖေးကို အစာအဖြစ် အသုံးပြု၍ ဇွန်ဘီကိုက်ခံရအောင် လုပ်ခဲ့ကြောင်းသာ ပြောပြလိုက်သည်။ မတော်တဆအနေဖြင့် ဝမ်ထောင်က ဗိုင်းရပ်ခုခံဆေးတစ်လုံးဖြင့် ဝူဖေးကို ကယ်ခဲ့ပြီးနောက် ဝူဖေးက ထွက်သွား၏။

ဝူဖေးက ဤတစ်ခါတွင် အိုရင်းရင်းကို လက်စားချေရန် ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း ဖြစ်သည်။ ထိုအကြောင်းအရာတွင် ဝမ်ထောင်က ဟန်ရွှေ ပါဝင်ပတ်သက်နေသည်ကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားလိုက်သည်။ ဆန်းဝေကွမ်းအကြောင်းကိုမူ ဝမ်ထောင် မပြောခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူက သေသွားပြီ ဖြစ်သည်။

"ဒီလိုကိုး"

လူတိုင်း နားလည်သွားကြသည်။

ထိုသို့ဆိုလျှင် အကြောင်းပြချက် ပေါ်လာသည်။

ဤကဲ့သို့ အခြေအနေမျိုးတွင် ဘယ်သူက ရွှေကျဲစခန်းကို ရန်ရှာရဲမည်နည်းဟု သူတို့ အရင်က ပြောခဲ့ကြ၏။

လက်စားချေဖို့ ရောက်လာသောဝူဖေး၏ လုပ်ရပ်မှာ လူတိုင်းအတွက် ရွံရှာဖွယ် ဖြစ်သော်လည်း သူက အလုပ်ကိုတိကျစွာ လုပ်တတ်သူဟု ဆိုရမည်။ သူက အိုရင်းရင်းကို သစ်ပင်တွင် ကြိုတင်၍ ချည်နှောင်ထားသည့်အတွက် သူမ ဇွန်ဘီဖြစ်သွားလျှင်တောင် အန္တရာယ် မဖြစ်စေနိုင်ပေ ။

ဆန်းဝေကွမ်းကတော့ ချွင်းချက် ဖြစ်သည်။

"နေပါဦး"

ဝေကျန့်ကော်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

"အိုရင်းရင်း လည်ပင်းမှာ အကိုက်ခံထားရတဲ့ အမှတ်ရာ ရှိတယ် ဇွန်ဘီအဆိပ်အတောက်တွေ အပြည့်ပဲ၊ ဇွန်ဘီကိုက်တာ သေချာတယ် ဝူဖေးက ဇွန်ဘီကိုပါ ခေါ်လာတာလား"

ဤစကားကို ပြောလိုက်သည်နှင့် လူတိုင်း၏ ရင်ထဲတွင် တင်းကျပ်သွားသည်။

စခန်းထဲတွင် ဇွန်ဘီတစ်ကောင် ကျန်နေသေးပါက ပြဿနာပင်။

သို့သော် ဝမ်ထောင်က ခေါင်းခါလိုက်သည်။

"အဲဒီဒဏ်ရာက... ဝူဖေး ကိုယ်တိုင် ကိုက်ထားတာ..."

"ဟင်"

လူတိုင်း ဝမ်ထောင်ကို ကြောင်တောင်တောင် ကြည့်လိုက်ကြသည်။

"ဒီကိစ္စကြောင့်ပဲ မင်းတို့ကို ခေါ်လိုက်တာပါ။ ငါ ဝူဖေးကို တွေ့ခဲ့ပေမဲ့ သူ့အခြေအနေက အလွန် ထူးဆန်းနေတယ်။ သူက ဇွန်ဘီအဖြစ် ပြောင်းလဲတော့မဲ့ အခြေအနေမှာ ရှိနေပေမဲ့ လုံးဝ ပြောင်းလဲမသွားသေးဘူး။ သူ့မှာ ဇွန်ဘီရဲ့ လက္ခဏာတွေ ရှိနေပေမဲ့ လူသားတစ်ယောက်ရဲ့ အသိစိတ်က ရှိနေတုန်းပဲ။ ရှောက်ယုံ ဇွန်ဘီမဖြစ်ခင်က အခြေအနေနဲ့ နည်းနည်း ဆင်တူတယ်..."

ရှောက်ယုံ ဇွန်ဘီဖြစ်သွားစဥ်ကလည်း သူ၏သွေးဘားတန်းမှာ တဖျပ်ဖျပ် လက်နေခဲ့၏။သို့သော် ထိုအချိန်က သူသည် အလွန် မြန်မြန် ပြောင်းလဲသွားခဲ့သည်။ ဝူဖေးကမူ သွေးဘားတန်းမှာ တဖျပ်ဖျပ် လက်နေသော်လည်း ဇွန်ဘီအဖြစ် လုံးဝ ပြောင်းလဲမသွားသေးပေ။

သို့သော် ဝမ်ထောင်က ဝူဖေးမှာ မကြာခင် ဇွန်ဘီအဖြစ် လုံးဝ ပြောင်းလဲသွားလိမ့်မည်ဟု ခံစားနေရသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် အညစ်အကြေးများ အလွန် များပြားနေသောကြောင့် ဖြစ်၏။

ဝမ်ထောင်က ဝူဖေး၏ အချက်အလက်ကို ကြည့်လိုက်သောအခါ သူပင် အံ့ဩသွားသည်။

ဝူဖေးမှာ သွေးပမာဏ နှစ်ထောင်ကျော်နှင့် စွမ်းအင်တစ်ထောင်ကျော် ရှိနေ၍ ပုံမှန်ဟု ဆိုနိုင်သော်လည်း ခန္ဓာကိုယ်တွင်း အညစ်အကြေးမှာ ၉၅ ရာခိုင်နှုန်း ရှိနေ၏။

ရှောက်ယုံ ပြောင်းလဲတုန်းက အညစ်အကြေးမှာ ၈၅ ရာခိုင်နှုန်းသာ ရှိသည်။ ၎င်းမှာ ရှောက်ယုံထက် ၁၀ ရာခိုင်နှုန်း ပိုများနေ၏။

ဝမ်ထောင် နောက်ဆုံးအကြိမ်အဖြစ် ဝူဖေးကို တွေ့တုန်းက သူ၏ ခန္ဓာကိုယ်ထဲရှိ အညစ်အကြေးမှာ ၂၈ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

ဝမ်ထောင်က သူ ဘာတွေ ကြုံတွေ့ခဲ့ရသည်ကို မသိပေ။ ယုတ္တိအရဆိုလျှင် သူ့မှာ ဗိုင်းရပ်စ်ခုခံဆေး ရှိသင့်သည် မဟုတ်ပါလား ။

"..."

ဝမ်ထောင်၏ စကားကို ကြားပြီးနောက် လူတိုင်း တုန်လှုပ်သွားကြသည်။

ပြောင်းလဲတော့မည်၊ သို့သော် မပြောင်းလဲသေးဘူး... ဟုတ်လား။

ခန္ဓာကိုယ်ထဲတွင် ဇွန်ဘီဗိုင်းရပ်စ် အဆင့်မြင့်မြင့် ရှိနေသော်လည်း မသေသေးပေ။

ဒါ ဘာတွေ ဖြစ်နေတာလဲ။

"သူ့မှာ အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ဘူး။ နောက်တစ်ခါ အပြင်ထွက်တဲ့အခါ သူ ဇွန်ဘီဖြစ်သွားတာကို ငါတို့ တွေ့ရလိမ့်မယ်..."

ဝမ်ထောင်က သက်ပြင်းချသည်။

လူတိုင်း ခေါင်းခါလိုက်ကြပြီး ထူးဆန်းသည့် ဝမ်းနည်းမှုမျိုး ခံစားလိုက်ရသည်။ ဇွန်ဘီအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားရခြင်းမှာ အလွန် နာကျင်ရမည်မှာ သေချာ၏။

ရန်ကျဲကတော့ ရုတ်တရက် စိတ်ပျက်သွားသည်။

"ဟူး ဒါ ငါ့အမှားပဲ။ ထောက်လှမ်းစက်ကို စခန်းဝင်ပေါက်မှာ ရွှေ့ထားဖို့နဲ့ အသက်ရှင်ကျန်ရစ်သူသစ်တိုင်းကို စစ်ဆေးဖို့ ပြောထားတာပါ။ ဒါပေမဲ့ စက်က လျှပ်စစ်ဓာတ်အား အများကြီး သုံးရပြီး ဝါယာကြိုးတွေကလည်း အထူးတပ်ဆင်ရတာကြောင့် ဆားကစ်ပြဿနာတွေ မပြီးသေးဘူး... ငါက မနက်ဖြန် နေ့လယ်ကျမှ သူတို့ကို ဘက်စုံသုံးအဆောက်အအုံမှာ စစ်ဆေးဖို့ စီစဉ်ထားတာ၊ ဒါပေမဲ့ ဒီညမှာပဲ ဒီလို ဖြစ်သွားတယ်..."

ဝူဖေး၏ မျက်လုံးတွင် ဘာမှ မမှားယွင်းပေ။ စစ်ဆေးရုံဖြင့် သိနိုင်မည် မဟုတ်ပေ။ ထောက်လှမ်းစက်ကို သုံးရမည် ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ဝူဖေးက တစ်လှမ်း ရှေ့ရောက်သွားသည်။

ဤကိစ္စ ဖြစ်ပွားပြီးနောက် မည်သူမျှ အိပ်မရတော့ဘဲ စခန်းရှိလူအားလုံး နိုးလာခဲ့ကြသည်။

ရန်ကျဲက ဝူဖေးနှင့်အတူ မှတ်ပုံတင်ထားသည့် အသက်ရှင်ကျန်ရစ်သူ သုံးယောက်ကို ခေါ်ပြီး သူတို့၏ အခြေအနေကို မေးမြန်းလိုက်၏။

ရန်ကျဲက ဝူဖေးအကြောင်း မပြောခဲ့ပေ။ မဟုတ်ပါက သူတို့ ကြောက်လန့်ပြီး လိမ်ပြောနေလိမ့်မည်။ ရန်ကျဲက သူတို့အကြောင်းကို သိချင်ပြီး အလွန်စိုးရိမ်ပေးသလို ဟန်ဆောင်လိုက်သည်။

အသက်ရှင်ကျန်ရစ်သူများမှာ အကြောင်းရင်းကို မသိပေ။ ကော်မတီဝင်ရန်က စကားပြောရလွယ်သည်ကို မြင်လျှင် သူတို့က ချက်ချင်း စကားစမြည် ပြောဆိုကြတော့သည်။

သုံးယောက်စလုံးမှာ နေခြည် မူကြိုကျောင်းမှ အသက်ရှင်ကျန်ရစ်သူများ ဖြစ်ပြီး သူတို့မှာ အတော်လေး ကံဆိုးကြ၏ ။ ဂေါ်ရီလာဇွန်ဘီက သူတို့ဧရိယာကို ဖြတ်သွားပြီး မူကြိုကျောင်းကိုပါ ဖြိုချသွားခြင်း ဖြစ်သည်။

ကံကောင်းစွာဖြင့် သူတို့ ဂေါ်ရီလာဇွန်ဘီ၏ သတိပြုမိခြင်း မခံခဲ့ရပေ၊ မဟုတ်ပါက အကုန်လုံး အသက်ပျောက်သွားကြမည် ဖြစ်၏။

သတိပြုမိခြင်း မခံရသော်လည်း ဂေါ်ရီလာဇွန်ဘီ၏ အတိုက်ခိုက်ကြောင့် တစ်ဝက်ကျော်မှာ သေဆုံး သို့မဟုတ် ဒဏ်ရာရသွားကြသည်။

သူတို့ မူကြိုကျောင်း၏ အသက်ရှင်ကျန်ရစ်သူစခန်းကို စီစဉ်သူ အဘိုးကြီးတင်းမှာလည်း ကံမကောင်းစွာဖြင့် သေဆုံးသွားလေသည်။

အဘိုးကြီးတင်းမှာ အသက်ကြီးပြီး ရုပ်ပိုင်းဆိုင်ရာ အခြေအနေ မကောင်းသည့်အတွက် ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။

ဝူဖေးမှာ ထိုအချိန်က အပြင်ဘက်တွင် ရှိနေ၍ သေဘေးမှ လွတ်မြောက်သွား၏။ သူသည် ဂေါ်ရီလာဇွန်ဘီကို မြင်သောအခါ မူကြိုကျောင်းသို့ ချက်ချင်း ပြေးသွားသော်လည်း ကံမကောင်းစွာဖြင့် တစ်လှမ်း နောက်ကျသွားခဲ့သည်။

ဂေါ်ရီလာဇွန်ဘီ ထွက်သွားပြီးနောက် အားလုံးမှာ စိတ်ထိခိုက်သွားကြသည်။ သို့သော် ဝမ်းနည်းနေ၍ အဖြေမထွက်ပေ။ မူကြိုကျောင်းမှာ လုံးဝ ပျက်စီးသွားပြီး ဝန်ထမ်းတစ်ဝက်ကျော်မှာ သေဆုံး၊ ဒဏ်ရာရသွားသည်။ ဆက်နေရန် မဖြစ်နိုင်တော့ပေ။ ဆွေးနွေးပြီးနောက် သူတို့ ရွှေကျဲစခန်းသို့ သွားရန် ဆုံးဖြတ်လိုက်ကြ၏။

ဝူဖေးအကြောင်းတွင်မူ ထိုသုံးယောက်က သူ့အပေါ် အမြင်ကောင်းကြ၏။ သူက စခန်းတွင် အလုပ်ကြိုးစားဆုံးဖြစ်ပြီး ပစ္စည်းများ၊ ဗိုင်းရပ်စ်ခုခံဆေးများစွာ ယူလာပေးတတ်ကြောင်း၊ လူများစွာမှာ သူ့ထံမှ အကူအညီ ရထားကြောင်း ပြောကြသည်။ သို့သော် မကြာသေးမီက ဝူဖေး၏ အကျင့်မှာ ပို၍ အေးစက်လာပြီး စကား နည်းလာသည်။ သို့သော် ဘယ်သူမှ သတိမထားမိကြပေ။

လူများ တစ်ယောက်ပြီး တစ်ယောက် သေဆုံးနေရသည့်ကြားထဲမှာ စိတ်တည်ငြိမ်နေခြင်းကပင် အင်အားတစ်ခု ဖြစ်သည်။ အကျင့်စရိုက် ပြောင်းလဲခြင်းမှာ သဘာဝပင် ဖြစ်၏။

အချက်အလက်များ စုစည်းပြီးနောက် ရန်ကျဲက အသက်ရှင်ကျန်ရစ်သူများကို လွှတ်ပေးလိုက်ပြီး သူ သက်ပြင်းချသည်။

"အရမ်းတော်တဲ့ လူငယ်လေးပါ၊ ဒါပေမဲ့ ကံမကောင်းလိုက်တာ..."

အုပ်စုမှာ ခဏတာ တိတ်ဆိတ်သွားသည်။ ဝေကျန့်ကော်က ထပြော၏။

"ထောက်လှမ်းစက်ကို မနက်ဖြန် တပ်ဆင်ရမယ်။ နောက်ပြီး စခန်းမှာ လူပိုများလာပြီဆိုတော့ ညဆိုင်းအတွက် ဝန်ထမ်းပိုတိုးရမယ်..."

ဝူဖေးပဲဖြစ်ဖြစ်၊ လွန်ခဲ့သော ရက်အနည်းငယ်က ရှောက်ယုံပဲဖြစ်ဖြစ် စခန်းကို လွယ်လွယ်ဝင်၊ လွယ်လွယ်ထွက် လုပ်နိုင်တာကတော့ လက်ခံ၍ မရပေ။

သူတို့က အားကောင်းပြီး မတားဆီးနိုင်သည့်တိုင် အနည်းဆုံးတော့ တစ်ယောက်ယောက်က သူတို့ကို မြင်သင့်သည်။ စခန်း၏ လုံခြုံရေးမှာ မလုံလောက်သေးပါ။

သို့သော်လည်း မတတ်နိုင်ပေ။ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ယောက်နှင့် ရဲအချို့မှလွဲ၍ ကျန်သူများမှာ ကျွမ်းကျင်သူများ မဟုတ်ပေ။ ညဆိုင်းတွင် အိပ်မပျော်ဘဲ စောင့်နေရုံနှင့်ပင် ကောင်းလှပြီ ဖြစ်သည်။ ထိုထက်ပို၍ မမျှော်လင့်နိုင်ပါ။

... "ဟုတ်တယ်၊ လုံခြုံရေးကို တိုးမြှင့်ဖို့ လိုအပ်တယ်။ ငါ စခန်းထဲက ရဲတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ကို နောက်မှ လေ့ကျင့်ပေးဖို့ စီစဉ်ထားတယ်။ ကျွမ်းကျင်တဲ့ အရည်အချင်း မရှိရင်တော့ အဆင်မပြေဘူး"

ဝမ်ထောင် အိမ်ပြန်ရောက်သောအခါ တင်ယွီချင် အိပ်မပျော်သေးဘဲ သူ့ကို စောင့်နေသည်။

"ဘယ်လိုလဲ ဝမ်ထောင်၊ ကြီးကြီးမားမား ဘာမှ မဖြစ်ဘူး မဟုတ်လား"

"အခုထိတော့ အဆင်ပြေပါတယ်"

ဝမ်ထောင် ဖြစ်ပျက်ခဲ့သည်များကို အတိုချုပ် ရှင်းပြလိုက်သည်။

တင်ယွီချင်မှာ ရေပေးဝေရေးစက်ရုံက ဖြစ်ပျက်ခဲ့သည်များကို သိထားသည့်အတွက် ဝမ်ထောင်၏ စကားကို ကြားပြီးနောက် စိတ်မကောင်းစွာ သက်ပြင်းချ၏။

သူတို့မှာ ကိုယ့်အသက်ကို ကိုယ်ကယ်ဖို့ ကြိုးစားနေကြသူများ ဖြစ်သည့်အတွက် ဘယ်သူမှားသည်၊ ဘယ်သူမှန်သည် ပြော၍ မရပေ။ သို့သော် ဆန်းဝေကွမ်းနှင့် အိုရင်းရင်းမှာ "အချစ်စစ်" ဖြစ်နေသည်ကို တင်ယွီချင် အံ့ဩသွားသည်။

အိမ်မှာ ရှိနေသည့် လှပပြီး အရည်အချင်းရှိသော ဇနီးသည်ဟန်ရွှေကို မကြိုက်ဘဲ သာမန်မျှသာရှိသည့် အိုရင်းရင်းကို ဘာကြောင့် နှစ်သက်ရသလဲဆိုတာ သူမ နားမလည်နိုင်ပေ...။

သို့သော် အချစ်စစ်သာ ဖြစ်ပါက ကမ္ဘာပျက်ကပ်ထဲတွင် အတူသေဆုံးရခြင်းမှာ မဆိုးလှပါ... ။

သူမက ဟန်ရွှေအတွက် နည်းနည်း စိတ်မကောင်း ဖြစ်မိ၏။ သူမ၏ ခင်ပွန်းမှာ သူမကို တစ်ခါမှ မချစ်ခဲ့ဖူးကြောင်း သိရခြင်းမှာ အလွန် နာကျင်ရမည်မှာ အမှန်ပင်။

အမျိုးသမီးတစ်ယောက်ဖြစ်သည့် တင်ယွီချင်မှာ ဟန်ရွှေ၏ ခံစားချက်ကို နားလည်နိုင်လေသည်။

ထိုအချိန်တွင် ဝမ်ထောင်က ရုတ်တရက် ပြောလိုက်သည်။

"ဟန်ရွှေကို မနက်ဖြန်ကစပြီး ငါတို့ဆီ လာနေခိုင်းလိုက်မယ်။ မရီး...ဘယ်လိုသဘောရလဲ"

"ဟင် ဟုတ်လား။ ရတယ်လေ..၊ငါ သူ့ကို အဖော်ပြုပေးလို့ ရတယ်"

တင်ယွီချင်မှာ ပထမ၌ အဓိပ္ပာယ် မပေါက်ခဲ့ပေ။

"ကောင်းပြီလေ၊ ဒါဆိုရင် အတည်ပဲ"

ဝမ်ထောင်က ပြုံးပြီး ပြောသည်။

သူ့အနေဖြင့် တင်ယွီချင်၏ သဘောထားကို အလေးထားရန် မလိုသော်လည်း လေးစားမှုအနေဖြင့် ပြောပြရခြင်း ဖြစ်သည်။

"နေပါဦး ..ဘာ...ဘာကို ဆိုလိုတာလဲ"

ဝမ်ထောင်၏ မျက်နှာပေါ်က အပြုံးကို မြင်လိုက်ရသောအခါ တင်ယွီချင်မှာ "နေခြင်း" နှင့် "နေခြင်း" မတူကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ သူမနှင့် အတူနေခြင်းလား၊ ဝမ်ထောင်နှင့် အတူနေခြင်းလား။

ဝမ်ထောင်က ဘာမှ မပြောပေ။

တိတ်ဆိတ်ခြင်းမှာ တင်ယွီချင် တွေးထားသည့်အတိုင်းပင် ဖြစ်၏.။

တင်ယွီချင်မှာ နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမ၏ မျက်နှာလေးမှာ ငိုမဲ့မဲ့ ဖြစ်သွားသည်။

" -"

အမှန်တကယ်တွင် စိတ်မကောင်းဖြစ်ရမည့်သူမှာ ဟန်ရွှေမဟုတ်ပေ ၊ သူမ ဖြစ်နေလေသည်။

"ရတယ်၊ ရပါတယ်၊ အိပ်ကြစို့"

ဝမ်ထောင်က လက်ကိုဆန့်ကာ တင်ယွီချင်၏ ခါးသွယ်သွယ်ကို ဖက်လိုက်ပြီး အပေါ်ထပ်သို့ ခေါ်သွားလေသည်။

တင်ယွီချင်မှာ စိတ်ကောက်နေသဖြင့် နှစ်ခါလောက် ရုန်းကန်ပြလိုက်ပြီးနောက် ဝမ်ထောင်၏ ရင်ခွင်ထဲသို့ အသာလေး မှီလိုက်၏။

သူမမှာ ဝမ်ထောင်ကို တစ်ယောက်တည်း ပိုင်ဆိုင်ချင်သော်လည်း ၎င်းမှာ လက်တွေ့မကျကြောင်း သိပါသည်။ ကမ္ဘာပျက်ကပ်တွင် အင်အားမှာ အရာရာပင်။ အင်အားကြီးသည့် အမျိုးသားတစ်ယောက်မှာ အမျိုးသမီးများ၏ နှစ်သက်မှုကို ရရှိမည်မှာ အသေအချာပင်။

ဝမ်ထောင် အိမ်မှာ မရှိသောညများကတည်းက တင်ယွီချင်မှာ ယေဘုယျအားဖြင့် နားလည်ထားပြီး ဖြစ်သည်။ သို့သော် ဝမ်ထောင်မှာ မည်သူ့ကိုမျှ ခေါ်မလာခဲ့သည့်အတွက် အချိန်အများစုတွင် ဝမ်ထောင်မှာ သူမအတွက်ပဲ ဖြစ်သည်။

သို့သော် ယခုအခါ ဝမ်ထောင်က ကဒ်တွေကို အကုန် ချပြလိုက်ပြီ ဖြစ်၏။ .. သို့သော် သေချာ စဉ်းစားကြည့်လျှင် ဝမ်ထောင်မှာ ဤကိစ္စတွင် အတော်လေး ထိန်းထိန်းသိမ်းသိမ်း ရှိသည်ဟု ဆိုရမည်။ သူက သူ့အင်အားကို မြှင့်တင်ရန်သာ အမြဲ အာရုံစိုက်လေ့ ရှိ၏။

တင်ယွီချင်မှာ အခြား အသက်ရှင်ကျန်ရစ်သူစခန်းများမှာ အလွန် ရှုပ်ထွေးကြောင်း ကောဟွာ ပြောသည်ကို ကြားဖူးသည်။

သူမမှာ ဝမ်ထောင်နှင့် အတူ ရှိနေရခြင်းကပင် အလွန် ကံကောင်းနေပြီ ဖြစ်၍ အများကြီး တောင်းဆိုရန် မရဲပေ။

"ဟွန်း၊ ဒီနေ့ညတော့ နင့် အားတွေကို အကုန်ကုန်အောင် စုပ်ပစ်မယ်"

........

All Chapters