← Chapters

အခန်း ၁၃၅

Vol. 12 Ch. 135

အခန်း ၁၃၅

Vol. 12 Ch. 135

အခန်း ၁၃၅ - အကြောင်းရင်းမရှိဘဲ စိုးရိမ်ပူပန်လာရခြင်း

"ဒါ ရွှေကျဲစခန်းလား။ တကယ့်ကို လုံခြုံစိတ်ချရပုံပဲ"

ကားထဲမှနေ၍ လီချို့ယွီသည် မြင့်မားလှသည့် တံတိုင်းကြီးများနှင့် ကြီးမားလေးလံလှသော ဂိတ်တံခါးကြီးကို ကြည့်ကာ အနည်းငယ် အံ့ဩမိသွား၏။

ဟန်ရွှေက သူမအား ရွှေကျဲစခန်းအကြောင်း အများကြီး ပြောပြဖူးသော်လည်း သူတစ်ပါးပြောသည်ကို ကြားရခြင်းနှင့် မိမိကိုယ်တိုင် မျက်မြင်တွေ့ရခြင်းမှာ ခံစားချက်ချင်း မတူပေ။

"ရွှေကျဲစခန်းကို ရောက်ပြီဆိုရင် ကျွန်မတို့အားလုံးက မိသားစုတွေပဲ။ နောင်ကျရင် နားမလည်တာ ရှိရင်လည်း ကျွန်မဆီကို အချိန်မရွေး လာခဲ့လို့ရတယ်"

ဟန်ရွှေက ခေါင်းလှည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

လီချို့ယွီက နောက်တစ်ကြိမ် ထပ်မံ ကျေးဇူးတင်စကား ဆို၏။

၎င်းတို့ စခန်းသို့ ပြန်ရောက်သည့် အချိန်တွင် ညနေစောင်းနေလေပြီ ။ ဝမ်ထောင်က ဟန်ရွှေအား လီချို့ယွီ တည်းခိုရန် နေရာ စီစဥ်ပေးပြီး အဖော်လုပ်ပေးထားရန် ပြောခဲ့၏။

ဝမ်ထောင်ကတော့ ဘက်စုံသုံးအဆောက်အအုံသို့ ဦးတည်သွားခဲ့သည်။

အခြားကော်မတီဝင်များစွာလည်း ရှိနေသည်ကို မြင်သောအခါ ဝမ်ထောင်က ပြုံးလျက် မေးလိုက်၏။

"ဒီရက်ပိုင်း အားလုံးရဲ့ ရလဒ်က ဘယ်လိုလဲ"

လူတိုင်းက မိမိတို့ ရရှိလာသော အရာများကို ထုတ်လိုက်ကြရာ တောက်ပနေသော အမြုတေအမျိုးမျိုး စားပွဲပေါ်တွင် ပြန့်ကျဲသွားသည်။

ပမာဏချင်း မတူညီကြသော်လည်း ခြုံငုံကြည့်လျှင် ရလဒ်က တော်တော်လေး ကောင်းမွန်သည်ဟု ဆိုရမည် ဖြစ်၏။

"အထူးဇွန်ဘီတွေရဲ့ အရေအတွက်က တဖြည်းဖြည်း များလာနေသလိုပဲ။ မဟုတ်ရင် ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ အမြုတေတွေ အများကြီး စုဆောင်းမိဖို့ ခက်လိမ့်မယ်"

ဝေကျန့်ကော်က မျက်မှောင်ကြုတ်လျက် ပြောသည်။

အမြုတေများစွာ စုဆောင်းရရှိခြင်းက ကောင်းသောအရာ ဖြစ်သော်လည်း အထူးဇွန်ဘီ အရေအတွက် တိုးပွားလာခြင်းကမူ ကောင်းသည့် လက္ခဏာ မဟုတ်ပေ။ ဝမ်ထောင်က အမြုတေများကို အာရုံစိုက်ကာ လှမ်းကြည့်လိုက်ရာ သူ အသုံးပြုနိုင်မည့် အရာအချို့ကို တွေ့လိုက်ရသဖြင့် ထပ်မံ မေးမြန်းလိုက်၏။

"ဒုတိယအဆင့်ဇွန်ဘီတွေကော။ ကြုံခဲ့ရသေးလား"

"မကြုံခဲ့ရဘူး"

လူတိုင်းက ခေါင်းရမ်းကြသည်။

ဝမ်ထောင် အနည်းငယ် စိတ်ပျက်သွား၏။ အကယ်၍ ဒုတိယအဆင့်ဇွန်ဘီကို ရှာမတွေ့ပါက သူသည် ဒုတိယအဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ပါ။

သူ့အနေဖြင့် ထိုခေါင်းစွပ်ဇွန်ဘီကို အမဲလိုက်ရန် ပြင်ဆင်ရတော့မည့် ပုံပင်။

"ဒီအမြုတေတွေက ငါ မင်းတို့အတွက် ရွေးချယ်ပေးထားတဲ့ အရာတွေပဲ။ ကြည့်လိုက်ဦး။ သင့်တော်မယ့် အရာတွေကို ယူလိုက်ကြ"

ဝမ်ထောင်က ပေါင်းစပ်ထားသော အမြုတေအချို့ကို ထုတ်ပေးလိုက်ရာ အားလုံးမှာ အဆင့်မြင့်နှင့် ထူးချွန်အဆင့်များ ဖြစ်ကြပြီး လိမ္မော်ရောင်မော်ကွန်းဝင်အဆင့် အနည်းငယ်ပင် ပါဝင်သေး၏။

ထိုအမြုတေများကို မြင်သောအခါ လူတိုင်း၏ မျက်ဝန်းများ တောက်ပသွားကြသည်။

ဝမ်ထောင်က ယခင်ကတည်းက ၎င်းတို့အား အမြုတေများကို လောလောဆယ် မပေါင်းစပ်ရန် မှာကြားထားခဲ့၏။ အဘယ်ကြောင့်ဆိုသော် အညစ်အကြေးများနှင့် ဘေးထွက်ဆိုးကျိုးများ ရှိနေနိုင်သောကြောင့် ဖြစ်သည်။ ဝမ်ထောင်က ထိုအမြုတေ ပြဿနာများကို ဖြေရှင်းရန် နည်းလမ်း ရှာဖွေပေးမည် ဖြစ်သဖြင့် ၎င်းတို့၏ အမြုတေအားလုံးကို သူ့ထံ အပ်နှံရန်သာ လိုအပ်သည်။

သူတို့သည် ဝမ်ထောင်ကို အကြွင်းမဲ့ ယုံကြည်ကြသဖြင့် သူပေးသော အမြုတေများကိုသာ ပေါင်းစပ်ကြ၏။ ထို့ကြောင့် သူတို့၏ လက်ရှိ စွမ်းရည် အဆင့်များမှာ သိပ်မမြင့်မားသေးပေ။

ဝမ်ထောင် ယခု ထုတ်ပေးလိုက်သော အမြုတေ အသုတ်မှာ ပမာဏ တော်တော်လေး များပြားသည်။ သူတို့သာ ပေါင်းစပ်ပြီးသွားပါက အနည်းဆုံး စွမ်းရည် တစ်ခု သို့မဟုတ် နှစ်ခုခန့် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားနိုင်ခြေ ရှိ၏။

"နောက်ထပ် ရက်နည်းနည်းလောက် ပထမအဆင့်ဇွန်ဘီတွေကို အမဲလိုက်ပြီးရင် ဒုတိယအဆင့်ဇွန်ဘီတွေကို သတ်ဖို့ ပြင်ဆင်လို့ရပြီ"

အခြား ဒုတိယအဆင့်ဇွန်ဘီများကို ရှာမတွေ့နိုင်သောကြောင့် သူတို့အနေဖြင့် ထိုခေါင်းစွပ်ဇွန်ဘီကိုသာ လက်ဦးမှုယူ ရှင်းလင်းရတော့မည် ဖြစ်သည်။

၎င်းတွင် သွေးပမာဏ ၆၀၀၀ ရှိသော်လည်း သွေးပမာဏ ၁၀၀၀၀ ရှိသည့် ဂေါ်ရီလာဇွန်ဘီနှင့် ယှဥ်လျှင်မူ ကိုင်တွယ်ရ ပိုမို လွယ်ကူပေလိမ့်မည်။

ထို့အပြင် သူတို့ကသာ မြန်မြန်ဆန်ဆန် အရေးမယူပါက ထိုဇွန်ဘီ၏ အင်အားက ပိုမို တိုးတက်လာနိုင်၏။သူတို့ဘက်တွင်မူ အားအကိုးရဆုံး ဝမ်ထောင်၏ အင်အားမှာ လက်ရှိတွင် အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကွာဟချက်က ပိုမို ကြီးမားလာနိုင်သဖြင့် ၎င်းတို့အနေဖြင့် တတ်နိုင်သမျှ မြန်မြန် လှုပ်ရှားရမည်။

"နောက်ဆုံးတော့ ဒုတိယအဆင့်ဇွန်ဘီတစ်ကောင်ကို ရင်ဆိုင်ရတော့မှာပေါ့"

လူတိုင်းက အနည်းငယ် စိုးရိမ်နေကြသော်လည်း မျှော်လင့်ချက်များလည်း ရှိနေကြသည်။

ဝမ်ထောင်က ခေါင်းစွပ်ဇွန်ဘီအကြောင်းကို သူတို့အား ပြောပြဖူးသဖြင့် ထိုဇွန်ဘီသည် ဇွန်ဘီရှောက်ယုံထက်ပင် ပိုမို သန်မာနိုင်ကြောင်း သိထားကြ၏။

သို့သော် ၎င်းသည် ဇွန်ဘီရှောက်ယုံထက် ပို၍ အားနည်းချင်လည်း အားနည်းနိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ ၎င်းသည် သွေးအပြည့်ရှိသော စစ်မှန်သည့် ဒုတိယအဆင့်ဇွန်ဘီတစ်ကောင် ဖြစ်သဖြင့် ပထမအဆင့် စွမ်းရည်ရှင်များ ဖြစ်ကြသော သူတို့ထက်တော့ များစွာ သန်မာနေမှာ အသေအချာပင်။

သို့ရာတွင် လူများလျှင် အင်အားပိုရှိသည်ဟု သူတို့ အမြဲ ယုံကြည်ထားကြ၏။ ထိုဒုတိယအဆင့်ဇွန်ဘီကို ရင်ဆိုင်ရာတွင် ၎င်းတို့၌ အောင်နိုင်မည့် အခွင့်အရေး ရှိနေဆဲ ဖြစ်သည်။

"အားလုံးပဲ ကြိုးစားကြပါ"

"ကြိုးစားကြတာပေါ့"

ဝမ်ထောင်သည် ဝေကျန့်ကော်နှင့် အခြားသူများ စုဆောင်းရရှိခဲ့သော အမြုတေများကို ယူကာ အိမ်သို့ ပြန်လာခဲ့သည်။

လမ်းတွင် ဝမ်ထောင်က သေချာစွာ စစ်ဆေးကြည့်ပြီး ဖြစ်၏။

ဝေကျန့်ကော်နှင့် အခြားသူများထံမှ ရရှိသော အမြုတေ စုစုပေါင်း အရေအတွက်မှာ ဝမ်ထောင် လွန်ခဲ့သည့် ရက်ပိုင်းက ရရှိခဲ့သလောက် မများသော်လည်း သူ့အတွက် အသုံးဝင်မည့် အရာများစွာ ပါဝင်နေသည်။

အထူးသဖြင့် တိကျစွာပစ်ခတ်ခြင်းစွမ်းရည် အမြုတေ လေးခုတိတိ ပါဝင်နေသဖြင့် ဝမ်ထောင်အနေဖြင့် အနီရောင်တစ်ခုနှင့် လိမ္မော်ရောင်အမြုတေ တစ်ခုကို ပေါင်းစပ်နိုင်ပေတော့မည် ။

ကိုယ်တိုင်ပြန်လည်ကုသခြင်းစွမ်းရည် အမြုတေအတွက်မူ သူတို့၌ တစ်ခုသာရှိပြီး ဝမ်ထောင်၏ လက်ထဲတွင်လည်း တစ်ခုရှိနေသဖြင့် အနီရောင်အမြုတေ တစ်ခုအဖြစ် ပေါင်းစပ်နိုင်လိမ့်မည် ဖြစ်သည်။

အနီရောင်အမြုတေ၏ ၈၀ ရာခိုင်နှုန်း ပေါင်းစပ်မှု အောင်မြင်နှုန်းမှာ တော်တော်လေး မြင့်မားလှသဖြင့် ယခုအချိန်အထိ သူ တစ်ကြိမ်မျှ မကျရှုံးဖူးသေးပေ။ ဝမ်ထောင်အနေဖြင့် အခွင့်အရေး ရှိပါက ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှု ရရှိရန် လိမ္မော်ရောင်အမြုတေကို သေချာပေါက် ပေါင်းစပ်မည် ဖြစ်သော်လည်း လက်ရှိတွင် အမြုတေများ ရှားပါးနေသည်။ အနီရောင်အဆင့်ဖြင့်သာ တင်းတိမ်ရမည် ဖြစ်ပြီး ကံ တအားဆိုးမနေလျှင် ပြဿနာ ရှိလိမ့်မည် မဟုတ်ပေ။

အိမ်သို့ ရောက်ရှိသောအခါ ဝမ်ထောင်သည် ဘေးထွက်ဆိုးကျိုးနှင့် အညစ်အကြေးများ မရှိသော ဗားရှင်းများအဖြစ် အမြုတေ သုံးခုကို ပေါင်းစပ်လိုက်၏။ တင်ယွီချင်ကို နှုတ်ဆက်ပြီးနောက် ဝမ်ထောင်သည် အမြုတေများကို ပါးစပ်ထဲသို့ တိုက်ရိုက် ထည့်လိုက်သည်။

ခဏအကြာတွင် အမြုတေ သုံးခုလုံး အောင်မြင်စွာ ပေါင်းစပ်သွားပြီး အနီရောင် နှစ်ခုမှာလည်း မည်သည့် ပြဿနာမျှ မရှိဘဲ အောင်မြင်စွာ ပေါင်းစပ်သွားခဲ့၏။

ယခုအခါ ဝမ်ထောင်၏ ကိုယ်တိုင်ပြန်လည်ကုသခြင်းစွမ်းရည်မှာ '+၇' သို့ ရောက်ရှိသွားပြီး သူ၏ တိကျစွာပစ်ခတ်ခြင်းစွမ်းရည်မှာမူ နောက်ဆုံးတွင် '+၁၀' သို့ ရောက်ရှိသွားလေပြီ ။

သူ၏ စွမ်းအင်သည်လည်း ၃၀၀ တိုးလာသဖြင့် စုစုပေါင်း ၃၉၀၀ ဖြစ်လာသည်။

"ကိုယ်တိုင်ပြန်လည်ကုသခြင်းစွမ်းရည် အမြုတေ သုံးခုပဲ လိုတော့တယ်။ နောက်ရက်ပိုင်းအတွင်း အမြန်ဆုံး ရနိုင်ပါစေလို့ မျှော်လင့်ရတာပဲ"

တင်ယွီချင်သည် နောက်ဆုံးဟင်းလျာဖြသ်သော စွပ်ပြုတ်ကို ချက်ပြုတ်ပြီးနောက် ဝမ်ထောင်ကို နှုတ်ခမ်းလေး ဆူကာ ကြည့်ရင်း ပြောလိုက်၏။

"ဟန်ရွှေက ဘာလို့ အခုထိ ရောက်မလာသေးတာလဲ"

"ကျွန်တော် လှမ်းခေါ်လိုက်မယ်"

ဝမ်ထောင်က ဝေါ်ကီတော်ကီကို ထုတ်ကာ ဟန်ရွှေထံ ဆက်သွယ်လိုက်သည်။

"ထမင်းစားဖို့ လာခဲ့တော့။ ဩော်... လီချို့ယွီကိုပါ တစ်ခါတည်း ခေါ်ခဲ့ပါဦး"

"...အင်း"

ဟန်ရွှေက ဝေါ်ကီတော်ကီထဲမှတစ်ဆင့် တိုးညှင်းစွာ ပြန်ဖြေ၏။ စောဒကတတ်ချင်သ်လည်း သူမ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သိထားပြီး ဖြစ်သောကြောင့် ငြင်းမနေချင်တော့ပါ။

တင်ယွီချင်ခမျာမှာတော့ စိမ်းနေသော နာမည်တစ်ခုကို ကြားလိုက်ရသဖြင့် သူမ၏နှလုံးသားမှာ လှုပ်ခတ်သွားရသည်။ သူမက စမ်းသပ်သည့်အနေဖြင့် အသံတိုးတိုးဖြင့် မေးလိုက်၏။

"ဟို... လီချို့ယွီဆိုတာ ဘယ်သူလဲဟင်"

"ကျွန်တော် မပြောရသေးဘူးလား"

ဝမ်ထောင်က မျက်မှောင်ကြုတ်လိုက်မိသည်။ သူမအကြောင်း ပြောဖူးသလား ၊ မပြောဖူးသလားကို သူလည်းမမှတ်မိတော့ပေ။

"ဟင်... ပြောဖူးလို့လား"

တင်ယွီချင်က ဝေခွဲမရသလို ကြည့်နေသည်။

"သူက ကျွန်တော် အရင်က သိခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ပါ။ ကျွန်တော့်ကို ကူညီပေးခဲ့ဖူးတယ်။ ဒီတစ်ခေါက် အပြင်ထွက်တုန်းက တိုက်တိုက်ဆိုင်ဆိုင် တွေ့တာနဲ့ စခန်းကို တစ်ခါတည်း ခေါ်လာခဲ့တာ"

ဝမ်ထောင်က ရိုးရှင်းစွာ ရှင်းပြလိုက်၏။

"ဩော်..."

တင်ယွီချင်က ဆက်မမေးတော့ပါ။ အမျိုးသားအများစုသည် အရာရာကို လိုက်လံ စပ်စုတတ်သော အမျိုးသမီးများကို မုန်းတီးကြောင်း သူမ သိထားသည်။ အချို့အချိန်များတွင် မည်သည့်အခြေအနေ၌ တိတ်တိတ်နေရမည်ကို သိခြင်းက အမျိုးသားများ၏ အချစ်ကို ပိုမို ရရှိစေနိုင်၏။

သို့သော် တင်ယွီချင်သည် မိမိ၌ နောက်ထပ် ညီမတစ်ယောက် တိုးလာသလား ဆိုသည်ကို သိရှိရန် နောက်မှ သေသေချာချာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအခိုက် ဝမ်ထောင်က တင်ယွီချင်ကို ကြည့်ကာ ရုတ်တရက် မေးလိုက်၏။

"မရီး၊ ဒီရက်ပိုင်း အထူးဇွန်ဘီတွေ ဘာတွေ သတ်မိသေးလား"

သူ အပြင်မထွက်မီက တင်ယွီချင်၏ သွေးပမာဏမှာ တစ်ထောင်ကျော်မျှသာ ရှိသော်လည်း ယခုမူ ၁၂၂၀ ဖြစ်နေပြီ ဖြစ်သည်။

"ဟီးဟီး... သတ်တာပေါ့။ ဒါပေမဲ့ အခြားလူတွေနဲ့ အတူတူ သတ်တာပါ"

ဝမ်ထောင်က မူလက သူမအား အန္တရာယ်များပြားလှသော လုပ်ရပ်များကို မလုပ်ရန် တားမြစ်ချင်ခဲ့၏။ မည်သို့ပင်ဆိုစေ သွေးပမာဏ တစ်ထောင်မျှသာ ရှိပြီး မည်သည့် စွမ်းရည်မျှ မရှိဘဲ အထူးဇွန်ဘီကို သတ်ဖြတ်ခြင်းမှာ အလွန် အန္တရာယ်များလှသည်။

သို့သော် တင်ယွီချင် ပျော်ရွှင်နေသည်ကို မြင်ရသဖြင့် ဝမ်ထောင်က ထိုစကားကို မပြောတော့ပါ။

သန်မာချင်စိတ် ရှိခြင်းက ကောင်းသောအရာ ဖြစ်၏။ အန္တရာယ်ရှိသည်ဆိုရုံဖြင့် သန်မာလာမည့် အခွင့်အရေးကို မရှောင်လွှဲသင့်ပေ။

ထို့ကြောင့် ဝမ်ထောင်က သူမအား အားပေးလိုက်သည်။

"တော်လိုက်တာ။ မရီးကို သာမန်ဇွန်ဘီတွေနဲ့ပဲ လေ့ကျင့်နေတုန်းမှတ်တာ။ အခု အထူးဇွန်ဘီတွေကိုတောင် စသတ်နေပြီလို့ မထင်ထားမိဘူး"

"ဟီးဟီးဟီး..."

တင်ယွီချင်သည် ဝမ်ထောင်၏ ချီးကျူးစကားကို လုံးဝ မတွန်းလှန်နိုင်ဘဲ မျက်နှာတစ်ခုလုံး အပြုံးများဖြင့် ပြည့်နှက်သွား၏။

"နောက်ရက်ပိုင်းတွေကျရင် ကျွန်တော်နဲ့အတူ မရီးကို ခေါ်ပြီး ဇွန်ဘီသွားသတ်မယ်"

ဝမ်ထောင်က ထပ်ပြောလိုက်သည်။

သူ၏ ကိုယ်တိုင်ပြန်လည်ကုသခြင်းစွမ်းရည်မှာ အမြုတေ သုံးခုမျှသာ လိုတော့သဖြင့် ထိုအမြုတေများကို အမြန်ဆုံး ရရှိအောင် လုပ်ရမည် ဖြစ်၏။ ကိုယ်တိုင်ပြန်လည်ကုသခြင်းစွမ်းရည်ကို +၁၀ သို့ ပေါင်းစပ်ပြီးသည်နှင့် ဒုတိယအဆင့် ခေါင်းစွပ်ဇွန်ဘီကို ကိုင်တွယ်ရန် စတင် ပြင်ဆင်တော့မည် ဖြစ်သည်။

နောက်ရက်များအတွင်း အမြုတေများ စုဆောင်းရင်းဖြင့် တင်ယွီချင်နှင့် အခြားသူများကို ခေါ်ကာ သူတို့၏ သွေးပမာဏ ကိုလည်း တိုးပွားအောင် လုပ်ပေးနိုင်သည်။

"ကောင်းတာပေါ့"

ဝမ်ထောင်နှင့်အတူ အပြင်ထွက်ခွင့် ရတော့မည် ဖြစ်သဖြင့် တင်ယွီချင်သည် အတိုင်းထက်အလွန် ဝမ်းသာသွား၏။

သူမသည် ဝမ်ထောင် သန်မာသောကြောင့်သာမက သူ့အနားတွင် ရှိနေရလျှင် စိတ်ချမ်းသာမှု ရရှိသောကြောင့်လည်း အတူရှိချင်ခြင်း ဖြစ်သည်။

ပျော်ရွှင်သွားသော် တင်ယွီချင်က ဝမ်ထောင်၏ ပေါင်ပေါ်တွင် စွဲဆောင်မှုရှိစွာ ဝင်ထိုင်လိုက်ပြီး သူ့ကို မြတ်နိုးတန်ဖိုးထားသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။သူမသည် သူ၏ရင်ခွင်ထဲတွင် ငြိမ်မနေဘဲ လှပသောလက်​လေးများကိုလည်း လှုပ်ရှားနေမိ၏။

၎င်းကို မြင်သောအခါ ဝမ်ထောင်က သူမ၏ တင်ပါးကို ခပ်ဆဆ တစ်ချက် ရိုက်လိုက်သည်။

"ငြိမ်ငြိမ်နေဦး။ ဟန်ရွှေတို့ အခုပဲ ရောက်လာတော့မှာ"

"ဟွန့်..."

တင်ယွီချင်က မကျေနပ်သလို နှာမှုတ်လိုက်၏။ ယနေ့ လူများ လာမည်ဖြစ်ကြောင်း သူမ လုံးဝ မေ့လျော့နေခဲ့၏။ သူမသည် ချက်ပြုတ်နေသော စွပ်ပြုတ် အဆင်သင့် ဖြစ်၊ မဖြစ်ကို ကြည့်ရန် မီးဖိုချောင်သို့ သုတ်သီးသုတ်ပျာ ဝင်သွားတော့သည်။

မကြာမီ အချိန်အတွင်းမှာပင် ဟန်ရွှေသည် လီချို့ယွီကို ခေါ်ဆောင်ကာ ရောက်ရှိလာ၏။

လီချို့ယွီသည် ဤနေရာရှိ အရာရာကို စိတ်ဝင်တစား ရှိနေဆဲ ဖြစ်သည်။ ဝမ်ထောင်က ထမင်းစားရန် ဖိတ်ခေါ်သည်ကို ကြားရသောအခါ သူမသည်လည်း အလွန် ဝမ်းသာပြီး ကျေးဇူးတင်မိသွား၏။

သို့သော် တင်ယွီချင်ကို မြင်လိုက်ရသောအခါ သူမ ခဏမျှ ဆွံ့အသွားရသည်။ သူမ၏ အကြည့်က တင်ယွီချင်နှင့် ဟန်ရွှေကြားတွင် တိတ်တဆိတ် ကူးလူးနေ၏။ မည်သူက ဝမ်ထောင်၏ ဇနီးဖြစ်ကြောင်း သို့မဟုတ် နှစ်ယောက်လုံးလား ဆိုသည်ကို သူမ သေချာ မသိပေ။

သို့ရာတွင် ဝမ်ထောင်က တင်ယွီချင်အား မရီးဟု ခေါ်သည်ကို ကြားလိုက်ရသောအခါမှ သူမ သက်ပြင်းချနိုင်တော့သည်။

သူမ ထင်သလို မဟုတ်ခဲ့ပေ။

သူမ သိထားသည့်အတိုင်း ဝမ်ထောင်သည် လူကြီးလူကောင်းတစ်ယောက် ပုံစံရှိပြီး သူမ၏ အိမ်တွင်လည်း စနစ်တကျနေထိုင်ခဲ့သဖြင့် ထိုသို့သောလူမျိုး မဖြစ်နိုင်လောက်ပါ။

သို့သော် လီချို့ယွီ စိတ်ထဲမှ တွေးတော၍ မဆုံးသေးမီမှာပင် တင်ယွီချင်က နောက်ဆုံးစွပ်ပြုတ်ကို ထမင်းစားပွဲပေါ် တင်ပြီးနောက် ဝမ်ထောင်ကို တိတ်တဆိတ် နမ်းလိုက်သည်ကို မြင်လိုက်ရ၏။

"..."

လီချို့ယွီ ကြောင်အသွားပြီးနောက် ချက်ချင်း ခေါင်းငုံ့လိုက်သည်။

သူမသည် အလွန် ဆန်းကြယ်သော လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိသွားသလို ခံစားလိုက်ရ၏။

ဝမ်ထောင်က တကယ်တော့ သူ၏ မရီးဖြစ်သူနှင့် ဟိုဒင်းဟိုဟာများ ရှိနေခြင်း ဖြစ်သည်။

ဟန်ရွှေကရော ဒီအကြောင်းကို သိရဲ့လား။

အကယ်၍ ဟန်ရွှေ မသိပါက အလွန် သနားစရာ ကောင်းလှပေလိမ့်မည်။

လီချို့ယွီက ဟန်ရွှေကို မသိမသာ လှမ်းကြည့်လိုက်ရာ ဟန်ရွှေ၏ မျက်နှာအမူအရာမှာ အနည်းငယ် နေရခက်နေပုံရသည်ကို တွေ့လိုက်ရ၏။

သူမလည်း မြင်သွားတာပဲ။ ဒါဆို သူတို့ရဲ့ဆက်ဆံရေးက...

လီချို့ယွီ၏ စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေသကဲ့သို့ ဟန်ရွှေ၏ စိတ်ထဲတွင်လည်း အတွေးများ ပေါင်းစုံနေသည်။

သူမသည် သူတစ်ပါးအိမ်တွင် လာရောက် ကပ်မှီနေရသလို ခံစားရသဖြင့် ဝမ်ထောင်၏ အိမ်သို့ ပြောင်းရွှေ့ရန် အနည်းငယ် တွန့်ဆုတ်နေခဲ့ခြင်း ဖြစ်၏။ အထူးသဖြင့် သူတို့ သုံးဦးကြားရှိ ဆက်ဆံရေးမှာ တော်တော်လေး ရှုပ်ထွေးလှသည်။ စောစောက တင်ယွီချင်၏ ခိုးနမ်းမှုက ဘာလဲ။ မဟုတ်ပါ..၊ တင်ယွီချင်က သူမ မြင်အောင် သက်သက် လုပ်ပြခြင်း ဖြစ်သည်ဟု ဟန်ရွှေ ခံစားမိ၏။

မိမိ၏ တည်ရှိမှုကို ခြိမ်းခြောက်ခံရသည်ဟု ခံစားရသဖြင့် သူမအား တမင်အစွမ်းပြခြင်းလား။ ဤအိမ်၏ စစ်မှန်သော အိမ်ရှင်မမှာ မည်သူဖြစ်ကြောင်း သိစေရန် လုပ်ဆောင်ခြင်းလား။

အားလပ်ချိန်များတွင် နန်းတွင်းဒရာမာဇာတ်လမ်းတွဲများကို ကြည့်ရှုရသည်ကို နှစ်သက်သော ဟန်ရွှေသည် ချက်ချင်းပင် အတွေးပေါင်းစုံ ပွားများနေတော့သည်။

သို့သော် ဟန်ရွှေသည် တင်ယွီချင်ကို အထင်လွဲသွားခြင်း ဖြစ်၏။ တင်ယွီချင်တွင် ထိုကဲ့သို့ နက်နဲသော အကြံအစည်များ မရှိဘဲ ခုနက အရှိန်ကမသေသေးသဖြင့် ဝမ်ထောင်ကို ရုတ်တရက် ချစ်စနိုးဖြင့်နမ်းလိုက်ခြင်းသာ ဖြစ်သည်။ ဤအရာက သူမနှင့် ဝမ်ထောင် အိမ်တွင် ခဏခဏ လုပ်လေ့ရှိသော ရိုမန်တစ်ဆန်သည့် လုပ်ရပ်တစ်ခုမျှသာ ။

ထို့နောက် ထမင်းစားချိန်တွင် ဝမ်ထောင်နှင့် တင်ယွီချင်က တစ်ဖက်တွင် ထိုင်ကြပြီး လီချို့ယွီနှင့် ဟန်ရွှေကမူ အခြားတစ်ဖက်တွင် ထိုင်ကြ၏။

လီချို့ယွီနှင့် ဟန်ရွှေတို့သည် ထမင်းစားနေကြသော်လည်း စိတ်များကမူ အခြားနေရာသို့ ရောက်ရှိနေကြသည်။

လီချို့ယွီက ကမ္ဘာပျက်ကပ် ဖြစ်ပွားပြီးနောက် ဤလောကကြီးက မည်သို့ ပြောင်းလဲသွားပြီလဲ၊ စနစ်တကျ ရှိနေဆဲလား၊ သူမ၏ သမီးလေးကော အသက်ရှင်နေဆဲလား စသည်ဖြင့် တွေးတောနေမိ၏။ သို့သော် တွေးတောရင်းဖြင့် ရှေ့မှောက်ရှိ အရသာရှိလှသော အစားအစာများကြောင့် စိတ်ပျက်သွားကာ ဆက်မတွေးတော့ပေ။

ဟန်ရွှေကမူ သူမ အိမ်ပြောင်းလာပြီးနောက် တင်ယွီချင်နှင့် မည်သို့ သင့်မြတ်အောင် နေထိုင်ရမည်ကို တွေးနေသည်။ သူမသည် အမျိုးသားတစ်ယောက်ကို မည်သို့ ဖျော်ဖြေရမည်ကို သိသောသူ မဟုတ်သည့်အပြင် တင်ယွီချင်က သူမအပေါ် မကောင်းသော စိတ်ထားရှိနေနိုင်ခြင်းမျိုးကလည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

မည်သို့ပင်ဆိုစေ ဝမ်ထောင်က တစ်ယောက်တည်းသာ ရှိသဖြင့်... သူမသည် ထူးဆန်းသော စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရ၏။

ထမင်းစားပြီးနောက် ဟန်ရွှေက လီချို့ယွီကို လိုက်ပို့ပေးခဲ့သည်။

အပြင်သို့ ရောက်သောအခါ လီချို့ယွီက စပ်စုလိုသော စိတ်ဖြင့် မေးလိုက်၏။

"ရှင်နဲ့ ဝမ်ထောင်၊ ပြီးတော့ တင်ယွီချင်တို့ သုံးယောက်ကြားက အခြေအနေက ဘာလဲဟင်"

"ရှင် ထင်သလိုပါပဲ"

ဟန်ရွှေ အနည်းငယ် ရှက်ရွံ့သွားမိသည်။

"အော်... အင်းပါ"

လီချို့ယွီက ဆံပင်စလေးကို နားနောက်သို့ သပ်လိုက်၏။

ဤကဲ့သို့သောအရာက သူမအား အလွန်အမင်း အံ့ဩမသွားစေပေ။ မည်သို့ပင်ဆိုစေ ယခင်က အရာများစွာကို မြင်တွေ့ဖူးပြီး ဖြစ်သဖြင့် အေးချမ်းသော ကာလများတွင်လည်း ဤကဲ့သို့သော အခြေအနေမျိုးစုံ ရှိခဲ့ဖူးသည်။ သူမသည် ဟန်ရွှေကဲ့သို့ သန်မာသော အမျိုးသမီးတစ်ဦးပင် သူတစ်ပါးနှင့် လင်ယောကျာ်းကို မျှဝေသုံးစွဲနေရသည်ကို တွေးကာ အနည်းငယ် စိတ်မကောင်း ဖြစ်မိရုံမျှသာ ဖြစ်၏။

ဟန်ရွှေကမူ လီချို့ယွီ လက်ခံရန် ခက်ခဲနေသည်ဟု ထင်မှတ်ကာ ခေါင်းရမ်းလိုက်သည်။

"ကမ္ဘာပျက်ကပ်ထဲမှာ သန်မာတဲ့သူပဲ စကားပြောခွင့်ရှိတာ။ ဒီလိုအရာမျိုးက သာမန်ပါပဲ။ ပြီးတော့..."

ဟန်ရွှေက လီချို့ယွီကို ရုတ်တရက် စိုက်ကြည့်လိုက်၏။

"ရှင်လည်း မှီခိုအားထားရမယ့် သန်မာတဲ့သူတစ်ယောက် ရှာထားဖို့ အကြံပေးချင်တယ်"

"ဟင်... ငါလား။ ငါကတော့ မလိုပါဘူး..."

လီချို့ယွီက လက်ကို အလျင်အမြန် ယမ်းကာ ငြင်းလိုက်သည်။ဟန်ရွှေက သူမကို နက်နဲစွာ ကြည့်လိုက်သော်လည်း ထပ်မံ ရှင်းမပြတော့ပေ။

"နောက်ရက်ပိုင်းတွေကျရင် ညနေပိုင်း စခန်းကို ပြန်ရောက်တာနဲ့ ရှင့်ကို စခန်းပတ်ပတ်လည် လိုက်ပြမယ်"

ဤနေရာက အေးချမ်းသော စခန်းတစ်ခု ဖြစ်သော်လည်း အတွင်းပိုင်းတွင်မူ သန်မာသူကသာ စိုးမိုးသည့် စည်းမျဥ်း ရှိနေဆဲ ဖြစ်သည်။ သူတို့ကဲ့သို့ စွမ်းရည်ရှင်များအတွက်သာမက သာမန် အသက်ရှင်ကျန်ရစ်သူများအတွက်လည်း အလားတူပင် ဖြစ်၏။ အင်အားကြီးမားပြီး ရိက္ခာကူပွန်များစွာ ရှာဖွေနိုင်သူများသည် အဖော်များစွာ ထားရှိနိုင်ကြသည်။

လီချို့ယွီသည် ကမ္ဘာပျက်ကပ်ထဲတွင် မည်သည့် ရှင်သန်ရေး စွမ်းရည်မျှ မရှိသော အားနည်းသည့် သာမန်အမျိုးသမီးတစ်ဦး ဖြစ်သဖြင့် ဤပတ်ဝန်းကျင်တွင် ရှင်သန်ရန် အလွန် ခက်ခဲပေလိမ့်မည်။ ဟန်ရွှေသည် လီချို့ယွီအား အခြားသော အမျိုးသမီးအချို့ကဲ့သို့ အဆုံးသတ်သွားသည်ကို မမြင်ချင်ပေ။

သို့သော် သူမ၌လည်း ကိုယ်ပိုင် အတ္တအနည်းငယ် ရှိနေ၏။ တင်ယွီချင်က သူမအပေါ် ဖိအားများစွာ ပေးနေသောကြောင့် ဖြစ်သည်။

...ညဉ့်အခါ။

ဟန်ရွှေသည် အထုပ်အပိုးများစွာကို သယ်ဆောင်လျက် တံခါးဝတွင် ပေါ်လာသည်ကို မြင်သောအခါ တင်ယွီချင်က ပြုံးလျက် ကြိုဆိုလိုက်သော်လည်း စိတ်ထဲတွင်မူ အနည်းငယ် မကျေမနပ် ဖြစ်မိသွား၏။

စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဝမ်ထောင်က သူမတစ်ယောက်တည်း ပိုင်ဆိုင်သောအရာ မဟုတ်တော့သဖြင့် သူမ အလွန် ဝမ်းနည်းပူဆွေးမိလေသည်။

ဘသားချောငနဲ ဝမ်ထောင်ကမူ ဟန်ရွှေ လိမ္မာပါးနပ်စွာ ရောက်ရှိလာသည်ကို မြင်သောအခါ အလွန် စိတ်ကျေနပ်သွား၏။

"တစ်နေ့လုံး အလုပ်ရှုပ်ထားတာပဲ။ သွားပြီး ရေချိုးလိုက်ကြဦး။ ဘာလို့ ရပ်နေကြတာလဲ။ အတူတူ သွားချိုးကြလေ"

ဝမ်ထောင်က အမျိုးသမီး နှစ်ဦးလုံးကို ကြည့်ကာ ပြောလိုက်သည်။

"..."

အမျိုးသမီး နှစ်ဦးလုံး၏ မျက်နှာများ ရဲရဲနီသွားကြ၏။

ဤဗီလာရှိ ရေချိုးခန်းမှာ အလွန် ကြီးမားလှပြီး ကြီးမားသော ရေချိုးကန်လည်း ရှိသဖြင့် လူသုံးယောက်အတွက် လုံးဝ ကျဥ်းကျပ်မနေပါ။သို့သော်.....။

တင်ယွီချင်က ငါခူပြုံးပြုံးနေသော ဝမ်ထောင်အား ဒိုင်းခနဲ မျက်စောင်းထိုး၏။

နင့်အကြံ ငါမသိဘူးများ မှတ်နေလား။

.နောက်တစ်နေ့။

ဝမ်ထောင်သည် ဟန်ရွှေ၊ တင်ယွီချင်၊ ကောဟွာ၊ ချန်ကျွမ်းနှင့် အခြားသူများကို ခေါ်ကာ အပြင်သို့ ထွက်ခွာခဲ့သည်။

ယခုတစ်ကြိမ်၏ အဓိက တာဝန်မှာ ပထမအဆင့် အထူးဇွန်ဘီများကို အမဲလိုက်ရန်ဖြစ်ပြီး တစ်ဆက်တည်းမှာပင် တင်ယွီချင်နှင့် အခြားသူများ၏ သွေးပမာဏ တိုးပွားလာစေရန် ကူညီပေးရန် ဖြစ်၏။

အပြင်တွင် တစ်နေ့လုံး အလုပ်ရှုပ်ပြီးနောက် သူတို့၏ ကံတရားမှာ ကောင်းသည်လည်း မဟုတ်၊ ဆိုးသည်လည်း မဟုတ်ဟုသာ ဆိုရမည်။

အထူးဇွန်ဘီများစွာနှင့် ကြုံတွေ့ရပြီး အမြုတေများစွာ ရရှိခဲ့သော်လည်း ဝမ်ထောင် အသုံးပြုနိုင်မည့် အရာတစ်ခုမျှ မပါဝင်ပေ။

တစ်ဖက်တွင်မူ တင်ယွီချင်နှင့် အခြားသူများ၏ သွေးပမာဏမှာ တော်တော်လေး တိုးပွားလာခဲ့သည်။

အပြန်လမ်းတွင် ဝမ်ထောင်သည် သူတို့ ပေါင်းစပ်ရန်အတွက် မည်သည့် အမြုတေက အကောင်းဆုံး ဖြစ်မည်ကို တွေးတောနေမိ၏။

တင်ယွီချင်နှင့် အခြားသူများသည် မည်သည့် အမြုတေမျှ မပေါင်းစပ်ရသေးပေ။ သူတို့၏ သွေးပမာဏမှာ သာမန်လူများထက် များစွာ မြင့်မားသော်လည်း အမှန်တကယ်တွင် စွမ်းရည်ရှင်များ မဟုတ်ကြသေးပေ။

ဝမ်ထောင်က သူတို့၏ သဘောထားကို မေးမြန်းလိုက်၏။

ဤကာလအတွင်း စခန်းအတွင်းရှိ စွမ်းရည်ရှင် အရေအတွက် တိုးပွားလာခဲ့ပြီး လူတိုင်းက အမြုတေများနှင့် ပိုမို ရင်းနှီးလာကြသဖြင့် မည်သည့် စွမ်းရည်များ ရှိကြောင်းကို အကြမ်းဖျင်း သိရှိထားကြသည်။

ကောဟွာက သူ့အနေဖြင့် ကိုယ်ပျောက်စွမ်းရည်ကို လိုချင်ကြောင်း တိုက်ရိုက် ဖြေခဲ့သည်။

ကိုယ်ပျောက်စွမ်းရည်မှာ ဝမ်ထောင် ယခုအချိန်အထိ မြင်တွေ့ဖူးသမျှတွင် အင်အားအကောင်းဆုံး ရှင်သန်ရေး စွမ်းရည် ဖြစ်၏။

ကိုယ်ပျောက်စွမ်းရည်ကို အသက်သွင်းလိုက်သည်နှင့် အကျိုးသက်ရောက်မှုမှာ ကိုယ်ပျောက်ဆေးရည်နှင့် အတူတူပင် ဖြစ်သည်။ ဇွန်ဘီနှင့် အလွန်နီးကပ်စွာ ရှိမနေလျှင် သို့မဟုတ် အထူးအမျိုးအစား ဇွန်ဘီနှင့် မကြုံတွေ့ရလျှင် သာမန်ဇွန်ဘီများသည် ၎င်းတို့ကို လုံးဝ အာရုံခံနိုင်မည် မဟုတ်ပေ။

"ကောင်းပြီ"

ဝမ်ထောင်က ကောဟွာအား ဘေးထွက်ဆိုးကျိုး မရှိသော လိမ္မော်ရောင် ကိုယ်ပျောက်အမြုတေ တစ်ခုကို ပေးလိုက်သည်။

"ဒါကို အရင် ပေါင်းစပ်လိုက်။ ပေါင်းစပ်မှု အောင်မြင်ပြီးရင် နောက်ထပ် ပေါင်းစပ်လို့ ရ၊ မရ ဆက်ကြည့်ပါ။ ရတယ်ဆိုရင် ငါ့ဆီ ပြန်လာခဲ့"

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

ကောဟွာ စိတ်လှုပ်ရှားသွားသည်။ သူသည် နောက်ဆုံးတွင် စွမ်းရည်ရှင်တစ်ဦး ဖြစ်လာအေတော့မည်။

"ကျွန်တော်လည်း ကိုယ်ပျောက်အမြုတေ တစ်ခု ပေါင်းစပ်ချင်တယ်..."

ချန်ကျွမ်းက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ကုတ်ကာ ပြောသည်။

သူသည် ဆရာဝန်တစ်ဦး ဖြစ်ပြီး များသောအားဖြင့် စခန်းတွင်း၌သာ နေထိုင်သဖြင့် တိုက်ခိုက်ရေး စွမ်းရည်များမှာ သူ့အတွက် အသုံးမဝင်လှပေ။ သူကိုယ်တိုင်လည်း တိုက်ခိုက်ရသည်ကို မနှစ်သက်သဖြင့် ဤအသက်ကယ် ကိုယ်ပျောက်စွမ်းရည်က သူ့အတွက် သင့်တော်လှပေသည်။

"ကောင်းပြီ။ ဒါဆို မင်းလည်း ကောဟွာလိုပဲ လုပ်ပါ။ ဒီအမြုတေကို ပေါင်းစပ်ပြီးရင် ဆက်ပြီး ပေါင်းစပ်လို့ ရ၊ မရ ကြည့်ပြီး ငါ့ဆီ လာခဲ့"

"ဟုတ်ကဲ့။ ဟီး... ကျေးဇူးတင်ပါတယ်..တကယ်လို့ .အဲ ..လာခဲ့ပါ့မယ်"

အမှန်က ချန်ကျွမ်းသည် နောင်တစ်ချိန် ဝမ်ထောင် အကူအညီလိုပါက သူ့ကို အချိန်မရွေး ခေါ်နိုင်ကြောင်း ပြောချင်ခဲ့ခြင်း ဖြစ်၏။ သို့သော် သူက ဆရာဝန်တစ်ဦး ဖြစ်သဖြင့် သူ့ကို လိုအပ်သည်ဆိုပါက မကောင်းသောအရာတစ်ခုခု ဖြစ်ပွားခြင်းကို ဆိုလိုခြင်း ဖြစ်နိုင်သောကြောင့် ထိုစကားကို ပြန်လည် မျိုချလိုက်တော့သည်။

တင်ယွီချင်အတွက်မူ ဝမ်ထောင်က သူမအား ကိုယ်ပျောက်အမြုတေ တစ်ခု ပေးခဲ့သော်လည်း လောလောဆယ် မပေါင်းစပ်ခိုင်းသေးပေ။

ဝမ်ထောင်၏ ရည်ရွယ်ချက်မှာ သူမ၏ သွေးထုပ်စွမ်းရည်နှင့် လိုက်ဖက်မည့် အမြုတေ ရှိ၊ မရှိကို စောင့်ကြည့်ချင်ခြင်း ဖြစ်သော်လည်း လက်ရှိအချိန်အထိ ရှာမတွေ့သေးပေ။ သူ လက်မလျှော့သေးသော်လည်း အကယ်၍ လုံးဝ ရှာမတွေ့ပါက တင်ယွီချင်ကိုလည်းကိုယ်ပျောက်အမြုတေကိုသာ ပေါင်းစပ်ခိုင်းမည် ဖြစ်သည်။

အမြုတေကို မပေါင်းစပ်မီ မည်သည့် အမြုတေ အမျိုးအစား မည်မျှ ပေါင်းစပ်နိုင်သည်ကို အာရုံခံ၍ မရနိုင်သဖြင့် ဝမ်ထောင်က တင်ယွီချင်အား နည်းနည်း စောင့်ဆိုင်းရန် ပြောခဲ့၏။

နောက်ဆုံးတွင် ဟန်ရွှေ ရှိနေသည်။

ဟန်ရွှေသည် တုန်ခါလှိုင်းစွမ်းရည် အမြုတေ ၁၀ ခုကို ပေါင်းစပ်ပြီး ဖြစ်သဖြင့် ပထမအဆင့်၏ အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်၏။

သို့သော် သူမသည် အာရုံခံစွမ်းရည် အမြုတေ တစ်ခုသာ ပေါင်းစပ်ရသေးသည်။ အကြောင်းရင်းမှာ ထိုကဲ့သို့သော အာရုံခံစားမှုအမျိုးအစားဇွန်ဘီများကို ထပ်မံ မတွေ့ရတော့သောကြောင့် ဖြစ်၏။

ဟန်ရွှေသည် နောက်ထပ် အမြုတေ နှစ်မျိုးကို ပေါင်းစပ်နိုင်သေးသည်။ ဝမ်ထောင်က သူမအား တိကျစွာပစ်ခတ်ခြင်းစွမ်းရည် တစ်ခုနှင့် ကိုယ်ပျောက်စွမ်းရည် တစ်ခုကို ပေါင်းစပ်ခိုင်းလိုက်၏။

ဟန်ရွှေသည် အရှိန်ပြင်းဝင်တိုက်စွမ်းရည်ကို အသုံးပြုတတ်သော်လည်း ၎င်းကို သူမ၏ တစ်ခုတည်းသော စွမ်းရည်အဖြစ်သာ အသုံးများသည်။ သူမ၏ လက်နက်မဲ့ တိုက်ခိုက်ရေး စွမ်းရည်ကတော့ မသန်မာလှပါ။ထို့ကြောင့် သူမက အလတ်စားနှင့်တာ​ဝေးတိုက်ခိုက်မှုများကိုသာ ပိုမို နှစ်သက်၏။

ထို့ကြောင့် သူမအား တိကျစွာပစ်ခတ်ခြင်းစွမ်းရည်ကို ပေါင်းစပ်ခိုင်းခြင်းက ပြဿနာ မရှိပေ။ ကိုယ်ပျောက်စွမ်းရည်အတွက်မူ သူမအား ကိုယ်ပိုင် ရှင်သန်ရေး နည်းလမ်းတစ်ခု ပေးအပ်ခြင်း ဖြစ်သည်။

ဝေးကွာသော နေရာမှ တိုက်ခိုက်ရသည့် စွမ်းရည်ရှင်တစ်ဦးအတွက် ကြေးအရေပြားနှင့် သံမဏိအရိုးစွမ်းရည် သို့မဟုတ် ကိုယ်တိုင်ပြန်လည်ကုသခြင်းစွမ်းရည် ကဲ့သို့သော ခုခံရေး စွမ်းရည်များထက် ကိုယ်ပျောက်စွမ်းရည်က ပို၍သင့်တော်လေသည်။

သူမအနေဖြင့် ကိုယ်ပျောက်စွမ်းရည်ကို အသက်သွင်းကာ ဒူးလေးကို အသုံးပြု၍ ဇွန်ဘီများကို နှိမ်နင်းသရွေ့ ဇွန်ဘီများသည် သူမကို ရှာတွေ့ရန် မျှော်လင့်ချက် လုံးဝ ရှိတော့မည် မဟုတ်ပေ။ ဤစွမ်းရည်က သူမနှင့် တော်တော်လေး လိုက်ဖက်လှသည်။

စခန်းသို့ ပြန်ရောက်ပြီးနောက် ဟန်ရွှေသည် အမြုတေများကို ပေါင်းစပ်ရန် အလျင်မလိုခဲ့ပေ။ ထို့အစား သူမ၏ ကတိအတိုင်း လီချို့ယွီကို ခေါ်ကာ အခြားသော အသက်ရှင်ကျန်ရစ်သူများကို ကြည့်ရှုရန် စခန်းပတ်ပတ်လည် လိုက်လံ ပြသခဲ့၏။

လီချို့ယွီသည် မူလက တော်တော်လေး ပျော်ရွှင်နေခဲ့သော်လည်း စခန်း၏ လူမှုအသိုင်းအဝိုင်း အောက်ခြေတွင် ရှိနေသော အသက်ရှင်ကျန်ရစ်သူများကို မြင်တွေ့ရပြီးနောက်တွင်မူ ဆက် မပျော်ရွှင်နိုင်တော့ပေ။

"ကမ္ဘာပျက်ကပ်ထဲမှာ အင်အားမရှိတဲ့သူတွေရဲ့ အခြေအနေက ဒါပဲ။ ဒါက တကယ်တော့ တော်တော်လေး ကောင်းမွန်တဲ့ အခြေအနေလို့ ပြောလို့ရတယ်။ ကျွန်မ အရင်က အခြား အသက်ရှင်ကျန်ရစ်သူ စခန်းတွေအကြောင်း ပြောပြဖူးတယ် မဟုတ်လား။ အထူးသဖြင့် ရှောက်ယုံရဲ့ စခန်းပေါ့။ တကယ်လို့ ရှင်လို့ လှပတဲ့မိန်းမတစ်ယောက်သာ အဲဒီထဲမှာ ရှိနေရင်.."

"ထားပါတော့...ကျွန်မ နောက်ဆက်တွဲ ရလဒ်တွေကို ဆက်မပြောတော့ဘူး။ ဒီလောက်ဆို ရှင် နားလည်မှာပါ"

"..."

...............

နောက်တစ်နေ့တွင်လည်း သူတို့သည် ဇွန်ဘီများကို ဆက်လက် အမဲလိုက်ခဲ့ကြ၏။

ဝမ်ထောင်၏ ကံတရားမှာ ယနေ့ သိပ်မကောင်းပါ။ ကိုယ်တိုင်ပြန်လည်ကုသဇွန်ဘီများကို မတွေ့ရသေးပေ။ သို့သော် ဝေကျန့်ကော်ဘက်မှ သတင်းကောင်း ရောက်ရှိလာခဲ့သည်။

သူသည် ဆေးရုံအနီးမှ ဖြတ်သန်းသွားစဉ် အထူးဇွန်ဘီအချို့ ထွက်လာသည်ကို ရှာတွေ့ရှိခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် ဝမ်ထောင်သည် အဖွဲ့ကို အလျင်အမြန် ဦးဆောင်ကာ ဝေကျန့်ကော်နှင့် သွားရောက် ပူးပေါင်းခဲ့သည်။

ဆေးရုံထဲမှ အထူးဇွန်ဘီများ ထပ်ပေါ်လာသည်ကို မြင်ရသောအခါ အထူးသဖြင့် ၎င်းတို့အထဲတွင် ကိုယ်တိုင်ပြန်လည်ကုသဇွန်ဘီ အများအပြား ပါဝင်နေသည်ကို သိလိုက်ရမှ ဝမ်ထောင်ခမျာ သက်ပြင်းချနိုင်တော့သည်။

ကိုယ်တိုင်ပြန်လည်ကုသခြင်းစွမ်းရည် အမြုတေက သူ့လက်ထဲ ရောက်တော့မည် မဟုတ်ပါလား။

"အားလုံးပဲ ဒီလိုလုပ်ကြရအောင်.."

.......

..........

အဖွဲ့သည် ညဉ့်နက်သည်အထိ နေထိုင်ခဲ့ကြ၏။ ဆေးရုံအပြင်ဘက်ရှိ ဇွန်ဘီအားလုံးကို သတ်ဖြတ်ပြီးနောက် ဝမ်ထောင်သည် ကိုယ်တိုင်ပြန်လည်ကုသခြင်းစွမ်းရည် အမြုတေ ခြောက်ခုကို ရရှိခဲ့၏။

ပေါင်းစပ်ပြီးနောက် နောက်ဆုံး ရလဒ်အဖြစ် အနီရောင်အမြုတေ နှစ်ခုနှင့် လိမ္မော်ရောင်အမြုတေ တစ်ခုကို ရရှိခဲ့သည်။

မည်သည့် မမျှော်လင့်ထားသော အရာမျှ မရှိဘဲ ဝမ်ထောင်၏ ကိုယ်တိုင်ပြန်လည်ကုသခြင်းစွမ်းရည်မှာ နောက်ဆုံးတွင် "+၁၀" သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူ၏ စွမ်းအင်သည်လည်း ၃၀၀ ထပ်မံ တိုးပွားလာသဖြင့် ၄၂၀၀ သို့ ရောက်ရှိသွား၏။

ယခုအချိန်ထိ ဝမ်ထောင်၏ လက်ထဲတွင် ဘက်စုံသုံးအမြုတေ တစ်ခု ရှိနေဆဲ ဖြစ်သည်။ သူသည် မူလက ကိုယ်တိုင်ပြန်လည်ကုသခြင်းစွမ်းရည် အမြုတေကို လုံလောက်အောင် မစုဆောင်းနိုင်ပါက ဤအညစ်အကြေးများ ပါဝင်သော ဘက်စုံသုံးအမြုတေကို အစားထိုး အသုံးပြုရန် တွေးခဲ့၏။

ကံကောင်းထောက်မစွာဖြင့် သူသည် ကိုယ်တိုင်ပြန်လည်ကုသခြင်းစွမ်းရည် အမြုတေကို လုံလောက်စွာ ရရှိခဲ့လေပြီ။

ဝမ်ထောင်က မိမိ၏ အရည်အချင်းများကို ကြည့်လိုက်၏။

သွေးပမာဏ - [၄၉၉၉/၄၉၉၉]

စွမ်းအင် - [၄၂၀၀/၄၂၀၀]

[ဖုံးကွယ်ထားသော အရည်အချင်း - ခန္ဓာကိုယ်သန်မာစေခြင်း]

[ခန္ဓာကိုယ်တွင်း အညစ်အကြေးများ - ၀%]

[စွမ်းရည်များ - ဒုတိယအဆင့် တုန်ခါလှိုင်းစွမ်းရည်၊ ပထမအဆင့် ကြေးအရေပြားနှင့် သံမဏိအရိုးစွမ်းရည် +၁၀၊ ပထမအဆင့် တိကျစွာပစ်ခတ်ခြင်းစွမ်းရည် +၁၀၊ ပထမအဆင့် ကိုယ်တိုင်ပြန်လည်ကုသခြင်းစွမ်းရည် +၁၀။]

အခြားသူများ မည်သိူ့ရှိမည်မသိသော်လည်း ဝမ်ထောင်သည် လက်ရှိတွင် ရွှေကျဲခရိုင်၌ အသန်မာဆုံး ပထမအဆင့် စွမ်းရည်ရှင် ဖြစ်သည်ဟု ခံစားမိ၏။

သူသည် သွေးပမာဏ၊ စွမ်းအင် သို့မဟုတ် အမြုတေ အဆင့်များ ဖြစ်စေ အရာရာတိုင်းမှာ လက်ရှိအချိန်တွင် ရရှိနိုင်သမျှ အမြင့်ဆုံးသို့ ရောက်ရှိနေပြီ မဟုတ်ပါလား။

ဝမ်ထောင် ကျေနပ်စွာ ပြုံးလိုက်၏။

"အဲဒီ ဒုတိယအဆင့်ဇွန်ဘီကို အမဲလိုက်ရမယ့် အချိန်ရောက်ပြီ"

-----------

All Chapters