← Chapters

ခင်ဗျားကြီး ကျုပ်ကို အပြစ်တင်လို့မရဘူးနော်

Vol. 3 Ch. 252

ခင်ဗျားကြီး ကျုပ်ကို အပြစ်တင်လို့မရဘူးနော်

Vol. 3 Ch. 252

" ငါ့ကိုပြန်ချရဲဖို့ သတ္တိနည်းနည်းလေးတောင် မရှိဘူးပေါ့။ မင်းက ဘာတာအိုပညာရပ်ကိုများ ကျင့်ကြံတုန်းကွ ညမုဆိုးရ။ မင်းလိုမျိုး သုံးစားမရတဲ့ကောင် သွေး စွမ်းအင်နတ်ရေစင်ဂိုဏ်းထဲရောက်နေတာ ငါ့ဖြင့် မယုံနိုင်ဘူး။ ကြည့်ရတာ ဂိုဏ်းအစား ငါကပဲ တာဝန်ယူပြီး အမှိုက်ရှင်းပေးရမဲ့ ပုံပဲဟေ့။" ရှောင်ချင်းမှာ ဒေါသတကြီး ပြောလိုက်လေသည်။

သူက ပထဦးစွာ ဟာသလုပ်ခံရပြီးနောက် စိန်ခေါ်ခံရပါသော်လည်း သူ၏ ပြိုင်ဘက်မှာ တန်း၍ ထွက်ပြေးသွားလေသည်။ ရှောင်ချင်း၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ ပို၍ပင်ထွက်လာပြီး သူ၏ ကျင့်ကြံခြင်းအခြေခံ စွမ်းအင်ကိုထုတ်ကာ အရှိန်ထပ်တင်၍ နောက်က လိုက်နေတော့သည်။

သို့သော်လည်း ပိုင်ရှောင်ချန်းမှာ လျင်မြန်လွန်းလှသည်။ သူ၏ အပြင်အားမှရရှိသည့် ပေါက်ကွဲမှုကဲ့သို့သော အရှိန်အဟုန်ကြောင့် ကိုးနာရီမှ ဆယ်နာရီတိုင်အောင် သူက ရှေ့ဆုံးနေရာမှ ထွက်ပြေးနေဆဲပင်။ မကြာမီတွင် ဆယ့်တစ်နာရီသို့ လျင်မြန်စွာရောက်ရှိသွားတော့သည်။

ထိုအခါတွင် ဆဌမမြောက်သော့ချောင်းမှာ အနီရောင် အစက်အပျောက်တစ်ခုအဖြစ် ပိုင်ရှောင်ချန်း၏ နဖူးရှေ့တည့်တည့်တွင် ပေါ်ထွက်လာသည်။ ထိုသော့ချောင်းက ခဏအတွင်းတွင်ပင် ပ်ိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်ထဲသို့ ပျံသန်းဝင်ရောက်သွားတော့သည်။

ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်ထဲမှ တဂျုန်းဂျုန်းမြည်သံများပေါ်ထွက်လာပြီး သူ၏တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ သူ၏ ထာဝရကောင်းကင်ဘုရင်က အပြည့်အဝအလုပ် လုပ်နေပြီး သွေးရောင်သော့ချောင်းထံမှရရှိသည့် အဆုံးမဲ့ စွမ်းအားများနှင့် ပေါင်းစည်းသွားသည့်အခါတွင် သူ၏ အပြင်အားမှာ ပို၍ပင် ကြီးမားလာတော့သည်။ သူက ခေါင်းကိုနောက်ပစ်၍ အသံကုန်အော်ဟစ်လိုက်သောအခါ သူတပ်ထားသည့် မျက်နှာဖုံး၏ အမူအရာမှာ ကြောက်မက်ဖွယ်အတိပြီးနေတော့၏။

သူက ထိုသို့အော်လိုက်သောအခါ အဋ္ဌမမြောက် ဝိညာဥ်ရိုင်းကြီးက သူ၏နောက်တွင် ပေါ်ထွက်လာပြီးနောက် နဝမမြောက် ဝိညာဥ်ရိုင်းပါ ဆက်၍ ပေါ်ထွက်လာသည်။

ထို နဝမမြောက် ဝိညာဥ်ရိုင်းကြီး၏ ပေါ်ထွက်လာမှုကြောင့် ပိုင်ရှောင်ချန်း၏ အပြင်အားမှာ အပြီးတိုင်အောင် နိုးထသွားပြီး တုနှိုင်းမဲ့လှသည့် စွမ်းအားကြီးချီများနှင့် သွေးစွမ်းအင်များကို ကောင်းကင်ထက်သို့ ထုတ်လွှတ်လိုက်တော့သည်။

ယားးးး…

ပိုင်ရှောင်ချန်း၏ မျက်နှာတွင် အပြာရောင် သွေးကြောကြီးများ ထောင်ထလာတော့သည်။ နာရီအနည်းငယ်အတွင်း သူ၏ အပြင်အားမှာ အံ့မခန်းတိုးတက်သွား၍ သူကိုယ်တိုင်ပင် မခံစားနိုင်လောက်အောင် ဖြစ်နေလေသည်။ သူ၏နောက်ရှိ ဝိညာဥ်ရိုင်းကြီး ကိုးကောင်က အော်ဟစ်နေပြီး ရှောင်ချင်းက အနီးသို့ရောက်လာသောအခါ ပိုင်ရှောင်ချန်းမှာ ထိုဝိညာဥ်ရိုင်များကို စိတ်နှင့်ထိန်းချုပ်လိုက်သောအခါ သူတို့မှာ ပေါင်းစည်းသွားတော့သည်။

ထိုအသစ်ပေါ်ထွက်လာသည့် ဝိညာဥ်ရိုင်းကြီးမှာ အခြားဝိညာဥ်များထက် လွန်စွာကြီးမားပြီး သက်ရှိပုံစံ အသစ်တစ်မျိုးကဲ့သို့ ဖြစ်နေလေ၏။

၎င်းမှာ ဖြူစွတ်နေပြီး ခန္ဓာကိုယ်အနှံ့အပြားတွင် ကြောက်မက်ဖွယ် အရိုးအဆစ်များစွာ ထိုးထွက်နေလေ၏။ ထို့အပြင် ချွန်ထက်လှသည့် လက်သည်းများကို ပိုင်ဆိုင်ထားပြီး ကောင်းကင်နှင့် မြေကြီးကို အမှုန့်ချေနိုင်လောက်သည့် စွမ်းအင်တမျိုးကို ထုတ်လွှတ်နေလေသည်။ သို့သော်လည်း ထူးဆန်းစွာပင် ၎င်းတွင် ဦးခေါင်းမရှိချေ။

၎င်းမှာ ဦးခေါင်းမပါသည့် ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်ဖြစ်ပြီး ပြီးပြည့်စုံမှုမရှိသေးသော်လည်း ကြောက်မက်ဖွယ်ကောင်းအောင် စွမ်းအားကြီးမားလှသည်။ ထိုအရာကြီးပေါ်လာသောအခါ ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်ပြီး အဆုံးမရှိလောက်အောင် များပြားလှသည့် အပြင်အားများကြောင့် သူ၏ဘေးပတ်ပတ်လည်တွင် မိုးသက်မုန်တိုင်းကြီးတစ်ခု ပေါ်ထွက်လာတော့သည်။ ထိုမုန်တိုင်းမှာ တစ်ခဏအတွင်း ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ပေးထားသည့် ဧရာမ လေပွေကြီးတစ်ခုဖြစ်သော လေဆင်နှာမောင်းတစ်ခုအသွင် ပြောင်းသွားတော့သည်။

ရှောင်ချင်းကမူ ရောက်သည့်နေရာတွင်ရပ်ကာ မျက်လုံးများပြူးနေတော့၏။ သူ၏ မျက်နှာပေါ်တွင် လေးနက်သောအမူအရာပေါ်လာသည်မှာ ဤအကြိမ်သည် ပထမဆုံးဖြစ်သည်။ ပိုင်ရှောင်ချန်းက ပို၍ အင်အားကြီးမားသွားရုံတင်မကပဲ ဦးခေါင်းမပါသည့် ကောင်းကင်နတ်ဆိုးကြီးကြောင့် သူ၏ ပုံစံမှာ ယခင်ကနှင့် မတူတော့ချေ။

" ကောင်းပြီ ရှောင်ချင်းရေ.. လာစမ်းပါကွ။ ချရအောင်လေ။"

ပိုင်ရှောင်ချန်း၏ အပြင်ပုံပန်းသွင်ပြင်မှာ မပြောင်းလဲပါသော်လည်း သူ့ဆီမှထွက်ပေါ်နေသည့် အငွေ့အသက်များအရ သူက လျင်မြန်စွာ စွမ်းအားကြီးမားနေကြောင်း သိနိုင်ပေသည်။ သော့ငါးချောင်းထံမှ သွေးချီများကို စုပ်ယူပြီးသွားပြီဖြစ်သဖြင့် စွမ်းအင်အချို့ကို ယခုချက်ချင်း မထုတ်လွှတ်လိုက်ပါက ပေါက်ကွဲထွက်တော့မည့်အလား သူ ခံစားနေရတော့သည်။

ယခင်သော့လေးချောင်းတုံးက ဤကဲ့သို့ သူ မခံစားခဲ့ရပေ။ သို့သော်လည်း ပဥ္စမ မြောက်သော့ချောင်းကို စုပ်ယူပြီးလိုက်သောအခါတွင် သူက တမုဟုတ်ခြင်း အင်အားကြီးမားသွားသည့်အလား ခံစားလိုက်ရလေသည်။ သူက အော်ဟစ်ရင်း ရှေ့သို့တစ်လှမ်းတိုးကာ ရှောင်ချင်းဆီသို့ တောင်ဖြိုသိုင်းထုတ်ကာ ပျံသန်းသွားသောအခါ ကျယ်လောင်သည့် တဂျုန်းဂျုန်းမြည်သံကြီးများ ထွက်လာတော့သည်။

သူ၏ နောက်ရှိ ကောင်းကင်နတ်ဆိုးပုံရိပ်ကြီးကလည်း ပိုင်ရှောင်ချန်းကဲ့သ်ို့ တိုက်ကွက်ထုတ်လိုက်ပါသော်လည်း သူ့ထက်မူ အင်အားများစွာ ပို၍ကြီးမားသည်ကို မြင်နိုင်ပေသည်။ ထိုတိုက်ကွက်မှာ ပြင်းထန်လွန်းလှသဖြင့် အရာရာတိုင်းကို အမှုန့်ချေနိုင်လောက်သည့်အလား အင်အားကြီးမားလှပေသည်။ ပိုင်ရှောင်ချန်းက ရှောင်ချင်းပေါ်သို့ ကျဆင်းသွားသောအခါ ဘေးနားရှိ လေထုကြီးပင် တွန့်လိမ်ကောက်ကွေးသွားတော့သည်။

ရှောင်ချင်းက ရှောင်ရှားရန် ပြင်လိုက်စဥ်မှာပဲ တဟုန်ထိုးဆင်းသက်လာသည့် ပိုင်ရှောင်ချန်းက ရုတ်တရက် ညာလက်ကို ဆန့်ထုတ်လိုက်သောအခါ သူ၏ လက်ဝါးထဲမှ အားပြင်းသည့် ဆွဲငင်အားတစ်ခုထွက်လာပြီး ရှောင်ချင်း၏ လည်ပင်းပေါ်သို့ တွယ်ကပ်သွားတော့သည်။

ထို့နောက် သူ၏လက်မှာ လက်သီးပုံစံ ပြောင်းသွားလေသည်။ ထိုအခါ လေထုက တုန်ခါသွားပြီး အင်အားကြီး အငွေ့အသက်များ ထွက်ပေါ်လာကာ ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသဖြင့် ရှောင်ချင်းမှာ လှုပ်၍ပင် မရတော့ပေ။

ရှောင်ချင်းက မျက်လုံးပြူးကြီးများဖြင့် အော်ဟစ်ကာ မန္တန်လက်ကွက်တစ်ခုဖော်လိုက်တော့သည်။ ထိုအခါ စူးရှတောက်ပလှသည့် သွေးရောင်အလင်းတန်းများက ရုတ်တရက်ပေါ်ထွက်လာပြီးနောက် ဧရာမ ကြက်သွေးရောင်ဓားကြီးတစ်ချောင်းအသွင်ပြောင်းလဲသွားကာ ပိုင်ရှောင်ချန်းကို လှမ်း၍ ခုတ်လိုက်တော့သည်။

ထိုအရာများမှာ ဖော်ပြရသည်သာ ကြာသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်ပျက်သွားသည်။ ပိုင်ရှောင်ချန်း၏ တိုက်ကွက်မှာ ရှောင်ချင်းပေါ်သို့ ကျဆင်းသွားသောအခါ နားစည်များပင်ကွဲလောက်သည့် အသံကျယ်ကြီးတစ်သံမှာ အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားလေသည်။ ချက်ချင်းပင် သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက်ကြားတွင် မီတာသုံးထောင်ခန့် ခြားသွားသည်အထိ ဆန့်ကျင်ဘက်အရပ်မျက်နှာသို့ ပျံထွက်သွားကြတော့သည်။ မြေကြီးမှာ အက်ကွဲကာ ပျက်စီးနေပြီး လေပြင်းတစ်ချက်တိုက်ခတ်သွားသဖြင့် အရာအားလုံးမှာ တုန်ရီနေတော့သည်။

သွေးဓားကြီးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်ကြီးမှာလည်း ထက်ခြမ်းကွဲသွားလေသည်။ ရှောင်ချင်းမှာ လေပေါ်သို့ လွင့်ထွက်သွားပြီး ပိုင်ရှောင်ချန်း၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာတော့သည်။

ဖုန်များလွင့်ပျံတက်နေရာမှ ငြိမ်ကျသွားသောအခါ ရှောင်ချင်းမှာ အဝေးသို့ရောက်နေပြီး သူ၏ မျက်နှာမှာ သွေးဆုတ်ကာ ဖြူဖတ်နေတော့သည်။ ပါးစပ်မှသွေးများကို သုတ်နေသည့် ပိုင်ရှောင်ချန်းကို သူက တောက်ပသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။ ပိုင်ရှောင်ချန်းမှာ သူစုဆောင်းမိထားသည့် စွမ်းအားများ၏ တစ်ဝက်ကျော်လောက်ကို ထုတ်သုံးလိုက်ပြီဖြစ်ရာ ပေါက်ကွဲတော့မည့်အလား မခံစားရတော့ချေ။ တချိန်ထဲမှာပင် သူက မတ်တတ်ရပ်ကာ ရှောင်ချင်းကိုစိုက်ကြည့်ရင်း သူ၏ အပြင်အားများက ပို၍ပင် အင်အားကြီးမားလာသည်ဟု ခံစားလိုက်ရတော့သည်။

" ဘယ်လိုလဲ။ တိုက်ပွဲကို သဘောမှတွေ့ရဲ့လား ရှောင်ချင်းရေ။" ပိုင်ရှောင်ချန်းက နီရဲနေသည့်မျက်လုံးကြီးများဖြင့် အေးစက်စက်ပြုံးကာ မေးလိုက်လေသည်။

ရှောင်ချင်းကမူ ဘာမှ ပြန်မဖြေချေ။ စောစောက ပိုင်ရှောင်ချန်း၏ တိုက်ကွက်မှ သူခံစားလိုက်ရသည့် အန္တရာယ်၏ တစ်စိတ်တစ်ပိုင်းမှာ သူ၏ အပြင်အားကြောင့်ဖြစ်ပြီး ကျန်တစ်စိတ်တစ်ပိုင်းမှာ ပိုင်ရှောင်ချန်းထံတွင် သူအဖြေထုတ်မရသည့် အခြားအရာတစ်ခု ရှိနေခြင်းကြောင့်ဖြစ်သည်။

" ဒီကောင် တစ်ခုခုကို လျှို့ဝှက်ထားတာ အသေအချာပဲ။" သူကတွေးလိုက်လေသည်။ ပိုင်ရှောင်ချန်းကို သူအသေသတ်နိုင်မည်ဟု သူက ယုံကြည်ထားပါသော်လည်း ထိုသို့ သတ်ရန်ကြိုးစားပါက သူကိုယ်တိုင်လည်း အပြင်းအထန် ဒဏ်ရာရရှိမည်ဖြစ်ကြောင်း သူက သိပေသည်။ နတ်မီးလျှံစမ်းသပ်ပွဲ၏ ဤအချိန်သို့ရောက်လျှင်မူ လူအများစုက သေပွဲဝင်သည်အထိ တိုက်ခိုက်ရန်ဆုံးဖြတ်ထားကြပြီဖြစ်သည်။ သို့သော်လည်း ရှောင်ချင်းက ရွှယ်မေ့၏ လျှို့ဝှက် အကြံအစည်ကို သိပြီး ယခုဖြစ်ပျက်နေသည့်အရာအားလုံးမှာ အပေါ်ယံသာဖြစ်ကြောင်း သိပေသည်။ ထို့ကြောင့် သူက အသက်စွန့်ရန် အဆင်သင့်မဖြစ်သေးချေ။

ထိုသို့ ဆုံးဖြတ်ချက်ချရသည်အတွက် အခြားအကြောင်းအရင်းတစ်ချက်လည်း ရှိသေးသည်။ ရှောင်ချင်းက ပိုင်ရှောင်ချန်း၏ အနောက်ရှိ အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ပြီး စကားတစ်ခွန်းမှ ထပ်မပြောပဲ နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။

ပိုင်ရှောင်ချန်းက သူ့ကိုလိုက်မတားသည့်အပြင် သူထွက်ခွာသွားသည်ကို စိတ်သက်သာရာပင် ရနေတော့သည်။ ထို့နောက် သူက ရှောင်ချင်းကြည့်ခဲ့သည့် ဘက်သို့ စူးရှသောအလင်းတန်းများတောက်ပနေသည့် မျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်လေသည်။

" အစ်ကို.. ကျုပ်နောက်ကို လိုက်ကပ်နေတာ တော်တော်ကြာပြီနော်။ မျက်နှာလေးတော့ ပြလေဗျာ။" ပိုင်ရှောင်ချန်းက အော်ပြောလိုက်လေသည်။

ထိုအခါ လူတစ်ယောက်က မှော်ပစ္စည်းကိုသုံးလိုက်သည့်အလား လေထုကြီးမှာ တုန်ခါသွားပြီး ရယ်မောသံများထွက်လာတော့သည်။ ထို့နောက် ကျောကုန်းတွင်ဘုကြီးတစ်လုံးရှိသည့် ပိန်ပါးပါး သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ပေါ်ထွက်လာသည်။ ပိုင်ရှောင်ချန်းက သူ့ကိုမြင်လိုက်ရုံနှင့် စွမ်းအင်ပိုင်းအရတွင် ရှောင်ချင်းထက်တော့ မနိမ့်ကြောင်း တန်းသိလိုက်လေသည်။

ထိုလူကို စုန့်ကျင်းဝမ်း၏ ဓမ္မစောင့်ရှောက်သူများထဲတွင် ပိုင်ရှောင်ချန်းက မြင်ဖူးထားပြီးဖြစ်သည်။ သို့သော်လည်း လူတိုင်းသာမက စုန့်ချွဲပင်လျှင် ထိုလူက သူ၏ ကျင့်ကြံခြင်းအခြေခံ စွမ်းအင်အစစ်အမှန်ကို ဖုံးကွယ်ထားကြောင်း မသိကြပေ။ ထိုလူမှာ ရှောင်ချင်းလိုလူမျိုးကဲ့သို့ပင် စုန့်ကျင်းဝမ်၏ ဝှက်ဖဲတစ်ခုဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ မျက်လုံး အနည်းငယ် ပြူးသွားလေသည်။ သူ၏အမြင်တွင် ရှောင်ချင်းထွက်ပြေးသွားရသည်မှာ ဤလူကြီးကြောင့် ဖြစ်လေသည်ဟု တွေးထားလေသည်။

" ကျုပ်က …ခင်ဗျားရဲ့ အစေခံ စုန့်ကျိမ်း ပါ..." ထိုလူက ကွဲအက်နေသည့် လေသံဖြင့် ပြောလိုက်လေသည်။ သူက ပိုင်ရှောင်ချန်းကို ခေါင်းအစခြေအဆုံးကြည့်ကာ စုန့်ကျင်းဝမ်၏ ဓမ္မစောင့်ရှောက်သူတစ်ယောက် ဖြစ်ထိုက်၊မဖြစ်ထိုက် ဝေခွဲမရ ဖြစ်နေသေးသည်။ သူ၏ အမြင်တွင် စုန့်ကျင်းဝမ်နှင့် ညမုဆိုးအကြားတွင် အခြားဇာတ်လမ်းများရှိဦးမည်ဟု ယူဆထားလေသည်။ ထို့ကြောင့်လည်း သူမက သူ့ကို ခေါ်လာခြင်းဖြစ်မည်ဟု တွေးလိုက်လေသည်။

" ငါက အလောင်းအစားသမားမဟုတ်ဘူး။ ပြီးတော့ ဒီနေရာမှာ လေတွေတိုက်စားတာခံရပြီးတော့လည်း မသေချင်ဘူး။ ကိစ္စတစ်ခုဆို ငါက ယတိပြတ်မှပဲကြိုက်တာ။ မကြာခင် ဆယ့်သုံးနာရီမြောက်ကို ရောက်တော့မှာ။ သတ္တမမြောက် သော့ချောင်းကို ငါ့ကိုပေးယူကွာ။ အဲ့တာဆို မင်းနဲ့ငါ ငြိစရာမလိုဘူး။"

ပိုင်ရှောင်ချန်းက တစ်ခဏမျှတွေးတောကာ ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီ။ သတ္တမမြောက်သော့ချောင်း ပေါ်လာတာနဲ့ ကျုပ်နောက်ဆုတ်ပေးမယ်။ ဒါပေမဲ့ မမေ့နဲ့နော်။ အဲ့ သော့ဆိုးလေးတွေက ကျုပ်နောက်လိုက်ရတာ သိပ်ကြိုက်တာဗျ။ သော့ကို ယူနိုင်၊မယူနိုင်က ခင်ဗျားအပိုင်းနော်။ ခင်ဗျားဘာသာ ခင်ဗျား လက်နှေးလို့ကတော့ ဘာဘာညာညာ ကျုပ်မကြားချင်ဘူး။"

ထိုအခါ စုန့်ကျိမ်းက သူ့ကို အသက်မပါသည့် အပြုံးပြုံးကာ ကြည့်ရင်း ဆိုလိုက်သည်။

" မပူပါနဲ့ ညီလေးညမုဆိုး။ မင်းသာ သော့ကိုတမင် မစုပ်ယူသ၍ အဲ့သော့ပေါ်လာတာနဲ့ ငါအရယူပါ့မယ်။ ဒါပေမဲ့ မင်း ရုတ်ရုတ် ရုတ်ရုတ် လုပ်ရင်တော့ ငါ့အဆိုးမဆိုနဲ့နော်။"

" မင်း ဘေးနားသွားထိုင်နေပြီး ဆယ့်သုံးနာရီမြောက်ကိုစောင့်ရင်း တရားထိုင်နေပါ့လား။"

ပိုင်ရှောင်ချန်းမှာ ထိုအကြံကို သဘောကျသွားလေသည်။ သော့ချောင်းများက သူ၏ ကျင့်ကြံခြင်းအတွက် အလွန်အထောက်အကူပြုသော်လည်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ခုလုံးမှာ သူ၏ ထာဝရကျမ်းအတွက်ဆိုလျှင် မြင့်မြတ်နယ်မြေတစ်ခု ဖြစ်နေသည်။ သူ၏ အတွေးထဲတွင် သော့တစ်ချောင်းအတွက် ဤသို့သောလူနှင့် အန္တရာယ်များသည့် တိုက်ပွဲတစ်ပွဲယှဥ်တိုက်ရန် မလိုကြောင်း တွေးလိုက်လေသည်။

ရှုံးနိမ့်သည့်အဖွဲ့မှလူများ အသတ်ခံရမည်ဆိုသော အချက်ကိုမူ ပိုင်ရှောင်ချန်းက မပူတော့ချေ။ သွေးဘိုးဘေးကြီး၏ ခန္ဓာကိုယ်ထဲတွင် ဖြစ်ပျက်ခဲ့သည့် ထူးဆန်းသောအရာများကိုကြည့်၍ အခြားလူများ အသတ်ခံရလျှင်တောင် သူအသတ်ခံရမည်မဟုတ်ကြောင်း ပိုင်ရှောင်ချန်းက ယုံကြည်နေတော့သည်။

သူက အလွန်စိတ်အေးသွားပြီး တင်ပျဥ်ခွေထိုင်ချကာ တရားထိုင်လိုက်တော့သည်။ စုန့်ကျိမ်းက မထင်မှတ်ထားသည့်အရာများ လုပ်လျှင် ကာကွယ်နိုင်ရန် သတိကြီးကြီးထားရင်း သူ၏ ကျင့်ကြံခြင်းအခြေခံကို အနည်းငယ်ပြောင်းလဲမှုများလုပ်ကာ တဖြည်းဖြည်းချင်း အားအင်ဖြည့်တင်းပြီး တချိန်ထဲမှာပင် သူ၏ အပြင်အားကို တိုးပွားအောင် လုပ်နေတော့သည်။

စုန့်ကျိမ်းမှာလည်း တရားထိုင်ကာ အချ်ိန်ကုန်သည်ကို စောင့်နေတော့သည်။

စုန့်ကျိမ်းမှာ သူတို့နှစ်ယောက်ကြား တိုက်ပွဲဖြစ်လာနိုင်သည်ကို ပူပန်နေဟန် မတူပဲ ပိုင်ရှောင်ချန်းမှာလည်း ထိုသို့ မပူပန်နိုင်လောက်အောင် အလုပ်ရှုပ်နေလေသည်။ အချိန်များမှာ ကုန်ဆုံးသွားသည်။ မကြာမီတွင် ဆယ့်တစ်နာရီနှင့် ဆယ့်နှစ်နာရီ ကုန်သွားပြီး ဆယ့်သုံးနာရီသို့ ရောက်ခါနီးသွားတော့သည်။

ထိုအခါ စုန့်ကျိမ်း၏ မျက်လုံးများ ပွင့်လာတော့သည်။ သူက မတ်တတ်ထရပ်ကာ ပိုင်ရှောင်ချန်းအနားသို့ကပ်သွားပြီး သူ၏ ညာလက်မှာ အလင်းရောင်များ တဖျတ်ဖျတ် တောက်လာတော့သည်။ ပိုင်ရှောင်ချန်း၏ အရှေ့ရှိ လေထုကြီးကို သူက စိုက်ကြည့်ကာ သတ္တမမြောက် သော့ချောင်းထွက်ပေါ်လာပါက သူက ဖမ်းယူနိုင်မည်ဟု အပြည့်အဝ ယုံကြည်နေလေ၏။

ညမုဆိုးက အပေးအယူဖျက်ကာ သော့ကိုစုပ်ယူရန် ကြိုးစားလျှင်တောင်မှ သူတိို့က နီးကပ်လွန်းလှသည့်အတွက် စုန့်ကျိမ်းမှာ သူ၏ နက်နဲသော ကျင့်ကြံခြင်းအခြေခံနှင့် ဂိုဏ်းစောင့်အကြီးအကဲများပင် ချီးကျူးရသည့် သူ၏ မွေးရာပါ အမြန်နှုန်းကြောင့် သော့ကို ဖမ်းယူနိုင်လိမ့်မည်ဟု မိမိကိုယ်ကို ယုံကြည်နေတော့သည်။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးသွားသည်။ အသက်ရှူကြိမ် ဆယ်ကြိမ်လောက်သာ ကျန်သည့် အချိန်သိူ့ရောက်သွားလေသည်။ ခြောက်ကြိမ်...သုံးကြိမ်...... အဆုံးတွင် ဆယ့်သုံးနာရီမြောက်သို့ ရောက်သွားလေသည်။

ဆုန့်ကျိမ်းမှာ ခေါင်းကိုနောက်သို့ပစ်ကာ ကျယ်လောင်စွာ ရယ်မောရင်း ညာလက်ကို ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး ရှေ့သို့ ဆန့်ထုတ်လိုက်သည့်အခါ နောက်တွင် ပုံရိပ်ယောင်များသာ ကျန်ခဲ့တော့သည်။ ကြီးမားသည့် စွမ်းအင်တစ်ခုပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်းကိုပင် သူက ဂရုမစိုက်တော့ချေ။

သို့သော်လည်း တချိန်ထဲမှာပင် ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်ထဲမှ တောက်ပသည့် အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာတော့သည်။

သတ္တမြောက်သော့ချောင်းမှာ ပေါ်ထွက်လာသော်လည်း သူ၏ ရှေ့တွင်ပေါ်ထွက်လာသည်မဟုတ်။ အခြားသူများ မတွေးထားနိုင်လောက်အောင်ပင် သူ၏ ခန္ဓာကိုယ်ထဲတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းပင်လျှင် ဘာပြောရမှန်းမသိလောက်အောင် ဖြစ်နေတော့သည်။ သူဘာမှ မလုပ်နိုင်သေးခင် သော့ချောင်းက သူ၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားပြီး သွေးချီများမှာ သူ၏ ခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းနေတော့လေသည်။

စုန့်ကျိမ်းမှာ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။

" ဒါ....."

ပိုင်ရှောင်ချန်းကမူ မျက်လုံးများ ပြူးနေလေ၏။

" ဟေ့။ခင်ဗျားကြီး ကျုပ်ကို အပြစ်တင်လို့မရဘူးနော်။ ကျုပ်ရဲ့ ဗိုက်ထဲမှာ ပေါ်လာတာဗျ။" ပိုင်ရှောင်ချန်းက သနားစရာကောင်းစွာ အော်ပြောလိုက်သည်။

စုန့်ကျိမ်း၏ အမူအရာမှာ ပြောင်းလဲသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

" ညမုဆိုး....."

All Chapters