← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အခန်း (၄)

ကောင်းကင်ဘုံက ပေးသနားသော အခွင့်အရေး

ချင်းမူကုထျန်းနှင့် လမ်းခွဲပြီးနောက် ကောင်းယွမ်သည် နေရာအနှံ့ ပတ်လျှောက်ကြည့်ပြီးမှ သူထွက်လာခဲ့သည့် နေရာသို့ ပြန်လည်ရောက်ရှိလာလေသည်။ တံခါးမှာ ထိုနေရာတွင် ရှိနေဆဲဖြစ်သည်ကို မြင်လိုက်ရသောအခါ သူက တွန်းဖွင့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်း ပွင့်သွားခဲ့လေသည်။

အတွင်းဘက်သို့ ခြေချလိုက်သည်နှင့် သူ၏ အိမ်ဟောင်းနောက်ဖေးတွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရလေ ၏။

ကောင်းယွမ်သည် အိမ်ဟောင်းထဲက ဆိုဖာတွင် ထိုင်ရင်း အတွေးများစွာဖြင့် အချိန်အတော်ကြာ တိတ်ဆိတ်နေမိ လေသည်။ သူ၏ နောက်ဖေးခြံဝင်းသည် တကယ်ပင် အနာဂတ်ကာလ နှစ်တစ်ထောင်ကျော်သို့ ရောက်ရှိနိုင် သည့် နေရာဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

ဤသည်မှာ ကောင်းကင်ဘုံက သူ၏လက်ဝယ်သို့ ပေးအပ်လိုက်သော အခွင့်အရေးပင် ဖြစ်သည်။

ဤသို့သော အခွင့်အရေးမျိုးကိုမှ မဆုပ်ကိုင်နိုင်ပါက သူသည် တစ်သက်လုံး ဆင်းရဲတွင်းနက်နေထိုက်သူသာ ဖြစ်ပေတော့မည်။

မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းမှ သာမန်အရာဝတ္ထုလေးများသည် အနာဂတ်ကမ္ဘာတွင် တန်ဖိုးကြီးမားလှပေ သည်။ အထူးသဖြင့် ခေတ်သစ် အစားအသောက်များ၊ အဝတ်အစားများ၊ သဘာဝအတိုင်းဖြစ်တည်နေသော အရာအားလုံးနှင့် လက်မှုပညာ ပစ္စည်းအချို့ပင်လျှင် အနာဂတ်ကမ္ဘာ၌ ရှေးဟောင်းပစ္စည်းများအဖြစ် သတ်မှတ်ခံ ထားရလေ၏။

အလားတူပင် အနာဂတ်ကမ္ဘာမှ ပစ္စည်းများစွာသည်လည်း မျက်မှောက်ခေတ်တွင် တန်ဖိုးမဖြတ်နိုင်သော အရာ များ ဖြစ်နေနိုင်ပေသည်။

ကောင်းယွမ်၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်လောင်နေမိတော့သည်...၊

စီးပွားရေး ပျက်သုဉ်းသွားသော်လည်း ကောင်းယွမ်တွင် စုဆောင်းငွေ သောင်းဂဏန်းခန့် ကျန်ရှိနေပေသေးသည်။ သူသည် အပြင်သို့ ထွက်ခဲ့လိုက်သည်။ မုကျားကျေးရွာသည် လင်းဟိုင်ခရိုင်မြို့နှင့် (၅) ကီလိုမီတာသာ ဝေးကွာ လေသည်။ ကောင်းယွမ်သည် ခရိုင်မြို့ရှိ စူပါမားကက်မှ ပစ္စည်းများကို အိမ်သို့ သယ်ဆောင်ရန် ယာဉ်တစ်စီး ရှာ ဖွေရန် စိတ်ကူးလိုက်လေ၏။

တံခါးဝတွင် ကောင်းယွမ်သည် လျှပ်စစ်စကူတာ စီးလာသော မိန်းကလေးငယ်တစ်ဦးကို မြင်လိုက်ရလေသည်။

သူမက ကောင်းယွမ်ကို စိုက်ကြည့်နေခဲ့လေသည်။

"ဟယ်လို..."

ကောင်းယွမ်က နှုတ်ဆက်လိုက်၏။

"အစ်ကိုယွမ်၊ ကျွန်မကို မမှတ်မိတော့ဘူးလား..."

"ဗျာ..."

ကောင်းယွမ် အနည်းငယ် အနေရခက်သွားလေသည်။

သူမကို သေချာကြည့်လိုက်ရာ ရင်းနှီးသယောင်ရှိသော်လည်း မည်သူမည်ဝါမှန်း လုံးဝ အမှတ်မရနိုင် ဖြစ်နေရ၏။

မိန်းကလေးက ကောင်းယွမ်၏ အနေရခက်နေသည့်ဟန်ကို သတိပြုမိသွားကာ ပါးစပ်ကို ပိတ်၍ ရယ်မောလိုက် လေသည်။

"ကျွန်မ လင်းမေလေ... ကျွန်မရဲ့ နာမည်ပြောင်က ရှောင်ဝမ်စီ... ငယ်ငယ်တုန်းက ကျွန်မ အစ်ကို့နောက်ကို အရိပ် လို လိုက်နေကျလေ..."

"အာ... မင်းကိုး... နှစ်တွေ အတော်ကြာသွားပြီဆိုတော့ ငါလည်း မမှတ်မိတော့ဘူး... မင်းတောင် အတော်လေး ကြီးလာပြီပဲ..."

ကောင်းယွမ်က ပြောလိုက်လေ၏။

သူ ပြန်မှတ်မိသွားပြီ။ ငယ်ငယ်တုန်းက လင်းမေသည် သူ၏နောက်တွင် ကပ်၍လိုက်နေတတ်ပြီး တောင်ပေါ်သို့ တက်ကာ ငှက်သိုက်ရှာ၊ မြစ်ထဲဆင်း၍ ငါးဖမ်းသည်အထိ အတူတူ လုပ်ခဲ့ကြသူဖြစ်သည်။ ထိုစဉ်က နှပ်ချေးတွဲ လောင်းနှင့်ကောင်မလေးသည် ယခုအခါတွင် ပိန်သွယ်လှပပြီး တင့်တယ်သော မိန်းကလေးတစ်ယောက် ဖြစ်လာ လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

"ဟွန်း၊ ကျွန်မက အစ်ကို့ထက် သုံးနှစ်ပဲ ငယ်တာပါနော်..."

လင်းမေ က မျက်စောင်းလေးထိုးကာ ပြောလိုက်လေသည်။

"ငါ့မျက်လုံးထဲမှာတော့ မင်းက အမြဲတမ်း အဲဒီကောင်မလေး ငယ်ငယ်လေးအတိုင်းပဲ။ ဒါနဲ့ မင်း ဘာလို့ အိမ်ပြန် ရောက်နေတာလဲ။ ရွာထဲမှာ လူငယ်တွေကို သိပ်မတွေ့မိဘူးလေ..."

"ကျွန်မရဲ့ အမေ နေမကောင်းဖြစ်နေလို့ ပြုစုဖို့အတွက် ပြန်လာတာ..."

လင်းမေက ပြောရင်း ကောင်းယွမ်ကို ကြည့်လိုက်၏။

"ဒါနဲ့ အစ်ကို ဘယ်သွားမလို့လဲ..."

"ခရိုင်မြို့ဘက်ကို သွားမလို့။ မင်းကော..."

"ကျွန်မလည်း ခရိုင်မြို့ကိုပဲ သွားမလို့ပါ..."

လင်းမေ က ဖိတ်ခေါ်လိုက်လေ၏။

"ဒါဆို အတူတူသွားကြမလား။ အစ်ကို ဘယ်လိုသွားမလို့လဲ..."

ကောင်းယွမ်သည် အနည်းငယ် အနေရခက်သွားလေသည်။ သူ၏ကားသည် စီးပွားရေး ပျက်သုဉ်းချိန်ကပင် ရောင်းချလိုက်ရပြီ ဖြစ်သည်။ နေရပ်ဟောင်းသို့ ပြန်ရောက်သည်မှာလည်း မကြာသေးသဖြင့် စက်ဘီးတစ်စီး ပင် မရှိချေ။

"ကားတစ်စီးလောက် ငှားစီးလိုက်မယ်လို့ စိတ်ကူးထားတာ..."

ကောင်းယွမ်က အရှက်ပြေ ပြောလိုက်လေ၏။

လင်းမေက ရယ်မောလိုက်လေသည်။

"ဒီနားမှာ တက္ကစီက ဘယ်မှာ ရှိမှာလဲ။ အွန်လိုင်းကနေ ခေါ်တဲ့ကားတွေကလည်း ဒီရွာထဲအထိ လာမခေါ်ပေးကြ ဘူး... လာပါ၊ ကျွန်မ လိုက်ပို့ပေးမယ်..."

"မင်းက ငါ့ကို လိုက်ပို့ပေးမလို့..."

"ဟုတ်တယ်လေ... တက်လေ..."

ကောင်းယွမ်သည် လင်းမေစီးလာသော လျှပ်စစ်စကူတာလေးကို ကြည့်လိုက်ပြီး ရင်ထဲတွင် တွန့်ဆုတ်နေမိ၏...

"အဆင်ပြေပါ့မလား..."

"ဘာကို ကြောက်နေတာလဲ..."

ကောင်းယွမ် တွန့်ဆုတ်နေသည်ကို မြင်သောအခါ လင်းမေက ဆက်ပြော၏၊

"အစ်ကိုက ယောက်ျားတစ်ယောက်ပဲ၊ ရှက်စရာ ဘာရှိလို့လဲ။ ချင်ကျင်းမြို့မှာ အကြီးအကဲ တစ်ယောက် ဖြစ်ခဲ့တာ မဟုတ်ဘူးလား။ ကျွန်မတောင် သတင်းထဲမှာ အစ်ကို့ကို မြင်ဖူးတယ်..."

"ငါ့... ကုမ္ပဏီက ပျက်သွားပြီလေ..."

"ကျွန်မလည်း အဲဒီသတင်းကို ကြားပါတယ်။ အစ်ကို့စီးပွားရေး ပျက်သွားတာက ကံမကောင်းလို့ပါ။ အစ်ကို အနေရခက်နေရင် ကျွန်မ စကူတာကို တွန်းပြီး အစ်ကို့နဲ့အတူ လမ်းလျှောက်သွားပေးမယ်..."

လင်းမေ ပြောလိုက်သည့် စကားများကြောင့် ကောင်းယွမ်သာ ဆက်ပြီး ငြင်းဆန်နေပါက အရည်အချင်းမရှိသည့် ယောက်ျားတစ်ယောက်ဟု ထင်မှတ်ခံရပေလိမ့်မည်။

"ရပါတယ်၊ မလိုပါဘူး။ သွားကြရအောင်..."

ကောင်းယွမ်က ပြောရင်း လင်းမေ၏ လျှပ်စစ်စကူတာ နောက်ခုံတွင် ထိုင်လိုက်လေသည်။

သူ၏ နှာခေါင်းထဲသို့ လင်းမေ၏ ဆံနွယ်မှ သင်းပျံသောရနံ့တို့က တိုးဝင်လာခဲ့လေသည်။

ထိုအချိန်တွင် ငယ်ဘဝ အမှတ်တရများ ပြန်လည် နိုးကြားလာပြီး ပျော်ရွှင်စရာ ကလေးဘဝ ဇာတ်လမ်းများစွာ တို့သည်လည်း ဝိုးတဝါးပြန်ပေါ်လာလေတော့သည်။

လမ်းတစ်လျှောက်တွင် လင်းမေသည် ငယ်ငယ်က သူတို့၏ ပျော်ရွှင်စရာ အကြောင်းအရာများကို ပြောပြနေ ခဲ့လေသည်။

ကောင်းယွမ်သည်ကား ဆူးပေါ်ထိုင်နေရသကဲ့သို့ စိတ်လှုပ်ရှားနေမိ၏။ လမ်းတွင် တွေ့သမျှသူတိုင်းက သူ့ကို တစ်မျိုးကြည့်နေကြသည်ဟု ခံစားနေရသည်။

ဆယ်မိနစ်ကျော်ခန့်သာ ကြာမြင့်သော်လည်း ကောင်းယွမ်အတွက်မူ တစ်နေ့တာလုံး ကြာသွားသကဲ့သို့ ခံစားလိုက်ရပေ၏။

နောက်ဆုံးတွင် သူတို့ ခရိုင်မြို့သို့ ရောက်ရှိလာခဲ့ကြလေသည်...၊

ကောင်းယွမ်သည် လင်းမေ၏ စကူတာပေါ်မှ ဆင်းလိုက်ရသောအခါ စိတ်သက်သာရာ ရသွားမိလေသည်။

"ရှောင်ဝမ်စီ၊ မင်း လုပ်စရာရှိတာ လုပ်တော့လေ။ ငါ ပစ္စည်းလေး နည်းနည်း ဝယ်စရာရှိလို့..."

"အစ်ကို ဘယ်တော့ ပြန်မှာလဲ။ ကျွန်မ လာခေါ်ပေးရမလား..."

လင်းမေက ပြောလိုက်သည်။

"မလိုပါဘူး၊ ရပါတယ်။ မင်း လုပ်စရာရှိတာ လုပ်ပါ၊ ငါ ပစ္စည်းလေး နည်းနည်း ဝယ်ရုံပါ..."

"ဟုတ်ပါပြီ… ကျွန်မ သွားတော့မယ်..."

လင်းမေသည် တောင့်တင်းလှပသော ကိုယ်ခန္ဓာရှိပြီး ရဲရင့်သော အမူအရာဖြင့် လမ်းလျှောက်သွားလေသည်။ မိန်းကလေးတစ်ယောက် အရွယ်ရောက်လာသောအခါတွင် အမှန်ပင် ပြောင်းလဲသွားတတ်ကြပေသည်။

ကလေးဘဝက နှပ်ချေးများဖြင့်ပေတူးနေသော ကောင်မလေးသည် ဤမျှ လှပသွားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့မိပေ။

ကောင်းယွမ်သည် လျှပ်စစ် သုံးဘီးတပ်ယာဉ်တစ်စီး သွားဝယ်လိုက်လေသည်။ ပစ္စည်းများ သယ်ဆောင်ရန်နှင့် ခရိုင်မြို့သို့ လာရာတွင် အဆင်ပြေစေရန် ဖြစ်သည်။

ထို့နောက် သူသည် နေ့စဉ်သုံး ပစ္စည်းအချို့ ဝယ်ရန် စူပါမားကက်သို့ သွားခဲ့လေ၏။

ဟုတ်ပေသည် ၊ သူသည် အနာဂတ်ကမ္ဘာတွင် လိုအပ်နိုင်သည်ဟု ထင်ရသော ပစ္စည်းများစွာကိုလည်း ဝယ်ယူခဲ့ ပေသေးသည်။

ဥပမာအားဖြင့် အထုပ်လိုက် ကြက်ကင်၊ အမဲသား၊ မြည်းသား၊ ခေါက်ဆွဲခြောက်အထုပ်များ၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ လက်မှုပညာ ပစ္စည်းအချို့၊ မီးခြစ်များနှင့် စီးကရက်များပင် ဖြစ်သည်။ အနည်းငယ် တွန့် ဆုတ်ပြီးနောက် ဖန်ကျိန်းအရက် နှစ်ဘူးကိုလည်း ထည့်လိုက်၏။ စီးကရက်များသည် တန်ဖိုးရှိပါက အရက်သည် လည်း တန်ဖိုးမရှိစရာ အကြောင်းမရှိပေ။

ဈေးဝယ်ပြီးနောက် သုံးဘီးတပ်ယာဉ်၏ နောက်ခန်းတွင် ပစ္စည်းများ ပြည့်လျှံနေခဲ့ပေသည်။

သူသည် သူ၏ကတ်ထဲမှ ငွေတစ်သောင်းနီးပါး ကုန်သွားခဲ့လေပြီ...။

အချိန်မှာလည်း ညနေစောင်းနေပြီဖြစ်ရာ ကောင်းယွမ်သည် အိမ်သို့ ပြန်ရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် လင်းမေကို အနီးတွင် တွေ့လိုက်ရကာ သူမသည် လျှပ်စစ်စကူတာပေါ်တွင် ထိုင်ရင်း သူ့ကို ပြုံးပြ နေလေ၏။

"အစ်ကိုယွမ်၊ အိမ်ပြန်တော့မလို့လား..."

"ဟုတ်တယ်... မင်းကော ဘာလို့ မပြန်သေးတာလဲ။ ငါ့ကို စောင့်နေတာလား။ ငါ ဒီမှာရှိနေမှန်း မင်း ဘယ်လိုသိ တာလဲ..."

"အစ်ကိုယွမ်၊ အစ်ကိုကလည်း ညံ့လိုက်တာ။ လင်းဟိုင်ခရိုင်မြို့က ဘယ်လောက်ကြီးလို့လဲ။ ဒါကို ချင်ကျင်းမြို့လို့ ထင်နေတာလား..."

ကောင်းယွမ် ပြုံးလိုက်သည်။ ဟုတ်ပါသည်၊ ခရိုင်မြို့သည် သေးငယ်လှသဖြင့် တစ်စုံတစ်ယောက်ကို ရှာရသည် မှာ အလွန်ပင် လွယ်ကူလှပေသည်။

"ဒါဆို သွားကြရအောင်..."

လင်းမေသည် ကောင်းယွမ် အခုလေးတင် ဝယ်လိုက်သော သုံးဘီးတပ်ယာဉ်ကို ကြည့်လိုက်၏။

"အစ်ကိုယွမ်၊ ဒါကို ဘာအတွက် ဝယ်တာလဲ..."

"ပစ္စည်းလေး နည်းနည်းပါးပါး သယ်ဖို့လေ..."

ကောင်းယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏...

...

ပြန်ရောက်ပြီးနောက် ကောင်းယွမ်သည် ရှေ့ခြံဝင်းကို လုံးဝ မရှင်းလင်းခဲ့ပေ။ သူသည် နောက်ဖေးလမ်းကြား တွင်သာ နေထိုင်လိုက်ပြီး အိပ်ရာခင်းများကို အသစ်လဲလှယ်ကာ နေထိုင်၍ ကောင်းအောင် စီစဉ်လိုက်၏...။

သူ စီစဉ်နေစဉ် အပြင်ဘက်မှ လင်းမေ၏ အသံ ထွက်ပေါ်လာခဲ့လေသည်။

"အစ်ကိုယွမ်၊ အိမ်မှာရှိလား..."

ကောင်းယွမ်၏ ရင်ထဲတွင် ဒိတ်ခနဲ ခုန်သွားမိလေသည်။ လင်းမေသည် နောက်ဖေးလမ်းကြားထဲသို့ ဝင်လာလိမ့် မည်။ သူမသာ ခြံထဲက တံခါးကို တွေ့သွားပါက မည်သို့ ဖြစ်သွားမည်နည်း။

သူမသာ တွေ့ရှိသွားပါက ဘာတွေ ဆက်ဖြစ်လာမည်နည်း။

ကောင်းယွမ် အပြင်သို့ ထွက်လာလိုက်ရာ လင်းမေသည် နောက်ဖေးလမ်းကြားထဲသို့ ရောက်နေနှင့်ပြီ ဖြစ်သည်။

"အစ်ကိုယွမ်၊ အစ်ကို ဒီနောက်ဖေးလမ်းကြားလေးကို အတော်လေး သပ်ရပ်အောင် ပြင်ထားတာပဲ..."

ကောင်းယွမ် တင်းမာသွားလေသည်။

"အင်း... ဘာကိစ္စရှိလို့လဲ..."

"ကျွန်မ အစ်ကို့ဆီမှာ ဘာများ လိုအပ်မလဲဆိုပြီး လာကြည့်တာပါ။ ပြန်ရောက်တာ မကြာသေးတော့ လိုအပ်တာ တွေ ရှိနေမှာပေါ့။ ပြီးတော့ ကျွန်မရဲ့ ခြံထဲက ဟင်းသီးဟင်းရွက်တွေ နည်းနည်းပါလာလို့ အစ်ကို့အတွက် လာ ပေးတာပါ..."

"ကျေးဇူးတင်ပါတယ်၊ ဘာမှ မလိုပါဘူး…"

ကောင်းယွမ်သည် လင်းမေ၏ မျက်နှာအမူအရာကို အမြဲ စောင့်ကြည့်နေမိရာ သူမသည် ခြံအလယ်ရှိ စတုရန်း ပုံသဏ္ဍာန် ဗိရိုကိုဖြစ်စေ၊ ထိုအပေါ်ရှိ တံခါးကိုဖြစ်စေ လုံးဝ မမြင်တွေ့သည့်ဟန် ရှိသည်ကို သတိပြုမိ လိုက် လေသည်။

သို့သော် ကောင်းယွမ် စိတ်မအေးနိုင်သေးပေ။

"လင်းမေ၊ မင်း ခြံအလယ်မှာ တစ်ခုခုများ မြင်သေးလား..."

လင်းမေက နားမလည်ဟန်ဖြင့် ကြည့်လိုက်၏။

"ဘာကိုလဲ။ ဘာမှ မရှိပါဘူး..."

"တကယ် ဘာမှ မရှိဘူးလား..."

"အစ်ကိုယွမ်၊ အစ်ကိုက ကျွန်မကို ကြမ်းခင်းကို စိုက်ကြည့်ခိုင်းနေတာလား..."

"အာ... မဟုတ်ပါဘူး..."

"ဘာမှ မရှိရင် ကျွန်မ ပြန်တော့မယ်။ ကျွန်မအမေ ထမင်းချက်ခိုင်းထားလို့..."

လင်းမေ ထွက်ခွာသွားလေပြီဖြစ်၏...။

ကောင်းယွမ်သည် ခြံအလယ်ရှိ စတုရန်းပုံသဏ္ဍာန် ဗီရိုဆီသို့ လျှောက်သွားကာ လက်ဖြင့် စမ်းကြည့်လိုက်၏။

*လင်းမေ တကယ် မမြင်ရတာလား။ ပြင်ပလူတွေ လုံးဝ မမြင်ရတာ ဖြစ်နိုင်မလား...*

ဤသို့ တွေးမိသည်နှင့် ကောင်းယွမ်သည် သူ၏ဖုန်းကို ထုတ်ကာ စတုရန်းပုံသဏ္ဍာန် ဗီရိုကို ဓာတ်ပုံ ရိုက်ကြည့် လိုက်ရာ အံ့သြစရာကောင်းစွာပင် ဓာတ်ပုံထဲတွင် ဘာမှ မပါလာသည်ကို တွေ့လိုက်ရလေသည်။

*အံ့ဩဖို့ ကောင်းလိုက်တာ...*

ထိုအရာ၏ ထူးခြားဆန်းပြားမှုကို အတည်ပြုလိုက်နိုင်သောကြောင့် ကောင်းယွမ် စိတ်သက်သာရာ ရသွားလေ သည်။ အနည်းဆုံးတော့ အခြားသူများ တွေ့ရှိသွားမည်ကို သို့မဟုတ် လိုချင်တပ်မက်နေမည်ကို သူ စိုးရိမ်စရာ မလိုတော့ပေ။

All Chapters