အခန်း ၆
Vol. 1 Ch. 6
အခန်း (၆)
ဤအရာသည် မည်သို့ဆိုလိုသည်ကို သင်သိပါသလား
ကောင်းယွမ်သည် ခေါင်းညိတ်လိုက်သည်။ သူသည် မလောပေ။
ထို့ပြင် ကောင်းယွမ်သည် ဤကဲ့သို့သော ပစ္စည်းများစွာကို လက်ရှိကမ္ဘာမှ သယ်ဆောင်လာနိုင်သေးသည်။ ၎င်း တို့သည် အရက်ဆိုင်တစ်ဆိုင်၌ တစ်ပုံးလျှင် ယွမ်အနည်းငယ်သာ တန်ဖိုးရှိပေသည်။
ကောင်းယွမ်သည် ငွေကို မလိုချင်၍ မဟုတ်ပေ။ သို့သော် မည်သည့်ကမ္ဘာတွင်မဆို အခွင့်ထူးခံများ ရှိသည်ကို သူ သိပေ၏။ ဤရှေးဟောင်းပစ္စည်းဆိုင်သည် ဤလမ်းမပေါ်တွင် အထူးခြားဆုံးသော ဆိုင်တစ်ဆိုင် ဖြစ်ပေသည်။ ကောင်းယွမ်သည် ဆိုင်ထဲသို့ ဝင်လာကတည်းက စောင့်ကြည့်နေခဲ့ပေသည်။ အစောပိုင်းက ထိုပစ္စည်းငယ်လေး များသည် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ သူတို့၏ ဈေးနှုန်းသတ်မှတ်ပုံကို စမ်းသပ်ခြင်းဖြစ်ပြီး ရလဒ်မှာ သူ့အတွက် ကျေနပ်ဖွယ် ဖြစ်နေ၏။
ယခုတွင် စမ်းသပ်မှု ပြီးဆုံးသွားပြီဖြစ်ရာ လုပ်ငန်းကိစ္စကို ဆွေးနွေးချိန် ရောက်လာပြီဖြစ်သည်။ ကောင်းယွမ် လိုအပ်သည်မှာ ငွေမဟုတ်ဘဲ အရင်းအမြစ်များ ဖြစ်သည်။ သူသည် ယူဆောင်လာသော ပစ္စည်းအနည်းငယ်ကို အနာဂတ်ကမ္ဘာ၏ နည်းပညာမြင့် ထုတ်ကုန်အချို့နှင့် လဲလှယ်၍ လက်ရှိကမ္ဘာသို့ ပြန်လည်သယ်ဆောင်သွားလို ခြင်း ဖြစ်ပေသည်။
ကမ္ဘာနှစ်ခုကြားတွင် ကုန်ပစ္စည်းများနှင့် အရင်းအနှီးများကို လည်ပတ်စေမှသာ ကောင်းယွမ်သည် အကျိုးအမြတ် ကို အမြင့်ဆုံး ရရှိနိုင်မည် ဖြစ်၏။
သူသည် အနာဂတ်ကမ္ဘာ၏ ငွေကိုလည်း လိုချင်သလို လက်ရှိကမ္ဘာ၏ ငွေကိုလည်း လိုချင်နေသေးသည်ပင်။
မကြာမီတွင် ကိုယ်ကျပ်အဝတ်အစားများကို ဝတ်ဆင်ထားပြီး သဘာဝအတိုင်း ဆွဲဆောင်မှုရှိသော အလယ် အလတ်အရွယ် အမျိုးသမီးတစ်ဦး ဝင်ရောက်လာခဲ့လေ၏။
"မင်္ဂလာပါရှင်... ကျွန်မက ကျားယွင် ရှေးဟောင်းပစ္စည်းဆိုင်ရဲ့ ပိုင်ရှင် လီချင်းမေပါ..."
ကောင်းယွမ်သည် မတ်တပ်ရပ်ပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။
"ပိုင်ရှင်လီ... ကျွန်တော်က ကောင်းယွမ်ပါ..."
ထိုအမည်ကို ကြားလိုက်ရသဖြင့် လီချင်းမေ၏ မျက်နှာတွင် အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်လာလေ သည်။
"သခင်လေးကောင်း... ရှင့်ကို ကျွန်မ အရင်က မတွေ့ဖူးပါဘူး... ရှင့်ကို လုံကျင်းမြို့ကလို့ မထင်ပါဘူး..."
"လုံကျင်းမှာ လူတွေ အများကြီးပဲ... ခင်ဗျား အားလုံးကို သိနိုင်ပါ့မလား..."
ကောင်းယွမ်က ပြန်လည် တုံ့ပြန်လိုက်လေ၏။
"သခင်လေးကောင်း နောက်နေတာ ဖြစ်ရမယ်... လုံကျင်းမှာ လူဦးရေ သန်းငါးဆယ် ရှိပေမဲ့ နာမည်နှစ်လုံးတည်း ပါတဲ့သူက လူတစ်ရာတောင် မရှိပါဘူး... ရှင်ကော ဘယ်လိုထင်လဲ..."
ကောင်းယွမ်သည် တိတ်ဆိတ်နေလိုက်သည်။
"ပိုင်ရှင်လီ... လုပ်ငန်းကိစ္စကိုပဲ ဆွေးနွေးရအောင်..."
"ကောင်းပါပြီ... မန်နေဂျာလျိုဆီက ကြားထားတာကတော့ ရှင့်မှာ အပေးအယူကြီးကြီးမားမား ရှိတယ်ဆိုပဲ..."
"ဟုတ်ပါတယ်... ဒါကို ကြည့်ကြည့်ပါ..."
ကောင်းယွမ်သည် သူ၏ လက်ထဲမှ အရက်ပုလင်းကို ကမ်းပေးလိုက်လေသည်။
လီချင်းမေသည် ၎င်းကို မယူသေးဘဲ ပြုံးစစနှင့် ကြည့်နေခဲ့၏။
"အရက်ပါလား... ကျွန်မတို့ရဲ့ တန်ဖိုးဖြတ်သူက ဒါကို မြင်ပြီးသားပါ... စက်ရုံက ထွက်လာတာနဲ့တူတဲ့ အကောင်း ပကတိအတိုင်းဖြစ်နေတဲ့ သန့်စင်သော ဆန်အရက်... သခင်လေးကောင်း... ဒီအရက်တွေ ဘယ်လောက် အထိ ရှိသေးလဲ..."
"ခင်ဗျား ဘယ်လောက် လိုချင်တာလဲ..."
ကောင်းယွမ်က ပြန်လည် မေးမြန်းလိုက်သည်။
လီချင်းမေ၏ မျက်လုံးများ အရောင်တောက်သွားခဲ့သည်။ ဆိုလိုသည်မှာ သူ့တွင် ဤပုလင်းများထိုထက် ပို၍ ရှိနေသေးသည်ပေါ့။
"သခင်လေးကောင်း... အမှန်အတိုင်း ပြောရရင် ဒီအရက်က အရမ်းသစ်လွင်နေတယ်... တန်ဖိုးဖြတ်သူက ပြဿနာမရှိဘူးလို့ ပြောပေမဲ့ ကျွန်မကတော့ ပုလင်းဟောင်းထဲကို အရက်အသစ်တွေ ထည့်ထားတာလားလို့ သံသယဝင်မိတယ်... ဒီအရက်အသစ်က ရောစပ်ထားတဲ့ အရက်မျိုးများလား... သခင်လေးကောင်း စိတ်မဆိုး ပါနဲ့... ဒီလိုလုပ်ဖို့က အရမ်းလွယ်ကူတာကိုး..."
ကောင်းယွမ် ခဏမျှ တုံ့ဆိုင်းသွား၏။ ထိုသို့ဖြစ်ပါကလည်း ဖြစ်နိုင်ပေသည်။ သူသည် လက်ထဲရှိ ဖန်ကျိန်း အရက်ပုလင်းကို ချက်ချင်း ဖွင့်လိုက်ရာ အရက်၏ ထူးခြားသော အနံ့မွှေးများမှာ လေထဲတွင် ပျံ့နှံ့သွားခဲ့ လေသည်။
လီချင်းမေသည် ထိုအနံ့ကို ရှူရှိုက်လိုက်ပြီးနောက် သူမ၏ မျက်နှာမှာ မူးယစ်သလို ဖြစ်သွားခဲ့၏။
"ဟုတ်တယ်... ဒီအနံ့ပါပဲ... ကျွန်မ တစ်ခါက နိုင်ငံတော် ပွဲတော်တစ်ခုမှာ ဒီအနံ့ကို ရဖူးတယ်..."
ကောင်းယွမ်သည် ပုလင်းအဖုံးကို ပြန်ပိတ်လိုက်သည်။
"ဘယ်လိုလဲ... သံသယ ရှိသေးလား..."
"မရှိတော့ပါဘူး... တောင်းပန်ပါတယ် သခင်လေးကောင်း... ဒီအရက်တွေကို ကျွန်မတို့ ယူမယ်... ဒီလောက် အခြေအနေကောင်းတဲ့ ပစ္စည်းတွေဆိုရင် ဒါမျိုးတွေ အများကြီး ထပ်ရှိဦးမှာပေါ့ ဟုတ်တယ်မဟုတ်လား..."
လီချင်းမေက မေးလိုက်လေသည်။
*ဒီလောက်ထိ သိမ်းဆည်းထားနိုင်တဲ့ အခြေအနေမျိုးဆိုရင် ပုလင်းနည်းနည်းပဲ ရှိမှာ မဟုတ်ဘူး... ဂိုဒေါင် တစ်ခုလုံးစာတောင် ရှိနေနိုင်တယ်…*
"ခင်ဗျား ဘယ်လောက် လိုချင်တာလဲ..."
ကောင်းယွမ်က ထပ်မေးလိုက်၏။
လီချင်းမေသည် ကောင်းယွမ်၏ မျက်နှာကို ကြည့်ပြီး သူ အလေးအနက် ပြောနေမှန်း သိလိုက်သည်။
"ပုလင်း (၂၀) .. ရှင့်မှာ ရှိလား..."
"ဈေးနှုန်းက ဘယ်လောက်လဲ..."
"ပုလင်းတစ်လုံးကို သန်းငါးဆယ်... ရှင့်သိတဲ့အတိုင်းပဲ အရေအတွက် များလေ ဈေးနှုန်းက လျော့သွားလေပဲ..."
"ကောင်းပြီ... သဘောတူတယ်…"
ကောင်းယွမ်သည် ခဏမျှ တုံ့ဆိုင်းပြီးနောက် ပြောလိုက်၏...
လီချင်းမေသည် ကောင်းယွမ်က တကယ်သဘောတူလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမသည် အစကတည်းက သူ့ကို စမ်းသပ်နေခြင်း ဖြစ်သည်။ ဤကမ္ဘာတွင် အရက်ရှားပါးသည် မဟုတ်သော်လည်း အရည်အသွေးမြင့် ဆန်အရက်များမှာမူ အလွန်ရှားပါးလှသည်။ သဘာဝ ကောက်ပဲသီးနှံများပင် ရှားပါးလှသည်ကို အရက်ချက် လုပ်ရန် ဆိုသည်မှာ ပို၍ပင် ရှားပါးလှ၏။
"လွန်ခဲ့တဲ့ နှစ်ငါးရာကတည်းက ပူးတွဲအစိုးရက ကောက်ပဲသီးနှံတွေနဲ့ အရက်ချက်လုပ်ခြင်းကို တားမြစ်ထားခဲ့ တာ... အခုဈေးကွက်မှာ ရှိသမျှအရက်တွေက အဖျော်ယမကာတွေပဲ... သခင်လေးကောင်းက ဒီလောက် ရှေးကျ တဲ့ ဆန်အရက်တွေကို ရနိုင်တာဆိုတော့ ရှင့်ရဲ့ အစွမ်းက မသေးလှဘူးပေါ့...။ အထက်တန်းလွှာ အရာရှိတွေ အတွက် အထူးထောက်ပံ့ပေးတဲ့ ပစ္စည်းမျိုးလား..."
"အရင်းအမြစ်ကိစ္စကို ခင်ဗျား ပူနေစရာ မလိုပါဘူး…"
လီချင်းမေသည် ဆွဲဆောင်မှုရှိစွာ ရယ်မောလိုက်လေ၏။
"ကောင်းပါပြီရှင်... ဒါဆိုရင် ငွေနဲ့ ပစ္စည်း လဲလှယ်ကြတာပေါ့..."
"မဟုတ်ဘူး... ကျွန်တော် ပစ္စည်းနဲ့ပဲ လဲချင်တယ်…"
"ပစ္စည်းနဲ့လား... ကျွန်မဆီမှာ တားမြစ်ပစ္စည်းတွေ မရှိဘူး... သခင်လေးကောင်းက တားမြစ်ပစ္စည်းတွေကို လိုချင်နေတာဆိုရင်တော့ ဒီအရောင်းအဝယ်ကို လုပ်လို့မရနိုင်ပါဘူး..."
"ကျွန်တော်က လူကောင်းပါ... တားမြစ်ပစ္စည်းတွေကို ဘာလို့ လိုချင်ရမှာလဲ... ဒီအရက်က ရှေးဟောင်းပစ္စည်း လို့ ခေါ်နိုင်ပေမဲ့ တခြား ရှေးဟောင်းပစ္စည်းတွေနဲ့ မတူဘူး... အရက်ဆိုတာ သုံးပြီးရင် ကုန်သွားမှာမို့လို့ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ဒါနဲ့တင် ပြီးဆုံးသွားမှာ မဟုတ်ဘူး... ဟုတ်တယ်မဟုတ်လား ပိုင်ရှင်လီ..."
လီချင်းမေသည် မျက်ခုံးကို မြှောက်လိုက်ပြီး ကောင်းယွမ်ကို ညို့အားပြင်းသော အကြည့်ဖြင့် ကြည့်လိုက်၏။
"သခင်လေးကောင်း ပြောတာ မှန်ပါတယ်... ရှင်က ကျွန်မစိတ်ကို ဘယ်လိုများ သိနေရတာလဲ... ရှင့်ရဲ့ အခြေ အနေကို ပြောပါ... တရားမဝင်တာမျိုး မဟုတ်ရင် ကျွန်မ အားလုံး သဘောတူမယ်... ကျွန်မကိုယ်တိုင်တောင် ပါဝင်ပါတယ်..."
ကောင်းယွမ်သည် သူမ၏ စကားလုံးများထဲသို့ မကျရောက်သွားပေ...
သူ၏ လက်ချောင်းများမှာ စားပွဲပေါ်တွင် ခပ်ဖွဖွ ခေါက်နေခဲ့၏။
"ကျွန်တော် လိုချင်တာက ရိုးရှင်းပါတယ်... အခြေခံ နည်းပညာ ထုတ်ကုန်အချို့နဲ့ ထုတ်လုပ်ရေးလိုင်းတွေပါ... ဥပမာ ၊ ချစ်ပ်ပြားတွေ..."
ကောင်းယွမ်သည် ဤကမ္ဘာသို့ ရောက်လာကတည်းက လက်ရှိကမ္ဘာမှ ပစ္စည်းများကို အသုံးပြု၍ အနာဂတ် ကမ္ဘာ၏ နည်းပညာမြင့် ထုတ်ကုန်များနှင့် လဲလှယ်ကာ အကျိုးအမြတ်ကို အမြင့်ဆုံး ရရှိလိုခြင်း ဖြစ်၏။
လီချင်းမေသည် မျက်မှောင်ကြုတ်လိုက်လေသည်။
"ချစ်ပ်ပြား စက်ကိရိယာတွေက ထိန်းချုပ်ခံထားရတာ... ရဖို့ မလွယ်ဘူး... လက်ရှိ ဇီဝချစ်ပ်ပြား ထုတ်လုပ်မှုက နိုင်ငံတော်ရဲ့ လက်ဝါးကြီးအုပ်မှုပဲ..."
"မဟုတ်ဘူး... ဇီဝချစ်ပ်ပြားတွေ မဟုတ်ဘူး... ဆီလီကွန်အခြေခံ ချစ်ပ်ပြားတွေ..."
ကောင်းယွမ်သည် စကားပြောရင်း လီချင်းမေ၏ မျက်နှာအမူအရာကို စောင့်ကြည့်နေသည်။
လီချင်းမေသည် ထိုစကားကို ကြားသောအခါ ရယ်မောလိုက်လေသည်။
"ဆီလီကွန်အခြေခံ ချစ်ပ်ပြားတွေလား... အဲ့ဒါက လွယ်ပါတယ်... အဲ့ဒီချစ်ပ်ပြားတွေကို အရုပ်တွေမှာပဲ သုံးတာ လေ... ရှင့်က ဒါကို ဘာလုပ်မလို့လဲ..."
"ဘာလုပ်မလဲဆိုတာကို ပူမနေပါနဲ့... ကျွန်တော် ဆီလီကွန်အခြေခံ ချစ်ပ်ပြား ထုတ်လုပ်ရေး စက်ကိရိယာ (၅) နာနိုမီတာနဲ့ (၃) နာနိုမီတာ အဆင့်တွေကို လိုချင်တယ်…"
"(၅) နာနိုမီတာတောင် မဟုတ်ပါဘူး... (၁) နာနိုမီတာနဲ့ (ဝ.၁) နာနိုမီတာ တည်းဖြတ်စက် တွေတောင် ရှိသေး တယ်... ဒီပစ္စည်းတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ခေတ်နောက်ကျသွားတဲ့ နည်းပညာတွေပါ... အခု ဆိုရင် တချို့ အရုပ်ထုတ်လုပ်သူတွေက ကုန်ကျစရိတ် လျှော့ချဖို့အတွက် ဆီလီကွန်အခြေခံ ချစ်ပ်ပြားတွေကိုပဲ သုံးကြတော့တယ်... အမှန်တော့ လွန်ခဲ့တဲ့ နှစ်ငါးရာကတည်းက ဆီလီကွန်အခြေခံ ချစ်ပ်ပြားတွေက ခေတ်ကုန် နေပြီ... အရုပ်ထုတ်လုပ်သူတွေက ဆီလီကွန်စွန့်ပစ်ပစ္စည်းတွေကနေ ချစ်ပ်ပြားတွေကို ပြန်ပြုပြင်ပြီး သုံးလို့ရ မှန်း သိသွားလို့ ပြန်သုံးနေကြတာပါ..."
ကောင်းယွမ်သည် အတွင်းစိတ်ထဲတွင် တုန်လှုပ်သွားသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်နေ၏။
"ဒါဆိုရင် ကောင်းတာပေါ့... ကျွန်တော် နောက်နေ့ ဒီအချိန်မှာ အရက် ပုလင်းနှစ်ဆယ် ထပ်ယူလာမယ်... ခင်ဗျား က နည်းပညာ ထုတ်ကုန်တွေနဲ့ ထုတ်လုပ်ရေးလိုင်းတွေအတွက် တန်ဖိုး သန်းတစ်ထောင်ဖိုးလောက် ပြင်ဆင် ထားပေးပါ... ဆီလီကွန်အခြေခံ ချစ်ပ်ပြား တည်းဖြတ်စက်ကတော့ မပါမဖြစ်ပါပဲ…"
"အဆင်ပြေပါတယ်..."
လီချင်းမေက ပြုံးလျက် ပြောလိုက်သည်။
ကောင်းယွမ်သည် အချိန်ကို ကြည့်လိုက်သည်။ ချင်းမူကုထျန်းနှင့် ချိန်းထားသည့်အချိန်မှာ နီးကပ်လာပြီ ဖြစ် သည်။ သူ ထွက်ခွာရတော့မည်။
"ပြန်လိုက်ပါဦးမယ်…"
ကောင်းယွမ် မတ်တပ်ရပ်သည်ကို မြင်သောအခါ လီချင်းမေသည်လည်း ထလာပြီး သူ၏ နောက်သို့ ဆွဲဆောင်မှု ရှိစွာ လျှောက်လာလေသည်။
"အစ်ကိုကောင်း... လုပ်ငန်းကိစ္စလည်း ပြီးပြီဆိုတော့ တစ်ခါတည်း တခုခုစားရင်း ရင်းနှီးအောင် လုပ်ကြရင် မကောင်းဘူးလား..."
"မလိုပါဘူး..."
ကောင်းယွမ်သည် လီချင်းမေကို တွန်းဖယ်လိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
လီချင်းမေသည် သူ၏ အမူအရာကို သတိပြုမိပြီး သဘာဝအတိုင်း နောက်သို့ တစ်လှမ်း ဆုတ်လိုက်၏။
"ဟားဟား... ဘာတွေကို စိုးရိမ်နေတာလဲ... ဒီအစ်မကြီးက ရှင့်ကို စားပစ်မှာမို့လို့လား..."
ကောင်းယွမ်သည် လီချင်းမေကို အလေးအနက် ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်တယ်..."
...
ရှေးဟောင်းပစ္စည်းဆိုင်မှ ထွက်လာပြီးနောက် ကောင်းယွမ်သည် ချင်းမူကုထျန်းနှင့် ချိန်းထားသော စားသောက် ဆိုင်သို့ သွားလိုက်သည်။ သို့သော် သူ တိုက်ရိုက် မဝင်သေးပေ။
အချိန်စောနေသေးသဖြင့် ကောင်းယွမ်သည် စားသောက်ဆိုင်၏ တစ်ဖက်လမ်းဘေးတွင် နေရာတစ်ခု ရှာပြီး ထိုင်လိုက်၏။
တစ်ဖက်သို့ လှမ်းကြည့်လိုက်သောအခါ၊
ထိုအချိန်တွင် ကျားယွင် ရှေးဟောင်းပစ္စည်းဆိုင်၏ ပိုင်ရှင် လီချင်းမေသည် စိုးရိမ်သောမျက်နှာဖြင့် အမိန့်ပေး နေလေသည်။
"ကောင်းယွမ်ဆိုတဲ့ လူကို စုံစမ်းကြည့်စမ်း... နာမည်နှစ်လုံးတည်းပါတဲ့သူကို ရှာရတာ လွယ်မှာပါ…"
လီချင်းမေ၏ ရှေ့တွင် ရပ်နေသော အနက်ရောင် ဝတ်စုံဝတ် လူငယ်က မေးလိုက်၏။
"ဥက္ကဋ္ဌလီ... ဒီလူက နာမည်အတု သုံးထားရင်ရော... သူက အထက်တန်းလွှာ မဟုတ်ဘဲ သာမန်လူ တစ်ယောက် ဆိုရင်ရော..."
"နာမည်ကတော့ အတုဖြစ်နိုင်ပေမဲ့ သူ့ရဲ့ အဆင့်အတန်းက အတုလုပ်လို့ မရဘူး... ဒီကောင်းယွမ်ဆိုတဲ့သူက အထက်တန်းလွှာက လူတစ်ယောက် ဖြစ်မှာ သေချာတယ်... ဒီလောက် ငယ်ရွယ်တဲ့ အရွယ်နဲ့ အထက်တန်း လွှာလူကြီးတစ်ယောက်ရဲ့ ဟန်ပန်ကို ပိုင်ဆိုင်ထားတယ်... ပြီးတော့ သူဝတ်ထားတဲ့ အဝတ်အစားတွေကို မင်း မမြင်လိုက်ဘူးလား... အားလုံးက သဘာဝ အပင်မျှင်အဝတ်အစားတွေချည်းပဲ... အတွင်းခံအင်္ကျီကအစ ခြေအိတ်အဆုံးပေါ့... ပြီးတော့ သူ့ဆီမှာ အာဟာရအနှစ်ရဲ့ အနံ့အစအနတောင် မရှိဘူး... အဲ့ဒါက ဘာကိုဆိုလို မှန်း မင်း သိလား..."
"ဆိုလိုတာက သူက ငယ်ငယ်ကတည်းက သဘာဝ အစားအစာတွေကို စားပြီး သဘာဝ အမျှင်အဝတ်အစားတွေ ကို ဝတ်ဆင်လာတာပေါ့... ပြီးတော့ အရက်ပုလင်းကို ဖွင့်လိုက်တဲ့အချိန်မှာ သူ့ရဲ့ အမူအရာကို သတိထားမိလား ... သူက ရွံသလိုမျိုးတောင် ဖြစ်သွားတယ်... အဲ့ဒီ အနံ့မွှေးကို ကျွန်မတောင် မူးယစ်သွားတာတောင် သူက ရွံနေ သေးတယ်... အဲ့ဒါက သူကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်မှာ ဒီလို ဆန်အရက်မျိုးက အရမ်းပေါများနေလို့ လူတွေ အရက်မူးနေတာကို မကြာခဏ မြင်နေရလို့ပဲ... ဒီလို အခြေအနေမျိုးမှသာ ဒီလို အမူအရာမျိုး ထွက်ပေါ်လာမှာ ပေါ့..."