← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

အခန်း (၈)

ဆိုင်ကို ဝယ်ယူခြင်း

ကောင်းယွမ်သည် ဂရုမစိုက်ဟန်ဖြင့်သာ ရှိနေ၏။

"ဘယ်လိုရောင်းရောင်း အစ်ကို့အပိုင်းပဲ... ကျွန်တော်ကတော့ အဲ့ဒီအကြောင်းတွေကို စိတ်မဝင်စားပါဘူး..."

ထိုအခါ ချင်းမူကုထျန်းက မေးမြန်းလိုက်သည်။

"အစ်ကိုကောင်း... ခုနကပဲ ထက်ဝက်ကို ပစ္စည်းတွေနဲ့ လဲလှယ်မယ်လို့ ပြောလိုက်တယ်လေ... အစ်ကိုက ဘယ်လိုပစ္စည်းမျိုးတွေကို လိုချင်တာလဲ..."

ကောင်းယွမ်၌ အမှန်တကယ်ဆိုလျှင် တိကျသော ရည်မှန်းချက် မရှိသေးပေ။ အနာဂတ်ကမ္ဘာ၏ နည်းပညာ များသည် လက်ရှိကမ္ဘာထက် အဆပေါင်းများစွာ သာလွန်နေမည်ကိုသာ သူသိရှိထားသည်။

ထို့ကြောင့် နည်းပညာထွက်ကုန်များ ဖြစ်ရပေမည်။

"အစ်ကိုထျန်း... နည်းပညာထွက်ကုန် ဘာမဆိုရပါတယ်... လူသုံးအများဆုံးပဲဖြစ်ဖြစ်၊ အထူးထုတ်ပဲဖြစ်ဖြစ်၊ အခြေခံပဲဖြစ်ဖြစ်၊ နောက်ဆုံးပေါ်ပဲဖြစ်ဖြစ် အကုန်အဆင်ပြေပါတယ်..."

"အစ်ကိုက ဒါတွေကို လိုချင်တာလား... ဒီပစ္စည်းတွေက အစ်ကို့အတွက် အသုံးဝင်မှာ မဟုတ်လောက်ဘူး မလား... ကျွန်တော်တို့ လက်လှမ်းမီသလောက် ရနိုင်တဲ့ ပစ္စည်းတွေဆိုတာ အစ်ကို့လို လူမျိုးအတွက်တော့ ကလေးကစားစရာသက်သက်ပါပဲ..."

ကောင်းယွမ်က လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဒီကိစ္စကို စိတ်မပူပါနဲ့... အဆင်သင့်ဖြစ်အောင်သာ ပြင်ဆင်ထားပေးပါ..."

"ဟုတ်ပါပြီ... နားလည်ပါပြီ..."

"ပြီးတော့ အစ်ကိုထျန်း... ကျွန်တော်က ဆိုင်တစ်ဆိုင် ဝယ်ချင်ရင်ရော... လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေ ရှိသေးလား..."

ချင်းမူကုထျန်းက ခေါင်းကို အမြန်ငြိမ့်လိုက်လေသည်။

"ဒါကတော့ အသေးအဖွဲလေးပါ... အစ်ကိုကောင်း... ကျွန်တော့်မှာ ဆိုင်တစ်ဆိုင် ရှိတယ်... အစ်ကို့ကိုပဲ ပေးလိုက်မယ်လေ..."

"ကျွန်တော့်ကို ပေးမယ်..."

ကောင်းယွမ်က ချင်းမူကုထျန်းကို ကြည့်လိုက်လေသည်။ ဤကဲ့သို့သော မြို့ကြီးပြကြီးတွင် ဆိုင်တစ်ဆိုင်၏ တန်ဖိုးမှာ အလွန်ကြီးမားလှနိုင်ပေသည်။

"ဟဲဟဲ... အစ်ကိုကောင်း... ဒီဆိုင်ရဲ့ တည်နေရာက သိပ်မကောင်းဘူး... ပုံမှန်အားဖြင့် အာဟာရအနှစ်တွေပဲ ရောင်းရပြီး အမြတ်သိပ်မကျန်ဘူး... အစ်ကိုက ကျွန်တော့်ကို ဒီလောက် အကျိုးအမြတ်များတဲ့ လမ်းကြောင်းကို ညွှန်ပြပေးထားတာပဲ... ဒီဆိုင်လေးလောက်ကတော့ ဘာမှမဟုတ်ပါဘူး..."

"မလိုပါဘူး... စီးပွားရေးဆိုတာ စီးပွားရေးပဲလေ..."

ဆိုင်ဝယ်ယူရန် ကောင်းယွမ်၏ ဆန္ဒမှာ ခဏတာ တွေးမိလိုက်ခြင်းသာ ဖြစ်သည်။ သူသည် ဤကမ္ဘာ၌ လမ်း ကြောင်းနှစ်ခုကို ယာယီဖွင့်လှစ်ထားပြီးဖြစ်ရာ ချင်းမူကုထျန်းက စီးကရက်ရောင်းချရန်နှင့် ကျားယွင်ရှေးဟောင်း ပစ္စည်းဆိုင်မှ လဲ့ချင်းမေက အရက်ရောင်းချရန်ပင်။

သို့သော် ကောင်းယွမ်တွင် ပိုမိုကြီးမားသော ရည်မှန်းချက်များ ရှိနေသေးသည်။ သူသည် သေးငယ်သော ကုန်စည် ရောင်းဝယ်ခြင်းမျှဖြင့် ရပ်တန့်နေမည် မဟုတ်ဘဲ လက်ရှိကမ္ဘာနှင့် အနာဂတ်ကမ္ဘာ နှစ်ခုစလုံး၏ ဘုရင်တစ်ပါး ဖြစ်လာရန် ရည်မှန်းထားပေသည်။

ထို့ကြောင့် ကောင်းယွမ်က ပိုမိုလိုလားနေခြင်းဖြစ်၏။

ကောင်းယွမ်သည် ဤကမ္ဘာတွင် ကိုယ်ပိုင်အင်အားစုတစ်ခုကို တည်ဆောက်လိုသည်။

ယခုအခါတွင် သူ၌ 'တရားဝင်' အထောက်အထား ရှိနေပြီ ဖြစ်သော်လည်း ၎င်းမှာ လေးလုံးပါအမည်မျှသာ ဖြစ် ပြီး ဤကမ္ဘာတွင် အလယ်အလတ်တန်းစားအဆင့်သာ ရှိသေးသည်။ သို့သော် လက်ရှိအတွက်မူ လုံလောက် ပေသည်။

သူ၏ အမည်ရင်းဖြစ်သော 'ကောင်းယွမ်' သည် ဤကမ္ဘာတွင် ထင်ရှားလွန်းနေသည်။

ကောင်းယွမ်သည် ချင်းမူကုထျန်း သို့မဟုတ် လဲ့ချင်းမေတို့ကို သူ၏ လျှို့ဝှက်အစီအစဉ်များထဲသို့ ဆွဲသွင်းရန် အစီအစဉ်မရှိပေ။

ဤကမ္ဘာတွင် ငွေကြေး ပိုမိုရှာဖွေနိုင်လေ၊ အစွမ်းထက်သော အဖွဲ့အစည်းတစ်ခု လိုအပ်လေဖြစ်သည်။

အင်အားသာလျှင် သူ၏ ဂုဏ်သိက္ခာနှင့် ငွေကြေးအင်ပါယာကို ထိန်းသိမ်းထားနိုင်လိမ့်မည်။ ထို့ပြင် လုပ်ငန်းစဉ် မှာလည်း ရိုးရှင်း၏... လက်ရှိကမ္ဘာမှ သဘာဝပစ္စည်းများနှင့် အစားအစာများကို ရယူကာ အနာဂတ်ကမ္ဘာမှ အဆင့်မြင့်နည်းပညာများကို ဖလှယ်ခြင်းပင်။

ဤသည်မှာ ကမ္ဘာနှစ်ခုစလုံး အကျိုးရှိစေမည့် အကောင်းဆုံး လုပ်ငန်းဖြစ်ပြီး အသေးအဖွဲ ပစ္စည်းကလေး များဖြင့် လိုအပ်နေသော အရင်းအမြစ်များကို လဲလှယ်ခြင်း ဖြစ်ပေသည်။

...

ကောင်းယွမ်၏ မျက်နှာအမူအရာကို ကြည့်ပြီးနောက် ချင်းမူကုထျန်းသည် သူဆိုင်ကို အမှန်တကယ် မလိုချင်မှန်း သေချာသွားတော့သည်။ မကြာမီပင် သူနားလည်လိုက်၏... ထိပ်တန်းလူတန်းစားများသည် အလွန်မာနကြီးကြ သည်။ လက်ဆောင်ကို လက်ခံခြင်းသည် သူတို့အတွက် ဂုဏ်ငယ်စရာဖြစ်ပြီး ကောင်းယွမ်အနေဖြင့်လည်း သူ တစ်ပါးဆိုင်ကို သုံးရသည်မှာ စိတ်မချစရာ ဖြစ်ပေလိမ့်မည်။

"အစ်ကိုကောင်းက မလိုချင်ဘူးဆိုရင်လည်း ထားပါတော့... ဆိုင်ဝယ်ရတာ အရမ်းလွယ်ပါတယ်... ကမ္ဘာမြေပေါ် မှာ ဆိုင်ဝယ်တာက တခြားပစ္စည်းတစ်ခုခု ဝယ်သလိုပါပဲ... အစီရင်ခံစရာ မလိုသလို သာမန်ဆိုင်ငယ်လေးတွေ ဆိုရင် အခွန်တောင် မဆောင်ရဘူး..."

"ကောင်းပြီ... နားလည်ပါပြီ..."

ကောင်းယွမ်သည် ချင်းမူကုထျန်း ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် သူစတင် ရောက်ရှိလာသည့် နေရာသို့ ပြန်သွားလိုက်သည်။

ကောင်းယွမ်က 'ကမ္ဘာကူးတံခါး' ဟု ခေါ်ဆိုသည့် ဤတံခါးသည် သူ၏ အရေးအကြီးဆုံး ပိုင်ဆိုင်မှု ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာနှစ်ခုစလုံးတွင် အင်အားစု တည်ဆောက်မည်ဆိုလျှင် အကောင်းဆုံးနေရာမှာ ကမ္ဘာကူး တံခါးအနီးတွင် ဖြစ်ပေလိမ့်မည်။

ကံကောင်းစွာပင် ကမ္ဘာကူးတံခါးအပြင်ဘက်တွင် လွတ်နေသော မြေကွက်တစ်ခု ရှိနေသည်။ မီတာအနည်းငယ် လမ်းလျှောက်ပြီးနောက် တစ်ဦးတည်းရှိသော ဆိုင်ငယ်တစ်ဆိုင်ကို သူတွေ့လိုက်ရ၏။ ထိုဆိုင်မှာ အေးစက်ပြီး လူသူကင်းမဲ့နေလျက်ရှိပေသည်။

ထို့ကြောင့် သူဝင်သွားလိုက်လေသည်။

"သူဌေး... ဒီဆိုင်ကို ရောင်းဖို့ ရှိလား..."

ပင်ပန်းနွမ်းနယ်နေဟန်ရှိသည့် မိန်းကလေးငယ်တစ်ဦး ထွက်လာသည်။

"ရှင် ဆိုင်ဝယ်ချင်တာလား..."

"ဟုတ်တယ်... ဘယ်လောက်လဲ..."

"ဆယ်... မဟုတ်ဘူး... ရှစ်သန်းပါ... ရှင့်မှာ အဲ့လောက် ရှိလို့လား..."

မေးပြီးနောက် မိန်းကလေးသည် ကောင်းယွမ် ဝတ်ဆင်ထားသည့် အဝတ်အစားကို သတိထားမိသွားပြီး အံ့ဩ သွားလေသည်။

"ရှင်... ရှင်က ဖိုင်ဘာအဝတ်အစား ဝတ်ထားတာပဲ... အနည်းဆုံး ဆယ်သန်းလောက်တော့ ရှိမှာပဲ..."

"မင်းက ပိုင်ရှင်လား..."

"ပိုင်ရှင်က ကျွန်မအမေပါ... ဘာလို့လဲ..."

"ဘာမှမဟုတ်ပါဘူး... မင်းအမေကော သဘောတူရဲ့လား..."

"သူ သဘောတူပါတယ်... အဲ့လိုမဟုတ်ရင် ကျွန်မက ဘယ်လိုလုပ် လွှဲပြောင်းပေးနိုင်မှာလဲ... ဟုတ်တယ်မ လား..."

ကောင်းယွမ်သည် မိန်းကလေးကို ကြည့်လိုက်သည်။

"ကျွန်တော်က ပိုင်ရှင်နဲ့ပဲ စကားပြောမယ်... မင်းအမေကို ထွက်လာခိုင်းလိုက်ပါ..."

ထိုစကားကို ကြားသောအခါ မိန်းကလေး၏ အမူအရာမှာ ရှောင်လွဲသွားဟန်ရှိသည်။

"ကျွန်မနဲ့ ပြောတာလည်း အတူတူပါပဲရှင်..."

ကောင်းယွမ်က ပြုံးလိုက်လေသည်။

"မင်းအမေက မသဘောတူတာလား... ဒါမှမဟုတ်... မင်းက ဒီပိုက်ဆံတွေကို မကောင်းတဲ့ကိစ္စအတွက် သုံးဖို့ ကြံနေတာလား..."

"အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့... ကျွန်မက သူကောင်းဖို့အတွက် လုပ်ပေးနေတာ... ဒီဆိုင်ကို ဆက်ထားပြီး ဘာလုပ်ရမှာလဲ... ပိုက်ဆံရအောင် ရောင်းလိုက်မှ အသားစစ်စစ်ဆိုတာ ဘာလဲဆိုတာ မြည်းစမ်းကြည့်လို့ ရမှာ ပေါ့... ပြီးတော့ ရှင့်လိုမျိုး သဘာဝအဝတ်အစားတွေ ဝတ်ကြည့်လို့ ရမှာပေါ့..."

မိန်းကလေးက ဒေါသတကြီး ပြောလိုက်သည်။

ကောင်းယွမ်က ရယ်မောလိုက်၏...

"မင်းက ငါတို့အပေါ်မှာ အငြိုးအတေးတွေ အများကြီး ရှိနေတာလား..."

"ရှင်တို့လို ချမ်းသာတဲ့သူတွေက ကျွန်မတို့ရဲ့ ဆင်းရဲဒုက္ခကို ဘယ်နားလည်မှာလဲ... ကျွန်မတို့လို အောက်ခြေလူ တန်းစားတွေကို အစိုးရက ဝက်တွေကို မွေးထားသလိုပဲ မွေးထားတာ... ပြဿနာ မရှာသရွေ့တော့ သူတို့က မသေရုံတမယ် အစာနဲ့ အဝတ်အစားလောက်ပဲ ပေးထားတယ်... အမှိုက်လို အာဟာရအနှစ်တွေကို စားရတယ်၊ အပူချိန်ထိန်းအဝတ်အစားတွေကို ဝတ်ရတယ်၊ တိုက်ခန်းကျဉ်းကျဉ်းလေးတွေထဲမှာ နေရတယ်၊ ပျော်ပါးဖို့ဆိုရင် လည်း အဲ့ဒီ အမှိုက်လို ဂိမ်းအနည်းငယ်လောက်ပဲ ကစားနိုင်တယ်..."

မိန်းကလေးမှာ ပို၍ပင် ဒေါသထွက်လာပုံရလေသည်။

"အစိုးရက မင်းတို့ရဲ့ အခြေခံရှင်သန်မှုကို အာမခံချက် ပေးထားပြီးသားပဲ... ပျော်ရွှင်ချင်တယ်ဆိုရင် ကိုယ့်ဖာသာ ကြိုးစားရမှာ မဟုတ်ဘူးလား..."

ကောင်းယွမ်က ပြန်လည် ချေပလိုက်သည်။

"ကြိုးစားရမှာလား... ကျွန်မတို့ ဘာလုပ်လို့ ရမှာလဲ... အဆင့်မြင့် အလုပ်တွေကို ကျွန်မတို့ မလုပ်နိုင်ဘူး၊ မသိ ဘူး၊ ဘယ်တော့မှလည်း မသင်ယူခဲ့ရဘူး... အခြေခံအလုပ်အားလုံးကို စက်ရုပ်တွေပဲ လုပ်နေတာဆိုတော့ ဘယ် သူက ကျွန်မတို့ကို ငှားမှာလဲ... ကျွန်မတို့မှာ အရင်းအမြစ်လည်း မရှိဘူး၊ အဆက်အသွယ်လည်း မရှိဘူး၊ အလုပ် တောင် ရှာလို့ မရဘူး... အလုပ်လုပ်နိုင်တဲ့သူတွေက အလယ်အလတ်တန်းစားတွေ၊ လေးလုံး ဒါမဟုတ် ငါးလုံးပါ အမည်ရှိတဲ့ သူတွေပဲ... ကျွန်မတို့လို ခြောက်လုံး ဒါမှမဟုတ် ဒီထက်ပိုတဲ့ အမည်ရှိတဲ့သူတွေကတော့ အဓိပ္ပာယ် မဲ့တဲ့ ဘဝကိုပဲ နေသွားရမှာပေါ့... ဪ... ဟုတ်သားပဲ၊ ရွေးကောက်ပွဲမှာ ရှင့်လိုလူတွေကို မဲပေးရတာကပဲ ကျွန်မတို့ရဲ့ တစ်ခုတည်းသော တန်ဖိုးပဲ..."

ကောင်းယွမ်သည် ဤအသည်ကို မမျှော်လင့်ထားခဲ့ပေ...။

အဆင့်အတန်းခွဲခြားမှု ပြင်းထန်သော အနာဂတ်ကမ္ဘာတွင် အောက်ခြေလူတန်းစားများသည် အခြေခံလိုအပ်ချက် များ ပြည့်စုံနေသည်ဟု ထင်ရသော်လည်း လူသားတို့သည် အရင်းအမြစ်နည်းပါးခြင်းထက် မမျှတခြင်းကြောင့် ပိုမိုဆင်းရဲဒုက္ခ ရောက်တတ်ကြသည်။ အချို့က သဘာဝအစားအစာ စားနေချိန်တွင် အချို့က အာဟာရအနှစ်ကို သာ စားနေရသည့်အခါ မကျေနပ်မှုများမှာ ဖြစ်ပေါ်လာမြဲပင်။

"မင်းနာမည် ဘယ်လိုခေါ်လဲ..."

"လင်းရင်မန်း ကျန်းနန်ဝူပါ..."

"ကောင်းပြီ... လင်းနန်ဝူ... မင်းရဲ့ ဆန္ဒတွေကို ငါ ဖြည့်ဆည်းပေးနိုင်ရင်ကော..."

ကောင်းယွမ်သည် ခြောက်လုံးပါအမည်ကို အကျွမ်းမဝင်သဖြင့် သုံးလုံးအဖြစ် အတိုကောက် ခေါ်လိုက်သည်။

"ဘာကို ဖြည့်ဆည်းပေးမှာလဲ..."

"မင်းကို စားဖို့ သဘာဝအစားအစာစစ်စစ်တွေ ပေးမယ်... ဝတ်ဖို့ ဝါဂွမ်းစစ်စစ် အဝတ်အစားတွေ ပေးမယ်..."

"ရှင် ကျွန်မကို လိမ်နေတာလား..."

ကောင်းယွမ်သည် လင်းနန်ဝူ၏ မျက်လုံးဝိုင်းကြီးများကို ကြည့်ကာ ပြန်မေးလိုက်သည်။

"ငါက မင်းကို ဘာလို့ လိမ်ရမှာလဲ..."

"ရှင်... ရှင်က ချမ်းသာတဲ့သူလေ..."

"ချမ်းသာတာနဲ့ ဘာဖြစ်လဲ... ချမ်းသာတဲ့သူတိုင်းက လိမ်တတ်ကြလို့လား... မင်းလည်း ချမ်းသာနိုင်တာပဲ... မင်း ရဲ့ သားသမီးတွေကို နှစ်လုံးပါအမည် ပိုင်ဆိုင်စေချင်တာ မဟုတ်ဘူးလား... နေ့တိုင်း သဘာဝအစားအစာတွေကို စားချင်တာ မဟုတ်ဘူးလား..."

လင်းနန်ဝူမှာ အံ့အားသင့်သွားသည်။

"ကျွန်မ... လိုချင်ပါတယ်..."

"ကျွန်တော့်အတွက် အလုပ်လုပ်ပေးပါ..."

"ရှင် ကျွန်မကို ဘာလုပ်ခိုင်းမှာလဲ..."

"ပထမဆုံးအနေနဲ့ ဒီဆိုင်ကို စီမံခန့်ခွဲပေးပါ..."

...

တစ်နာရီခန့်အကြာတွင် လင်းနန်ဝူသည် သူ၏မိခင်ကို မည်သို့ နားချလိုက်သည်ကို ကောင်းယွမ် မသိသော်လည်း သူသည် မိန်းကလေး၏ မိခင်ဖြစ်သူနှင့် ဆယ်သန်းဖြင့် စာချုပ်ချုပ်ဆိုပြီး ဖြစ်သည်။

လွှဲပြောင်းစာချုပ်အပြင် အလုပ်ခန့်အပ်ခြင်း စာချုပ်လည်း ရှိသေးရာ ကောင်းယွမ်သည် လင်းနန်ဝူနှင့် သူ၏ မိခင်ကို ပထမဆုံး အလုပ်သမားများအဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်ပေသည်။

ဤဆိုင်ကို တာဝန်ယူရန်ပင်...၊

ဤဆိုင်သည် မူလက အပူချိန်ထိန်းအဝတ်အစားများကို ရောင်းချခြင်း ဖြစ်သည်။ အပူချိန်ထိန်းအဝတ်အစား သည် အနာဂတ်ကမ္ဘာတွင် အသုံးအများဆုံး အဝတ်အစားဖြစ်ပြီး အတွင်း၌ တပ်ဆင်ထားသော အလင်းစွမ်းအင် ဓာတ်ပေါင်းဖိုဖြင့် အတွင်းအပူချိန်ကို အမြဲမပြတ် ထိန်းထားပေးကာ ရေ၊ မီး၊ လေနှင့် မိုးဒဏ်တို့ကို ခံနိုင်ရည်ရှိ လေသည်။

အပူချိန် အနှုတ်ငါးဆယ်ဒီဂရီတွင်ပင် အပူချိန်ထိန်းအဝတ်အစား တစ်စုံ ဝတ်ဆင်ထားလျှင် နွေဦးလေညင်းကို ခံစားနေရသကဲ့သို့ ရှိပေလိမ့်မည်။

All Chapters