← Chapters

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉

Vol. 1 Ch. 9

အခန်း (၉)

ဆောင်းရေပြင်ပမာ အကြည့်တို့ဖြင့်

အနာဂတ်ကမ္ဘာ၌ လူအများစုသည် အပူချိန်ထိန်းအဝတ်အစားကိုသာ ဝတ်ဆင်ကြသည်။ ကွာခြားချက်မှာ ပုံစံ ဒီဇိုင်းသာဖြစ်သည်။ အောက်ခြေလူတန်းစားတို့မှာမူ အစိုးရမှထုတ်ပေးသော အကြမ်းခံသည့် မီးခိုးရောင် ဝတ်စုံ တစ်စုံကိုသာ ဝတ်ဆင်ကြရ၏။ အခြားပုံစံဒီဇိုင်းများကို လိုချင်ပါက ဝယ်ယူရပေမည်။

ပုံစံအမျိုးမျိုး အတွက် ဈေးနှုန်းမှာ တစ်ထောင်မှ တစ်သောင်းအတွင်း ရှိတတ်သည်။ ယင်းတို့သည် လုံးဝဆင်းရဲ မွဲတေမှုမရှိသော အောက်ခြေလူတန်းစားတို့အတွက်ဖြစ်ပြီး အလယ်အလတ်တန်းစားတို့လည်း ဝယ်ယူတတ် ကြ၏။ သို့သော် အလယ်အလတ်တန်းစားတို့သည် လင်းနန်ဝူ၏ ဆိုင်ငယ်လေးဆီသို့ များသောအားဖြင့် မရောက် ရှိတတ်ကြပေ။

ယခုအခါ ဆိုင်အတွင်းရှိ အပူချိန်ထိန်းအဝတ်အစား ရာပေါင်းများစွာကို ကောင်းယွမ်က အကုန်ဝယ်ယူလိုက် လေသည်။ ဤဆိုင်ကို ဤကမ္ဘာ၌ မိမိ၏ အခြေစိုက်စခန်းအဖြစ် ထားရှိရန် ကောင်းယွမ်က ရည်ရွယ်ထားပြီး ကံကောင်းစွာပင် ၎င်း၏ ကူးပြောင်းသည့်နေရာနှင့်လည်း ဝေးကွာခြင်းမရှိပေ။

လင်းနန်ဝူ၏ ပထမဆုံးတာဝန်မှာ ကောင်းယွမ်ယွမ်ကောင်း ဆိုသည့် အမည်ဖြင့် ကုမ္ပဏီတစ်ခုကို မှတ်ပုံတင်ရန် ဖြစ်သည်။ လင်းနန်ဝူနှင့် အမေလင်းတို့မှာ ပထမဆုံး ဝန်ထမ်းများ ဖြစ်လာကြလိမ့်မည်။

လွန်ခဲ့သော နှစ်တစ်ထောင်ကမ္ဘာ၌ ကုမ္ပဏီတစ်ခုမှတ်ပုံတင်ရန် အနည်းဆုံး မှတ်ပုံတင်အရင်းအနှီး ယွမ်သန်း တစ်ရာ လိုအပ်ပေသည်။ ကောင်းယွမ်တွင် လက်ရှိအချိန်၌ ထိုငွေပမာဏမရှိသေးသော်လည်း လင်းနန်ဝူအနေ ဖြင့် လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်ထားနိုင်ပေသည်။ ရန်ပုံငွေထည့်ဝင်မှုအတွက် ရက်အနည်းငယ် ထပ်မံ စောင့်ဆိုင်းရမည်ဖြစ်ပြီး ထိုအချိန်တွင် သူ၏ ဘဏ်အကောင့်ထဲ၌ ငွေပမာဏ လုံလောက်စွာ ရှိနေလိမ့်မည်ကို ကောင်းယွမ် အသေအချာ သိရှိထားသည်။

ယခုအခါ ကောင်းယွမ်သည် ယနေ့ခေတ်ကမ္ဘာသို့ ပြန်သွားရတော့မည်ဖြစ်ပြီး ဤအပူချိန်ထိန်းအဝတ်အစား ရာပေါင်းများစွာကိုလည်း ယူဆောင်သွားရမည် ဖြစ်သည်။ ဤအရာသည် ယနေ့ခေတ်ကမ္ဘာ၌ သူ၏ တက်လှမ်း ခြင်းအတွက် ပထမဆုံးခြေလှမ်း ဖြစ်ပေလိမ့်မည်။

"နန်ဝူ... ဒီဒါတွေကို ဟိုဘက်ကို သယ်ပေးပါဦး... ပြီးတော့ သစ္စာရှိပြီး ယုံကြည်ရတဲ့ ဝန်ထမ်းအဖွဲ့တစ်ဖွဲ့ ရှာပေး ပါဦး..."

ကောင်းယွမ်က ပြောလိုက်လေ၏။

လင်းနန်ဝူက နှုတ်ခမ်းကို စူလိုက်ပြီး၊

"သူဌေး... အသစ္စာအရှိဆုံးနဲ့ ယုံကြည်ရဆုံး ဝန်ထမ်းတွေကတော့ စက်ရုပ်တွေပါပဲ..."

"စက်ရုပ်တွေလား... ဘယ်လိုမျိုးလဲ..."

ကောင်းယွမ်သည် ဤကမ္ဘာ၏ စက်ရုပ်များကို မမြင်ဖူးသေးပေ။

"သူဌေး... မမြင်ဖူးစရာလား... စက်ရုပ်ဝန်ထမ်းတွေက လမ်းတွေပေါ်မှာ အပြည့်ပါပဲ။ လည်ပင်းမှာ ပတ်ထားတဲ့ ကော်လာလေးတွေသာ မပါရင် လူတွေနဲ့ ဘာမှမခြားနားလို့ ခွဲခြားလို့တောင် ရမှာမဟုတ်ဘူး..."

ကောင်းယွမ် အံ့ဩသွားမိ၏။ ကောင်းယွမ်သည် လည်ပင်း၌ ကော်လာပတ်ထားသော ဆိုင်ဝန်ထမ်းများကို မြင်ဖူး သော်လည်း အထူးအဆန်း အလှဆင်ပစ္စည်းဟုသာ ထင်ခဲ့မိသည်။ ထိုကော်လာသည် စက်ရုပ်ဖြစ်ကြောင်း ပြသ သည့်အမှတ်အသား ဖြစ်လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။

"ဘာလို့ စက်ရုပ်တွေက ကော်လာပတ်ထားရတာလဲ..."

ကောင်းယွမ်က မေးလိုက်၏။

"ကော်လာက လူတွေရဲ့ အထောက်အထားချစ်ပ်နဲ့ တူတူပါပဲ... စက်ရုပ်ရဲ့ မော်ဒယ်နဲ့ နံပါတ်စဉ်တွေ ပါဝင်တယ်... ပိုင်ရှင်က ကော်လာကနေတစ်ဆင့် စက်ရုပ်ရဲ့ အခြေအနေကို ဘယ်အချိန်မဆို စစ်ဆေးလို့ရတယ်..."

ကောင်းယွမ် နားလည်သွားပြီ ဖြစ်သည်။

"ဒါဆို စက်ရုပ်တစ်ရုပ်ရဲ့ ဈေးနှုန်းက ဘယ်လောက်လဲ..."

"စက်ရုံသုံးစက်ရုပ်တွေကတော့ ဈေးသက်သာတယ်... တစ်သိန်းလောက်ပဲရှိတယ်။ ဆိုင်တွေမှာ ဖောက်သည် တွေကို ဝန်ဆောင်မှုပေးတဲ့ စက်ရုပ်တွေကတော့ သုံးသိန်းလောက် ရှိတယ်။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ စက်ရုပ်တွေကတော့ ပိုဈေးကြီးတယ်... ဥပမာ ဆေးဘက်ဆိုင်ရာမှာ ခွဲစိတ်မှုလုပ်တဲ့ စက်ရုပ်ဆိုရင် ရှစ်သိန်း လောက် ရှိတယ်..."

လင်းနန်ဝူက တစ်ခုချင်းဖြေလိုက်လေသည်။

ဤစကားကို ကြားပြီးနောက် ကောင်းယွမ်သည် ဈေးမကြီးဟု ခံစားရပေသည်။ ဆိုင်များတွင် သူမြင်ခဲ့ရသော စက်ရုပ်များသည် ရုပ်ရည်၊ လှုပ်ရှားမှု၊ စကားပြောသည့်အသံတို့မှာ အမှန်တကယ် လူသားများနှင့် မခြားနားပေ။ ဤစက်ရုပ်များသည် အနာဂတ်ကမ္ဘာတွင် သုံးသိန်းတန်ဖိုးရှိသည်။

ယနေ့ခေတ်ကမ္ဘာသို့ သယ်ဆောင်သွားပါက ဆယ်ဆ သို့မဟုတ် အဆတစ်ရာဈေးဖြင့်ပင် ဝယ်ယူလိုသူများ ရှိလာ ပေလိမ့်မည်။ ပို၍အရေးကြီးသည်မှာ မူလဈေးနှုန်းဖြင့် ရောင်းချလျှင်ပင် ကောင်းယွမ်အတွက် အရှုံးမရှိပေ။ နောက်ဆုံးတွင် စီးကရက်တစ်ဗူးသယ်ဆောင်သွားခြင်းဖြင့် စက်ရုပ်အလုံးရေ ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်း နှင့် လဲလှယ်နိုင်မည် မဟုတ်ပါလား။

စက်ရုပ်များသည် လူသားများထက် ပို၍ယုံကြည်ရသည်မှာ ငြင်းမရသော အချက်ဖြစ်သည်။ ကောင်းယွမ်သည် အနာဂတ်ကမ္ဘာနှင့် ယနေ့ခေတ်ကမ္ဘာအကြား မည်မျှပင် ခရီးသွားပါစေ မိမိဘာသာသာ လုပ်ဆောင်နေပါက ပင်ပန်းလိမ့်မည်ဟု ခံစားရလေသည်။ ထို့ကြောင့် သူသည် စက်ရုပ်အချို့ကို ယနေ့ခေတ်ကမ္ဘာသို့ ခေါ်ဆောင်သွား ရန် ပြင်ဆင်လိုက်လေ၏။

"နန်ဝူ... မင်းကို သုံးသန်းပေးမယ်... ငါ့အတွက် စက်ရုပ်ဆယ်ရုပ် ဝယ်ပေးပါ... ငါးရုပ်က မင်းဆီမှာထားပြီး အကူ အညီယူပါ... ငါးရုပ်ကတော့ ငါ့နဲ့အတူ ယူသွားမယ်..."

"စက်ရုပ်ဝယ်တာလား... ရပါတယ်..."

လင်းနန်ဝူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

"ဘယ်လောက်ကြာမလဲ..."

"မိနစ်ဝက်လောက်ပဲ ကြာမယ်... ဦးနှောက်ချိတ်ဆက်မှုကွန်ရက်ကနေတစ်ဆင့် မှာလိုက်မယ်... စက်ရုပ်တစ်ရုပ် က ပိုင်ရှင်တစ်ယောက်ပဲ မှတ်မိတယ်... တစ်ခါမှတ်မိသွားရင် ဖျက်ဆီးပစ်တာကလွဲရင် ပြောင်းလဲလို့မရဘူး..."

"ကောင်းပြီ... ဒါဆို စောင့်နေမယ်..."

မိနစ်ဝက်အကြာတွင် မောင်းသူမဲ့ပို့ဆောင်ရေးယာဉ်က စက်ရုပ်အကွက်ဆယ်ကွက်ကို လာပို့ပေးခဲ့လေသည်။ လင်းနန်ဝူက စိတ်လှုပ်ရှားစွာဖြင့် ၊

"သူဌေး... ဖွင့်ကြည့်ပါဦး... သူတို့က အလှပြမော်ဒယ်အမျိုးအစားတွေ... သူဌေးအတွက် ရွေးထားပေးတာ... တစ်ရုပ် နဲ့တစ်ရုပ်လည်း မတူဘူး..."

ကောင်းယွမ်သည် သူ့ရှေ့က မိန်းကလေးငယ်ကို ကြည့်လိုက်ပြီး ကျေးဇူးတင်မိသည်။ သူ၏ စိတ်ထဲ၌ပင် စိတ်လှုပ်ရှားမှုတို့ ဖြစ်ပေါ်လာ၏။ စက်ရုပ်များပင် ဖြစ်လင့်ကစား အပြင်ပန်းအားဖြင့် လူစစ်စစ်နှင့် မခြားနား သော လှပသည့်မိန်းကလေး ဆယ်ယောက် ရှိနေသည်မဟုတ်ပါလား။

ကောင်းယွမ် တုန်တုန်ယင်ယင် ဖြင့် သေတ္တာတစ်ခုကို ဖွင့်လိုက်လေ၏။ ထိုအချိန်၌ သူ၏စိတ်ထဲတွင် ရုပ်ရှင် များထဲကကဲ့သို့ လှပသူတို့ သေတ္တာထဲတွင် ပါလာကာ သူဌေးဆီရောက်လာသည့် မြင်ကွင်းတို့ ပေါ်လာသည်။ ယခုတွင် ကောင်းယွမ်မှာ ထိုဇာတ်လိုက်ဖြစ်လာပြီ ဖြစ်သည်။ အကွက်ဖွင့်ခြင်းမှာ ဆုမဲပေါက်ခြင်းနှင့် တူနေ၏။

တံဆိပ်ကိုခွာကာ ဖြည်းဖြည်းချင်း ဖွင့်လိုက်သောအခါ...၊

အတွင်း၌ လှပသော မျက်တောင်ကော့လေးများနှင့်အတူ အိပ်ပျော်နေသည့် လှပသော အမျိုးသမီးတစ်ဦး ရှိနေ ခဲ့လေ၏။

"ဒါ... စက်ရုပ်လား..."

"ဘယ်လိုလဲ သူဌေး... အံ့ဩစရာကောင်းတယ်မလား... တကယ်တော့ ကျွန်မလည်း ဒီလိုပုံစံမျိုး မမြင်ဖူးဘူး... မြန်မြန် စက်ဖွင့်ကြည့်ပါဦး..."

လင်းနန်ဝူက ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။ ကောင်းယွမ်သည် အမျိုးသမီး၏ ကိုယ်ခန္ဓာကို ကြည့်လိုက်သော် လည်း ခလုတ်တို့ကို မတွေ့ရပေ။ လင်းနန်ဝူ ရှေ့တွင် ရှိနေသဖြင့် အတော်လေး အဆင်မပြေဖြစ်ရ၏။

"စက်က ဘယ်လို ဖွင့်ရတာလဲ..."

"ကျွန်မလည်း မသိဘူး... ကျွန်မက ဆင်းရဲသားပဲ... စက်ရုပ်ဝယ်ဖို့ဆိုတာ ဝေးရော... စက်ရုပ်တွေသာ မရှိရင် ကျွန်မတို့မှာ အလုပ်အကိုင်တွေ ရှိနေမှ​ေ..."

ကောင်းယွမ်သည် ခဏမျှ တွန့်ဆုတ်နေပြီးနောက် ကော်လာဆီသို့ လက်လှမ်းလိုက်၏။ ထိုစဉ် ကော်လာက ရုတ်တရက် လင်းလာခဲ့လေသည်။

"(၀၅၆)-အမျိုးအစား ပုံသဏ္ဍာန်ပြောင်းလဲစက်ရုပ် စတင်နေပါပြီ... ကျေးဇူးပြု၍ စောင့်ပေးပါ..."

"လက်ဗွေ စစ်ဆေးနေပါသည်..."

စက္ကန့်သုံးဆယ်ခန့်အကြာတွင် သေတ္တာထဲရှိ အမျိုးသမီးက မျက်လုံးဖွင့်လိုက်လေသည်။ ကောင်းယွမ်ကို မြင် လိုက်သည့်အချိန်၌ သူမက ချိုသာစွာ ပြုံးလိုက်လေ၏။

"မင်္ဂလာပါ... သခင်..."

သူမ၏ အသံမှာ ချိုမြိန်ပြီး ကြည်လင်နေ၏။ ကောင်းယွမ် ရူးသွပ်လုမတတ် ဖြစ်သွားခဲ့လေသည်။ စက်ရုပ်များကို အိမ်တွင်းပုန်းသူများထံ ရောင်းချလျှင်ကော ဟူသော အတွေးတို့ ဖြစ်ပေါ်လာခဲ့သည်။ စက်ရုပ်မိန်းကလေးသည် သေတ္တာထဲမှ ထလာပြီး ကောင်းယွမ်ကို ဦးညွတ်လိုက်လေ၏။

"(၀၅၆) -အမျိုးအစား၊ နံပါတ် ၇၇၈၅၇(A) အသက်မွေးဝမ်းကျောင်း စက်ရုပ်ပါ... သခင်... ကျေးဇူးပြု၍ နာမည်ပေးလှည့်ပါ..."

ထိုအချိန်၌ လီပိုင်၏ ကဗျာတစ်ပိုဒ် ကောင်းယွမ်၏ စိတ်ထဲပေါ်လာသည်။

*ဆောင်းရေပြင်ပမာ အကြည့်တို့ဖြင့်၊ နူးညံ့လှပသော အရေပြားနှင့်အတူ*

"မင်းကို ဒန်းဒန်း လို့ခေါ်မယ်... နောက်ဆို သခင်လို့ မခေါ်နဲ့... သူဌေးလို့ပဲ ခေါ်..."

"ဟုတ်ကဲ့ သူဌေး... နောက်ဆိုရင် ကျွန်မက ဒန်းဒန်းပါ..."

ဤအမည်ကို ကြားလိုက်ရသဖြင့် လင်းနန်ဝူ ရယ်မောလိုက်၏။

"သူဌေးရဲ့ နာမည်ပေးတဲ့ စွမ်းရည်ကတော့ အတော်လေး... ဟိုဟာ ဖြစ်နေတာပဲ..."

ကောင်းယွမ်က လင်းနန်ဝူကို လှမ်းကြည့်လိုက်သည်။

"မင်းဘာသိလို့လဲ... ဆောင်းရေပြင်ပမာ အကြည့်တို့ဖြင့်၊ နူးညံ့လှပသော အရေပြားနှင့်အတူ... ဒန်းဒန်း၊ မေ့မေ့၊ ရုရု၊ ချူးချူး၊ ဖုန်းဖုန်း..."

“အင်း...”

နာမည်များမှာ အနည်းငယ် ထူးဆန်းသော်လည်း ကိစ္စမရှိပေ။ စက်ရုပ်များကလည်း ကန့်ကွက်လိမ့်မည် မဟုတ်ချေ။

ကောင်းယွမ်သည် အပူချိန်ထိန်းအဝတ်အစား အိတ်များကို သယ်ဆောင်ထားသည့် စက်ရုပ်လှလှလေး ငါးရုပ်ကို ခေါ်ဆောင်ကာ တံခါးပေါက်ဆီသို့ ထွက်ခွာသွားလိုက်လေ၏။ ကျန်ရှိသော စက်ရုပ်ငါးရုပ်မှာမူ ကောင်းယွမ်၏ ဆိုင်သစ်လေးကို ကူညီစီမံပေးရန် ဆိုင်၌သာ ကျန်ရှိခဲ့လေသည်။

All Chapters