အခန်း ၁၀
Vol. 1 Ch. 10
အခန်း (၁၀) လူသားပုံစံ စက်ရုပ်များ
တကယ်တော့ သူဆိုင်ကို သိမ်းဆည်းနေသည်ဆိုသည်မှာ အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်၏။ စင်စစ်အားဖြင့် သိမ်းဆည်းစရာ ဟူ၍ မည်သည်မျှ မရှိချေ၊ အကြောင်းမှာ ကုန်ပစ္စည်းလက်ကျန်အားလုံးကို ကောင်းယွမ် သိမ်း ယူသွားခဲ့ပြီ ဖြစ်သောကြောင့်တည်း။
"သူဌေး... ရှင်တို့ ထွက်သွားရင် ဘာအလုပ်လုပ်ရမှာလဲ..."
လင်းနန်ဝူက မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်၏။
"မင်းတို့ ငါ့အတွက် ကုမ္ပဏီမှတ်ပုံတင်တာနဲ့ လုပ်ငန်းစဉ်တွေကို ကိုင်တွယ်ပေးဖို့ မဟုတ်ဘူးလား..."
"ဒါက သိပ်မြန်ပါတယ်... ကြယ်တာရာကွန်ရက် မှာ အချက်အလက်တွေ ဖြည့်ပြီး လျှောက်ထားရုံပါပဲ... ပြန်လည်စိစစ်မှု ပြီးသွားရင် မတည်ငွေ ထည့်လိုက်ရုံနဲ့ နောက်တစ်ခေါက် ထပ်စိစစ်မှာပါ... အင်မတန် မြန်ပါတယ်..."
*ဟူး... အလုပ်ပိုလုပ်ဖို့အတွက် ကိုယ်တိုင်တောင်းဆိုတတ်သူများပင် ရှိသေးသည်တကား…။*
ကောင်းယွမ်သည် သူမ၏ မျက်ဝန်းထဲတွင် အလုပ်လုပ်လိုသော ဆန္ဒကို မြင်တွေ့လိုက်ရ၏...ဤသို့သော အလုပ် သမားမျိုးသည် အလုပ်ရှင်အတွက် အလွန်ကောင်းမွန်သော အလုပ်သမားပင် ဖြစ်သည်။
သို့သော် ကောင်းယွမ်တွင် လက်ရှိ၌ ကုမ္ပဏီ မှတ်ပုံတင်ခြင်းမှလွဲ၍ အခြားလုပ်စရာ အလုပ်သိပ်မရှိသေးပေ။
ကောင်းယွမ်သည် ခဏမျှ စဉ်းစားလိုက်၏။
"ကောင်းပြီ... နန်ဝူ၊ မင်း အရင်ဆုံး ဆိုင်ကို ရှင်းလင်းထားလိုက်ပါ... အတွင်းရော အပြင်ရော ဘာမှမရှိအောင် သန့်ရှင်းရေးလုပ်ထားပေးပါ... အကုန်လုံး ဖယ်ရှားလိုက်ပါ... ငါ မကြာခင် ပြန်လာခဲ့မယ်..."
ကောင်းယွမ်သည် လင်းနန်ဝူကို အရင်ကတည်းက မှာကြားထားခဲ့သည်၊ သူမသည် ထိုတံခါးကို လုံးဝ မမြင်နိုင် ပေ။
ဤအချက်က ကောင်းယွမ်ကို စိတ်အေးစေခဲ့၏။
နောက်ဖေးသို့ ပြန်ရောက်သောအခါ ကောင်းယွမ်သည် ဘဝဟောင်းကို ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရ လေသည်။ သူသည် အစောပိုင်းက စီးပွားရေးလုပ်ငန်း ပျက်သုဉ်းသွားပြီဟု ထင်ကာ ဇာတိတွင်သာ ကျန်ရှိသော ဘဝကို ကုန်ဆုံးစေတော့မည်ဟု တွေးထားခဲ့မိသည်။
အနောက်ဘက်ခြံဝင်းသည် အနာဂတ်ကမ္ဘာသို့ ပို့ဆောင်ပေးလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။
ဤတစ်ခေါက်တွင် သူသည် စက်ရုပ်များနှင့် အပူချိန်ထိန်းအဝတ်အစား ရာပေါင်းများစွာကိုပင် သယ်ဆောင်လာ ခဲ့လေ၏။ ဤပစ္စည်းများသည် အနာဂတ်ကမ္ဘာတွင် သာမန်အရာများသာ ဖြစ်ပြီး အထူးသဖြင့် အပူချိန်ထိန်း အဝတ်အစားမှာ လမ်းဘေးဈေးသည်များထံတွင် ရောင်းချနေသည့် ပစ္စည်းများကဲ့သို့ပင် ဖြစ်သည်။
သို့သော် ခေတ်သစ်လူ့အဖွဲ့အစည်းတွင်မူ ဤအရာသည် မလွဲဧကန် အဆင့်မြင့်နည်းပညာပင် ဖြစ်သည်။
ရာသီလေးခုလုံး မည်မျှပင် အေးသည်ဖြစ်စေ၊ ပူသည်ဖြစ်စေ ဤအဝတ်အစား တစ်ထည်တည်းဖြင့် အဆင်ပြေ နိုင်ပေသည်။
ထို့အပြင် ၎င်းသည် အမြဲတမ်း အပူချိန်ကို တည်ငြိမ်စွာ ထိန်းထားနိုင်ပြီး ရေနှင့် မီးဒဏ်ကိုလည်း ခံနိုင်ကာ အညစ် အကြေးများလည်း မကပ်ပေ။ ၎င်းသည် ထူးခြားဆန်းပြားသော ဝတ်စုံတစ်ထည်ပင် ဖြစ်တော့သည်။
အပူချိန်ထိန်းအဝတ်အစားများ ကောင်းမွန်သော်လည်း အများပြည်သူသို့ ရောင်းချရန်မှာမူ မသင့်လျော်သေးပေ။ လူသားပုံစံ စက်ရုပ်များသည်လည်း အလွန်ဆွဲဆောင်မှုရှိသော ကုန်ပစ္စည်းများ ဖြစ်သည်။
အမျိုးသားအတွက် ဖြစ်စေ၊ အမျိုးသမီးအတွက် ဖြစ်စေ။
လူတိုင်း၏ နှလုံးသားထဲတွင် စံပြအဖော်တစ်ယောက် ရှိကြသော်လည်း လက်တွေ့ဘဝတွင် မည်သည့်အခါမျှ မတွေ့ဆုံကြရပါ.... လူသားပုံစံ စက်ရုပ်များသည် လူတိုင်း၏ စိတ်ကူးယဉ်မှုများကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်။
ထို့အပြင် လူသားပုံစံ စက်ရုပ်များသည် အမြဲတမ်း နုပျိုနေကြပြီး ငွေကြေး မကုန်ကျသလို၊ တိုင်တန်းခြင်းလည်း မရှိ၊ အနားယူရန် မလို၊ ပင်ပန်းမည်ကို မကြောက်ကြသလို အမြဲတမ်း နူးညံ့သိမ်မွေ့စွာ ပြုမူတတ်ကြ၏။
သူတို့သည် အလွန်ကောင်းမွန်လှပေသည်။
သို့သော် ကောင်းယွမ်သည် စက်ရုပ်များကို ရောင်းချရန် စီစဉ်မထားပေ၊ အကြောင်းမှာ သူတို့အား လုပ်ငန်းခွင် တွင် အသုံးပြုရန် လိုအပ်နေသေးသောကြောင့်တည်း။ နောက်ဆုံးတွင် သူသည် လက်တွေ့ကမ္ဘာ၌ အလုပ်သမားခ စိုက်ထုတ်ရန် ငွေကြေး မရှိသေးပေ။
အနာဂတ်ကမ္ဘာတွင် ကောင်းယွမ်သည် လုပ်ငန်းနှစ်ခုကို စတင်ရန် ပြင်ဆင်ထားပြီး ဖြစ်၏။ တစ်ခုမှာ ဖန်ဂျူး အရက် ကို တည်းဖြတ်စက်နှင့် လဲလှယ်ခြင်းဖြစ်ပြီး၊ ကျန်တစ်ခုမှာ စီးကရက်များကို အပူချိန်ထိန်းအဝတ်အစား ထုတ်လုပ်ရေးစက်ရုံနှင့် လဲလှယ်ခြင်း ဖြစ်သည်။
လုပ်ငန်းရှင်တစ်ယောက်အနေဖြင့် ကောင်းယွမ်သည် ကြိုတင်စီမံတတ်လေသည်။
သူ၏ ကိုယ်ပိုင်လုပ်ငန်းကို တိုးတက်စေရန်အတွက် အခြေခံအုတ်မြစ် လိုအပ်ပြီး ကောင်းယွမ်၌ ရွေးချယ်စရာ
မရှိချေ၊ ထိုအခြေစိုက်စခန်းမှာ မုကျားကျေးရွာတွင်သာ ရှိရမည် ဖြစ်သည်။
ထို့ကြောင့် သူသည် မုကျားကျေးရွာတစ်ခုလုံးကို ကြီးမားသော ထုတ်လုပ်မှုအခြေစိုက်စခန်းအဖြစ် ပြောင်းလဲရန် စိတ်ကူးထားခဲ့လေ၏။
ထိုသို့လုပ်ဆောင်ရန်မူ မူဝါဒအထောက်အပံ့များ လိုအပ်ပေသည်။ ကံကောင်းစွာဖြင့် ကောင်းယွမ်တွင် နိုင်ငံ့ဝန် ထမ်း စာမေးပွဲ အောင်မြင်ပြီး လင်းဟိုင်ခရိုင်မြို့၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဌာနတွင် တာဝန်ထမ်းဆောင် နေသော ကျောင်းနေဖက် သူငယ်ချင်းတစ်ဦး ရှိနေခဲ့ပေသည်။
သူသည် ဖုန်းထဲမှ ပိုင်မော့ယွီ၏ နံပါတ်ကို ရှာဖွေပြီး ဖုန်းခေါ်ဆိုလိုက်၏၊
မကြာမီ ဖုန်းချိတ်ဆက်သွားခဲ့လေသည်။
အံ့အားသင့်နေသော အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
"ကောင်းယွမ်... နင်လား... မတွေ့တာ ကြာပြီနော်... နင် ပြန်ရောက်လာတာလား..."
"အေး... ငါ မုကျားကျေးရွာမှာ ရောက်နေတယ်... နင်ရော အဆင်ပြေရဲ့လား..."
"ငါ အဆင်ပြေပါတယ်... ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရုံးဝန်ထမ်းလေးပါပဲ... ဒါပေမဲ့ လင်းဟိုင်ခရိုင်က အလွန်ဝေးလွန်းတော့ အလုပ်လုပ်ရတာ ခက်ခဲတယ်... ငါတောင် လက်လျှော့တော့မလို့..."
ကောင်းယွမ် ဝမ်းသာသွား၏။ ဤအချက်က ပြီးပြည့်စုံနေသည် မဟုတ်လော။
"မော့ယွီ... အားတဲ့အချိန်ကျရင် စကားပြောကြရအောင်... ငါ ငါ့ဇာတိမှာ ထုတ်လုပ်ရေးစခန်းတစ်ခု တည်ထောင် ချင်လို့..."
"တကယ်လား... နင် ချင်ကျင်းမြို့မှာ စီးပွားရေးလုပ်ခဲ့တာ ငါသိပါတယ်… နင့်အကြောင်း သတင်းတွေကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဖတ်ဖူးတယ်... သူဌေးကြီးရေ... ဇာတိမှာ ပြန်လည်ရင်းနှီးမြှုပ်နှံဖို့ ကြိုဆိုပါတယ်..."
"ဒါဆို မနက်ဖြန် နေ့လယ်ပေါ့... ငါ ရောက်တဲ့အခါ ဖုန်းလှမ်းဆက်လိုက်မယ်..."
ဖုန်းချလိုက်ပြီးနောက် ကောင်းယွမ်သည် သတင်းတစ်ခုကို တွေ့လိုက်ရ၏။ ရှန်နန်ဒေသတွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနေသဖြင့် နေရာအတော်များများ ရေလွှမ်းမိုးနေကြောင်း ဖော်ပြထားလေသည်။
သူ သက်ပြင်းချလိုက်မိ၏။ ဘေးအန္တရာယ်များနှင့် အခက်အခဲများ များပြားလှသည်။ လက်ရှိတွင်မူ သူသည် ငွေကြေး လှူဒါန်းနိုင်စွမ်း မရှိသေးပေ၊ သို့သော် ကောင်းယွမ်တွင် အပူချိန်ထိန်းအဝတ်အစားများ ရှိနေသည်။
ထို့ကြောင့် သူသည် ဘေးအန္တရာယ် ကယ်ဆယ်ရေး ဝန်ထမ်းများအတွက် အပူချိန်ထိန်းအဝတ်အစား နှစ်ရာကို လှူဒါန်းရန် ဆုံးဖြတ်လိုက်လေ၏။
ဤအဝတ်အစားများသည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းပေး နိုင်ပေလိမ့်မည်။
ထို့ကြောင့် ကောင်းယွမ်သည် ဒန်းဒန်းနှင့် မေမေတို့ကို အပူချိန်ထိန်းအဝတ်အစား နှစ်ရာကို ထုပ်ပိုးခိုင်းပြီး တံခါး ဝတွင် ထားခိုင်းလိုက်သည်။ သူ ခရိုင်မြို့သို့ သွားသည့်အခါ ဘေးသင့်ဒေသသို့ ပို့ဆောင်ပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။
သူ အပြင်ထွက်ခါနီးတွင် ဖုန်းမြည်လာခဲ့ပြန်လေ၏။
ဖုန်းထဲမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်၊
"လောင်ကောင်း... မင်း ချင်ကျင်းမြို့က ထွက်လာခဲ့တာလား..."
"အေး..."
"မင်းရဲ့ လိပ်စာကို ပို့ပေးလိုက်... ငါ မနက်ဖြန် မင်းဆီ လာခဲ့မယ်..."
"မင်း ငါ့ဆီ ဘာလာလုပ်မလို့လဲ... မင်း ရှဝေကုမ္ပဏီမှာ အလုပ်လုပ်တာ မဟုတ်ဘူးလား..."
"ဒီအတိုင်းပါပဲ... ငါ ပင်ပန်းနေပြီ... စိတ်အေးချမ်းအောင် မင်းဆီ လာတွေ့တာပါ..."
ဖုန်းချလိုက်ပြီးနောက် ကောင်းယွမ် တကယ်ပင် စိတ်လှုပ်ရှားသွားမိ၏။ ဖုန်းဆက်သူမှာ သူ၏ ယခင်လက်ရုံးနှင့် လုပ်ဖော်ကိုင်ဖက်၊ ထို့အပြင် ကောလိပ်မှ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ ကျန်းပိုင်ရီ ဖြစ်သည်။
ကောင်းယွမ် ဒေဝါလီခံရစဉ်က အခြားသူများမှာ သူ ငွေချေးမည်ကို စိုးရိမ်သဖြင့် ရှောင်ဖယ်သွားကြသော်လည်း ကျန်းပိုင်ရီကမူ မည်သည့်စကားမျှ မဆိုခဲ့ပေ။ ကျန်းပိုင်ရီ ထိုစဉ်က ရင်းနှီးမြှုပ်နှံခဲ့သော ငွေကြေးသည် သူ၏ အိမ်ထောင်ပြုရန် စုဆောင်းထားသော ငွေများဖြစ်ကြောင်း သိထားရမည်။
ယခုတွင် ကုမ္ပဏီလည်း ဒေဝါလီခံသွားပြီဖြစ်ပြီး ထိုငွေများလည်း ဆုံးရှုံးသွားပြီ ဖြစ်သည်။
သဘာဝကျစွာပင် လက်ထပ်ပွဲလည်း ပျက်သွားခဲ့ရသည်။ ကျန်းပိုင်ရီသည် သူ၏ ချစ်သူနှင့် လမ်းခွဲလိုက်ရ ကြောင်း နောက်ပိုင်းတွင် ကောင်းယွမ် ကြားသိခဲ့ရလေ၏။
ခဏမျှ စဉ်းစားပြီးနောက် ကောင်းယွမ်သည် သူ၏ တည်နေရာကို ကျန်းပိုင်ရီထံ ပို့ပေးလိုက်လေသည်။
သူသည် ယခုအခါတွင် စွမ်းဆောင်ရည်ရှိသော လက်ထောက်တစ်ယောက်ကို တကယ်လိုအပ်နေပြီး ဤ တစ်ခေါက်တွင်မူ... ဤလုပ်ငန်းသည် မရှုံးနိမ့်နိုင်တော့ပေ။ ယခင်က ကျန်းပိုင်ရီကို သူ အားနာမိသော်လည်း ယခုအခါတွင်မူ သူ့ကို အောင်မြင်မှု၏ ထိပ်ဆုံးသို့ ခေါ်ဆောင်သွားမည် ဖြစ်သည်။
...
ဖုန်းချပြီးနောက် ကောင်းယွမ်သည် သူ၏ လျှပ်စစ်သုံး သုံးဘီးဆိုင်ကယ်ဖြင့် လင်းဟိုင်ခရိုင်မြို့သို့ ထပ်မံထွက်ခွာ သွားခဲ့လေ၏။ ဦးစွာပထမ ဘေးသင့်ဒေသအတွက် အပူချိန်ထိန်းအဝတ်အစားများကို ပို့ဆောင်ပေးလိုက်သည်။
ထို့နောက် ဆိုင်ကယ်ကို လမ်းဘေးတွင် ရပ်ထားပြီး ပိုင်မော့ယွီ၏ ဖုန်းနံပါတ်ကို ထပ်မံခေါ်ဆိုလိုက်၏။
"ငါးကလေး... ငါ ရောက်နေပြီ..."
"အာ... ဘယ်နားမှာလဲ... ခဏစောင့်နေပါ... ချက်ချင်း လာခဲ့မယ်..."
ကောင်းယွမ် လိပ်စာပြောလိုက်သည်။ စီးကရက်တစ်လိပ်သောက်ပြီးခါနီးတွင် လမ်းတစ်ဖက်မှ မိန်းကလေး တစ်ယောက် သူ့ကို လက်ပြနေသည်ကို မြင်လိုက်ရလေသည်။
ပိုင်မော့ယွီသည် အဖြူရောင် တီရှပ်ပေါ်တွင် အနက်ရောင် ဝတ်စုံအင်္ကျီအပေါ်ထပ်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို ထုံးထားသဖြင့် အသိဉာဏ်ရှိပြီး သွက်လက်သော ပုံစံပေါက်နေသည်။
သူမသည် ဖိနပ်အမြင့်ဖြင့် ကောင်းယွမ်ရှိရာသို့ ပြေးလာ၏။
သူမ ကောင်းယွမ်ဆီ ရောက်ခါနီးတွင် ခြေချော်သွားပြီး တက္ကစီတစ်စီး အရှိန်ဖြင့် မောင်းလာသည့် လမ်းဘေးသို့ လဲကျသွားခဲ့လေသည်။
ပိုင်မော့ယွီ မျက်နှာပျက်သွားသော်လည်း ကောင်းယွမ်မှာ မျက်စိလျင်သဖြင့် သူမကို ဆွဲယူလိုက်ကာ သူ့ဆီသို့ တရွတ်တိုက် ဆွဲခေါ်လိုက်၏။
ပိုင်မော့ယွီမှာ ကောင်းယွမ်၏ ရင်ခွင်ထဲသို့ တန်းတန်းမတ်မတ် ကျသွားတော့သည်။
သင်းပျံ့သော ရနံ့တစ်ခု တိုးဝင်လာခဲ့၏။ ကောင်းယွမ်သည် အလိုအလျောက်ပင် သူမကို ပိုမိုတင်းကြပ်စွာ ဖက်ထားလိုက်မိလေသည်။
ဆယ်စက္ကန့်ခန့် ကြာပြီးနောက်...၊
ပိုင်မော့ယွီ သတိဝင်လာကာ နားနောက်သို့ ဆံပင်တစ်စကို သပ်တင်လိုက်ရင်း၊
"ဘယ်သွားပြီး စကားပြောကြမလဲ..."
"အာ..."
ကောင်းယွမ်လည်း သူမကို အမြန်လွှတ်ပေးလိုက်၏...၊
"စာအုပ်ဆိုင် သွားမလား..."
ပိုင်မော့ယွီ ခေါင်းငြိမ့်လိုက်၏...၊
ကောင်းယွမ်နှင့် ပိုင်မော့ယွီတို့သည် အလယ်တန်းကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်ကြသည်။ ထိုစဉ်က သူတို့ နှစ်ဦးလုံးသည် စာအုပ်ဆိုင်သို့ ပုံမှန်သွားလေ့ရှိကြသူများ ဖြစ်သည်။ စာအုပ်ဆိုင်အကြောင်း ပြောရလျှင် သူတို့ သည် ကျောင်းရှေ့ရှိ 'ဆန်းဝေ' စာအုပ်ဆိုင်အကြောင်းကို ဆိုလိုမှန်း အပြန်အလှန် နားလည်ကြ၏။
သူတို့ လမ်းလျှောက်သွားခဲ့ကြလေသည်...။
ဖြူစင်သော အလယ်တန်းကျောင်းသားဘဝသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားရသည်။ ကောင်းယွမ်သည် ထိုစဉ် က ပျော်ရွှင်စရာ အချိန်များကို ပြန်တွေးမိပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့လေ၏။
"ငါးကလေး... နင် စာအုပ်ဆိုင်မှာ သူများစာအုပ်ကို ညစ်ပတ်အောင် လုပ်မိတဲ့နေ့ကို မှတ်မိသေးလား..."
"မှတ်မိတာပေါ့... အဲ့ဒီနေ့က နင်ပဲ ကူညီပြီး စာအုပ်ပြန်ဝယ်ပေးခဲ့တာ... အဲ့ဒီနေ့က ငါ့မှာ ပိုက်ဆံမရှိလို့ မဟုတ် ဘူးနော်…၊ ပိုက်ဆံ ကျပျောက်သွားလို့ပါ..."
"ငါ သိပါတယ်ဟယ်..."