အခန်း ၁၂
Vol. 2 Ch. 12
အခန်း (၁၂)
ဒီမြေကို ငါ ဝယ်ချင်တယ်
နောက်တစ်နေ့ နံနက်စောစော။
ကောင်းယွမ်သည် အိပ်ရာမှ ထကာ ရေသန့်တစ်ခွက် သောက်ပြီးနောက် ပေါင်မုန့်တစ်ချပ်ကို စားသုံးလိုက်လေ ၏။ ထို့နောက် နောက်ဖေးခြံသို့ ပြန်သွားပြီး အချိန်နှင့်အာကာသတံခါးမှတစ်ဆင့် ကူးသန်းလိုက်လေသည်။
သူ၏ ဘေးတွင် လှပသော အမျိုးသမီးစက်ရုပ် သုံးဦးဖြစ်သည့် ရူရူ၊ ချီချီနှင့် ရွှေရွှေတို့ ရှိနေကြပြီး ၎င်းတို့သည် အရက်များ တင်ဆောင်ထားသော လှည်းငယ်လေးတစ်စီးကို ဆွဲလာကြ၏။ ကောင်းယွမ်မှာမူ စီးကရက် ဆယ်ဗူး ကို ပိုက်ထားလေသည်။
ထိုတံခါးကို ဖြတ်ကျော်ပြီးနောက် ကောင်းယွမ်သည် အနာဂတ်ကမ္ဘာသို့ တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့ပြန် သည်။ သူသည် အနီးအနားရှိ ဆိုင်ငယ်လေးတစ်ခုသို့ ဦးစွာ သွားရောက်ခဲ့၏။ ထိုဆိုင်မှာ သန့်ရှင်းသပ်ရပ်သော် လည်း အလွန်ပင် ဟောင်းလောင်းဖြစ်နေပေသည်။
အဆင့်မြင့် အနှိပ်ကုလားထိုင် အနည်းငယ်မှလွဲ၍ ဘာမျှ ရှိမနေပေ။ ကောင်းယွမ်သည် ရူ၊ ချီ၊ ရွှေတို့ သုံးဦးကို ပစ္စည်းများ ချထားရန် ခိုင်းစေပြီးနောက် လင်းနန်ဝူကို ခေါ်လိုက်လေသည်။
"ကုမ္ပဏီ မှတ်ပုံတင်တာ အခြေနေ ဘယ်လိုရှိလဲ..."
"လျှောက်လွှာ တင်ပြီးပါပြီရှင်... (၂၄) နာရီအတွင်း စစ်ဆေးပေးပါလိမ့်မယ်... အဲ့ဒီနောက်မှာတော့ သုံးရက် အတွင်း မတည်ငွေ စစ်ဆေးမှု လုပ်ရပါလိမ့်မယ်..."
"ကောင်းပြီ... ငါ မင်းအတွက် လက်ဆောင် ပါလာတယ်... ဒီမှာ..."
ပြောရင်းဆိုရင်း ကောင်းယွမ်သည် စက္ကူအိတ်တစ်လုံးကို လင်းနန်ဝူထံ ကမ်းပေးလိုက်၏။ ထိုအိတ်အတွင်း၌ ကောင်းယွမ်သည် လင်းဟိုင်ခရိုင်မြို့မှ ထုပ်ပိုးယူလာခဲ့သော အစားအစာများ ပါရှိပေသည်။
၎င်းတို့မှာ ကြက်ကင်၊ ပင်လယ်ငါးကင်၊ ဟင်းသီးဟင်းရွက်ကြော်နှင့် မှိုကြော်ဟူ၍ ဟင်းပွဲလေးမျိုး ဖြစ်၏။ လင်းနန်ဝူသည် အိတ်ကိုယူကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်လေသည်။
"အို... သူဌေး... အနံ့က မွှေးနေတာပဲ..."
"ဒါတွေက ဘာတွေလဲရှင်..."
"ဒါတွေက မင်းတို့ တောင့်တနေတဲ့ သဘာဝအစားအစာတွေပဲ..."
ကောင်းယွမ်က ပြန်ဖြေလိုက်၏။
"တကယ်လား..."
လင်းနန်ဝူ၏ ပါးစပ်မှ သွားရည်များပင် ယိုစီးကျလာလေတော့သည်။ သူမသည် ထမင်းချိုင့်များကို တစ်ခုချင်း ဖွင့်ကြည့်လိုက်ရာ အစားအစာများကို မြင်ရသည်နှင့် မျက်ရည်များပင် ဝဲလာမိ၏။
"ကျွန်မ ဒီလိုအစာမျိုး တစ်ခါမှ မစားဖူးပါဘူး... ဓာတုနည်းနဲ့ ဖော်စပ်ထားတဲ့ အစားအစာတွေတောင် မဟုတ်ဘူး လေ... မွေးနေ့ရောက်တိုင်း အမေက အကောင်းဆုံး အာဟာရအနှစ်ကို ဝယ်ကျွေးလေ့ရှိပါတယ်... ဒါပေမဲ့ ဘယ် လောက်ပဲ ကောင်းမွန်ပါစေ အာဟာရအနှစ်ကတော့ အာဟာရအနှစ်ပါပဲ... ကြီးပြင်းလာတဲ့အခါ သဘာဝအစား အစာကို တစ်ခါလောက်တော့ စားကြည့်မယ်လို့ ကတိပေးထားခဲ့တာပါ... သူဌေး... ဒါတွေ ဝယ်ရတာ ငွေအများ ကြီး ကုန်မှာပေါ့... ကျွန်မ ဒီဘဝမှာ ပြန်ဆပ်နိုင်ပါ့မလား..."
လင်းနန်ဝူသည် မျက်လုံးအဝိုင်းသားဖြင့် ကောင်းယွမ်ကို မေးမြန်းလိုက်လေသည်။
"ဘာတွေတွေးနေတာလဲ... ဒါက သူဌေးက ပေးတဲ့ အစားအစာလေးပါ... စိတ်ပူစရာ မလိုပါဘူး..."
ကောင်းယွမ်သည် သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။ အနာဂတ်ကမ္ဘာမှ လူများသည် စားဝတ်နေရေးအတွက် ပူပင်စရာ မလိုသော်လည်း တကယ်တမ်း၌မူ အလွန်ပင် သနားစရာ ကောင်းလှပေသည်။ သဘာဝအစားအစာကို တစ်ခါမျှ မမြင်ဖူး၊ မစားဖူးကြပေ။
"ကဲ... ရှက်မနေနဲ့တော့ စားကြည့်လိုက်ပါဦး..."
လင်းနန်ဝူသည် ရုတ်တရက် ထရပ်လိုက်ပြီး ကောင်းယွမ်ကို ဖက်လိုက်ကာ မျက်လုံးများကို စိုက်ကြည့်လျက် ပြောလိုက်လေ၏။
"သူဌေး... ကျွန်မ သူဌေးကို သဘောကျတယ်..."
ကောင်းယွမ်သည် ကြောင်အသွားရ၏။
"မင်းက လူကြီး ဖြစ်ပြီလား..."
"မကြာခင် ဖြစ်တော့မှာပါ..."
လင်းနန်ဝူသည် မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်လေသည်။ ဤအချက်က ကောင်းယွမ်ကို ခေါင်းကိုက်သွားစေ၏။ အသက်မပြည့်သေးသော ကလေးကို အလုပ်ခန့်မိလျှင် ဥပဒေနှင့် ငြိစွန်းမည်လော။ သို့သော် သူ ချက်ချင်းပင် ထိုအတွေးကို ဖျောက်လိုက်၏။
ကလေးအလုပ်သမား ခန့်သည်ဟု မဆိုနိုင်ပေ။ ဆင်းရဲသော မိန်းကလေးကို ကူညီခြင်းသာ ဖြစ်ပေသည်။ သူ ကိုယ်တိုင် စင်ကြယ်နေသမျှ ကာလပတ်လုံး ပြဿနာမရှိပေ။
"မင်းတို့က သဘောကျတယ်ဆိုတာ ဘာမှန်း မသိကြသေးပါဘူး... မင်းအမေကို ခေါ်လိုက်ဦး... အတူတူ စား လိုက်ကြ... ငါ အပြင်မှာ လုပ်စရာလေး ရှိသေးတယ်..."
ကောင်းယွမ်သည် စက်ရုပ်သုံးဦးကို ခေါ်ကာ အရက်များတင်၍ ကျားယွင် ရှေးဟောင်းပစ္စည်းဆိုင်ဆီသို့ ဦးတည် သွားလိုက်လေ၏။ ဆိုင်ရှေ့သို့ ရောက်သည်နှင့် လဲ့ချင်းမေက ထွက်၍ ကြိုဆိုလေသည်။
"မစ္စတာကောင်း... ရောက်လာပြီလား..."
လဲ့ချင်းမေသည် ကောင်းယွမ်ကို မြင်ရသည်နှင့် စိုးရိမ်စိတ်များ တက်ကြွလာ၏။ မနေ့က သူမသည် ကောင်းယွ မ်၏ နောက်ခံကို စုံစမ်းခိုင်းခဲ့ရာ ချက်ချင်းပင် သတိပေးချက် ရခဲ့သည်။ သူမ အလွန်တုန်လှုပ်သွားရ၏။ ဤမျှ အစွမ်းထက်သော ကမ္ဘာကြီး၌ "ကောင်း" ဟူသော မျိုးရိုးဖြင့် မိသားစုမှာ တစ်ခုတည်းသာ ရှိသည်။
ယခုအခါ ကောင်းယွမ်ကို မြင်ရသည်နှင့် သူမနောက်ကွယ်မှ အင်အားစုများက သူမကို သတ်ဖြတ်ပစ်မည်ကို ကြောက်ရွံ့နေမိခဲ့ပေသည်။ သို့သော် လဲ့ချင်းမေ မသိသည်မှာ သူမ စုံစမ်းခဲ့သော ကောင်းယွမ်မှာ လုံကျင်းမြို့၏ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခြင်းပင်။ သူမ အသက်ရှင်နေခြင်းမှာ ကံကောင်းလွန်း၍သာ ဖြစ်သည်။
"မစ္စတာကောင်း... မနေ့က ကိစ္စက ကျွန်မတို့ဘက်က မှားပါတယ်... တောင်းပန်ပါတယ်ရှင်..."
မနေ့က ဘာတွေ ဖြစ်ခဲ့သနည်း။ ကောင်းယွမ်မှာမူ ဘာမှ မသိချေ။
"ငါ အရက်တွေ ယူလာခဲ့တယ်... ပစ္စည်းတွေ အဆင်သင့် ဖြစ်ပြီလား..."
"ဟုတ်ကဲ့... ဟုတ်ကဲ့... ဒီမှာ စာရင်းပါ..."
သူမသည် လက်ကောက်ဝတ်ရှိ ခလုတ်ကို နှိပ်လိုက်ရာ ဖန်သားပြင်တစ်ခု ပေါ်လာ၏။ စာရင်းမှာ အသေးစိတ် ဖြစ်သည်။
ဆီလီကွန်အခြေခံ ချစ်ပ်ပြား တည်းဖြတ်စက် (၁၀၀)၊ ချစ်ပ်ပြား တည်းဖြတ်စက် ထုတ်လုပ်ရေးလိုင်း (၁၀)၊ သုတေသနပြု စက်ရုပ် (၁၀၀၀)၊ စက်ရုပ် ထုတ်လုပ်ရေးလိုင်း (၁၀)၊ ၃ဒီ အပြန်အလှန် ဆက်သွယ်ရေး လက်ပတ် (၁၀၀၀)၊ ၎င်း၏ ထုတ်လုပ်ရေးလိုင်း (၁၀)၊ အာကာသခရီးသွား ဘတ်စ်ကား (၁၀)၊ ၎င်း၏ ထုတ်လုပ်ရေးလိုင်း (၁)ခု နှင့် (၁၀၀%) စင်ကြယ်သော ဆီလီကွန် ဝေဖာ (၁၀၀၀) တန်တို့ ဖြစ်သည်။
စာရင်းကို မြင်လိုက်ရသော် ကောင်းယွမ် တုန်လှုပ်သွား၏။ အဘယ်ကြောင့် ဤမျှ များပြားနေရသနည်း။ (၁၀၀%) စင်ကြယ်သော ဆီလီကွန် ဝေဖာကိုပင် အဘယ်သို့ ပြုလုပ်သနည်း။ အတိတ်ခေတ် လူများက တစ်နာရီ (၃၀၀) ကီလိုမီတာနှုန်းဖြင့် သွားသော ကားကို စိတ်ကူးမယဉ်နိုင်သကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
"မစ္စတာကောင်း... ပစ္စည်းတွေကို မကျေနပ်သေးရင် လဲလှယ်ပေးနိုင်ပါတယ်..."
ကောင်းယွမ်သည် တုန်လှုပ်နေသော်လည်း မျက်နှာကို တည်ငြိမ်စွာ ထားလိုက်၏။
"မလိုပါဘူး... ဒါဆိုရင် လုံလောက်ပါပြီ..."
"မစ္စတာကောင်း... ဒီပစ္စည်းတွေကို ဘယ်ကို ပို့ပေးရမလဲ..."
ကောင်းယွမ်သည်လည်း ခေါင်းကိုက်သွားရ၏။ ဤမျှ များပြားသော ပစ္စည်းများကို ဘယ်မှာထားရမည်နည်း။ သူသည် လင်းနန်ဝူ၏ ဆိုင်ငယ်လေးကိုသာ သိသည်။
"တည်းဖြတ်စက်တွေကို ဒီလိပ်စာကို အရင် ပို့ပေးလိုက်ပါ... ကျန်တာတွေကိုတော့ နောက်မှ ငါ ပြောမယ်..."
လိပ်စာကို ပေးလိုက်ပြီးနောက် ကောင်းယွမ်သည် အရက်များကို ရွှေ့ပြောင်းလိုက်၏။ လဲ့ချင်းမေသည် အရက် ပုလင်းမှ ထွက်ပေါ်လာသော ရနံ့ကို ရှူရှိုက်မိပြီးနောက် စိတ်လှုပ်ရှားသွားလေသည်။
"မစ္စတာကောင်း... ဒီအရက်ကို ရနိုင်တဲ့သူဆိုလို့ မစ္စတာကောင်းပဲ ရှိမှာပါ... ဒါဟာ ရှေးဟောင်းပစ္စည်းတင် မကဘဲ ရှားပါးကုန်စည်တစ်ခုပါပဲ..."
"ဒါက သိပ်ထူးဆန်းတာ မဟုတ်ပါဘူး..."
ကောင်းယွမ်က ပြောလိုက်ရာ လဲ့ချင်းမေ၏ နှလုံးသားမှာ လှုပ်ရှားသွား၏။
"မစ္စတာကောင်း... နောက်ထပ် ရှိသေးရင် ကျွန်မတို့ ရေရှည် ပူးပေါင်းဆောင်ရွက်လို့ ရနိုင်မလား..."
ကောင်းယွမ် ခေတ္တမျှ စဉ်းစားပြီးမှ...၊
"နောက်တစ်ခါမှ ပြောကြတာပေါ့..."
...
ပြန်ရောက်သောအခါ တည်းဖြတ်စက်များမှာ ဆိုင်ရှေ့တွင်ပုံလျက် ရှိနေလေပြီ။
လင်းနန်ဝူ ပြေးလာပြီး...၊
"သူဌေး... ဘာလို့ ပစ္စည်းတွေ အများကြီး သယ်လာရတာလဲ..."
"နန်ဝူ... ငါ ဒီနေရာမှာ ဂိုဒေါင်တစ်ခု ဆောက်ချင်တယ်... ဒီမြေကို ဘယ်သူ့ဆီက ဝယ်ရမှာလဲ..."
"ဒီနေရာကိုလား... ဆောက်လို့ ရပါ့မလား..."
လင်းနန်ဝူမှာ သာမန်မိန်းကလေး ဖြစ်သဖြင့် မသိရှိပေ။ ကောင်းယွမ်သည် ချင်းမူကုထန်းကိုသာ မေးမြန်းရတော့ မည်ဟု တွေးလိုက်၏။ ထိုစဉ် လင်း၏မိခင်က ဝင်ပြောလိုက်သည်။
"မစ္စတာကောင်း... ဒီနေရာမှာ ဂိုဒေါင် ဆောက်ချင်တာလား..."
"ဟုတ်ပါတယ်... အန်တီက သိလို့လား..."