အခန်း ၁၅
Vol. 2 Ch. 15
အခန်း (၁၅)
စူပါနည်းပညာအခြေစိုက်စခန်း
"ငါ မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ..."
ကောင်းယွမ်သည် ကျန်းပိုင်ရီကို ကြည့်ကာ ပြောလိုက်လေသည်။
"မင်း ငါ့ကို ပြောခဲ့တာလေ... မင်းနောက်ကို လိုက်ရင် အများကြီး အမြတ်ရမယ်ဆိုပြီး... နောက်ဆုံးတော့ ဘာဖြစ်သွားလဲ... ကုမ္ပဏီက ဒေဝါလီခံပြီး လုပ်ငန်းပါ ပိတ်သိမ်းလိုက်ရပြီလေ..."
ကောင်းယွမ်သည် အနည်းငယ် ရှက်ရွံ့သွားသော်လည်း၊
"လုပ်ငန်းသစ်တစ်ခု စတင်တဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် မမျှော်လင့်ထားတဲ့ အခက်အခဲတွေ ဖြစ်တတ် တာ သဘာဝပါပဲ... အခု ငါတို့ အသစ်ပြန်စနေကြပြီလေ... ဒီတစ်ခါတော့... ငါတို့ မအောင်မြင်စရာ အကြောင်း မရှိပါဘူး..."
ကျန်းပိုင်ရီသည် ယုံကြည်ဟန်မရှိပေ။ ကုမ္ပဏီတစ်ခု တည်ထောင်ဖို့တောင် ပိုက်ဆံမရှိဘဲနဲ့ အိပ်မက်တွေ မက်နေ လေသည်။
ကောင်းယွမ်သည် သူ၏ မျက်လုံးများကို ဖွင့်ပြရန် ဆုံးဖြတ်လိုက်၏။
"ငါနဲ့အတူ နောက်ဖေးကို လိုက်ခဲ့..."
ကျန်းပိုင်ရီသည် ကောင်းယွမ်နောက်မှ နောက်ဖေးသို့ လိုက်သွားခဲ့လေသည်။
"လောင်ကောင်း... မင်း ဘာတွေ လုပ်နေတာလဲ..."
"ဒီနောက်ဖေးမှာ တကယ်ပဲ လျှို့ဝှက်ချက်တွေ ရှိနေတာလား..."
ကျန်းပိုင်ရီ စကားပြောနေစဉ်မှာပင် နောက်ဖေးတွင် ပုံနှိပ်စက်များကဲ့သို့သော ပစ္စည်းအချို့ အပုံလိုက် စုပုံနေ သည်ကို တွေ့လိုက်ရလေသည်။
"ဟာ... ဒါတွေက ဘာတွေလဲ... ဒါတွေကို ဘယ်အချိန်ကတည်းက ဒီကို ရွှေ့ထားတာလဲ..."
"ငါ မင်းကို ပြောထားတယ်လေ... ငါ့မှာ လျှို့ဝှက်အခြေစိုက်စခန်းနဲ့ အဖွဲ့တစ်ဖွဲ့ ရှိတယ်ဆိုတာ... ဒါတွေက တည်းဖြတ်စက်တွေပဲ..."
ကျန်းပိုင်ရီသည် မျက်လုံးအဝိုင်းသားဖြင့် အနားသို့ သွားကာ တည်းဖြတ်စက်ကို လက်ဖြင့် တို့ထိကြည့်လိုက်၏။
"မင်း ရူးနေတာလား... KML ရဲ့ တည်းဖြတ်စက်ကို ငါ မြင်ဖူးတယ်... အခန်းတစ်ခန်းစာလောက် ကြီးတာ... မင်းဟာက ဘာလို့ ဒီလောက်တောင် သေးငယ်နေရတာလဲ..."
"အဆင့်မြင့်လွန်းလို့ပဲပေါ့..."
"ဒါက ကမ္ဘာ့အဆင့်မြင့်ဆုံး နည်းပညာပစ္စည်းဆိုတာ ဟုတ်ရဲ့လား... တချို့ သိပ္ပံပညာရှင်တွေဆိုရင် ဒါကို ဟိုက်ဒရို ဂျင်ဗုံးထက်တောင် တီထွင်ရခက်တဲ့ တည်းဖြတ်စက်လို့တောင် ပြောကြတယ်မဟုတ်လား..."
"မင်း မယုံဘူးလား... အထဲမှာ ခဏစောင့်နေ... ငါ လူတွေကို သွားခေါ်လိုက်ဦးမယ်..."
"ဘာလို့ လူတွေကို ခေါ်နေရတာလဲ... ငါတို့က တိုက်ပွဲဝင်ဖို့မှ မဟုတ်တာ..."
ကျန်းပိုင်ရီသည် တစ်စုံတစ်ခုကို ရေရွတ်ရင်း အိမ်ထဲသို့ နာခံစွာ ဝင်သွားလေသည်။
ကောင်းယွမ်သည် ကမ္ဘာကူးတံခါးမှတစ်ဆင့် သုတေသနစက်ရုပ် ဆယ်ခုကို ခေါ်လာခဲ့သည်။ ထိုစက်ရုပ်များသည် ကျွမ်းကျင်သော သိပ္ပံပညာရှင်များအသွင် ဝတ်ဆင်ထားကြလေသည်။ ကောင်းယွမ်သည် လဲ့ချင်းမေထံမှ ဆီလီ ကွန် ချစ်ပ်ပြားများကို ယူဆောင်လာပြီးနောက် စက်ရုပ်များအား ယူဆောင်သွားစေကာ လက်တွေ့ကမ္ဘာသို့ ပြန် လည် ရောက်ရှိလာခဲ့လေ၏။
"လောင်ကျန်း... ထွက်လာခဲ့တော့..."
ကျန်းပိုင်ရီ ထွက်လာသောအခါ ထိုသုတေသနစက်ရုပ် ဆယ်ခုကို မြင်လိုက်ရသဖြင့်... လုံးဝ မှင်သက်သွား လေ သည်။
သူတို့တွေ ဘယ်က ရောက်လာတာလဲ။
"မင်းကို မိတ်ဆက်ပေးမယ်... သူက ငါတို့ရဲ့ သုတေသနအဖွဲ့မှ နည်းပညာအရာရှိချုပ် ကျားရီ... သူကတော့ လက်ထောက် ကျားအာ... သူတို့က တည်းဖြတ်စက်ကို တီထွင်တဲ့သူတွေပဲ... အခု သရုပ်ပြခိုင်းမယ်... ဒီဆီလီ ကွန်ချစ်ပ်ပြားတွေကိုလည်း သန့်စင်နည်းအသစ်နဲ့ ထုတ်လုပ်ထားတာ... သန့်စင်မှုနှုန်းက တစ်ရာခိုင်နှုန်းအထိ ရှိတယ်..."
ကျန်းပိုင်ရီသည် ထိုစက်နှစ်ခုကို ကြည့်ကာ၊
"သူတို့က ညီအစ်ကိုတွေလား... ကြည့်ရတာ တစ်ရုပ်တည်း မဟုတ်ပေမဲ့ သူတို့ရဲ့ စိတ်နေသဘောထားက ဆင်တူ လိုက်တာ... နာမည်တွေကအစ ဆင်နေတယ်..."
ကောင်းယွမ်သည် ပြုံးလျက်...
"ကျန်တဲ့ လူတွေရဲ့ နာမည်ကို မင်း မသိသေးလို့ပါ... ကျားဆန်း၊ ကျားစစ်၊ ကျားဝူ... ကျားရီချန်အထိ ရှိသေး တယ်..."
"မင်း သိတဲ့အတိုင်း မုကျားကျေးရွာနောက်မှာ တာချင်းတောင် ရှိတယ်... ငါ့အိမ်က မုကျားရွာရဲ့ နောက်ဆုံးတန်း မှာ ရှိတာလေ... အမှန်တော့ အဲ့ဒီမြေအောက်ခန်းမှာ တာချင်းတောင်နဲ့ ချိတ်ဆက်ထားတဲ့ အခြေစိုက်စခန်းတစ်ခု ရှိတယ်... သူတို့က ဒီမှာ သုတေသနလုပ်နေတာ... ဒါပေမဲ့ သူတို့က လူစိမ်းတွေကို မတွေ့ချင်ကြဘူး... အဲ့ဒီမြေ အောက်ခန်းက အဆင့်မြင့်လွန်းလို့ ဘယ်သူ့ကိုမှ မဝင်ခိုင်းတာ... ငါတောင် မဝင်ရဲဘူး..."
ကျန်းပိုင်ရီသည် ကောင်းယွမ်ညွှန်ပြသော တံခါးကို ကြည့်ကာ၊
"မင်းသေချာပြောတာလား... ဒါက တကယ်ပဲ မြေအောက်ခန်းဟုတ်ရဲ့လား... မင်းတို့အိမ်က စွန့်ပစ်ထားတဲ့ မြေအောက်ခန်းတော့မဟုတ်ပါဘူးနော်..."
ကောင်းယွမ် အနည်းငယ် ရှက်ရွံ့သွားသော်လည်း ဆက်လက်ထိန်းချုပ်ထားလိုက်၏။
"လောင်ကျန်း... လျှို့ဝှက်ချက် ထိန်းသိမ်းရခြင်းရဲ့ အရေးပါမှုကို မင်း နားလည်တယ်မဟုတ်လား... ငါတို့က အဆင့်မြင့် နည်းပညာနယ်ပယ်မှာ လုပ်ကိုင်နေတာလေ..."
"ကောင်းပြီ... အဲ့ဒီအကြောင်းကို ထားလိုက်ပါတော့... မြေအောက်ခန်းပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ပါ... အခု သူတို့ကို ချစ်ပ်ပြားတွေ ဘယ်လို ထုတ်လုပ်တယ်ဆိုတာ သရုပ်ပြခိုင်းပါဦး..."
"မင်း ချစ်ပ်ပြားတွေ ထုတ်လုပ်နိုင်တာလား..."
ကျန်းပိုင်ရီက မေးလိုက်၏။
"ထုတ်လုပ်နိုင်တာပေါ့... ချစ်ပ်ပြားထုတ်လုပ်ရေးရဲ့ အခက်ခဲဆုံးအပိုင်းက တည်းဖြတ်စက်နဲ့ ဆီလီကွန် ချစ်ပ် ပြားပဲ... ပြီးရင် ချစ်ပ်ဒီဇိုင်းပေါ့... ကျားရီရဲ့ အဖွဲ့က တည်းဖြတ်စက်ကိုတောင် ကျွမ်းကျင်ပိုင်နိုင် နေပြီဆိုတော့ ချစ်ပ်ဒီဇိုင်းဆွဲတာကတော့ အေးဆေးပဲပေါ့..."
ထိုသို့ပြောပြီးနောက် ကောင်းယွမ်သည် ကျားရီနှင့် ကျားအာတို့အား သရုပ်ပြရန် ညွှန်ကြားလိုက်လေသည်။
ထို့နောက် ကျန်းပိုင်ရီသည် မယုံနိုင်ဖွယ် အဖြစ်အပျက်တစ်ခုကို မြင်တွေ့လိုက်ရလေတော့၏။
တရုတ်နိုင်ငံ အလယ်ပိုင်းရှိ တောင်တန်းဒေသ ကျေးရွာတစ်ရွာ၏ ခြံဝင်းအိုလေးထဲတွင် သိပ္ပံပညာရှင်အဖွဲ့ တစ်ဖွဲ့သည် ကမ္ဘာ့အဆင့်မြင့်ဆုံး ချစ်ပ်ပြားကို ထုတ်လုပ်လိုက်ခြင်းပင်။
ကျန်းပိုင်ရီသည် ချစ်ပ်ပြားကို ကိုင်ထားရင်း၊
"လောင်ကောင်း... မင်း တကယ်တော်တာပဲ... ငါတို့ ဒီချစ်ပ်ပြားတွေကိုပဲ တိုက်ရိုက်ရောင်းလိုက်ကြရအောင်..."
ကောင်းယွမ်က ခေါင်းခါလိုက်သည်။
*ချစ်ပ်ပြားရောင်းရမှာလား... နောက်မှ လိုအပ်ရင် ရောင်းရမှာပေါ့... အခု ချစ်ပ်ပြားရောင်းတာက တည်းဖြတ် စက် ရောင်းတာလောက် အမြတ်မများဘူးလေ...*
"မရဘူး... တည်းဖြတ်စက်ပဲ ရောင်းရမယ်..."
"ဘာလို့လဲ..."
"ချစ်ပ်ပြားရောင်းရင် အချိန်အများကြီး ကြာတယ်... ငါတို့ စူပါနည်းပညာ အခြေစိုက်စခန်း တည်ဆောက်ဖို့ ရန်ပုံ ငွေ အရေးတကြီး လိုအပ်နေတယ်... ပြီးတော့ ချစ်ပ်ပြားဈေးကွက်က အရမ်းကြီးမားလွန်းတယ်... ငါတို့ အရင်း အမြစ်က နည်းနည်းလေးပဲ ရှိသေးတာ... ဒါကြောင့် ဩဇာအာဏာရှိတဲ့ မိတ်ဖက်အဖွဲ့အစည်းကို ရှာဖို့ လို တယ်..."
"ဒါဆို မင်း ရှဝေကို ရွေးလိုက်တာပေါ့..."
"ဟုတ်တယ်... တည်းဖြတ်စက်ရောင်းတာက ငါတို့ကို ဘာမှ သိပ်မထိခိုက်ဘူး... ငါတို့ရဲ့ တကယ့်လက်ကိုင်တုတ် က ဆီလီကွန်ချစ်ပ်ပြားနဲ့ ချစ်ပ်ဒီဇိုင်းပဲ... ငါတို့ (၃)နာနိုမီတာ တည်းဖြတ်စက်ကိုပဲ ရောင်းမယ်... ပိုအဆင့်မြင့်တာ တွေကိုတော့ မရောင်းဘူး..."
"မင်းဆီမှာ အဲ့ဒီထက် ပိုအဆင့်မြင့်တာတွေ ရှိသေးတာလား..."
ကျန်းပိုင်ရီသည် စကားမပြောနိုင်အောင်ပင် ဖြစ်သွားလေသည်။
"ရှိတာပေါ့... လိုအပ်ရင် ဆီလီကွန်အခြေခံ ချစ်ပ်ပြားတွေကိုတောင် ဖယ်ရှားပစ်နိုင်တယ်..."
"လောင်ကျန်း... ကျေးဇူးပြုပြီး တည်တည်ငြိမ်ငြိမ်လေး နေပေးပါဦး... အလကား ရတဲ့ အရာဆိုတာ လောကမှာ မရှိဘူးလေ..."
ကျန်းပိုင်ရီသည် လုံးဝ မယုံကြည်ပေ။
ကောင်းယွမ်သည် ပြုံးရုံသာ ပြုံးနေလိုက်သည်။ အနာဂတ်ကမ္ဘာတွင် ဆီလီကွန်အခြေခံ ချစ်ပ်ပြားများသည် ခေတ်နောက်ကျသွားခဲ့ပြီဖြစ်သည်။
ကာဗွန်အခြေခံ ချစ်ပ်ပြားများသည် အနာဂတ်၏ အဓိက လမ်းကြောင်းဖြစ်လာမည်ဖြစ်သော်လည်း အနာဂတ် ကမ္ဘာရှိ ကာဗွန်အခြေခံ ချစ်ပ်ပြားများသည် လက်ရှိကမ္ဘာနှင့် လုံးဝ မတူညီပေ။
လက်ရှိကမ္ဘာတွင် ကာဗွန်အခြေခံ ချစ်ပ်ပြားများကို ဂရပ်ဖင်းဖြင့် ပြုလုပ်ကြသည်။ ဂရပ်ဖင်းသည် ကာဗွန်နာနို ပြွန်များကို အသုံးပြု၍ ထရန်စစ္စတာများ ပြုလုပ်ခြင်းဖြစ်သည်။ အနာဂတ်တွင် အစုလိုက် အပြုံလိုက် ထုတ်လုပ် နိုင်ပါက ၎င်း၏ စွမ်းဆောင်ရည်သည် ဆီလီကွန်ချစ်ပ်ပြားများထက် အဆပေါင်းများစွာ ပိုမိုမြင့်မားလာ မည်ဖြစ် ၏။
သို့သော် အနာဂတ်ကမ္ဘာ၏ ကာဗွန်အခြေခံ ချစ်ပ်ပြားများတွင် အဆင့်သုံးဆင့် ရှိလေသည်။ ပထမအဆင့်မှာ ကာဗွန်နာနိုပြွန် ပစ္စည်းများဖြစ်သည်။
ဒုတိယအဆင့်မှာ ကာဗွန်-အောက်ဆီဂျင် တက်ကြွသော စမတ်ချစ်ပ်ပြားများဖြစ်ပြီး ဤအရာသည် အစစ်အမှန် ဉာဏ်ရည်တုခေတ်၏ အစပျိုးခြင်းပင်။
လက်ရှိကမ္ဘာတွင် ဉာဏ်ရည်တုဟု ခေါ်ဆိုနေကြသည်မှာ တကယ်တမ်းတွင် ပုံစံမျိုးစုံနဲ့ အရှိန်အဟုန်ပြင်းပြင်း တိုးပွားနေသော ဒေတာထုကြီး ကို(မဟာအချက်အလက်) အသုံးပြုခြင်းသာ ဖြစ်သည်။ အနာဂတ်ကမ္ဘာတွင် ကာဗွန်-အောက်ဆီဂျင် တက်ကြွသော ချစ်ပ်ပြားများ ပေါ်ပေါက်လာမှသာ အစစ်အမှန် ဉာဏ်ရည်တုဆိုသည်မှာ ရှိလာမည်ဖြစ်၏။
တတိယအဆင့်မှာ အော်ဂဲနစ်ကာဗွန် ချစ်ပ်ပြားများ ဖြစ်ပြီး ဇီဝချစ်ပ်ပြားများဟုလည်း ခေါ်ဆိုကြသည်။ ဇီဝ ချစ်ပ်ပြားများသည် စက်များကို လူသားများနှင့် ခွဲခြားမရနိုင်အောင်ပင် စွမ်းဆောင်ပေးနိုင်လေသည်။
ယနေ့ခေတ်တွင် တွင်ကျယ်စွာ အသုံးပြုနေကြသော စက်ရုပ်များသည် 'ဇီဝချစ်ပ်ပြားများ' ကို အသုံးပြုကြသည်။
ဇီဝချစ်ပ်ပြားများ တပ်ဆင်ထားသော စက်ရုပ်များသည် တက်ကြွစွာ သင်ယူနိုင်ပြီး ပိုင်ရှင်၏ အတွေးများကို ခန့်မှန်းကာ ပိုင်ရှင်၏ စိတ်ခံစားချက်များကိုပါ ခံစားသိရှိနိုင်သည်။ သူတို့သည် ဒေါသထွက်နိုင်ပြီး သီးခြား သုတေ သနများပင် ပြုလုပ်နိုင်လေသည်။
သို့သော် 'ဇီဝချစ်ပ်ပြား' သည် အရာရာတိုင်းအတွက် အကောင်းဆုံးတော့ မဟုတ်ပေ။ အဆင့်မြင့်နည်းပညာ ကြောင့် အချို့သော အခြေအနေများတွင် မသင့်တော်သည်များလည်း ရှိသေး၏။
ဥပမာအားဖြင့် အရုပ်များသည် ထိုမျှလောက်အထိ ဉာဏ်ရည်မြင့်ရန် မလိုအပ်ပေ။
ထို့ကြောင့် လက်ရှိနှင့် အနာဂတ်ကမ္ဘာသည် မဟာအချက်အလက် ချစ်ပ်ပြားများ၊ တစ်ပိုင်းဉာဏ်ရည်တု ချစ်ပ် ပြားများ နှင့် ဇီဝချစ်ပ် ပြားများ အတူတကွ တည်ရှိနေသော ကမ္ဘာဖြစ်၏။
မဟာအချက်အလက် ချစ်ပ်ပြားများတွင် ဆီလီကွန်အခြေခံ ချစ်ပ်ပြားများနှင့် ဂရပ်ဖင်းချစ်ပ်ပြားများ ပါဝင် သည်။ ဆီလီကွန်ချစ်ပ်ပြားများသည် ကုန်ကျစရိတ် သက်သာသည့်အတွက်ကြောင့် ယနေ့တိုင် အသက်ဝင် နေဆဲဖြစ်ပြီး လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။
ထိုအချိန်တွင် ကျန်းပိုင်ရီက မေးလိုက်လေ၏။
"လောင်ကောင်း... ငါတို့ရဲ့ အဓိကလုပ်ငန်းက ဘာဖြစ်မလဲ..."
"မိုဘိုင်းဖုန်း..."
"မင်း ဖုန်းထုတ်လုပ်ချင်တာလား..."
ကျန်းပိုင်ရီသည် လုံးဝ ကြောင်အသွားလေသည်။ မိုဘိုင်းဖုန်းလုပ်ငန်းကို နာမည်ကြီး ကုမ္ပဏီကြီးများက ပိုင်းခြား ထားပြီးဖြစ်ရာ အခုမှ ဖုန်းစတင်ထုတ်လုပ်ခြင်းမှာ နောက်ကျလွန်းနေပြီ မဟုတ်ပါလော။ ဖုန်းထုတ်လုပ်သူများ အားလုံးသည် လက်ရှိတွင် လျှပ်စစ်ကားများ ထုတ်လုပ်ရန် ပြောင်းလဲနေကြသည်။ ကောင်းယွမ်သည် မိုဘိုင်းဖုန်း ဈေးကွက်ထဲ ဝင်ရောက်ရန် ကြိုးစားပါက သူတို့၏နောက်ကို လိုက်ပြီး သူတို့၏ အကြွင်းအကျန်များကို စားရ မည့်သဘော ဖြစ်နေပေလိမ့်မည်။
"လောင်ကောင်း... မင်း တကယ်ပြောနေတာလား..."
"ဟုတ်တယ်လေ... ငါ့အဖွဲ့က စမတ်ကိရိယာ အမျိုးအစားသစ်တစ်ခုကို တီထွင်နေတာ... 3D ပုံရိပ်ယောင်ကို ဖော်ပြပေးနိုင်တယ်... ဥပမာ၊ မင်း ဖုန်းဆက်လိုက်တဲ့အခါ မင်းရဲ့ အရှေ့မှာပဲ သူ ရောက်နေသလိုမျိုး ခံစားရ စေမှာ..."
ကျန်းပိုင်ရီသည် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားလေသည်။ အကယ်၍သာ အမှန်တကယ် ဖြစ်လာပါ က လုပ်စရာ အကြောင်းများစွာ ရှိလာနိုင်၏။
"တိုးတက်မှု ရှိပြီလား..."
"ရှိတာပေါ့... ပထမဆုံး ထုတ်ကုန်တွေကို လာမယ့် ရက်ပိုင်းအတွင်းမှာ ထုတ်လုပ်နိုင်တော့မယ်... ငါ့မှာ တာချင်း တောင်မှာ အခြေစိုက်စခန်း ရှိတယ်... အဲ့ဒီမှာ တည်းဖြတ်စက်တွေကို ထုတ်လုပ်နေတာ..."
"ငါ နားလည်ပါပြီ လောင်ကောင်း... မင်း ဒေဝါလီခံရပြီးနောက်မှာတောင် အလုပ်တစ်ခု ရှာတွေ့နိုင်မယ်ဆိုတာ ငါ သိပြီးသားပါ... ဘာလို့ ဒီလို ဝေးလံခေါင်သီတဲ့ နေရာကို ပြန်လာသလဲလို့ တွေးနေတာ... တကယ်တော့ မင်း ဒီမှာ လျှို့ဝှက်အခြေစိုက်စခန်း ဆောက်ထားတာပဲ... ဒီပစ္စည်းရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က မြင့်လား..."
"မမြင့်ပါဘူး..."
"ဒါဆိုရင်တော့ အဆင်ပြေသွားပြီ... ငါတို့ အွန်လိုင်းဈေးကွက်တွေမှာ ချက်ချင်း ရောင်းချလို့ ရပြီ..."
ကောင်းယွမ်က ခေါင်းခါလိုက်၏။
"လောင်ကျန်း... မင်း အရင်က လုပ်ခဲ့တဲ့ နည်းလမ်းအတိုင်း အစီအစဉ်တွေ အရင် ဆွဲပေးရဦးမယ်... ငါတို့ရဲ့ ဖုန်းက တော်လှန်ရေးအသွင်ဆောင်တဲ့ ပစ္စည်းဖြစ်တယ်... အနာဂတ်မှာ ပြီးပြည့်စုံတဲ့ ဂေဟစနစ်တစ်ခုကို တည်ဆောက်သွားမှာ... အွန်လိုင်းဈေးကွက်တွေမှာပဲ မှီခိုနေရင် ကန့်သတ်ချက်တွေ များလိမ့်မယ်... ဒါကြောင့် ငါတို့ ကိုယ်တိုင်ပဲ လုပ်ဆောင်ရမယ်... အွန်လိုင်းနဲ့ အော့ဖ်လိုင်း နှစ်ခုလုံးမှာ မြှင့်တင်ရမယ်..."
"ပြဿနာမရှိပါဘူး... အဓိကက ရန်ပုံငွေပဲ... လောင်ကောင်း... ငါ ရှဝေကို အခုပဲ ဆက်သွယ်လိုက်မယ်..."
ကျန်းပိုင်ရီသည် ရှဝေ သုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူး လီချင်းချွမ်၏ ဖုန်းနံပါတ်ကို ချက်ချင်း ခေါ် လိုက်လေသည်။
"ချွမ်အာ... ငါပါ ကျန်းပိုင်ရီ... ငါ့ဆီမှာ သတင်းကောင်းတစ်ခု ရှိတယ်..."
"ဟုတ်တယ်... ဟုတ်တယ်... ဘယ်သူ့ကိုမှ မပြောပါနဲ့ဦး... လင်းကျိုးကို ချက်ချင်း လာခဲ့ပါ... ငါ တည်နေရာ ပို့ ပေးမယ်... ဟုတ်တယ်... အရေးကြီးတယ်... အင်မတန် အရေးကြီးတယ်... မင်းတို့အတွက် အကျိုးအမြတ် အများကြီး ရှိမှာပါ..."
"မြန်လေ ကောင်းလေပဲ..."
...
ချင်ကျင်းရှသည် ရုံးချုပ်ရှိ လီချင်းချွမ်ကို သံသယဖြင့် ကြည့်လိုက်သည်။ သူ ကျန်းပိုင်ရီကို ကောင်းကောင်း သိ သည်။ ကျန်းပိုင်ရီသည် တစ်ခါတရံ တာဝန်မဲ့ စကားများ ပြောတတ်သော်လည်း အရေးကြီးသော ကိစ္စများတွင်မူ ဘယ်သောအခါမျှ မပြတ်သားဘဲ မရှိတတ်ပေ။
ထို့ကြောင့်ပင် လီချင်းချွမ်သည် ကျန်းပိုင်ရီကို ရှဝေတွင် ပါဝင်လုပ်ကိုင်ရန် ယခင်ကတည်းက ဖိတ်ခေါ်ခဲ့ဖူး လေသည်။ ယခု ကျန်းပိုင်ရီ၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိချိန်တွင် မည်သို့မျှ တွန့်ဆုတ်ခြင်းမရှိဘဲ လေယာဉ် လက်မှတ်ကို ချက်ချင်း ဝယ်ယူလိုက်တော့သည်။
ထိုညမှာပင် သူတို့ လင်းကျိုးသို့ လေယာဉ်ဖြင့် သွားခဲ့ကြလေသည်။
လင်းကျိုးသို့ ရောက်သောအခါ ကားတစ်စီး ငှားရမ်းကာ လင်းဟိုင်ရှိ မုကျားရွာသို့ ချက်ချင်း ဦးတည်သွားကြ၏။
ည (၁၀) နာရီတွင် ကောင်းယွမ်နှင့် ကျန်းပိုင်ရီတို့သည် တစ်နေ့လုံး အလုပ်များခဲ့ကြသဖြင့် အိပ်စက်ရန် ပြင်ဆင် နေခဲ့ကြလေသည်။
အပြင်ဘက်တွင် ဆူညံသံများ ကြားလိုက်ရပြီးနောက် ကျန်းပိုင်ရီ၏ ဖုန်းက မြည်လာခဲ့လေသည်။