အခန်း ၁၇
Vol. 2 Ch. 17
အခန်း (၁၇)
တစ်လုံးဆိုရင် မလောက်ဘူး၊ ဆယ်လုံးဆိုရင်ကော
"ဒီစက်က တခြားသူတွေ တီထွင်ထားတာ မဟုတ်တဲ့အတွက် အဖြေတစ်ခုပဲ ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ လျှို့ဝှက်အခြေစိုက်စခန်းမှာ ထုတ်လုပ်ထားတာပါ။ ရှနိုင်ငံရဲ့ နည်းပညာ တိုးတက်ဖို့အတွက်ပဲ ကျွန်တော်တို့က တည်းဖြတ်စက်တွေကို ရောင်းချတာဖြစ်တယ်... ပြီးတော့ ခင်ဗျား မြင်တဲ့အတိုင်းပဲ ကျွန်တော့်မှာ ဒီစက်တွေ အများကြီး ရှိနေတယ်..."
လီချင်းချွမ်သည် ၎င်းကို ကြိုတင်သတိထားမိပြီး ဖြစ်သည်။ အိမ်ဝင်းအတွင်း၌ ထိုစက်မျိုး ဆယ်လုံး ရှိနေပြီး တခြားစက်များကို အဖုံးမဖွင့်ရသေးသော်လည်း ပုံစံများမှာ အတူတူပင် ဖြစ်နေသည်။
လီချင်းချွမ်သည် ကောင်းယွမ် တည်းဖြတ်စက်များကို ထုတ်လုပ်နိုင်သည်ဟူသော အချက်ကို ယုံကြည်နိုင်ခြင်း မရှိသေးပေ။ ကမ္ဘာပေါ်တွင် တိကျမြင့်မားသော တည်းဖြတ်စက်များကို ထုတ်လုပ်နိုင်သည့် ကုမ္ပဏီမှာ လက်ချိုး ရေတွက်နိုင်ရုံမျှသာ ရှိသည်။
သို့သော်လည်း ကောင်းယွမ် သို့မဟုတ် သူ၏အဖွဲ့က မထုတ်လုပ်ခဲ့လျှင် မည်သူက ထုတ်လုပ်မည်နည်း။
အဖြေမရှိပေ...၊
သို့ရာတွင် တည်းဖြတ်စက်ကို ကောင်းယွမ်ကပင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သောကြောင့် ကောင်းယွမ်သာလျှင် ထုတ်လုပ်သူ ဖြစ်ကြောင်း သူ လက်ခံရပေမည်။
"ဥက္ကဋ္ဌကောင်း... ခင်ဗျား ရှဝေရဲ့ အခြေအနေကို သိမှာပါ။ ကျွန်တော်တို့ ချစ်ပ်ပြားပိုင်းမှာ အောင်မြင်မှုတွေ ရခဲ့ ပေမဲ့ ထုတ်လုပ်နိုင်စွမ်း နည်းပါးသလို စွမ်းဆောင်ရည်ကလည်း နိုင်ငံခြားက စက်တွေနဲ့ ယှဉ်ရင် နောက်ကျကျန် နေသေးတယ်။ သာလွန်ကောင်းမွန်တဲ့ ချစ်ပ်ပြားတွေသာ လုံလုံလောက်လောက် ရမယ်ဆိုရင် ကမ္ဘာကြီးတစ်ခု လုံး ရှဝေရဲ့ ကိရိယာတွေနဲ့ ဖုန်းတွေကို သုံးနေကြမှာ... ဒီတည်းဖြတ်စက်က အလွန်ထိရောက်မှု ရှိမှာ သေချာပေ မဲ့ တစ်လုံးတည်းနဲ့တော့ ရှဝေရဲ့ လိုအပ်ချက်ကို ဘယ်လိုမှ မဖြည့်ဆည်းနိုင်ဘူး..."
"တစ်လုံးဆိုရင် မလောက်ဘူး၊ ဆယ်လုံးဆိုရင်ကော..."
"ဆယ်လုံးက ရှဝေအတွက်လား..."
"နောက်ထပ် လိုသေးတယ်ဆိုရင်... ရာဂဏန်း၊ ထောင်ဂဏန်းလောက်ကော..."
လီချင်းချွမ်သည် အံ့အားသင့်သွားပြီးနောက် သူ၏မျက်နှာမှာ ဝမ်းသာလွန်း၍ တောက်ပလာလေသည်...။
"တကယ်ပဲ အဲလောက်အထိ အများကြီး ရှိနေတာလား..."
ကောင်းယွမ်က ခေါင်းညိတ်ပြလိုက်၏။
"အရေအတွက်က ပြဿနာမဟုတ်ပါဘူး။ အခု ဈေးနှုန်းအကြောင်း ပြောကြရအောင်။ ဒီတည်းဖြတ်စက်က ဘယ်လောက်တန်ဖိုးရှိမယ်လို့ ခင်ဗျား ထင်သလဲ..."
"လက်ရှိဈေးကွက်မှာ အဆင့်အမြင့်ဆုံး တည်းဖြတ်စက်တွေက ပုံမှန်အားဖြင့် တစ်ဘီလီယံလောက် ရှိပါတယ်။ ဒါပေမဲ့ ခင်ဗျားလည်း သိတဲ့အတိုင်းပဲ ဆယ်ဘီလီယံပေးမယ်ဆိုရင်တောင် ဘယ်သူမှ ကျွန်တော်တို့ကို ရောင်းမှာ မဟုတ်ဘူး... အမှန်အတိုင်း ပြောရရင် ခင်ဗျားရဲ့ စက်က ယွမ်အီလက်ထရောနစ်နည်းပညာထက် ထိရောက်မှု ရော၊ တိကျမှုပါ ပိုသာလွန်နေတယ်။ ကျွန်တော့်အမြင်အရတော့ သုံးဘီလီယံလောက် တန်ဖိုးရှိမယ်..."
ကောင်းယွမ်က ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ကျွန်တော် တစ်လုံးကို နှစ်ဘီလီယံနဲ့ ရှနိုင်ငံကို ရောင်းပေးမယ်။ ဘယ်လိုလဲ... ဒါပေမဲ့ ခင်ဗျား ဈေးနှုန်းကို ဆုံးဖြတ်နိုင်မလား..."
လီချင်းချွမ်သည် အခက်တွေ့သွားဟန်ဖြင့်၊
"ဥက္ကဋ္ဌကောင်း ခဏလောက် စောင့်ပေးပါ။ ကျွန်တော် ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဆီ ချက်ချင်း တင်ပြ လိုက်ပါ့မယ်... နှစ်ဘီလီယံဆိုတာ သေချာပေါက် သင့်တင့်တဲ့ ဈေးနှုန်းပါပဲ..."
လီချင်းချွမ်သည် ဖုန်းပြောရန် အပြင်သို့ ထွက်သွားခဲ့လေသည်...၊
အခန်းအတွင်း၌...၊
ကျန်းပိုင်ရီသည် ကောင်းယွမ်ကို ကြည့်ကာ ၊
"လောင်ကောင်း... မင်း ရှဝေကို လိမ်ဖို့ ကြံနေတာ မဟုတ်ဘူးမလား..."
"ဘာတွေ တွေးနေတာလဲ... ငါက သူတို့ကို ဘယ်လိုလုပ် လိမ်ရက်မလဲ... ငါက သူတို့ကို ကူညီပေးနေတာပါ... အမှန်တော့ ငါ တွက်ချက်ပြီးသား… ဆယ်လုံးဆိုရင် ရှဝေရဲ့ ကိုယ်ပိုင်အသုံးပြုမှုအတွက် လုံလောက်ပါတယ်။ ဆယ်လုံးအတွက်မှ ဘီလီယံ (၂၀) ပဲ ကုန်ကျမှာ။ ပြဿနာကြီးကို ဖြေရှင်းဖို့ ဘီလီယံ(၂၀) ဆိုတာ မတန်ဘူး လား... ပစ္စည်းပြတ်လပ်သွားရင် ရှဝေက ဘီလီယံ (၂၀) ထက် ပိုပြီး ဆုံးရှုံးရမှာ..."
"ဒါလည်း ဟုတ်ပါရဲ့... ဒါပေမဲ့ ဒီနေရာမှာတင် တည်းဖြတ်စက်ကို တည်ဆောက်နိုင်တယ်ဆိုတာ ကငါ မယုံနိုင် သေးဘူး..."
"အရင်တုန်းက ကျွန်တော်တို့ ဘိုးဘေးတွေလည်း ဂူထဲမှာပဲ သေနတ်တွေ ထုတ်လုပ်ခဲ့ကြတာပဲလေ..."
ကျန်းပိုင်ရီသည် အသံမထွက်တော့ပေ…၊
"ဒါပေမဲ့ အဲဒါနဲ့ ဒီအခြေအနေနဲ့က မတူဘူးလေ..."
"ဘယ်လို မတူတာလဲ... အဲဒီတုန်းက သေနတ်တွေကိုလည်း အဆင့်မြင့်နည်းပညာလို့ပဲ သတ်မှတ်ခဲ့ကြတာပဲ..."
ထိုအချိန်၌ပင် လီချင်းချွမ် ပြန်ရောက်လာလေသည်...၊
ကောင်းယွမ်ကို ကြည့်ကာ ၊
"ဥက္ကဋ္ဌကောင်း... ကျွန်တော်တို့ရဲ့ မဟာဗျူဟာဌာန ဥက္ကဋ္ဌ မစ္စတာ ချင်က ဒီကိစ္စကို ဆွေးနွေးဖို့ မနက်ဖြန် ကိုယ် တိုင် လာပါလိမ့်မယ်..."
ကောင်းယွမ်သည် တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။
"ကောင်းပါတယ်။"
တည်းဖြတ်စက်က မိမိလက်ထဲတွင် ရှိနေပြီဖြစ်ရာ ရှဝေက မဝယ်ချင်လျှင်ဖြစ်စေ၊ ဈေးလျှော့ချင်လျှင်ဖြစ်စေ ကောင်းယွမ်သည် ၎င်းတို့ကို ရှရှင်း အပြည်ပြည်ဆိုင်ရာသို့ဖြစ်စေ၊ ရှောင်မီနှင့် ရှရှင်းကဲ့သို့သော ဖုန်းထုတ်လုပ် သူများထံသို့ဖြစ်စေ တိုက်ရိုက်ရောင်းချနိုင်ပေသည်။
အတိုချုပ်ပြောရလျှင် ကောင်းယွမ်သည် ဤနည်းလမ်းဖြင့် ပထမဆုံးသော ငွေအိတ်ကို စုဆောင်းရန် လိုအပ် နေသည်။
ထို့နောက်... ကိစ္စရပ်များ ပိုမို လွယ်ကူလာပါလိမ့်မည်။
ထိုညတွင်...၊
အမျိုးသားသုံးဦးသည် ကောင်းမိသားစု၏ ရှေးဟောင်းအိမ်ဝင်း၌ တည်းခိုခဲ့ကြလေ၏။
နောက်တစ်နေ့ နံနက်တွင်...
ကောင်းယွမ်သည် အပြင်ဘက်မှ ကားဟွန်းသံကြောင့် နိုးလာခဲ့လေသည်။
လီချင်းချွမ်သည် အပြင်သို့ ထွက်ကာ ရှဝေ၏ မဟာဗျူဟာဌာန ဥက္ကဋ္ဌကို ကြိုဆိုခေါ်ဆောင်လာသည်။ သူတို့ နှစ်ဦးသည် တံခါးဝတွင် အနည်းငယ် စကားပြောဆိုနေခဲ့ကြသည်။ ကောင်းယွမ်သည် သူတို့ပြောသည်ကို မကြားရသော်လည်း အကြမ်းဖျင်း ခန့်မှန်းမိလေသည်။
လီချင်းချွမ်၏ မနေ့ညက တင်ပြချက်ကို ကြားပြီးနောက် ချင်တာနျန်သည် တစ်ညလုံး အိပ်မပျော်တော့ဘဲ အိပ် မပျော်တော့သည့်အတိုင်း ချက်ချင်း ထွက်လာရန် ယာဉ်မောင်းကို စေခိုင်းလိုက်လေသည်။
သူတို့သည် (၆၀၀) ကီလိုမီတာ ခရီးကို ဖြတ်သန်းကာ နံနက် (၈) နာရီ ဝန်းကျင်တွင် မုကျားသို့ ရောက်ရှိလာ ကြခြင်းဖြစ်ပေသည်။
ဤအချိန်၌ ကောင်းယွမ်နှင့် ကျန်းပိုင်ရီတို့သည် ဒန်းဒန်းနှင့် မေမေတို့၏ အကူအညီဖြင့် မျက်နှာသစ်၊ သွားတိုက် နေကြလေ၏...။
ကျန်းပိုင်ရီသည် ဂုဏ်ယူစွာဖြင့်၊
"လောင်ကောင်း... ခင်ဗျား ဒီမှာ နတ်ဘုရားတစ်ပါးလို နေနေတာပဲ။ သုတေသနအဖွဲ့လည်း ရှိတယ်၊ လှပတဲ့ အမျိုးသမီး လက်အောက်ငယ်သားတွေလည်း ရှိတယ်။ ဒါနဲ့... ခင်ဗျားအဖွဲ့က ဘယ်မှာလဲ..."
"သူတို့ကတော့ လျှို့ဝှက်အခြေစိုက်စခန်းမှာပဲ အနားယူနေကြတာပေါ့။ ငါ့ရဲ့ နောက်ဖေးမှာ သူတို့အားလုံး ကို ထည့်ထားလို့ မရဘူးလေ... မင်း မနေ့က ဆယ်ယောက်ပဲ မြင်ခဲ့တာ၊ တကယ်တော့ ဒီအဖွဲ့မှာ လူရာဂဏန်း၊ ဒါမှ မဟုတ် ထောင်ဂဏန်းတောင် ရှိတယ်..."
"အံ့ဩစရာပဲ... မစ္စတာကောင်းရဲ့ ပုဂ္ဂိုလ်ရေး ဆွဲဆောင်မှုက တကယ့်ကို အံ့မခန်းပါပဲ၊ ဒီလောက် အံ့ဩစရာ ကောင်းတဲ့ အဖွဲ့က ခင်ဗျားကို နောက်ပါပြီး တောင်ပေါ်ကို တောင် လိုက်လာကြတယ်..."
"မင်းရော လိုက်ချင်သလား..."
ကောင်းယွမ်က မေးလိုက်၏။
"မလိုက်ချင်ပါဘူး၊ ငါက ဒီမှာပဲ နေမှာပါ။ ငါ ကူညီပေးပါ့မယ်။ သုတေသနနဲ့ ပတ်သက်ရင် ငါက ဘာမှ မဟုတ် ဘူးလေ..."
ကျန်းပိုင်ရီသည် ကောင်းယွမ် ပြောသော လျှို့ဝှက်သုတေသန အခြေစိုက်စခန်းအကြောင်းကို ပိုမို စူးစမ်းမေးမြန်း ခြင်း မပြုတော့ပေ။ စဉ်းစားကြည့်ပါ၊ အပူချိန်ထိန်း အဝတ်အစားများနှင့် တည်းဖြတ်စက်များကို ဖန်တီးနိုင်သော အဖွဲ့သည် အလွန်ပင် စွမ်းအားကြီးမားရပေမည်။
ကံကောင်းထောက်မစွာဖြင့် ဤအဖွဲ့သည် ကောင်းယွမ်၏ လက်ထဲတွင် ရှိနေသည်...။
သူတို့နှစ်ဦး အပြင်သို့ ထွက်လာသည့်အခါ ချင်တာနျန်နှင့် လီချင်းချွမ်တို့သည် အိမ်ဝင်းအတွင်းသို့ ဝင်လာကြ လေသည်။
ချင်တာနျန်က စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
"တည်းဖြတ်စက်က ဘယ်မှာလဲ..."
လီချင်းချွမ်သည် နေရာကို သိသော်လည်း ဤနေရာ၏ သူဌေးမှာ ကောင်းယွမ် ဖြစ်သောကြောင့် ကောင်းယွမ် ကိုသာ ကြည့်လိုက်လေသည်...။
"ဥက္ကဋ္ဌချင်... ကျွန်တော်တို့ အလုပ်အတွက် အလျင်စလို မဟုတ်ပါဘူး။ ခင်ဗျားတို့ မနက်စာတောင် မစားရသေး ဘူးမလား။ ဒန်းဒန်း... လေးယောက်စာအတွက် မနက်စာ ပြင်ဆင်လိုက်ပါ..."
ချင်တာနျန်က လက်ကာပြလိုက်၏။
"မနက်စာအတွက် မလိုပါဘူး။ ကျွန်တော် (၃)နာနိုမီတာ တည်းဖြတ်စက်ကို တစ်ခါမှ မမြင်ဖူးဘူး... အလုပ်ကိစ္စ အရင် ပြောကြရအောင်..."
"ဟားဟား... ဥက္ကဋ္ဌချင်က တကယ့်ကို အလုပ်သမားကြီးပဲ။ ဒါရိုက်တာလီ... မနေ့က မစမ်းသပ်ကြည့်ရဘူးလား။ ဥက္ကဋ္ဌချင်ကို ခေါ်ပြီး ပြလိုက်ပါတော့..."
ချင်တာနျန်သည် နောက်ဖေးသို့ ရောက်သောအခါ အိမ်ဝင်းထဲတွင် တိုက်ရိုက် ထားရှိသော တည်းဖြတ်စက်ကို မြင်ပြီးနောက် အံ့အားသင့်သွားရလေသည်။
*ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်းကို အပြင်မှာပဲ ထားထားတာလား။ အခိုးခံရမှာ မကြောက်ကြဘူးလား….*
*လေဒဏ်၊ မိုးဒဏ်၊ နေဒဏ်ကို မကြောက်ကြဘူးလား…*
"ချင်းချွမ်... ဒါပဲလား။ ပြီးတော့ ဒါတွေက ဘာတွေလဲ..."
လီချင်းချွမ်၏ အမူအရာမှာ စိတ်အားထက်သန်လျက်ရှိနေပေသည်။
"ဟုတ်ပါတယ်၊ ဒါပါပဲ။ စုစုပေါင်း ဆယ်လုံး ရှိပါတယ်။ ဒါဟာ အနောက်တိုင်းက အဆင့်အမြင့်ဆုံး တည်းဖြတ် စက်တွေထက် မျိုးဆက်တစ်ခု ပိုသာပါတယ်။ ဥက္ကဋ္ဌချင်... ခင်ဗျားမှာလည်း နည်းပညာ နောက်ခံရှိတာပဲ၊ ကြည့် ကြည့်ပါအုန်း..."
ချင်တာနျန်သည် နီးကပ်စွာ သွားကြည့်နေခဲ့ပြီး လီချင်းချွမ်က ဘေးမှ ရှင်းပြပေးနေ၏...၊
ထိုသို့ နှစ်နာရီကြာအောင် ရှိနေခဲ့လေသည်။
ကောင်းယွမ်နှင့် ကျန်းပိုင်ရီတို့သည် ငွေရရှိပြီးနောက် အခြေစိုက်စခန်းကို ဘယ်မှာ တည်ဆောက်မည်ကို ဆွေးနွေးနေကြ၏...၊ ကောင်းယွမ်၏ တောင်းဆိုချက်မှာ ရိုးရှင်းသည်။ လျှို့ဝှက်အကြောင်းပြချက်တစ်ခုကြောင့် မုကျားတွင် ကြီးမားသော အခြေစိုက်စခန်းတစ်ခု လိုအပ်သည်။
သို့သော် ကျန်းပိုင်ရီက ချင်ကျင်းပတ်ဝန်းကျင်သို့ သွားလိုသည်။ ချင်ကျင်းသည် ရှနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေး ဗဟိုချက်မဖြစ်ပြီး အဆင့်မြင့်ဆုံးနည်းပညာ၊ အမြန်ဆုံး သတင်းအချက်အလက်နှင့် လိုအပ်သော အထောက် အကူပြု အဆောက်အအုံအားလုံး ရှိသည်။ မုကျားတွင်သာ ဆက်နေမည်ဆိုလျှင် သယ်ယူပို့ဆောင်ရေးကပင် ပြဿနာ ဖြစ်လာလိမ့်မည်ပင်။
သူတို့နှစ်ဦး အပြန်အလှန် ငြင်းခုံကြသော်လည်း နောက်ဆုံးတွင် ကောင်းယွမ်ကပင် ဆုံးဖြတ်ချက် ချလိုက်သည်။
“ကျွန်တော့်အဖွဲ့က ဒီမှာပဲ ရှိနေတာ... သူတို့ မသွားဘူး… ပြီးတော့ သူတို့မှာ ဒီမှာပဲ ပြီးပြည့်စုံတဲ့ ထုတ်လုပ်ရေး အဆောက်အအုံတွေ ရှိပြီးသား…”
ကျန်းပိုင်ရီသည် ခဏမျှ တုန်လှုပ်သွားပြီးနောက် မျှော်လင့်ထားသည့်အတိုင်းပင် လက်လျှော့လိုက်ရသည်...၊
ကောင်းယွမ်၏ နောက်ကွယ်မှ လျှို့ဝှက်အဖွဲ့နှင့် နှိုင်းယှဉ်လျှင် တခြား ပြဿနာအားလုံးမှာ အရေးမပါတော့ပေ။ ဦးဆောင်နိုင်သည့် အနေအထားကိုသာ ဆက်ထိန်းထားနိုင်မည်ဆိုလျှင် ဤနေရာသည် နည်းပညာဗဟိုချက်မ အဖြစ် ဆက်ရှိနေဦးမည်။ ကမ္ဘာကြီး၏ အာရုံစိုက်မှုမှာ မုကျားပေါ်သို့သာ ရောက်ရှိနေလိမ့်မည်...။
အခြေခံမဟာဗျူဟာကို ဆုံးဖြတ်ပြီးနောက် ကျန်းပိုင်ရီက နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်၏...၊
"လောင်ကောင်း... ငါတို့ ကုမ္ပဏီ နာမည်က ဘာလဲ။ ငါ့ကို ဘာရာထူး ပေးမှာလဲ..."
"ဂလိုဘယ်နည်းပညာ လား..."
"အဲဒါက သိပ်ပြီး ရိုးလွန်းတယ်..."
"အနာဂတ်နည်းပညာ လား..."
"အဲဒါကလည်း သိပ်ပြီး ရိုးလွန်းတယ်..."
"ငါးရံ့နက် နည်းပညာ လား..."
ကောင်းယွမ်က ပြောလိုက်သည်။
ကျန်းပိုင်ရီသည် ပုံမှန်အတိုင်းပင် ငြင်းပယ်ရန် ပြင်နေစဉ် ဤအမည်ကို ရုတ်တရက် ကြားလိုက်ရလေသည်…။