အခန်း ၁၈
Vol. 2 Ch. 18
အခန်း (၁၈)
ငါတို့အတွက် နာမည်တစ်ခု လိုအပ်နေတယ်
"ငါးရံ့နက် ဟုတ်လား... ငါးရံ့နက်တွေက သဘာဝအရ အလွန်ရိုင်းစိုင်းကြတယ်၊ သူတို့က အကုန်စားတယ်၊ ပြီးတော့ စားသောက်မှုအလေ့အထကလည်း အလွန်ကြီးမားတယ်... ကုန်းပေါ်မှာတောင် လျှောက်သွားနိုင်ပြီး တော့ သေးငယ်တဲ့ ကြက်ငှက်တွေကို ရေထဲဆွဲခေါ်ပြီး စားပစ်နိုင်သေးတယ်... ဒါက တကယ်ကို အားကောင်း တဲ့ နာမည်ပဲ... လောင်ကောင်း၊ မင်းရဲ့ နာမည်ပေးပုံက ထက်မြက်လှချေရဲ့..."
သူတို့ ပြောဆိုနေရင်းဖြင့်ပင် အနာဂတ်ကမ္ဘာကို လွှမ်းမိုးမည့် နည်းပညာကုမ္ပဏီ၏ အမည်ကို ဆုံးဖြတ်လိုက် ကြလေသည်။ ဤအမည်သည် နည်းပညာလောကရှိ ကုမ္ပဏီကြီးအားလုံးအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ် လာပေတော့မည်။
အမည်ကို ဆုံးဖြတ်ပြီးနောက် ချင်းတာနျန်နှင့် လီချင်းချွမ်တို့သည် နောက်ဖေးမှ ထွက်လာခဲ့ကြလေသည်။
ချင်းတာနျန်သည် ကောင်းယွမ်ကို စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်ပြီး ပြောလိုက်၏။
"ဥက္ကဋ္ဌကောင်း... ဒါက တကယ်ကို အံ့ဩဖို့ကောင်းတယ်... ရှနိုင်ငံမှာ ဒီလိုမျိုး တည်းဖြတ်စက်ကို တည်ဆောက် နိုင်မယ့်သူ ရှိလိမ့်မယ်လို့ ကျွန်တော် လုံးဝ မတွေးထားခဲ့မိဘူး..."
"မစ္စတာချင်း... အခုတော့ ထုတ်ကုန်ကို ကြည့်ပြီးပြီဆိုတော့ ရောင်းချမှုအကြောင်း ဆက်ပြောကြရအောင်... ထုတ်ကုန်အပေါ် ကျေနပ်မှု ရှိပါရဲ့လား..."
ချင်းတာနျန်က ခေါင်းကို အကြိမ်ကြိမ် ငြိမ့်လိုက်လေသည်။
"ကျေနပ်ပါတယ်... အကုန်လုံးက ဒီအရည်အသွေးအတိုင်းဆိုရင် ရှဝေအနေနဲ့ ဘာကန့်ကွက်စရာမှ ရှိမှာ မဟုတ်ဘူး..."
"ကောင်းပါပြီ... ကျွန်တော် ဒါရိုက်တာလီနဲ့ မနေ့က ဈေးနှုန်းကို ဆွေးနွေးပြီးပြီ... ဒီဈေးက မများပါဘူး..."
ချင်းတာနျန်က နှစ်ခါ ရယ်မောလိုက်လေသည်...၊
"ဥက္ကဋ္ဌကောင်း... သင်က ရှဝေဆီကို ရောက်လာပြီဆိုတော့ ရှဝေကို အထူးတန်ဖိုးထားတာ ဖြစ်ရမယ်... တည်း ဖြတ်စက်လိုမျိုး တန်ဖိုးမြင့် ထုတ်ကုန်တွေအတွက် ဝယ်လက် မများပေမဲ့ ဥက္ကဋ္ဌကောင်းရဲ့ ကမ်းလှမ်းချက်က အလွန်ရိုးသားတယ်ဆိုတာကိုတော့ ကျွန်တော် ဝန်ခံပါတယ်... ရှဝေအနေနဲ့ ဈေးနှုန်းကို ဘာမှ ကန့်ကွက်စရာ မရှိပါဘူး... ဒါပေမဲ့ ကျွန်တော်တို့ကို တစ်ခုလောက် ကူညီပေးနိုင်မလား..."
"ဩော်... ဘာကူညီပေးရမှာလဲ..."
"နိုင်ငံရဲ့ အခြေအနေကို သင် သိမှာပါ။ ရှဝေက တည်းဖြတ်စက်ကို ရုတ်တရက် ထုတ်ဖော်လိုက်တာက လူတွေရဲ့ အာရုံစိုက်မှုကို ခံရမှာ သေချာတယ်။ တကယ်တော့ ဒါက ဥက္ကဋ္ဌကောင်းအတွက်လည်း ကောင်းတဲ့ကိစ္စပါပဲ။ ဥက္ကဋ္ဌကောင်းလည်း ပြန်လည်ခြေကုပ်ယူဖို့ ကြိုးစားနေတာ မဟုတ်လား... ဒါက အခွင့်အရေးတစ်ခုပါပဲ၊ ဥက္ကဋ္ဌ ကောင်းနဲ့ ကျွန်တော်တို့ ရှဝေအတွက် အကျိုးရှိစေမှာပါ..."
ကောင်းယွမ်သည် ချင်းတာနျန်ကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်လေသည်...၊
"ဘာအခွင့်အရေးမျိုးလဲ..."
"ဒါက အာရုံစိုက်မှု ခေတ်စားနေတဲ့ အချိန်ပါပဲ။ တခြားသူတွေ ခန့်မှန်းနေကြတာထက်စာရင် ဒီတည်းဖြတ်စက်ကို ဥက္ကဋ္ဌကောင်းရဲ့ ကုမ္ပဏီနဲ့ ရှဝေတို့ ပူးတွဲသုတေသနပြု ထုတ်လုပ်ထားတာပါလို့ တိုက်ရိုက် ကြေညာလိုက်ရင် ပို ကောင်းလိမ့်မယ်... ဟုတ်ပါတယ်၊ ဥက္ကဋ္ဌကောင်းက အဓိကပဲပေါ့… ကျွန်တော်တို့ ရှဝေက နာမည်လေးပဲ ငှားသုံး ချင်တာပါ... ဥက္ကဋ္ဌကောင်း... ကျွန်တော်တို့က ဂုဏ်ယူချင်တာ မဟုတ်ပါဘူး။ အမှန်အတိုင်း ပြောရရင် ရှဝေက နာမည်ကြီးပြီးသားပါ။ ကျွန်တော်တို့ ပါဝင်တာက မီးကို ပိုတောက်စေရုံသက်သက်ပါ... ဒါပေမဲ့ ရှဝေရဲ့ ထောက်ခံ ချက်နဲ့ဆိုရင် ဥက္ကဋ္ဌကောင်းရဲ့ ကုမ္ပဏီသစ်က ပိုပြီး အောင်မြင်လာမှာ သေချာပါတယ်... သင် ဘယ်လို ထင်လဲ..."
ကောင်းယွမ်၏ ကုမ္ပဏီသစ်သည် တည်ထောင်ခြင်းပင် မပြီးသေးပါချေ...၊
သို့သော်လည်း ကောင်းယွမ်သည် မိမိကိုယ်ကိုယ် အလွန်ယုံကြည်မှု ရှိနေ၏။ တည်းဖြတ်စက် ဆိုသည်မှာ သေး ငယ်သော ကိရိယာလေးတစ်ခုသာ ဖြစ်ပြီး 3D ဆက်သွယ်ရေးလက်ပတ် ဆိုသည်မှာလည်း အလားတူပင်... အမှန်တကယ် ထူးချွန်သည်မှာ ကြယ်တာရာ ခရီးသွားယာဉ်များ ဖြစ်သည်...။
ကောင်းယွမ်သည် ခေါင်းခါလိုက်၏။
"ဒီလိုမျိုး သေးငယ်တဲ့ ကိရိယာလေးအတွက်နဲ့ ပူးတွဲသုတေသန လုပ်တယ်ဆိုပြီး နာမည်တပ်စရာ မလိုပါဘူး..."
"တောင်းပန်ပါတယ် မစ္စတာချင်း၊ ကျွန်တော်တို့ ဒါမျိုး မလိုပါဘူး… ကျွန်တော်တို့ ကြုံတွေ့ရမယ့် ဖိအားတွေကို ငါးရံ့နက် နည်းပညာကပဲ ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းသွားမှာပါ..."
"ငါးရံ့နက် နည်းပညာ... မင်းရဲ့ ကုမ္ပဏီသစ် ဟုတ်လား..."
"ဟုတ်ပါတယ်၊ အခု တည်ဆောက်နေတုန်းပါ..."
ချင်းတာနျန်သည် မျက်မှောင်ကြုတ်လိုက်၏။
"ဥက္ကဋ္ဌကောင်း... ပြန်စဉ်းစားကြည့်ပါဦးမလား... တကယ်လို့ ပူးတွဲသုတေသန လုပ်ဖို့ သဘောတူမယ်ဆိုရင် ရှဝေက ပိုပြီး ရိုးသားမှု ပြသနိုင်ပါတယ်..."
ကောင်းယွမ်သည် ခေါင်းကို အထပ်ထပ်ခါခါ ခါလိုက်လေသည်...။
"မစ္စတာချင်း၊ ဒါက ရိုးရိုးရှင်းရှင်း စီးပွားရေး အရောင်းအဝယ်တစ်ခုပါ... တခြားကိစ္စတွေကို ရောထွေးစရာ မလိုပါဘူး..."
ချင်းတာနျန်သည် စိတ်မကောင်း ဖြစ်မိသော်လည်း အတင်းအကျပ် မပြုလုပ်လိုပေ။ အကယ်၍ အရောင်းအဝယ် ပျက်သွားပါက နောက်မှ နောင်တရနေ၍ မရတော့ပေ...။ တည်းဖြတ်စက်အတွက် ဝယ်လက်မှာ သူတစ်ဦးတည်း မဟုတ်ပေ၊ ပြည်တွင်း ကုမ္ပဏီများစွာနှင့် နိုင်ငံခြား ကုမ္ပဏီများစွာတို့ကလည်း လိုအပ်နေကြသည်...။
"မစ္စတာကောင်းက မလုပ်ချင်ဘူးဆိုရင်တော့ ဒီအကြောင်း ဆက်မပြောကြတော့ပါဘူး… မစ္စတာကောင်းရဲ့ ထုတ်လုပ်မှု အခြေစိုက်စခန်းက ဘယ်မှာလဲဆိုတာ သိခွင့်ရမလား... ထုတ်လုပ်နိုင်စွမ်းက ဘယ်လောက်ရှိလဲ..."
ကောင်းယွမ်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏...၊
"မစ္စတာချင်း၊ ခင်ဗျား ဒါကို သိဖို့ မလိုဘူး မဟုတ်လား..."
"အခြေစိုက်စခန်းကိုတော့ ထားပါတော့၊ ဒါပေမဲ့ ထုတ်လုပ်နိုင်စွမ်းကိုတော့ မေးကိုမေးရပါမယ်။ ကျွန်တော်တို့ နောက်ထပ် လိုအပ်နိုင်တာကိုး..."
"ရှဝေက ဘယ်လောက် လိုအပ်တာလဲ..."
ကောင်းယွမ်က ပြန်မေးလိုက်လေသည်...၊
"ယူနစ် သုံးဆယ်... ခင်ဗျားသိတဲ့အတိုင်းပဲ ရှဝေက အရင်က ပိတ်ဆို့မှုတွေ ခံခဲ့ရဖူးတယ်၊ ခက်ခဲတဲ့ နှစ်တွေကို ဖြတ်သန်းခဲ့ရတယ်။ သမိုင်းကြောင်း ထပ်မဖြစ်စေချင်ဘူး။ ကျွန်တော်ချင်းချွမ်နဲ့ ဆွေးနွေးပြီးပြီ၊ ယူနစ် ဆယ်ခုဆို ရင်တော့ အသက်ဆက်နိုင်မှာဖြစ်ပြီး ယူနစ် နှစ်ဆယ်ဆိုရင်တော့ လက်ရှိလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှာပါ။ ဒါ ပေမဲ့ အနာဂတ်အတွက် စဉ်းစားရမှာ ဖြစ်လို့ ယူနစ် သုံးဆယ် လိုချင်ပါတယ်..."
ကောင်းယွမ်သည် မည်သည့်အချိန်မဆို ပစ္စည်းပေးနိုင်သော်လည်း ထိုသို့ ပြုလုပ်ခြင်းက အလွန်တရာ သိသာ လွန်းနေလိမ့်မည်...။
"ယူနစ် သုံးဆယ်၊ ပြဿနာမရှိပါဘူး… ကျွန်တော်တို့ဆီမှာ လက်ရှိ ယူနစ် ဆယ်ခု ရှိတယ်၊ သင် အိမ်မှာ လာစစ် ဆေးနိုင်ပါတယ်။ တပ်ဆင်ပုံနဲ့ အသုံးပြုပုံတွေကို လမ်းညွှန်ပေးမယ့် နည်းပညာရှင်တွေလည်း ကျွန်တော်တို့ဆီမှာ ရှိပါတယ်… သုံးနှစ် အာမခံပေးမယ်… နောက်ပိုင်းမှာတော့ တစ်လကို ယူနစ် ဆယ်ခုနှုန်းနဲ့ ပေးသွားမှာပါ... နှစ်လအတွင်း အော်ဒါကို အပြီးသတ်ပေးပါ့မယ်..."
ကောင်းယွမ်က ပြောလိုက်၏။
ချင်းတာနျန်သည် အလွန်တရာ ဝမ်းမြောက်သွားလေသည်။ နှစ်လအတွင်း ယူနစ် သုံးဆယ် ပေးနိုင်ခြင်းမှာ အလွန်တရာ ထိရောက်မှု ရှိလှပေသည်...။
"ကျေးဇူးတင်ပါတယ် မစ္စတာကောင်း! တည်းဖြတ်စက် ဆယ်ခုနဲ့ဆိုရင် ရှဝေက ကိုယ်ပိုင် ချစ်ပ်ပြားထုတ်လုပ် ရေးစက်ရုံကို တည်ဆောက်နိုင်တော့မှာဖြစ်ပြီး အနာဂတ်မှာ တန်ဖိုးမြင့် ချစ်ပ်ပြားတွေအတွက် ကိုယ်တိုင် လုံလောက်အောင် ထုတ်လုပ်နိုင်တော့မှာပါ..."
"ဂုဏ်ယူပါတယ် ဥက္ကဋ္ဌချင်း၊ ရှဝေအတွက် ဂုဏ်ယူပါတယ်..."
ကောင်းယွမ်သည် ပြုံးလိုက်လေသည်...။ ကောင်းယွမ်သည် အလွန်တရာ ကျေနပ်နေမိ၏..။
"မစ္စတာကောင်းက တည့်တည့်ပြောတတ်တဲ့သူပါ။ ကျွန်တော်တို့ရဲ့ စိတ်ရင်းကို ပြသတဲ့အနေနဲ့ စပေါ်ငွေ ယွမ် (၁၀) ဘီလီယံကို အရင်ပေးချေပါမယ်၊ စက်ဆယ်ခုရဲ့ တန်ဖိုးနဲ့ ပေါင်းရင် စုစုပေါင်း ယွမ် (၃၀) ဘီလီယံ ဖြစ်ပါ တယ်… ကျွန်တော် အခုချက်ချင်း ငွေလွှဲပေးဖို့ စီစဉ်လိုက်ပါမယ်… ရှဝေမှာ သင့်အတွက် အခွန်ကိစ္စတွေကို လည်း တာဝန်ယူပေးနိုင်ပါတယ်… တည်းဖြတ်စက်တွေကို မြန်မြန်ရလေလေ၊ မြန်မြန်ကျွမ်းကျင်အောင် လေ့ကျင့် နိုင်လေလေ ဖြစ်မှာပါ..."
"ပြဿနာမရှိပါဘူး... အခုချက်ချင်း ယူသွားလို့ ရပါတယ်..."
ကောင်းယွမ်က ပြောလိုက်လေသည်...။
ထို့နောက် ချင်းတာနျန်၏ လက်ထောက်က စာချုပ်မူကြမ်းကို ရေးဆွဲလိုက်၏။ ငါးရံ့နက် နည်းပညာကုမ္ပဏီသည် တည်ထောင်ခြင်း မပြီးသေးသဖြင့် တရားဝင် စာချုပ်ကို ကုမ္ပဏီ မှတ်ပုံတင်ပြီးမှသာ ချုပ်ဆိုနိုင်မည် ဖြစ်၏။
စာချုပ် လက်မှတ်ရေးထိုးပြီးနောက် ရှဝေနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အပြီးသတ် သွားလေတော့သည်...။
ကောင်းယွမ်၏ ဘဏ်အကောင့်ထဲသို့ ယွမ် (၃၀) ဘီလီယံ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
ထိုနေ့ နေ့လယ်ပိုင်းတွင် ရှဝေ၏ ကားသည် မုကျားကျေးရွာသို့ ရောက်ရှိလာပြီး တည်းဖြတ်စက် ဆယ်ခုကို ဂရု တစိုက်ဖြင့် သယ်ဆောင်သွားကြလေသည်။ ကောင်းယွမ်သည် နည်းပညာရှင်များအဖြစ် ကျားရီ၊ ကျားအာ့ အစ ရှိသော သုတေသနစက်ရုပ် ဆယ်ခုကို စေလွှတ်လိုက်၏။ ဤသုတေသနစက်ရုပ်များ၏ နည်းပညာအဆင့် အတန်းသည် ဤကမ္ဘာရှိ သာမန် ကျွမ်းကျင်သူများထက် အဆပေါင်းများစွာ သာလွန်ပေသည်။
လီချင်းချွမ်သည် စကားအနည်းငယ် ပြောဆိုပြီးနောက် သူတို့၏ အရည်အချင်းကို အလွန်တရာ အံ့ဩသွားလေ သည်။
သူသည် မနာလိုသည့် အကြည့်ဖြင့် ချင်းတာနျန်အား ပြောလိုက်၏။
"ဥက္ကဋ္ဌချင်း... ဒီဆရာတွေက တကယ်ကို အရည်အချင်းရှိကြတာပဲ။ ဥက္ကဋ္ဌကောင်းက သူတို့ကို ဘယ်လိုများ စည်းရုံးပြီး သူ့အနားမှာ ရှိနေအောင် လုပ်ထားနိုင်တာလဲ...။ တကယ်ကို နှမြောဖို့ ကောင်းတာပဲ။ အကယ်၍ ကျွန်တော်တို့ ရှဝေမှာ ဒီလို အရည်အချင်းရှိတဲ့သူ သုံးယောက်လောက် ရှိမယ်ဆိုရင် တည်းဖြတ်စက် ပြဿနာက ဘာမှမဟုတ်တော့ဘူး...။"
ချင်းတာနျန်သည် ကြောင်အမ်းသွား၏။
"တကယ်ပဲ အဲလောက် ထူးချွန်တာလား..."
လီချင်းချွမ်က ခေါင်းညိတ်လိုက်လေသည်...။
"မချဲ့ကားဘဲ ပြောရရင် လုံးဝ အံ့ဩဖို့ကောင်းတယ်..."
ချင်းတာနျန်သည် စဉ်းစားဟန်ဖြင့် ပြောလိုက်၏။
"သူတို့ကို ဟိုဘက်ကနေ ခိုးပြီးခေါ်လာဖို့ ဖြစ်နိုင်မလား...၊ ဥက္ကဋ္ဌကောင်းဆီမှာ ဒီလောက် အရည်အချင်းရှိတဲ့သူ တွေ အများကြီးရှိနေတာ နှမြောဖို့ ကောင်းတယ်... ဒီလောက် ကောင်းတဲ့လူက နည်းပညာရှင်ပဲ ဖြစ်နေတာက တော့... အကယ်၍ ရှဝေကို ခိုးခေါ်လာနိုင်ရင် သူက စီမံကိန်းမန်နေဂျာတောင် ဖြစ်နိုင်တယ်…"
လီချင်းချွမ်လည်း ထိုသို့ ဖြစ်စေချင်သော်လည်း ဤလုပ်ရပ်သည် ကိုယ်ကျင့်တရားနှင့် မညီဟု ခံစားနေရ၏။
"ချင်းချွမ်... လူခိုးတာက စီးပွားရေးလောကမှာ ဘာမှမဟုတ်ပါဘူး၊ ဒါက သာမန်လုပ်ထုံးလုပ်နည်းတစ်ခုပါပဲ။ တကယ်လို့ ကျွန်တော်တို့က တစ်ယောက်ယောက်ကို ခိုးခေါ်နိုင်ရင်တောင် ကောင်းယွမ်က ဒေါသထွက်မှာ မဟုတ်ဘူး။ ကျွန်တော့်ကို ယုံလား..."
လီချင်းချွမ်သည် ဘယ်လို ပြန်ဖြေရမှန်း မသိတော့ပေ...၊
"ဖြစ်နိုင်ပါတယ်..."
"စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ဒီလောက်တောင် ယုံကြည်မှု မရှိဘူးဆိုရင်တော့ သူ စီးပွားရေး မလုပ်သင့် တော့ဘူး…"
ချင်းတာနျန်က ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်၏။
"ငါတို့ရဲ့ စီအီးအို ရန်က တခြားသူတွေရဲ့ လူခိုးတာကို ကာကွယ်နေတာ မင်း ဘယ်တုန်းက မြင်ဖူးလဲ…။ တခြား သူတွေထက် ပိုပေးနိုင်မယ်ဆိုရင် ဝန်ထမ်းတွေက သစ္စာရှိမှာပဲ။ အကယ်၍ မင်းရဲ့ ဝန်ထမ်းတွေကို တခြားသူတွေ က လွယ်လွယ်နဲ့ ခိုးခေါ်သွားနိုင်တယ်ဆိုရင် မင်းကိုယ်တိုင်မှာပဲ အမှားရှိနေတာကို စစ်ဆေးဖို့ လိုလိမ့်မယ်... ငါတို့ က ကောင်းယွမ်ကို ဒီမှာ စမ်းသပ်နေတာပါပဲ..."
...
ကောင်းယွမ်နှင့် ကျန်းပိုင်ရီတို့သည် ကုမ္ပဏီ မှတ်ပုံတင်ရန် သွားခဲ့ကြလေသည်…