အခန်း ၂၂
Vol. 3 Ch. 22
အခန်း (၂၂)
ကျိုးလဲ့၏ ရည်မှန်းချက်ကြီးမားမှု
လင်းမေသည် သူမ၏အိမ်တွင် အဝတ်အစားများယူကာ လဲလှယ်ပြီးနောက် ကောင်းယွမ်၏ နေအိမ်ဟောင်းသို့ ပြန်လာခဲ့လေသည်။
ကောင်းယွမ်၏ မျက်လုံးများက အရောင်လက်သွားလေ၏။
သေးသွယ်သော ကိုယ်လုံးလေးရှိသည့် လင်းမေသည် အံ့ဩစရာကောင်းလောက်အောင် အချိုးအစား ပြေပြစ်လှ ပေသည်။
အထူးသဖြင့် သူမ၏ ဖြူဝင်းသော အသားအရေနှင့် မျက်လုံးဝိုင်းကြီးများကြောင့် သိပ္ပံရုပ်ပြစာအုပ်ထဲမှ ထွက်လာသော ဇာတ်လိုက်မိန်းကလေးတစ်ဦးနှင့် တူနေလေသည်။
"မေ... ကိုယ် မင်းကို ရှောင်ဝမ်စီလို့ မခေါ်နိုင်တော့ဘူး... မေလို့ပဲ ခေါ်တော့မယ်..."
"အစ်ကိုယွမ်..."
လင်းမေက ရှက်သွေးဖြာလျက် ပြောလိုက်လေသည်။
ထိုအချိန်၌ပင် ကောင်းယွမ်၏ ဖုန်းမြည်လာလေသည်။
ကောင်းယွမ်သည် စိတ်အနှောင့်အယှက်ဖြစ်သွားသော မျက်နှာထားဖြင့် ဖုန်းကို ကိုင်လိုက်၏။ လီချင်းချွမ်ထံမှ ဖုန်းဖြစ်ပြီး သူ့ကို လာကြိုမည့် ကားရောက်လာတော့မည်ဖြစ်ကြောင်း ပြောလေသည်။
အဘယ်ကြောင့်ဆိုသော် မနက်ဖြန်သည် ရှဝေ၏ သတင်းစာရှင်းလင်းပွဲနေ့ ဖြစ်သောကြောင့်ပင်။ ငါးရံ့နက် နည်း ပညာကုမ္ပဏီ၏ အဓိက တာဝန်ခံတစ်ဦးအနေဖြင့် ကောင်းယွမ်သည် မလွဲမသွေ တက်ရောက်ရမည် ဖြစ်ပေ သည်။
ယခုအခါ ကောင်းယွမ်၌ ငွေကြေးနှင့် စက်ပစ္စည်းများ ရှိနေပြီဖြစ်ရာ ဤသတင်းစာရှင်းလင်းပွဲသို့ တက်ရောက် ခြင်းသည် လူအများ၏ အာရုံစိုက်မှုကို ရယူရန်သက်သက်သာ ဖြစ်လေသည်။
ကောင်းယွမ်သည် လင်းမေကို ကြည့်ကာ ပြောလိုက်လေသည်။
"ကိုယ် နှစ်ရက်လောက် ခရီးထွက်ရမယ်... နောက်ဆုံးထားပြီး သန်ဘက်ခါဆိုရင်တော့ ပြန်ရောက်မှာပါ... ကိုယ့် အိမ်ဟောင်းလေးကို ကြည့်ထားပေးလို့ ရမလား..."
လင်းမေက ခေါင်းညိတ်ပြလိုက်လေသည်။
"နားလည်ပါပြီ အစ်ကိုယွမ်... စိတ်မပူပါနဲ့ အိမ်ကကိစ္စတွေကို ကျွန်မ သေချာကြည့်ထားပေးပါ့မယ်..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ကောင်းယွမ်တစ်ယောက် တစ်စုံတစ်ခု လွဲမှားနေသကဲ့သို့ ခံစားလိုက်ရ လေသည်။
မကြာမီမှာပင် ရှဝေ၏ ကားရောက်ရှိလာခဲ့လေ၏။
ဝင်လာသူမှာ ရှဝေ မဟာဗျူဟာဌာန၏ ဒုတိယဥက္ကဋ္ဌတစ်ဦး ဖြစ်လေသည်။ သူဝင်လာသည်နှင့်တစ်ပြိုင်နက် အားနာနေသော မျက်နှာထားဖြင့် ပြောလာလေသည်။
"ဥက္ကဋ္ဌကောင်း... ကျွန်တော်တို့ ဥက္ကဋ္ဌချင်က လူကိုယ်တိုင် လာကြိုမလို့ပါပဲ... ဒါပေမဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြဿနာနည်းနည်းရှိနေလို့ သူကိုယ်တိုင် ဖြေရှင်းနေရလို့ပါ..."
"တကယ်တော့ အခုလိုမျိုး အလုပ်ရှုပ်ခံနေစရာ မလိုပါဘူး... လက်မှတ်တွေကို ကျွန်တော့်ဘာသာ ဖုန်းဆက်ပြီး ကြိုမှာထားလိုက်လို့ ရပါတယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က စီးပွားရေးမိတ်ဖက်တွေပဲလေ..."
"ဘယ်လိုလုပ်ပြီး ရမှာလဲ... ခင်ဗျားက ရှဝေရဲ့ ကျေးဇူးရှင်ပဲလေ... ဥက္ကဋ္ဌချင်က ဒီည ပေကျင်းမှာ ခင်ဗျား အတွက် ကြိုဆိုပွဲညစာစားပွဲတစ်ခု စီစဉ်ထားပါတယ်... ရှဝေရဲ့ အဆင့်မြင့်အရာရှိတွေအားလုံး တက်ရောက်ကြ မှာပါ... ခင်ဗျားသာ မသွားဘူးဆိုရင် သတင်းစာရှင်းလင်းပွဲက အရောင်အဝါ မှေးမှိန်သွားမှာပေါ့... ဒါက ခင်ဗျား အတွက် ဂုဏ်ယူစရာတစ်ခုပါ..."
ဤဒုတိယဥက္ကဋ္ဌသည် သူ့ကို မြှောက်ပင့်ပြောဆိုနေမှန်း ကောင်းယွမ် ကောင်းကောင်းသိသော်လည်း သူ ငြင်းဆန် နိုင်ခြင်း မရှိခဲ့ပေ။
လင်းမေကို ထပ်မံနှုတ်ဆက်ပြီးနောက် ကောင်းယွမ်သည် နောက်ဖေးတံခါးကို သော့ခတ်ကာ ကားပေါ်သို့ တက် လိုက်လေသည်။
လမ်းတစ်လျှောက်လုံး ဒုတိယဥက္ကဋ္ဌ၏ စကားပြောဆိုနေမှုများကို နားထောင်ရသည်မှာ စိတ်ဝင်စားစရာကောင်း လှပေသည်။
ဤဒုတိယဥက္ကဋ္ဌသည် ထူးခြားသော လူတစ်ဦးဖြစ်လေသည်။ သူသည် ကြိုတင်ပြင်ဆင်မှုများကို သေချာစွာ လုပ်ဆောင်ထားပုံရပြီး ကောင်းယွမ်၏ အတိတ်အတွေ့အကြုံများအားလုံးကို သိရှိနေလေသည်။ ကားသည် ချင်ကျင်းမြို့သို့ တန်းသွားမည်ဟု ကောင်းယွမ် ထင်မှတ်ထားခဲ့မိ၏။
သို့သော် ကားပေါ်တက်ပြီး အချိန်တိုအတွင်းမှာပင် ကားသည် လင်းကျိုးမြို့ဘက်သို့ ဦးတည်သွားနေကြောင်း ကောင်းယွမ် သတိပြုမိလိုက်လေသည်။
"ဒုတိယဥက္ကဋ္ဌလျို... ကျွန်တော်တို့ ဘယ်လမ်းကနေ သွားမှာလဲ..."
"ကျွန်တော်တို့ရဲ့ အထွေထွေမန်နေဂျာ ရှဝေဝေက လင်းကျိုးလေဆိပ်ကို လေယာဉ်စင်းလုံးငှားထားပါတယ်..."
လေယာဉ်စင်းလုံးငှားရသည်ဟုဆိုရာ ကောင်းယွမ် အံ့ဩသွားလေသည်။ ရှဝေက တကယ်ကို အစွမ်းကုန် ကြိုးပမ်းနေခြင်းပင်။
သူ့ လုပ်ဆောင်ခဲ့မှုများအပေါ် ကောင်းယွမ် ကျေနပ်မိသည်ဟု ဆိုရမည်ဖြစ်သော်လည်း ရှဝေ၏ ရည်ရွယ်ချက် ကိုမူ သူ သိပ်နားမလည်ခဲ့ပေ။ ရှဝေက ဤသတင်းစာရှင်းလင်းပွဲ၏ အဓိက ဇာတ်လိုက် မဟုတ်ပါလော။ ရှဝေက သူ့ကို အဘယ်ကြောင့် ဆွဲသွင်းနေရသနည်း။
သူ စဉ်းစားလွန်းနေသည်ဟု ကောင်းယွမ် ခံစားလိုက်ရလေသည်။ ရှဝေက ရိုးရိုးရှင်းရှင်း ကျေးဇူးတင် နေခြင်း လည်း ဖြစ်နိုင်ပေသည်။
ထို့ပြင် တည်းဖြတ်စက်များကို ထုတ်လုပ်သူတစ်ဦးအနေဖြင့် ကောင်းယွမ်သည် တကယ်ကို အရေးပါလှပေ သည်။
လေယာဉ်ခန်းမှာ မကျယ်ဝန်းလှသော်လည်း ဝိုင်နီများ၊ အရသာရှိသော အစားအစာများ၊ လှပသော လေယာဉ် မယ်များ၊ သက်တောင့်သက်သာရှိသော ဆိုဖာများနှင့် လေယာဉ်မယ်များနှင့်အတူ ဂိမ်းကစားနိုင်သော ဂိမ်းဧရိ ယာတစ်ခုပင် အပြည့်အစုံ ပါရှိလေသည်။
စားပွဲတင်ဘောလုံးဂိမ်းတစ်ပွဲပင် မပြီးဆုံးမီ ချင်ကျင်းမြို့သို့ ရောက်ရှိသွားသဖြင့် လေယာဉ်စီးရသည့်အချိန်မှာ အလွန်တိုတောင်းလွန်းသည်ဟု ကောင်းယွမ် ခံစားလိုက်ရလေသည်။
လေယာဉ်ပေါ်မှ ဆင်းပြီးနောက် ချင်းတာနျန်က အပြင်ဘက်တွင် စောင့်ဆိုင်းနေလေသည်။
ရှဝေ၏ ဝန်ထမ်းအချို့သည် ကောင်းယွမ် ထွက်လာသည်ကို မြင်သောအခါ ဥက္ကဋ္ဌကောင်း ပေကျင်းသို့ ပြန်လည် ရောက်ရှိခြင်းကို ကြိုဆိုပါတယ် ဟု ရေးသားထားသော ဆိုင်းဘုတ်တစ်ခုကို ကိုင်ဆောင်ထားကြလေသည်။
ချင်းတာနျန်က လျှောက်လာလေသည်။
"ဥက္ကဋ္ဌကောင်း... ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီ..."
ကောင်းယွမ်က ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ပါတယ်... အခုလို အလုပ်ရှုပ်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
"ဒီလို မပြောပါနဲ့ဗျာ... ဥက္ကဋ္ဌကောင်းက ရှဝေရဲ့ အကြီးမားဆုံး ပြဿနာကို ဖြေရှင်းပေးခဲ့တာပဲ... အခုချိန်ကစပြီး
ရှဝေ တက်လှမ်းခြင်းကို ဘယ်အရာကမှ တားဆီးနိုင်တော့မှာ မဟုတ်ဘူး..."
"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကောင်း..."
ရှဝေ ဝန်ထမ်းများက တစ်ခဲနက် အော်ဟစ်လိုက်ကြလေသည်။
ဤအရာက ကောင်းယွမ်ကို အနည်းငယ် ဝမ်းနည်းလွမ်းဆွတ်သွားစေလေသည်။ အကယ်၍ သူသာ နေရပ် ဟောင်းသို့ ပြန်မလာဘဲ အနာဂတ်ကမ္ဘာဆီသို့ သွားရာတံခါးကို မရှာဖွေတွေ့ရှိခဲ့ပါက ထိုအရာများ ဖြစ်လာမည် မဟုတ်ပေ။
သူ ယခုချက်ချင်း သေဆုံးသွားခဲ့လျှင်တောင် မည်သူမျှ ဂရုစိုက်မည် မဟုတ်ပေ။
ရှဝေ၏ ဌာနချုပ်သို့ ရောက်ရှိချိန်တွင် အနားယူသွားပြီဖြစ်သော ရှဝေ၏ တည်ထောင်သူ ရန်ယွမ်ကျီက ကောင်းယွမ် ကို လာရောက်ကြိုဆိုခဲ့လေသည်။
အသက်ခုနစ်ဆယ်ကျော်နေပြီ ဖြစ်သော်လည်း သူသည် စိတ်ဓာတ်တက်ကြွနေဆဲပင်။ ကောင်းယွမ်ကို မြင်သော အခါ သူက ပြုံးလျက် ပြောလိုက်လေသည်။
"ဥက္ကဋ္ဌကောင်း... ခင်ဗျားက ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာကောင်းတဲ့ လူတစ်ယောက်ပဲ..."
ကောင်းယွမ်က သူ၏ လက်များကို အကြိမ်ကြိမ် ဝှေ့ယမ်းလိုက်၏။
"မဝံ့ရဲပါဘူး... ဥက္ကဋ္ဌရန်နဲ့ ယှဉ်လိုက်ရင် ကျွန်တော်က အများကြီး နောက်ကျနေပါသေးတယ်... ဥက္ကဋ္ဌရန်ကမှ တကယ့် စီးပွားရေးလုပ်ငန်းရှင် အစစ်အမှန်ပါ..."
"တည်းဖြတ်စက်ကို တီထွင်နိုင်တယ်ဆိုရင်တော့ ခင်ဗျားက ရှနိုင်ငံရဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာမှာပါ..."
ကောင်းယွမ်က ပြုံးလျက် ပြောလိုက်လေသည်။
"ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အခြေအနေတစ်ခုပါ... အနာဂတ်မှာ ရှဝေနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်..."
"ကောင်းပါပြီ... သွားကြရအောင်... ညစာစားပွဲက ခင်ဗျားကို စောင့်နေပါတယ်..."
ကြိုဆိုပွဲညစာစားပွဲတွင် ကောင်းယွမ်သည် ရှဝေ၏ အမြင့်မားဆုံးသော ဧည့်ဝတ်ကျေပွန်မှုကို ရရှိခဲ့လေသည်။ သို့သော် ဤစားသောက်မှုသည် အဓိက ရည်ရွယ်ချက်မဟုတ်မှန်း ကောင်းယွမ် သိထား၏။ ယခုကဲ့သို့ ခမ်းနား ကြီးကျယ်စွာ စီစဉ်ထားမှုမှာ ရှဝေက သူ့ကို အကူအညီတောင်းစရာ တစ်ခုခု ရှိနေ၍သာ ဖြစ်ပေမည်။
မျှော်လင့်ထားသည့်အတိုင်း ညစာစားပြီးနောက် ရှဝေ၏ လက်ရှိဥက္ကဋ္ဌ ကျိုးလဲ့သည် ကောင်းယွမ်၏ မျက်နှာချင်း ဆိုင်တွင် ဝင်ထိုင်လိုက်လေသည်။
"ဥက္ကဋ္ဌကောင်း... ရှဝေနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့ အမြင်က ဘယ်လိုရှိပါသလဲ..."
"ရှဝေက တာဝန်ယူမှုရှိပြီး မူဝါဒခိုင်မာတဲ့ ကုမ္ပဏီတစ်ခုဖြစ်သလို တရုတ်နိုင်ငံရဲ့ စံပြစီးပွားရေးလုပ်ငန်းတစ်ခု ပါပဲ... ဒါကြောင့်မို့လို့ ကျွန်တော့်ရဲ့ တည်းဖြတ်စက်အတွက် ရှဝေကို ရွေးချယ်ခဲ့တာပေါ့..."
သူတို့အားလုံးသည် စီးပွားရေးသမားများ ဖြစ်ကြသဖြင့် ကောင်းယွမ်သည် မည်သို့ ပြောဆိုရမည်ကို သဘာဝ ကျစွာပင် သိရှိနေလေသည်။
ကျိုးလဲ့၏ အစစ်အမှန် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုလာမည့်အချိန်ကို သူ စောင့်ဆိုင်းနေခဲ့၏။
"ဥက္ကဋ္ဌကောင်းက အမြင်ကျယ်တာပဲ... ကျွန်တော်တို့ ရှဝေက လက်ရှိမှာ ပြဿနာအသေးစားလေးတွေနဲ့ ရင်ဆိုင်နေရတာ မှန်ပေမယ့် ကျွန်တော်တို့ရဲ့ ယေဘုယျစီးပွားရေးလုပ်ငန်းတွေကတော့ ချဲ့ထွင်နေဆဲပါပဲ... မိုဘိုင်းဖုန်းလုပ်ငန်းဆိုတာ ရှဝေရဲ့ စီးပွားရေးလုပ်ငန်းစုတစ်ခုလုံးရဲ့ အစိတ်အပိုင်းသေးသေးလေး တစ်ခုပဲ ဖြစ်ပါတယ်..."
ကောင်းယွမ်က ခေါင်းညိတ်လိုက်လေသည်။ ထိုအရာက အမှန်ပင်ဖြစ်သော်လည်း လူအများစုမှာ ရှဝေ၏ မိုဘိုင်း ဖုန်းမှတစ်ဆင့် ရှဝေကို စတင်သိရှိလာခဲ့ကြခြင်း ဖြစ်လေသည်။
ရှဝေသည် ယခင်က အလွန် နှိမ့်ချစွာ နေထိုင်လေ့ရှိခဲ့ပေသည်။
"ဥက္ကဋ္ဌကောင်း... ကိစ္စက ဒီလိုပါ... ခင်ဗျားတို့ရဲ့ တည်းဖြတ်စက်တွေရဲ့ ထုတ်လုပ်မှုစွမ်းရည်က ဘယ်လောက်ရှိ လဲဆိုတာ ကျွန်တော် သိချင်မိပါတယ်... တည်းဖြတ်စက် ထုတ်လုပ်ရေးစက်ရုံတစ်ခု တည်ထောင်ဖို့အတွက် ရှဝေ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားမှု ရှိပါသလား..."
ကောင်းယွမ် တိုးတိတ်စွာ ရယ်မောလိုက်လေသည်။ ရှဝေ၏ အစီအစဉ်က ထက်မြက်လှပေသည်။
သူသည် တည်းဖြတ်စက်ကို အရင်းအမြစ်မှစ၍ ထိန်းချုပ်လိုနေခြင်းပင်။ ဤသည်မှာ ပူးတွဲသုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ကျရှုံးပြီးနောက် ထပ်မံလုပ်ဆောင်မည့် လှည့်ကွက်တစ်ခု ဖြစ်နေမည်လော။
ရှဝေ၏ မဟာဗျူဟာသည် အမြဲတမ်း ဤသို့ပင်ဖြစ်ကြောင်း ကောင်းယွမ် မသိခဲ့ပေ။ ပထမဦးစွာ ပူးတွဲသုတေ သနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြုလုပ်ပြီးနောက် ပူးတွဲထုတ်လုပ်ရေးကို လုပ်ဆောင်ခြင်းပင်။ တည်းဖြတ်စက် သည် အလွန်အရေးပါလွန်းသဖြင့် ရှဝေသည် ဤလုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့လေ သည်။
ထို့ကြောင့်ပင် သူတို့က ဤတစ်ကြိမ်တွင် ကောင်းယွမ်ကို အဆင့်မြင့် ဧည့်ခံမှုများဖြင့် ကြိုဆိုခဲ့ပြီး ရန်ယွမ်ကျီပင် ကိုယ်တိုင် ထွက်လာစေခဲ့ခြင်း ဖြစ်လေသည်။
၎င်း၏ လက်ရှိစွမ်းဆောင်ရည်အရ ကောင်းယွမ်၏ ငါးရံ့နက် အိတ်စ် (၀၁) တည်းဖြတ်စက်သည် ရိုးရာတည်းဖြတ်စက် များကို လုံးဝ ဖျက်ဆီးပစ်ကာ အနာဂတ် ဆီမီးကွန်ဒတ်တာစက်မှုလုပ်ငန်းတွင် အဓိကရေစီးကြောင်းတစ်ခု ဖြစ်လာရန် သေချာနေလေသည်။
ပူးတွဲသုတေသနနှင့် ပူးတွဲထုတ်လုပ်ရေးအတွက် ကောင်းယွမ်နှင့် ပူးပေါင်းခြင်းသည် ချစ်ပ်ပြားကို အရင်းအမြစ်မှ စ၍ ထိန်းချုပ်ခြင်းနှင့် ညီမျှလှပေသည်။
ကောင်းယွမ်က ထိုအရာကို လုံးဝ လက်မခံခဲ့ပေ။ မည်သည့် ပူးပေါင်းဆောင်ရွက်မှုကိုမျှ ပြုလုပ်ရန် သူ၌ ရည်ရွယ်ချက် မရှိခဲ့ပေ။
"ဥက္ကဋ္ဌကျိုး... တည်းဖြတ်စက်တွေအတွက် စျေးကွက်ဝယ်လိုအားက သိပ်မကြီးမားလှပါဘူး... တစ်ကမ္ဘာလုံးမှာ ချစ်ပ်ပြားတွေကို ဒီဇိုင်းဆွဲနိုင်ပြီး ထုတ်လုပ်နိုင်တဲ့ ထုတ်လုပ်သူ အရေအတွက်က လက်တစ်ဆုပ်စာလောက်ပဲ ရှိတာပါ... အလုံးအရင်းနဲ့ ထုတ်လုပ်ဖို့ လိုအပ်ပါသလား..."
ထိုအရာက လွယ်ကူမည်မဟုတ်ကြောင်း ကျိုးလဲ့ သိထားလေသည်။
သူက ကောင်းယွမ်ကို ကြည့်လိုက်၏။
"ဥက္ကဋ္ဌကောင်း... ခင်ဗျား သတိထားမိသလားတော့ မသိဘူး... လက်ရှိ နိုင်ငံတကာစျေးကွက်မှာ ချစ်ပ်ပြားတွေ ပြတ်လပ်နေတယ်... ကုမ္ပဏီတော်တော်များများမှာ ကားတွေ၊ ကွန်ပျူတာတွေ၊ မိုဘိုင်းဖုန်းတွေနဲ့ တချို့ စမတ် စက်ပစ္စည်းတွေအတွက် ချစ်ပ်ပြားတွေ ပြတ်လပ်နေကြတာပါ... ကျွန်တော်တို့ ရှဝေမှာ ချစ်ပ်ဒီဇိုင်းဆွဲနိုင်တဲ့ စွမ်းရည်ရှိပေမယ့် ထုတ်လုပ်နိုင်စွမ်းတော့ မရှိပါဘူး... ကျွန်တော်တို့သာ ထုတ်လုပ်မှုကို စတင်နိုင်ခဲ့ရင် ချစ်ပ် ဒီဇိုင်းအသစ်တွေကို အမြန်ဆုံး ဖန်တီးနိုင်မှာပါ..."
"လောလောဆယ်မှာတော့ ချစ်ပ်ပြားထုတ်လုပ်ရေးကို ယွမ်သျှမ်၊ ကောင်းထုံး၊ အင်တာနဲ့ ကျိုရှင်းတို့လို ကုမ္ပဏီ တွေက အဓိက ထိန်းချုပ်ထားပါတယ်... ခြွင်းချက်မရှိ ဒီကုမ္ပဏီတွေအားလုံးက အမေရိကန်ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတာပါ... ကျွန်တော်တို့ ရှဝေအနေနဲ့ ချစ်ပ်ပြားတွေကို ဖူလုံအောင် ထုတ်လုပ်နိုင်ဖို့သာမကဘဲ တစ်ကမ္ဘာလုံးကိုပါ ချစ်ပ်ပြားတွေ ထောက်ပံ့ပေးချင်ပါတယ်..."
ကောင်းယွမ် နားလည်သွားလေသည်။
ရှဝေသည် အနာဂတ်အန္တရာယ်များကို ထည့်သွင်းစဉ်းစားနေရုံသာမက နိုင်ငံတကာ ချစ်ပ်ပြားစျေးကွက်ကို ဝင် ရောက်နှောင့်ယှက်ကာ ချစ်ပ်ပြားစက်မှုလုပ်ငန်း၏ အကျိုးအမြတ်များကို ပြန်လည်ခွဲဝေယူနိုင်ရန်အတွက် ပထမဆုံး လှုပ်ရှားသူ ဖြစ်ချင်နေခြင်းပင်။
ရှဝေက ပိုမိုခေတ်မီဆန်းသစ်သော ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ သာလွန်ကောင်းမွန်သော ဒီဇိုင်းများနှင့် သက်သာ သော စျေးနှုန်းများဖြင့် ချစ်ပ်ပြားစျေးကွက်ကို အောင်နိုင်ခဲ့လျှင် မည်သို့ဖြစ်လာမည်ကို ကောင်းယွမ် ပိုမိုတွေး တောကြည့်လိုက်မိလေသည်။
အခြားကုမ္ပဏီများ သေချာပေါက် ထိခိုက်နစ်နာသွားမည်ဖြစ်ပြီး အချို့မှာ ဒေဝါလီခံရသည်အထိပင် ဖြစ်သွားနိုင် လေသည်။ ရှဝေသာ ချစ်ပ်ပြားစျေးကွက်ကို ထိန်းချုပ်နိုင်သွားပါက အမေရိကန်က ရှဝေအပေါ် လုပ်ဆောင်ခဲ့ သည့်အတိုင်း အမေရိကန်ကို ပြန်လည်လုပ်ဆောင်နိုင်မည် ဖြစ်ပေသည်။
ထောက်ပံ့မှုဖြတ်တောက်ကြောင်း ရုတ်တရက် ကြေညာခြင်းက အမေရိကန် ဆီမီးကွန်ဒတ်တာ စက်မှုလုပ်ငန်းကို ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်စေနိုင်လေသည်။
ကျိုးလဲ့၌ ကြီးမားလှသော ရည်မှန်းချက် ရှိနေလေသည်။