အခန်း ၂၃
Vol. 3 Ch. 23
အခန်း (၂၃)
ချစ်ပ်ပြားများကို နေရာအရောက် ထုတ်လုပ်ခြင်း
ကျိုးလဲ့သည် နက်ရှိုင်းစွာ စဉ်းစားနေသော ကောင်းယွမ်ကို ကြည့်လိုက်၏။ သူတို့အားလုံးသည် စီးပွားရေးသမား များ ဖြစ်ကြရာ ကျိုးလဲ့၏ စိတ်ထဲ၌ မည်သို့ တွေးတောနေမည်ကို ကောင်းယွမ် အလွယ်တကူပင် ခန့်မှန်းနိုင် လေသည်။
ထို့နောက် သူက ဆက်၍ ပြောလိုက်လေသည်။
"ဥက္ကဋ္ဌကောင်း... ကမ္ဘာ့ချစ်ပ်ပြားစျေးကွက်ကို လွှမ်းမိုးဖို့ ရှဝေနဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားပါသလား... ဥက္ကဋ္ဌ ကောင်းရဲ့ တည်းဖြတ်စက်က (၃) နာနိုမီတာ နည်းပညာကို အလွယ်တကူ လုပ်နိုင်တယ်လို့ ချင်းချွမ်ဆီကနေ ကြားသိရပါတယ်... ချင်းချွမ်ရဲ့ ခန့်မှန်းချက်အရဆိုရင် ဥက္ကဋ္ဌကောင်းရဲ့ တည်းဖြတ်စက်ဟာ (၁) နာနိုမီတာ နည်းပညာကိုတောင် လုပ်ဆောင်နိုင်စွမ်းရှိတယ်တဲ့... အဲဒီလို နည်းပညာမျိုးနဲ့သာဆိုရင် ကျွန်တော်တို့က ချစ်ပ် ပြားစျေးကွက်ကို ပြဿနာမရှိဘဲ ကြီးစိုးနိုင်လိမ့်မယ်..."
ကောင်းယွမ်သည် ချစ်ပ်ပြားများကို ထိန်းချုပ်ရန် ကိစ္စနှင့် ပတ်သက်၍ စဉ်းစားလိုက်၏။ ချစ်ပ်ပြားများသည် လက်ရှိ နည်းပညာထုတ်ကုန်များ၏ အဓိက အသက်သွေးကြောပင် ဖြစ်လေသည်။ ချစ်ပ်ပြားများကို ထိန်းချုပ် နိုင်သူ မည်သူမဆို ကမ္ဘာ့ကုန်ထုတ်လုပ်မှုလုပ်ငန်းတစ်ခုလုံးကို ကိုင်လှုပ်နိုင်စွမ်း ရှိလာမည်သာ ဖြစ်ပေသည်။
သို့သော်လည်း ကောင်းယွမ်၌ အလွန်ကောင်းမွန်သော အရာများစွာ ရှိနေပြီး ဖြစ်လေသည်။ ၎င်းတို့နှင့် နှိုင်းယှဉ် လိုက်ပါက ချစ်ပ်ပြားလုပ်ငန်းသည် ပင်ပန်းပြီး အကျိုးအမြတ် မများလှသော စီးပွားရေးတစ်ခုမျှသာ ဖြစ်နေ ပေသည်။
ကောင်းယွမ်အနေဖြင့် ချစ်ပ်ပြားစျေးကွက်ကို ချက်ချင်း ထိန်းချုပ်ရန် အစီအစဉ် မရှိသေးပေ။ သို့တိုင်အောင် ကျိုးလဲ့ တစ်ယောက် မည်သို့ လုပ်ဆောင်မည်ကိုမူ သူ သိချင်နေသေး၏။
ကောင်းယွမ်က ကျိုးလဲ့ကို ကြည့်ကာ မေးလိုက်လေသည်။
"ဥက္ကဋ္ဌကျိုး... ပူးပေါင်းဆောင်ရွက်မှုအတွက် ရှဝေမှာ ဘယ်လို အစီအစဉ်တွေ ရှိထားပါသလဲ..."
"ရှဝေဘက်က မြေနေရာနဲ့ အရင်းအနှီးကို ထောက်ပံ့ပေးပြီး ဥက္ကဋ္ဌကောင်းဘက်က နည်းပညာနဲ့ လူသားအရင်း အမြစ်ကို ထောက်ပံ့ပေးရမယ်... ရလာတဲ့ အမြတ်အစွန်းကိုတော့ တစ်ဝက်စီ ခွဲယူကြတာပေါ့..."
"ဟားဟား ဥက္ကဋ္ဌကျိုး... ရိုးရိုးသားသား ပြောရရင် ရှဝေရဲ့ ကမ်းလှမ်းမှုက တော်တော်လေး စွဲဆောင်မှုရှိပြီး ကျွန်တော် တကယ်ကို လက်ခံချင်ပါတယ်... ဒါပေမဲ့ ကျွန်တော် လက်ခံရုံနဲ့တော့ အရာမထင်ပါဘူး... ဘာလို့လဲ ဆိုတော့ နည်းပညာက ကျွန်တော့်လက်ထဲမှာ ရှိမနေလို့ပါပဲ... ခင်ဗျားသိတဲ့အတိုင်း ကျွန်တော်က အင်တာနက် စီးပွားရေးသမားတစ်ယောက်ပါ... နည်းပညာပိုင်းကို နားမလည်ပါဘူး..."
ကျိုးလဲ့သည် ကောင်းယွမ်ကို စိုက်ကြည့်လိုက်ပြီး သူ၏ စကားများထဲတွင် မည်မျှအထိ အမှန်တရားများ ပါဝင် နေမည်ကို တွေးတောနေလေသည်။
သို့သော်လည်း ကောင်းယွမ်၏ မျက်နှာအမူအရာမှာ တစ်စုံတစ်ရာ ပြောင်းလဲသွားခြင်း မရှိဘဲ ကျိုးလဲ့ကို ရိုးသား သော အမူအရာဖြင့်သာ ကြည့်နေလေသည်။
"ဥက္ကဋ္ဌကောင်းက နည်းပညာကို နားမလည်ဘူး ဟုတ်လား..."
ကောင်းယွမ်က ပြတ်သားစွာ ခေါင်းယမ်းလိုက်၏။
"ကျွန်တော် နားမလည်ပါဘူး... တက္ကသိုလ်မှာတုန်းက အင်ဂျင်နီယာ စီမံခန့်ခွဲမှုဘာသာရပ်ကို သင်ယူခဲ့ပေမဲ့ ဘွဲ့ရ ပြီးတဲ့နောက်မှာတော့ ထူးထူးခြားခြား ဘာမှ မလုပ်ဖြစ်ဘဲ အင်တာနက် လုပ်ငန်းဘက်ကို ကူးပြောင်းသွားခဲ့ တယ်လေ... တည်းဖြတ်စက် နည်းပညာကို နားမလည်တာတော့ ထားလိုက်ပါတော့ ပရိုဂရမ်ရေးဆွဲတာကို တောင် ကျွန်တော် နားမလည်ပါဘူး..."
ကောင်းယွမ်သည် အမှန်တရားကိုသာ ပြောနေခြင်း ဖြစ်ပေသည်။ သူ၏ လက်ထဲတွင် အမှန်တကယ် နည်းပညာ မရှိသော်လည်း အချိန်မရွေး ရယူနိုင်စွမ်းတော့ ရှိနေလေသည်။ အကြောင်းမူကား အနာဂတ်ကမ္ဘာတွင် တည်း ဖြတ်စက်များသည် ခေတ်မီ ရေနွေးငွေ့အင်ဂျင်များကို ပုံစံထုတ်သည့် နည်းပညာကဲ့သို့ပင် ထူးခြားမှု မရှိတော့ဘဲ လျှို့ဝှက်ချက် တစ်ခုလည်း မဟုတ်တော့သောကြောင့် ဖြစ်၏။ ကောင်းယွမ်သာ လိုချင်ပါက ထိုနည်းပညာ တစ်ခုလုံးကို အချိန်တိုအတွင်း ရယူနိုင်လေသည်။
နည်းပညာပိုင်းဆိုင်ရာ ဝန်ထမ်းများနှင့် ပတ်သက်၍မူ လဲ့ချင်းမေက ကောင်းယွမ်ကို အထူးပြု သုတေသန စက်ရုပ်တစ်ထောင်ကို ပေးအပ်ထားလေသည်။ သူတို့ထံ၌ နည်းပညာ ရှိမနေလျှင်တောင်မှ ဤစက်ရုပ်များသည် နည်းပညာများကို ဖော်ထုတ်နိုင်စွမ်း ရှိကြပေသည်။
အနာဂတ်ကမ္ဘာတွင် ထုတ်လုပ်ထားသော ဤဉာဏ်ရည်မြင့် သုတေသနစက်ရုပ်များသည် သာမန် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အလွယ်တကူပင် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိလေသည်။
လက်ရှိကမ္ဘာ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များသည် ထိုစက်ရုပ်များအတွက် အလွန်တရာ လွယ်ကူလွန်းလှပေသည်။
ကျားရီ၏ အဖွဲ့သည် ကောင်းယွမ်၏ သုတေသနအဖွဲ့ ဖြစ်ပြီး အကြွင်းမဲ့ သစ္စာရှိကာ နည်းပညာပိုင်းတွင်လည်း အလွန် ကျွမ်းကျင်ကြလေသည်။
သို့သော်လည်း ကောင်းယွမ်သည် ဤစက်ရုပ်များကို ပြင်ပကမ္ဘာနှင့် အလွန်အကျွံ ထိတွေ့ခွင့် ပြုမည် မဟုတ်ပေ။ သူတို့၏ ထိတွေ့ဆက်ဆံမှုကို တပ်ဆင်ခြင်းလုပ်ငန်းများကို လမ်းညွှန်ပေးခြင်းကဲ့သို့သော အလုပ်များတွင်သာ ကန့်သတ်ထားမည် ဖြစ်၏။
ဤစက်ရုပ်များသည် လူသားအစစ်များနှင့် အလွန်တူသော်လည်း အချိန်ကြာမြင့်စွာ ထိတွေ့ဆက်ဆံပါက သူတို့ ၏ အစစ်အမှန် သဘာဝကို ဖော်ပြမိသွားနိုင်လေသည်။
ထို့အပြင် ထိုအဖွဲ့များသည် ခေတ်သစ်ကမ္ဘာတွင် မည်သည့် ကိုယ်ရေးအချက်အလက်မျှ ရှိမနေပေ။ သူတို့သည် မှတ်ပုံတင်ထားခြင်း မရှိသူများ ဖြစ်ကြ၏။
ကျိုးလဲ့သည် ကောင်းယွမ်၏ မျက်နှာပေါ်မှ မည်သည့်အရာကိုမျှ ခွဲခြားသိမြင်နိုင်ခြင်း မရှိသဖြင့် စမ်းသပ် သည့်အနေဖြင့် မေးလိုက်လေသည်။
"ဥက္ကဋ္ဌကောင်း... သုံးဆယ် ခုနစ်ဆယ် ခွဲယူရင်ကော ဘယ်လိုလဲ..."
ကောင်းယွမ်က သူ၏ လက်ချောင်းများဖြင့် စားပွဲကို မသိမသာ ခေါက်လိုက်၏။
"ဥက္ကဋ္ဌကျိုး... မလုပ်ပါနဲ့ဗျာ... ကျွန်တော့်ကို မက်လုံးမပေးပါနဲ့... တစ်ဝက်စီ ခွဲယူတဲ့အပေါ်မှာ ကျွန်တော် ကန့် ကွက်စရာ မရှိပါဘူး... ဒါပေမဲ့ ကျွန်တော် သဘောတူရုံနဲ့တော့ အရာမထင်ပါဘူး... ခင်ဗျားလည်း သိတဲ့ အတိုင်း ကျွန်တော့်မှာ တည်းဖြတ်စက်ကို တီထွင်နိုင်မယ့် အခွင့်အရေး မရှိပါဘူး... ကျွန်တော့် နောက်ကွယ်မှာ အဖွဲ့တစ်ဖွဲ့ ရှိနေပေမဲ့ သူတို့ကို ကျွန်တော် အမိန့်မပေးနိုင်ဘူးလေ... သူတို့ကသာ ဆန္ဒမရှိဘူးဆိုရင် ကျွန်တော်လည်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး... ပြီးတော့ ကျွန်တော်က နည်းပညာပိုင်းမှာလည်း သိပ်ကျွမ်းကျင်တာ မဟုတ်ဘူး..."
ကျိုးလဲ့က ဆက်တိုက် ခေါင်းညိတ်လိုက်လေသည်။
"ကျွန်တော် နားလည်ပါတယ်... သုတေသီတွေက တကယ့် အဖိုးတန် ရတနာတွေပဲလေ... ဒါပေမဲ့ သုတေသီတွေ လည်း ထမင်းစားရသေးတာပဲ... သူတို့ကို ဖျောင်းဖျဖို့ ခင်ဗျားမှာ နည်းလမ်းရှိမယ်လို့ ကျွန်တော် ယုံကြည်ပါ တယ်..."
"ဟားဟား ဥက္ကဋ္ဌကျိုး... သုတေသီတွေက အကုန်လုံး ခေါင်းမာတတ်ကြတယ်... ဒါပေမဲ့ ခင်ဗျားကို ကျွန်တော် ကတိတစ်ခုတော့ ပေးနိုင်ပါတယ်... ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ တည်းဖြတ်စက်တွေကို အများပြည်သူဆီ ချပြလိုက်တာနဲ့ တစ်ပြိုင်နက် ရှဝေကို အရင်ဆုံး ပံ့ပိုးပေးသွားမှာပါ..."
ကျိုးလဲ့က ပြုံးလိုက်၏။ ပူးပေါင်းဆောင်ရွက်မှုမှာ အပြီးသတ် မဆုံးဖြတ်ရသေးသော်လည်း သူသည် အကျိုးအ မြတ်အချို့ကို ရရှိခဲ့ပြီ ဖြစ်လေသည်။ ကောင်းယွမ်၏ ကတိစကားကြောင့် သူသည် အနည်းဆုံးတော့ စိတ်သက် သာရာ ရသွားခဲ့၏။ ထို့ကြောင့် သူက လက်ကို ကမ်းပေးလိုက်လေသည်။
"ဥက္ကဋ္ဌကောင်း... ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်နေပါမယ်..."
...
နောက်တစ်နေ့ နံနက်ခင်းတွင် ကောင်းယွမ်သည် စောစီးစွာ နိုးထလာခဲ့လေသည်။
သူသည် အချိန်ကို ကြည့်လိုက်ရာ နံနက် ရှစ်နာရီတိတိ ဖြစ်နေပြီး သတင်းစာရှင်းလင်းပွဲ မစတင်မီ တစ်နာရီ အလိုပင် ဖြစ်လေသည်။ ထို့နောက် သူသည် နံနက်စာ စားရန် အောက်ထပ်သို့ ဆင်းလာခဲ့၏။
သူသည် အပြင်သို့ ခြေချလိုက်သည်နှင့် စင်္ကြံလမ်းပေါ်တွင် ဟိုဟိုဒီဒီ လမ်းလျှောက်နေသော လီချင်းချွမ်ကို တွေ့လိုက်ရလေသည်။
တံခါးဖွင့်သံကို ကြားလိုက်ရသောအခါ လီချင်းချွမ်က လှည့်ကြည့်လာ၏။
"ဥက္ကဋ္ဌကောင်း... နိုးပြီလား..."
"ဒါရိုက်တာလီ... ကိစ္စများ ရှိလို့လား..."
"ဟုတ်ကဲ့... သတင်းစာရှင်းလင်းပွဲရဲ့ အချိန်ဇယားနဲ့ တက်ရောက်မယ့်သူတွေ ပါဝင်တဲ့ အစီအစဉ်တွေကို လာပေး တာပါ... ဥက္ကဋ္ဌကောင်း အနေနဲ့ ကြိုတင်ပြီး လေ့လာထားလို့ ရအောင်ပါ..."
ကောင်းယွမ်က ခေါင်းညိတ်လိုက်ပြီး လီချင်းချွမ်ထံမှ စာရွက်စာတမ်းများကို ယူလိုက်လေသည်။
စားသောက်ဆိုင်သို့ ရောက်ရှိသွားသောအခါ ကောင်းယွမ်သည် အစားစားရင်း စာရွက်စာတမ်းများကို ဖတ်ရှုနေ ခဲ့လေ၏။
ဤသတင်းစာရှင်းလင်းပွဲသည် နောက်ဆုံးမိနစ်မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သော်လည်း ပါဝင်တက်ရောက်မည့် သူများ မှာမူ လုံးဝ လျော့နည်းနေခြင်း မရှိပေ။
အခမ်းအနားမှူးများမှာ တရုတ်နိုင်ငံ စီစီတီဗွီမှ ခန်းကွမ်နှင့် လီမန်တို့ ဖြစ်ကြလေသည်။ နိုင်ငံတော် မီဒီယာများက စီစဉ်ပြီး တရားဝင် နောက်ခံ မရှိလျှင် စီစီတီဗွီ အခမ်းအနားမှူးများသည် ဤကဲ့သို့သော စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်လေ့ မရှိကြပေ။
သို့သော်လည်း ရှဝေသည် အချိန်တိုအတွင်း သူတို့နှစ်ဦးစလုံးကို ဖိတ်ကြားနိုင်ခဲ့ခြင်းက ဤပွဲသည် အနည်းဆုံး တော့ တရားဝင် အသိအမှတ်ပြုမှု ရရှိထားကြောင်း ဖော်ပြနေလေသည်။
တက်ရောက်မည့်သူများ၏ စာရင်းကို ဆက်လက် ဖတ်ရှုကြည့်လိုက်သောအခါ...၊
ရှနိုင်ငံ သိပ္ပံနှင့် နည်းပညာ ဒုတိယဝန်ကြီး၊ ရှနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ကော်မရှင် ဥက္ကဋ္ဌ၊ ရှနိုင်ငံ အင်ဂျင်နီ ယာ အကယ်ဒမီ ဒုတိယဥက္ကဋ္ဌ...၊ ရှဝေ တည်ထောင်သူ ရန်ယွမ်ကျီ၊ ဥက္ကဋ္ဌ ကျိုးလဲ့။ ရှရှင်းအပြည်ပြည်ဆိုင်ရာ ဥက္ကဋ္ဌ ချန်ကျိုးကဲ၊ ဘီအိုအီး စီအီးအို ဂျီဟိုင်လျန်။ တာမီနည်းပညာကုမ္ပဏီ တည်ထောင်သူ လဲ့ကျန်းကော်၊ ကော်ရှင်းအုပ်စု ဥက္ကဋ္ဌ ချိုးရန်...၊ ဆပ်စပ်နယ်ပယ်များမှ ကျွမ်းကျင်သူများနှင့် ပါမောက္ခများစွာလည်း ပါဝင်နေ သေး၏။
ရှဝေသည် ဤပွဲအတွက် တကယ်ကို အစွမ်းကုန် ကြိုးစားထားခဲ့ခြင်းဖြစ်လေသည်။
သို့သော်လည်း တည်းဖြတ်စက် ဆယ်လုံးကို လက်ဝယ်ပိုင်ဆိုင်ထားသဖြင့် ရှဝေတွင် ယုံကြည်မှု အပြည့်အဝ ရှိနေမည်မှာ သေချာပေသည်။
ပါဝင်တက်ရောက်မည့် ဧည့်သည်များကို လေ့လာပြီးနောက် ကောင်းယွမ်သည် အစီအစဉ်ကို ဆက်လက် ဖတ်ရှု လိုက်လေသည်။
အစည်းအဝေးကို ရန်ယွမ်ကျီ၏ မိန့်ခွန်းဖြင့် စတင်မည်ဖြစ်ပြီး ထို့နောက်တွင် ကျိုးလဲ့က တည်းဖြတ်စက်၏ အသေးစိတ် အချက်အလက်များကို မိတ်ဆက်ပေးမည် ဖြစ်လေသည်။
ထိုအရာက လိုရင်းကို တိုက်ရိုက် ရောက်သွားစေလေသည်။
ထို့နောက်တွင် စက်မှုလုပ်ငန်း ခေါင်းဆောင်များ၏ မိန့်ခွန်းများ ပါဝင်ပြီး ကျိုးလဲ့နှင့် ကောင်းယွမ်တို့ ပူးပေါင်း၍ တရုတ်နိုင်ငံတွင် ပထမဆုံးသော ပြည်တွင်းဖြစ် ချစ်ပ်ပြားကို အပြည့်အဝ ထုတ်လုပ်ပြမည့် လက်တွေ့သရုပ်ပြမှု အစီအစဉ်လည်း ပါဝင်လေသည်။
ဆီလီကွန်ပြားများမှအစ ချစ်ပ်ပြား ဒီဇိုင်းနှင့် တည်းဖြတ်စက်များအဆုံး အရာအားလုံးသည် ရာခိုင်နှုန်းပြည့် ပြည်တွင်းဖြစ်များပင် ဖြစ်ပေသည်။
သတင်းစာရှင်းလင်းပွဲတွင် ရှဝေက ချစ်ပ်ပြားများကို "ထုတ်လုပ်" ပြခြင်းသည် တရုတ်ပြည်သူများ၏ သံသယ များကို ဖယ်ရှားရန် ရှင်းလင်းစွာ ရည်ရွယ်ထားခြင်း ဖြစ်လေသည်။
ချစ်ပ်ပြားများကို အမှန်တကယ် ထုတ်လုပ်ပြနိုင်ခြင်းက စကားလုံးများထက် ပို၍ အဓိပ္ပာယ်ရှိပေသည်။ ဤ သတင်းစာရှင်းလင်းပွဲသည် ရှဝေတွင် တည်းဖြတ်စက်များ ရှိနေပြီး ကိုယ်ပိုင်ချစ်ပ်ပြားများကို ထုတ်လုပ် တော့မည် ဖြစ်ကြောင်း ကမ္ဘာကို ကြေညာလိုက်ခြင်းပင် ဖြစ်၏။ ထောက်ပံ့မှု ပြတ်တောက်သွားခြင်းမှာ စိုးရိမ် စရာ မဟုတ်တော့ပေ။
ချစ်ပ်ပြားများကို ထုတ်လုပ်ပြီးနောက်...၊
သတင်းထောက်များနှင့် အမေးအဖြေ ကဏ္ဍပင် ဖြစ်လေသည်။ အခမ်းအနား တစ်ခုလုံးသည် သုံးနာရီခန့် ကြာ မြင့်မည် ဖြစ်၏။
အစီအစဉ်ကို လေ့လာပြီးနောက် ဤသတင်းစာရှင်းလင်းပွဲသည် သတင်းစာရှင်းလင်းပွဲ တစ်ခုထက် တရားဝင် ဆွေးနွေးပွဲ တစ်ခုနှင့် ပို၍ တူနေသည်ဟု ကောင်းယွမ် ခံစားလိုက်ရလေသည်။
သို့သော်လည်း ဤအရာက ကောင်းယွမ်နှင့် သိပ်ပြီး သက်ဆိုင်ခြင်း မရှိပေ။ သူသည် ဤနေရာသို့ မျက်နှာပြ ရန်သာ လာရောက်ခဲ့ခြင်း ဖြစ်၏။
ထို့နောက် အိမ်သို့ ပြန်နိုင်မည် ဖြစ်လေသည်။
နံနက်စာ စားပြီးနောက် ကောင်းယွမ်သည် အောက်ထပ်သို့ ဆင်းလာခဲ့ရာ ဟိုတယ်အဝင်ဝ၌ လီချင်းချွမ် စောင့် ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။
"ဥက္ကဋ္ဌကောင်း... အခမ်းအနား ကျင်းပတဲ့နေရာကို အတူတူ သွားကြတာပေါ့... ကျွန်တော် ခင်ဗျားကို အထဲ ခေါ်သွားပေးပါ့မယ်..."
ကောင်းယွမ်သည် ကားပေါ်တွင် ထိုင်လျက် လီချင်းချွမ်နှင့် တစ်လမ်းလုံး စကားပြောလာခဲ့လေသည်။ ဆယ်မိနစ် ခန့် အကြာတွင် သူတို့သည် အမျိုးသားကွန်ဗင်းရှင်းစင်တာသို့ ရောက်ရှိသွားကြ၏။
ရှဝေ၏ ကြော်ငြာကို အဝေးမှပင် ထင်ရှားစွာ မြင်တွေ့နေရလေသည်။ ၎င်းသည် ဤသတင်းစာရှင်းလင်းပွဲ အတွက် အလျင်စလို ပြင်ဆင်ထားခြင်း ဖြစ်နိုင်ပေသည်။
မီတာဆယ်ဂဏန်းခန့် မြင့်မားသော ကြော်ငြာကြီး တစ်ခုသည် အမျိုးသားကွန်ဗင်းရှင်းစင်တာ အဝင်ဝ၏ ဘေး ဘက်တွင် မားမားမတ်မတ် ရပ်တည်နေပြီး "ငါးရံ့နက် တည်းဖြတ်စက်၊ 'ချစ်ပ်ပြား' ခေတ်ကို ဦးဆောင်နေပြီ" နှင့် "ကိုယ်ပိုင် ထုတ်လုပ်နိုင်စွမ်း - ရှဝေသည် 'ချစ်ပ်ပြားစွမ်းအား' ခေတ်သို့ ဝင်ရောက်လာပြီ" ဟု ရေးသားထားလေ သည်။
ကောင်းယွမ်၏ ငါးရံ့နက် နည်းပညာကုမ္ပဏီမှာ ယခုမှသာ စတင် တည်ထောင်ထားခြင်း ဖြစ်ပေသည်။
ရှဝေက 'ငါးရံ့နက်' ကို ဤမျှ ထင်ရှားသော နေရာတွင် ရေးသားထားခြင်းကြောင့် ကောင်းယွမ် အံ့သြသွားခဲ့ရ၏။ ၎င်းသည် စေတနာကောင်းကို ပြသခြင်းပင် ဖြစ်လေသည်။ ရှဝေသည် သူနှင့် ပူးပေါင်းလိုနေဆဲ ဖြစ်သော်လည်း ရိုးရာ လက်ကိုင်ဖုန်းများကို တော်လှန်ပစ်မည့် ဆက်သွယ်ရေး ကိရိယာသစ် တစ်ခုကို တီထွင်ရန် ကောင်းယွမ် စီစဉ်ထားကြောင်းကိုမူ သူတို့ သိမထားကြပေ။
ထိုအချိန်၌ ရှဝေက သူနှင့် ပူးပေါင်းလိုသေးပါက ကောင်းယွမ်အနေဖြင့် သူတို့ကို အခွင့်အရေး တစ်ခုပေးရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။
ဗီအိုင်ပီ အဝင်ပေါက်မှတစ်ဆင့် အခမ်းအနား ကျင်းပရာနေရာသို့ ဝင်ရောက်လာခဲ့လေသည်။
သတင်းစာရှင်းလင်းပွဲမှာ မစတင်သေးသဖြင့် ကောင်းယွမ်သည် ဗီအိုင်ပီ အခန်းထဲတွင် အရေးပါသူများနှင့် တွေ့ ဆုံနေခဲ့ကြလေ၏။
သူတို့သည် ယခင်က ကောင်းယွမ် အနေဖြင့် အတူတကွ လက်ဖက်ရည်သောက်ရန် အခွင့်အရေးပင် ရနိုင်မည် မဟုတ်သော လူများ ဖြစ်ကြသော်လည်း ယခုအခါတွင်မူ သူ့ကို မြင်သူတိုင်းက ပြုံးပြကာ "ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာ ကောင်းလိုက်တာ..." ဟု ချီးကျူးနေကြလေသည်။
ထိုအရာက ကောင်းယွမ်ကို အနည်းငယ် တွေဝေသွားစေပြီး သူ့ရှေ့မှောက်ရှိ အရာအားလုံးသည် တကယ့် အစစ် အမှန် မဟုတ်သကဲ့သို့ ခံစားလိုက်ရလေသည်။
...
မကြာမီ သတင်းစာရှင်းလင်းပွဲ စတင်လာပြီး ကောင်းယွမ်သည် ဗီအိုင်ပီ အခန်းထဲမှနေ၍ အခမ်းအနား ကျင်းပရာ နေရာသို့ လျှောက်သွားလိုက်လေသည်။
ထိုနေရာတွင် လူများဖြင့် စည်ကားနေပြီး ကင်မရာများလည်း နေရာအနှံ့ ပြည့်နှက်နေလေသည်။ အဓိက မီဒီယာ ဌာနများမှ သတင်းထောက်များသည် အရှေ့ဘက်တွင် ပြည့်ကျပ်နေကြ၏။ ပထမဆုံး ခုံတန်း နှစ်တန်းမှာ ဗီအိုင်ပီ ထိုင်ခုံများ ဖြစ်ကြပြီး စားပွဲများပေါ်တွင် အမည်ကတ်များကို တပ်ဆင်ထားလေသည်။
ကောင်းယွမ်သည် သူ၏ ထိုင်ခုံကို ရှာတွေ့သွားပြီးနောက် ဝင်ထိုင်လိုက်လေသည်။
၎င်းသည် ဘယ်ဘက်ခြမ်းရှိ ပထမဆုံး ခုံတန်းပင် ဖြစ်ပေသည်။ ဤသည်မှာ ရှဝေက အထူး စီစဉ်ပေးထားခြင်း ဖြစ်နိုင်လေသည်။ ကောင်းယွမ်၏ ဘယ်ဘက်တွင် ကျိုးလဲ့ ရှိနေပြီး သူ၏ ညာဘက်တွင်မူ ရှရှင်းအပြည်ပြည် ဆိုင်ရာ၏ ဥက္ကဋ္ဌ ချန်ကျိုးကဲ ရှိနေလေသည်။
နေရာတွင် ထိုင်ပြီးနောက် ချန်ကျိုးကဲက ကောင်းယွမ်ကို ပြုံးလျက် နှုတ်ဆက်လိုက်၏။
"ဥက္ကဋ္ဌကောင်း... ခင်ဗျားက တကယ်ကို အံ့ဩစရာပဲ... ကျွန်တော်တို့က တည်းဖြတ်စက်တွေကို အချိန်အကြာ ကြီး သုတေသန လုပ်ခဲ့ပြီး (၂၂) နာနိုမီတာ နည်းပညာ အတားအဆီးကို အခုမှ ဖြတ်ကျော်နိုင်ခဲ့တာ... ဒါပေမဲ့ ခင်ဗျား ကတော့(၃)နာနိုမီတာ နည်းပညာ တည်းဖြတ်စက်ကိုတောင် အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်နေပြီ လေ... လူငယ်မျိုးဆက်သစ်တွေက တကယ်ကို ကြောက်စရာကောင်းတယ်လို့ပဲ ပြောရတော့မယ်..."
"ဥက္ကဋ္ဌချန်က နှိမ့်ချလွန်းနေပါပြီ... နောက်ထပ် နှစ်အနည်းငယ်ကြာရင် ရှရှင်းအပြည်ပြည်ဆိုင်ရာရဲ့ နည်းပညာ ကလည်း သေချာပေါက် အကြီးအကျယ် တိုးတက်လာမှာပါ..."
ချန်ကျိုးကဲက ပြုံးလိုက်သော်လည်း မည်သည့်စကားမျှ မဆိုခဲ့ပေ။
သို့သော်လည်း သူသည် ရှဝေနှင့် ငါးရံ့နက် နည်းပညာကုမ္ပဏီတို့ ပူးပေါင်း တီထွင်ထားသော တည်းဖြတ်စက်ကို မည်သည့်အခါမျှ အမှန်တကယ် မယုံကြည်ခဲ့ပေ။
စက်မှုလုပ်ငန်း ကျွမ်းကျင်သူ တစ်ဦးအနေဖြင့် တည်းဖြတ်စက် တစ်ခု တည်ဆောက်ရန် မည်မျှ ခက်ခဲကြောင်းကို ချန်ကျိုးကဲ သိရှိထားလေသည်။ တည်းဖြတ်စက်များသည် စုဆောင်းရရှိထားသော နည်းပညာများ၏ ရလဒ်ပင် ဖြစ်၏။ အလွန် တိကျသော တည်းဖြတ်စက် တစ်ခုကို အချိန်တိုအတွင်း မည်သူမဆို တည်ဆောက်နိုင်သည် ဟူ သောအချက်ကို ယုံကြည်မည့်အစား ထိန်းချုပ်ထားသော နျူကလီးယား ပေါင်းစပ်ခြင်း နည်းပညာ အောင်မြင် သွားပြီ ဟူသောအချက်ကို သူက ပို၍ ယုံကြည်ချင်မိလေသည်။
အဘယ်ကြောင့်ဆိုသော် ထူးချွန်သော အကြံဉာဏ်တစ်ခုက ထိန်းချုပ်ထားသော နျူကလီးယား ပေါင်းစပ်ခြင်းကို အကောင်အထည် ဖော်နိုင်ကောင်း ဖော်နိုင်မည် ဖြစ်သောကြောင့်ပင်။
သို့သော်လည်း တည်းဖြတ်စက်များကမူ ကွာခြားလေသည်။ ၎င်းတို့ကို ထူးချွန်သော အကြံဉာဏ် တစ်ခုတည်း ဖြင့် အကောင်အထည် ဖော်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ရှဝေသည် ဤအရာကို သက်သေပြရန် လူအများအပြားကို ဖိတ်ကြားနိုင်ခဲ့ခြင်းမှာ သူတို့၌ အားကိုးစရာ တစ်ခုခု ရှိနေ၍သာ ဖြစ်ရပေမည်။
ချန်ကျိုးကဲက အမည်ခံ (၃)နာနိုမီတာ နည်းပညာ တည်းဖြတ်စက်သည် အမှန်တကယ်တော့ ကွဲပြားသော ချဉ်းကပ်မှု တစ်ခု ဖြစ်နိုင်သည်ဟု သံသယ ဝင်နေခဲ့၏။
ဥပမာအားဖြင့် ဘီအိုအီးက သုတေသန ပြုလုပ်နေသော ကာဗွန်အခြေခံ ချစ်ပ်ပြားသည် သီအိုရီအရ (၃)နာနို မီတာ နည်းပညာ ဆီလီကွန်ချစ်ပ်ပြား တစ်ခု၏ စွမ်းဆောင်ရည်ကို ရရှိနိုင်လေသည်။ ထို့အပြင် ထုတ်လုပ်မှု လုပ်ငန်းစဉ်မှာ ဆီလီကွန် ချစ်ပ်ပြားများနှင့် နှိုင်းယှဉ်ပါက များစွာ ပို၍ ရိုးရှင်းပေသည်။
သို့သော်လည်း ကာဗွန်အခြေခံ ချစ်ပ်ပြား နည်းပညာမှာ အစုလိုက်အပြုံလိုက် ထုတ်လုပ်ရန်နှင့် လက်တွေ့ အသုံးပြုရန်အတွက် အလှမ်းဝေးနေဆဲ ဖြစ်လေသည်။ ဓာတ်ခွဲခန်းထဲတွင်ပင် ၎င်းသည် (၅) နာနိုမီတာ ချစ်ပ်ပြား များနှင့် ဆင်တူသော စွမ်းဆောင်ရည်ကိုသာ ရရှိသေးပြီး (၃) နာနိုမီတာ နည်းပညာ အစုလိုက်အပြုံလိုက် ထုတ် လုပ်နိုင်ရန်မှာ ခရီးရှည်ကြီး ကျန်ရှိနေသေး၏။
ထို့ကြောင့် သူသည် ကောင်းယွမ်ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပြီးနောက် အချက်အလက်များကို သူဘာ သာသူ စတင် လေ့လာနေခဲ့လေသည်။ ရှဝေနှင့် ငါးရံ့နက်တို့ မည်သို့ စွမ်းဆောင်ပြမည်ကို ချန်ကျိုးကဲ သိချင် နေခဲ့၏။
ခန်းကွမ်နှင့် လီမန်တို့သည် သူတို့၏ စံပြ စီစီတီဗွီ စတိုင်လ်ဖြင့် စင်မြင့်ပေါ်သို့ စတင် လျှောက်လှမ်းလာကြလေ သည်။
ကောင်းယွမ်သည် သူတို့ကို ယခင်က ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်တွင်သာ မြင်ဖူးခဲ့ခြင်း ဖြစ်ပေသည်။ ယခု သူတို့ကို လူကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါ ခန်းကွမ်၏ ကိုယ်ခန္ဓာသည် အလွန်အမင်း စံမီပြီး သွယ်လျကာ ကျက်သရေရှိသော အငွေ့အသက်များ ပါဝင်နေကြောင်း သူ တွေ့ရှိလိုက်ရလေသည်။
လီမန်သည်လည်း ဖန်သားပြင်ပေါ်မှ ပုံစံနှင့် ကွာခြားနေလေသည်။ သူမသည် အတော်လေး နုပျိုနေပုံရပြီး လူငယ်ဆန်သော စွမ်းအင်များကို ထုတ်လွှတ်နေ၏။ သူမ၏ အလုံးစုံ ပုံရိပ်သည် ထိပ်တန်း အမျိုးသမီး ကြယ်ပွင့်များနှင့် အသေအချာပင် ရင်ပေါင်တန်းနိုင်ပေသည်။
"ရှဝေအုပ်စုရဲ့ ချစ်ပ်ပြား စီးပွားရေးလုပ်ငန်း ယူနစ် တည်ထောင်ခြင်း မိတ်ဆက်ပွဲကို တက်ရောက်လာကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်... ကျွန်တော်ကတော့ ခန်းကွမ်ပါ..."
"ကျွန်မကတော့ လီမန်ပါ... ကျွန်မတို့ နှစ်ယောက်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို တင်ဆက်ပေးသွားမှာပါ... တည်းဖြတ်စက်တွေက ကျွန်မတို့ နိုင်ငံရဲ့ ဆီမီးကွန်ဒတ်တာ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအပေါ် အမြဲတမ်း ကန့်သတ်ချက် တစ်ခု ဖြစ်ခဲ့ပြီး ရှဝေအုပ်စုဟာ ထောက်ပံ့မှု ပြတ်တောက်သွားတဲ့ အကျပ်အတည်းကိုတောင် ရင်ဆိုင်ခဲ့ရပါတယ်... အခုအခါမှာတော့ ရှဝေအုပ်စုဟာ ချစ်ပ်ပြား စီးပွားရေးလုပ်ငန်း ယူနစ်ကို တည်ထောင် လိုက်ပြီဖြစ်ပြီး ချစ်ပ်ပြားတွေ ထုတ်လုပ်မယ့် သူ့ရဲ့ လက်အောက်ခံ ကုမ္ပဏီကလည်း ပြင်ဆင်မှုတွေ ပြုလုပ်နေပါ ပြီ... ဂုဏ်ယူပါတယ်... လူကြီးမင်းတို့ အများစု သိကြတဲ့အတိုင်း ရှဝေဟာ ငါးရံ့နက် နည်းပညာကုမ္ပဏီကနေ တည်းဖြတ်စက်တွေကို ဝယ်ယူခဲ့ပြီး ပထမဆုံး တည်းဖြတ်စက် ဆယ်လုံးကိုလည်း ရှဝေဆီ ပို့ဆောင်ပေးပြီး ပါပြီ... ဒါက ကျွန်မတို့ နိုင်ငံရဲ့ အလင်းဆိုင်ရာ နည်းပညာဟာ ကမ္ဘာ့ထိပ်တန်းကို ရောက်ရှိသွားပြီလို့ ဆိုလိုတာပါ ပဲ..."
"ဟုတ်ပါတယ်... ဒီသတင်းကို ကျွန်တော် ပထမဆုံး ကြားလိုက်ရတုန်းက မယုံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ ရှဝေအုပ်စုကို လာရောက်ပြီး ကိုယ်တိုင် မျက်မြင်တွေ့ရှိကာ တည်းဖြတ်စက်ကို ထိတွေ့ကြည့်လိုက်ရတဲ့အခါမှာတော့ ကျွန်တော် တော်တော်လေး အံ့သြပြီး စိတ်လှုပ်ရှားသွားခဲ့ရပါတယ်..."
...
ဤသတင်းစာရှင်းလင်းပွဲသည် ကြီးမားသော သက်ရောက်မှု ရှိခဲ့ပြီး မီဒီယာဌာနပေါင်း သုံးရာကျော် တက်ရောက် ခဲ့ကြလေသည်။ စီးပွားရေးနှင့် လွတ်လပ်သော မီဒီယာဌာန အမြောက်အမြားကို ဖယ်ရှားထားခဲ့ပြီး ပြည်နယ် အဆင့် သို့မဟုတ် ထိုထက်ပိုမြင့်သော တရားဝင် မီဒီယာများနှင့် နိုင်ငံတကာမှ နာမည်ကြီး မီဒီယာများကိုသာ အခမ်းအနား ကျင်းပရာနေရာသို့ ဝင်ရောက်ခွင့် ပြုထားခဲ့၏။
မရေမတွက်နိုင်သော လူများက ဤသတင်းစာရှင်းလင်းပွဲကို စောင့်ကြည့်နေကြလေသည်။
ထိုအရေးပါသော လူကြီးများ၏ မိန့်ခွန်းများနှင့် စကားပြောဆိုမှုများကိုမူ မည်သူကမျှ အမှန်တကယ် ဂရုမစိုက် ကြပေ။
သတင်းထောက်များသည် အဓိက အစီအစဉ် စတင်မည့်အချိန်ကို စောင့်ဆိုင်းရင်း တာဝန်အရသာ အပိုင်းတိုလေး တစ်ခု မှတ်တမ်းတင်ခြင်း သို့မဟုတ် ဓာတ်ပုံ အနည်းငယ် ရိုက်ခြင်းများကိုသာ ပြုလုပ်နေကြလေသည်။
မကြာမီ ကျိုးလဲ့သည် မတ်တပ်ရပ်လိုက်၏။ စင်မြင့်ပေါ်သို့ တက်လှမ်းသွားခဲ့လေသည်။
"အားလုံးပဲ မင်္ဂလာပါ... ကျွန်တော်ကတော့ ကျိုးလဲ့ပါ... ဆက်လက်ပြီး ငါးရံ့နက် တည်းဖြတ်စက်ရဲ့ တိကျတဲ့ အချက်အလက်တွေကို မိတ်ဆက်ပေးသွားမှာပါ... ရှဝေက တည်းဖြတ်စက်ကို တကယ်ပဲ ရရှိခဲ့တာလား ဆိုပြီး မေးခွန်းထုတ်နေတဲ့သူ တစ်ယောက်ရဲ့ စကားကို ကျွန်တော် ခုနလေးတင် ကြားလိုက်ရပါတယ်... တည်းဖြတ်စက် ဟာ ရှဝေရဲ့ ထုတ်လုပ်ရေး အလုပ်ရုံထဲကို ရောက်ရှိနေပြီ ဖြစ်ပြီး မကြာခင်မှာ ချစ်ပ်ပြား အမြောက်အမြားကို ထုတ်လုပ်သွားမယ်ဆိုတာ ကျွန်တော် ပြောနိုင်ပါတယ်... ရှဝေအနေနဲ့ ထောက်ပံ့မှု ပြတ်တောက်သွားနိုင်တဲ့ အန္တရာယ်ကို ကျော်လွှားနိုင်ခဲ့ပြီဆိုတာ ကျွန်တော် ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောပြနိုင်ပါတယ်..."
"အသေးအဖွဲ စကားတွေ ပြောတာကို တော်လိုက်ကြရအောင်... အဓိက အကြောင်းအရာကိုပဲ သွားလိုက်ကြတာ ပေါ့... ငါးရံ့နက် တည်းဖြတ်စက်ဆိုတာက ပါရမီပါတဲ့ အကြံဉာဏ်တွေ၊ အလွန်ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်း တွေနဲ့ တိကျတဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေရဲ့ ပေါင်းစပ်မှု တစ်ခုပါပဲ... အားလုံးပဲ မျက်နှာပြင်ကြီးကို ကြည့် လိုက်ကြပါ..."
"ငါးရံ့နက် အိတ်စ် (၀၁) တည်းဖြတ်စက်မှာ အောက်ပါ လက္ခဏာရပ်တွေ ရှိပါတယ်... ပထမအချက်ကတော့ အရွယ် အစား သေးငယ်တာပါပဲ..."
"ဒုတိယအချက်ကတော့ ဆက်တိုက်မဟုတ်တဲ့ ဖိုတွန်ထိတွေ့မှုနဲ့အတူ သီအိုရီအရ ထိတွေ့မှု အလင်းရင်းမြစ်ကို သုည ဒသမ တစ် နာနိုမီတာအထိ လျှော့ချနိုင်ပါတယ်..."
"တတိယအချက်ကတော့ တိကျတဲ့ ချိန်ညှိမှုပါပဲ... ငါးရံ့နက် အိတ်စ် (၀၁) ဟာ ချိန်ညှိမှုအတွက် လျှပ်စစ်သံလိုက် ထောက်တိုင်များကို ဆန်းသစ်စွာ အသုံးပြုထားတာကြောင့် အမှားအယွင်း လုံးဝ မရှိစေဖို့ သေချာစေပါတယ်... ချိန်ညှိမှုစနစ်ရဲ့ မိုက်ခရိုစကုပ်ပေါ်က မျက်မှန်တွေနဲ့ မှန်ဘီလူးတွေဟာ ရိုးရာ မှန်ဘီလူးတွေထက် ပိုမို ရှင်းလင်းပြီး ပိုမိုမြင့်မားတဲ့ ချဲ့ထွင်မှု ရှိပါတယ်..."
"စတုတ္ထအချက်ကတော့ လည်ပတ်ဖို့ လွယ်ကူပြီး အပြည့်အဝ အလိုအလျောက် စနစ်ဖြစ်ပါတယ်..."
"ပဉ္စမအချက်ကတော့ ရိုးရာ တည်းဖြတ်စက်တွေထက် ဆယ်ဆ ပိုမို ထိရောက်မှု ရှိတာပါပဲ..."
...
ကျိုးလဲ့က အကြောင်းအရာ တစ်ခုကို ဖော်ပြလိုက်တိုင်း အောက်ဘက်မှ အံ့သြသံများ ထွက်ပေါ်လာလေသည်။
သို့သော်လည်း သာမန်လူများနှင့် မတူဘဲ ကောင်းယွမ်၏ ဘေးတွင်ရှိသော ချန်ကျိုးကဲကမူ ၎င်းကို လုံးဝ မယုံ ကြည်ခဲ့ပေ။
ဤအခိုက်အတန့်တွင် သူက မျက်မှောင်ကြုတ်လိုက်၏။
*ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မဖြစ်နိုင်ဘူး... ဖိုတွန်တွေ ဟုတ်လား... အဲဒါတွေကို ဘယ်လို ဖမ်းယူမလဲ... ဘယ်လို ထုတ်လွှတ်မလဲ...*
ဘယ်လို ချိန်ညှိမှုစနစ်မျိုးက အမှားအယွင်း လုံးဝ မရှိအောင် စွမ်းဆောင်နိုင်မှာလဲ။ မှန်ဘီလူးတွေအတွက် ဘယ် လို နည်းပညာသစ်တွေ ရနိုင်လို့လဲ။
*ဒီလောက် ရှုပ်ထွေးတဲ့ ကိရိယာကို အပြည့်အဝ အလိုအလျောက် လုပ်ထားရင် အမှားအယွင်းတွေ ဖြစ်လာနိုင် တဲ့ အန္တရာယ် မရှိဘူးလား...*
*ထိရောက်မှု ဆယ်ဆတောင် ဟုတ်လား... ဟက်...*
ချန်ကျိုးကဲသည် ၎င်းကို မယုံကြည်သော်လည်း သူ၏ စိတ်ထဲတွင် ပဋိပက္ခ ဖြစ်နေခဲ့၏။ သူ၏ ပရော်ဖက်ရှင်နယ် အသိပညာက ထိုအချက်အလက်များကို အားကိုး၍ မရနိုင်ကြောင်း ပြောနေသော်လည်း သူသည် စိုးရိမ်ပူပန်နေခဲ့ လေသည်။ အကယ်၍ ၎င်းသာ အမှန်တကယ် ဖြစ်နေခဲ့လျှင်ကော။
အကယ်၍ ၎င်းသာ အမှန်တကယ် မဟုတ်ခဲ့လျှင် ရှဝေက အဘယ်ကြောင့် ဤမျှအထိ အားထုတ်ကြိုးပမ်း နေမည်နည်း။ သူက အသေးစိတ် အချက်အလက်များကိုပင် ထုတ်ပြန်ခဲ့သေးရာ သူတို့တွင် ရှက်တတ်သည့်စိတ် မရှိကြတော့ဘူးလား။
အကယ်၍ ၎င်းသာ အမှန်တကယ် ဖြစ်နေခဲ့လျှင်...
ထိုအရာက အလွန် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။ ရိုးရာ တည်းဖြတ်စက်များသည် သုံးနှစ်ပင် မပြည့်မီ ခေတ်နောက်ကျသွားမည်ကို သူ စိုးရိမ်မိလေသည်။
ချန်ကျိုးကဲကို ပို၍ သံသယဝင်သွားစေသည်မှာ တည်းဖြတ်စက်ကို ရရှိထားပြီ ဖြစ်ကြောင်း ကျိုးလဲ့၏ထွက် ဆိုချက်ပင် ဖြစ်လေသည်။
ဤသည်မှာ ကောင်းယွမ်၏ စရိုက်လက္ခဏာနှင့် ကွဲလွဲနေကြောင်း ရှင်းလင်းလှပေသည်။
ကောင်းယွမ်သည် အင်တာနက် ပရော်ဖက်ရှင်နယ် တစ်ဦး ဖြစ်လေသည်။ အင်တာနက် ပရော်ဖက်ရှင်နယ် တစ်ဦးအနေဖြင့် သူသည် အယူအဆ တစ်ခု ရရှိသည်နှင့် တစ်ပြိုင်နက် သတင်းစာရှင်းလင်းပွဲ ကျင်းပလေ့ရှိသော် လည်း ယခုအခါ အစုလိုက်အပြုံလိုက် ထုတ်လုပ်နေချိန်အထိ အသံတိတ်နေခဲ့ခြင်းမှာ... ယုတ္တိမတန်သော အပြု အမူတိုင်း၏ နောက်ကွယ်တွင် ပိုမို နက်ရှိုင်းသော လျှို့ဝှက်ချက် တစ်ခု ရှိနေရမည်သာ ဖြစ်ပေသည်။
ချန်ကျိုးကဲက ၎င်းသည် ညှိနှိုင်းဆောင်ရွက်ထားသော လူသိရှင်ကြား အာရုံစိုက်မှု ရယူသည့် လုပ်ရပ်တစ်ခုဟု သံသယဝင်နေခဲ့၏။
ဤအခိုက်အတန့်တွင်။ သတင်းစာရှင်းလင်းပွဲမှ သတင်းများသည် တက်ရောက်လာကြသော မီဒီယာများနှင့် ဧည့်သည်များ၏ လက်ကိုင်ဖုန်းများမှတစ်ဆင့် အင်တာနက်ပေါ်သို့ အဆက်မပြတ် ရောက်ရှိလာခဲ့လေသည်။
ဤကိစ္စကို အာရုံစိုက်နေကြသော အင်တာနက် အသုံးပြုသူ အများအပြားကလည်း ဗီဒီယိုတိုများနှင့် ဝေးပေါ် ပို့စ်များ အောက်တွင် မှတ်ချက်များ ချန်ထားခဲ့ကြလေသည်။
[အရင်ကတော့ ရှဝေအပေါ် အထင်ကြီးခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူ တကယ်ကို ကြွားလုံးထုတ်လွန်းသွားပြီ...]
[ဟုတ်ပါ့... ဘာလို့ ရှဝေက ဒီလို အယူအဆမျိုးနဲ့ လာကစားရတာလဲ... တကယ့် ထုတ်ကုန် အစစ်ကော ရှိလို့ လား...]