အခန်း ၂၄
Vol. 3 Ch. 24
အခန်း (၂၄)
အဆင့်မြင့်နည်းပညာသုံး အပူချိန်ထိန်းအဝတ်အစား
[ဟက်... တည်းဖြတ်စက်ကို ငါ့မျက်စိရှေ့တည့်တည့် လာချမပြသရွေ့ ငါကတော့ လုံးဝယုံမှာ မဟုတ်ဘူး...]
[ရှဝေ ကုမ္ပဏီက ငါးရံ့နက် နည်းပညာကုမ္ပဏီက ကောင်းယွမ်ရဲ့ လိမ်ညာတာကို ခံလိုက်ရတယ်လို့ ငါထင်တယ်... ကောင်းယွမ်က လူလိမ်ကြီးပဲ...]
[ရှန်းနန်ရေဘေးမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ သတင်းကို ငါ အခုလေးတင် ကြည့်လိုက်တာ... အဆင့်မြင့်နည်း ပညာသုံး အပူချိန်ထိန်းအဝတ်အစားတွေကို လှူဒါန်းခဲ့တဲ့သူကလည်း ကောင်းယွမ်ဆိုတဲ့ နာမည်နဲ့ပဲလို့ တစ် ယောက်ယောက်က ဖော်ထုတ်ထားတယ်... အဲဒီလူတွေကို ကြည့်လိုက်ပြီးရင် ဒီကောင်းယွမ်ကို ပြန်ကြည့် လိုက်စမ်းပါ... လူတွေရဲ့ စရိုက်လက္ခဏာ ကွာခြားချက်က လူနဲ့ ဝက် ကွာခြားတာထက်တောင် ပိုကြီးမားနေ သေးတယ်...]
ထိုအချိန်၌ သတင်းစာရှင်းလင်းပွဲ ကျင်းပရာ နေရာတွင်မူ။
လက်တွေ့လုပ်ဆောင်ရမည့် အဆင့်သို့ ရောက်ရှိလာခဲ့လေပြီဖြစ်၏။
အထူးဧည့်သည်တော်များမှလွဲ၍ အခြားမည်သူမျှ အစီအစဉ်ကို မသိရှိကြပေ။
ခန်းကွမ်သည် စင်မြင့်ထက်တွင် ရပ်နေပြီး သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။
"မိန့်ခွန်းပြောကြားပေးကြသော ကျွမ်းကျင်သူများအားလုံးကို ကျေးဇူးတင်ပါတယ်... ကျွန်တော်တို့ နိုင်ငံရဲ့ ဆီမီး ကွန်ဒတ်တာ စက်မှုလုပ်ငန်းအတွက် တည်းဖြတ်စက်ရဲ့ အရေးပါမှုကတော့ သံသယဖြစ်စရာ မလိုပါဘူး..."
"အနာဂတ်မျှော်မှန်းချက်တွေ အများကြီးကို ကြားသိပြီးတဲ့နောက်မှာတော့ ဒဏ္ဍာရီလာ တည်းဖြတ်စက်နဲ့ ပတ် သက်ပြီး လူတိုင်း အလွန်သိချင်နေကြပြီ ဖြစ်မှာပါ... ကောင်းပါပြီ... အားလုံးကို ဆက်ပြီး စိတ်လှုပ်ရှားအောင် မလုပ်တော့ပါဘူး... အခုဆိုရင် ရှဝေ ကုမ္ပဏီက ဥက္ကဋ္ဌ ကျိုးလဲ့နဲ့ ငါးရံ့နက် နည်းပညာကုမ္ပဏီက ဥက္ကဋ္ဌ ကောင်းယွမ်တို့ကို စင်မြင့်ထက်ကို ကြွရောက်ပေးဖို့ ဖိတ်ခေါ်ပါတယ်..."
လူအများသည် စူးစမ်းချင်စိတ်များ ဖြစ်ပေါ်လာကြ၏။ ဤလူနှစ်ဦး စင်မြင့်ထက်တွင် မည်သည့်အရာ ပြုလုပ် မည်ကို သိချင်နေကြလေသည်။
ကျိုးလဲ့နှင့် ကောင်းယွမ်တို့ စင်ပေါ်သို့ တက်သွားပြီးနောက် ဝန်ထမ်းတစ်ဦးက အနီရောင်အဝတ်ဖြင့် ဖုံးအုပ် ထားသော ကိရိယာတစ်ခုကို တွန်းတင်လာလေသည်။ ယင်းမှာ အလျား သုံးမီတာကျော်နှင့် အမြင့် နှစ်မီတာ ကျော် ရှိလေသည်။
ထိုအချိန်၌ပင် လီမန်က စတင်ပြောဆိုလာလေသည်။
"အခု တွန်းတင်လာတဲ့ အရာက ဘာလဲဆိုတာကို လူတိုင်း အလွန်သိချင်နေကြမှာပါ... အဲဒါနဲ့ ပတ်သက်ပြီး... ဥက္ကဋ္ဌကျိုးကို ရှင်းပြပေးဖို့ တောင်းဆိုချင်ပါတယ်..."
ကျိုးလဲ့က မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်လေသည်။
"ကျွန်တော်တို့ ရှဝေ ကုမ္ပဏီက ဘယ်တော့မှ စကားကိုအလွယ် မပြောပါဘူး... ဘယ်လောက်ပဲ လှပတဲ့ စကား လုံးတွေဖြစ်ဖြစ် ကိုယ်တိုင် မျက်မြင်တွေ့ရတာနဲ့တော့ ယှဉ်လို့မရနိုင်ပါဘူး... အခု အောက်မှာရှိနေတာက တည်းဖြတ်စက်ဆိုတာကို အားလုံးကို ပြောပြချင်ပါတယ်... ကမ္ဘာ့ထိပ်တန်းအဆင့်ကို ကျော်လွန်နေတဲ့ တည်းဖြတ်စက်ပါ..."
ကျိုးလဲ့ စကားပြောဆိုပြီးသွားပြီးနောက်။
ပရိသတ်များသည် စိတ်လှုပ်ရှားစွာဖြင့် ဆူညံသွားကြပြီး လူတိုင်းသည် ဗီဒီယိုရိုက်ကူးရန်နှင့် ဓာတ်ပုံရိုက်ရန် အတွက် ၎င်းတို့၏ ဖုန်းများကို ထုတ်ယူလိုက်ကြလေသည်။
ခန်းကွမ်က သူ၏လက်ကို ဝှေ့ယမ်းလျက် ပြောလိုက်လေသည်။
"အားလုံးပဲ တိတ်တိတ်နေပေးကြပါ... နောက်ထပ် အစီအစဉ်အနေနဲ့ ဥက္ကဋ္ဌကျိုးနဲ့ ဥက္ကဋ္ဌကောင်းတို့ကို အနီရောင် အဝတ်ကို ဖွင့်လှစ်ပေးဖို့ ဖိတ်ခေါ်ပါတယ်... ငါးရံ့နက် အိတ်စ်(၀၁) တည်းဖြတ်စက်ရဲ့ ပုံပန်းသဏ္ဍာန်က ဘယ်လို မျိုလဲဆိုတာကို အတူတူ ကြည့်လိုက်ကြရအောင်..."
ကျိုးလဲ့က ကောင်းယွမ်အား ဝင်ရောက်လာရန် လက်ဟန်ပြလိုက်ပြီး သူတို့နှစ်ဦးသည် တစ်ဖက်တစ်ချက်စီတွင် ရပ်ကာ ပရိသတ်ကို မျက်နှာမူလိုက်ကြလေသည်။
အနီရောင်အဝတ်၏ ထောင့်တစ်ဖက်ကို ဆွဲမလိုက်ပြီး တစ်ဦးကိုတစ်ဦး ကြည့်ကာ အတူတကွ ဆွဲခွါလိုက် ကြ ၏။
အနီရောင်အဝတ်သည် လေထဲတွင် လွင့်ခါသွားလေသည်။
ဘိုးဘေးများ စစ်ပွဲသို့ ချီတက်ရာတွင် အသုံးပြုခဲ့သော အလံနီကြီးကဲ့သို့ပင် ဖြစ်ရာ အခမ်းအနားရှိ လူများသည် ရုတ်တရက် ရင်ထဲတွင် တင်းကျပ်သွားသကဲ့သို့ ခံစားလိုက်ကြရလေသည်။
အနီရောင်အဝတ်သည် ဖြည်းညင်းစွာ ကျဆင်းသွားလေသည်။
အဖြူရောင် လေးထောင့်ပုံသဏ္ဍာန်ရှိသော တည်းဖြတ်စက်သည် နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့လေပြီ။
တည်းဖြတ်စက်၏ မော်ဒယ်နံပါတ်ကို အရှေ့ဘက်တည့်တည့်တွင် ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။ ငါးရံ့နက် အိတ်စ်(၀၁) ပင် ဖြစ်၏။
လူတိုင်း၏ အာရုံစိုက်မှုသည် တည်းဖြတ်စက်အပေါ်သို့ ကျရောက်သွားလေသည်။
အောက်ဘက်တွင် ထိုင်နေသော ချန်ကျိုးကဲ၏ မျက်လုံးများမှာ ပြူးထွက်လုမတတ် ဖြစ်သွားလေသည်။
"ဒါက တည်းဖြတ်စက်လား..."
ပရိသတ်ထဲမှ တစ်စုံတစ်ဦးက အော်ဟစ်လိုက်လေသည်။
"ဥက္ကဋ္ဌကျိုး...ဒါက ပုံစံငယ်လား ဒါမှမဟုတ် အစစ်အမှန်လား..."
ကျိုးလဲ့က ပြုံးလျက် ပြောလိုက်လေသည်။
"မေးခွန်းမေးရမယ့် အချိန် မရောက်သေးပေမယ့် ဒါက ပုံစံငယ် မဟုတ်ဘဲ အစစ်အမှန် တည်းဖြတ်စက်ဖြစ်တယ် ဆိုတာကို ကျွန်တော် ပြောနိုင်ပါတယ်... ကျွန်တော်တို့ရဲ့ မဟာဗျူဟာဌာန ဒုတိယဒါရိုက်တာ လီချင်းချွမ်နဲ့ ငါးရံ့နက် နည်းပညာကုမ္ပဏီက နည်းပညာအကြံပေးတို့က လက်ရှိမှာ စက်ပစ္စည်းတွေကို စစ်ဆေးပြင်ဆင် နေပါတယ်..."
ပရိသတ်များသည် စတင် လှုပ်လှုပ်ရွရွ ဖြစ်လာကြလေသည်။
လူတိုင်းသည် သူတို့၏ ရှေ့မှောက်ရှိ တည်းဖြတ်စက်ကို ကြည့်ရှုနေကြလေသည်။
ကျိုးလဲ့ မည်သို့လုပ်ဆောင်ရန် စီစဉ်နေသည်ကို လူတိုင်း သိချင်နေကြလေသည်။ သူသည် ဤနေရာတွင် တည်း ဖြတ်စက်ကို စတင်လည်ပတ်စေမည်လော ဟု တွေးတောနေကြ၏။
သူတို့သည် ဤနေရာတွင် ချစ်ပ်ပြားများကို တိုက်ရိုက်ထုတ်လုပ်ကြမည် မဟုတ်သည်မှာ သေချာပေသည်။
မဖြစ်နိုင်ပေ။
အထူးဧည့်သည်တော်များအားလုံးသည် အစီအစဉ်များကို ဖတ်ရှုစစ်ဆေးပြီးဖြစ်ရာ နောက်ဆက်တွဲဖြစ်လာမည့် အရာမှာ အစစ်အမှန် 'လက်တွေ့လုပ်ဆောင်မှု' ဖြစ်ကြောင်း သိရှိနေကြလေသည်။
ထို့ကြောင့် ချန်ကျိုးကဲသည် မျှော်လင့်ချက်များစွာဖြင့် စင်မြင့်ထက်သို့ ကြည့်ရှုနေလေသည်။
ထိုအချိန်၌ အစီအစဉ်တင်ဆက်သူ ခန်းကွမ်က ပြုံးလျက် ပြောလိုက်လေသည်။
"ဥက္ကဋ္ဌကျိုး... တည်းဖြတ်စက်က ဒီနေရာကို ရောက်နေပါပြီ... တည်းဖြတ်စက် ဘယ်လို အလုပ်လုပ်သလဲဆိုတာ ကို ကျွန်တော်တို့ကို သရုပ်ပြသွားမှာပါလားခင်ဗျာ..."
ကျိုးလဲ့က ပြုံးလိုက်လေသည်။
"သေချာတာပေါ့... ဥက္ကဋ္ဌကောင်းနဲ့ ကျွန်တော်က စွမ်းဆောင်ချက်တစ်ခုကို ပြီးမြောက်ဖို့ ဒီနေရာကို တက်လာ ခဲ့တာပါ... ဒီအရာက ကမ္ဘာ့အဆင့်မှာ အရင်က တစ်ခါမှ မလုပ်ဖူးသေးတဲ့ စွမ်းဆောင်ချက်တစ်ခုပါပဲ..."
လီမန်က မျှော်လင့်တကြီးဖြင့် မေးလိုက်လေသည်။
"ဘယ်လိုမျိုး စွမ်းဆောင်ချက်များလဲ..."
ကျိုးလဲ့က ကောင်းယွမ်ထံသို့ မိုက်ခရိုဖုန်းကို ကမ်းပေးလိုက်လေသည်။
"ဥက္ကဋ္ဌကောင်း... ခင်ဗျားပဲ ပြောလိုက်ပါ..."
ကောင်းယွမ်သည် ခေတ္တမျှ တန့်သွားပြီးနောက် မိုက်ခရိုဖုန်းထဲသို့ ပြောလိုက်လေသည်။
"ဒါက ဥက္ကဋ္ဌကျိုးရဲ့ စိတ်ကူးပါ... သူက ဒီသတင်းစာရှင်းလင်းပွဲမှာ ရှဝေရဲ့ ပထမဆုံး ချင်လုံ အေ (၉၀၀၀+) ချစ်ပ် ပြားကို ထုတ်လုပ်ချင်နေတာပါ... လူတိုင်းသိကြတဲ့အတိုင်း ရှဝေဟာ ယခင်က ချင်လုံ အေ (၉၀၀၀) ကို ရုံယို အီလက်ထရွန်းနစ်ကနေ ထုတ်လုပ်ခဲ့ပေမယ့် အဲဒါက လွန်ခဲ့တဲ့ နှစ်နှစ်ကပါ... "
"ချင်လုံ အေ (၉၀၀၀+) ဆိုတာက ငါးရံ့နက် အိတ်စ်(၀၁) တည်းဖြတ်စက်အတွက် အထူးသီးသန့် အေ (၉၀၀၀) ကနေ ပြုပြင်ပြောင်းလဲထားတဲ့ ချစ်ပ်ပြားတစ်ခုပါပဲ... သူ့ရဲ့ စွမ်းဆောင်ရည်က အေ (၉၀၀၀) ထက် (၁၄၀) ရာခိုင် နှုန်း ပိုမြင့်မားပါတယ်... ဒီအရာ က ကမ္ဘာပေါ်က တခြားအရာတွေထက် သာလွန်တဲ့ စွမ်းဆောင်ရည်နဲ့အတူ ရာနှုန်းပြည့် ပြည်တွင်းမှာ ထုတ် လုပ်တဲ့ ပထမဆုံး အဆင့်မြင့်ချစ်ပ်ပြားပါပဲ..."
"သတင်းစာရှင်းလင်းပွဲမှာ ပထမဆုံး ချစ်ပ်ပြားကို ထုတ်လုပ်ခြင်းက အခြားအရာအားလုံးထက် ပိုပြီး အဓိပ္ပာယ်ရှိ တယ်လို့ ဥက္ကဋ္ဌကျိုးက ယုံကြည်ထားပါတယ်... ဘာဖြစ်လို့လဲဆိုတော့ ဒီအရာက ဆီမီးကွန်ဒတ်တာ ခေတ်သစ် ကြီးတစ်ခု မကြာမီ ရောက်ရှိလာတော့မယ်ဆိုတာကို ရည်ညွှန်းနေလို့ပါပဲ..."
စကားပြောဆိုပြီးနောက် ကောင်းယွမ်သည် ကျိုးလဲ့အား ကြည့်လိုက်လေသည်။
ကျိုးလဲ့က ဆက်လက်ပြောဆိုလေသည်။
"ကျွန်တော်တို့ကို ဒီနေရာမှာ ကြိုးစားခွင့်ပေးတဲ့ ငါးရံ့နက် နည်းပညာကုမ္ပဏီနဲ့ သုတေသီများကို ကျေးဇူးတင်ပါ တယ်... ကြိုးစားမှုတိုင်းမှာ အန္တရာယ်တွေ ရှိတတ်ပါတယ်... ဒါပေမဲ့ ရှဝေက အန္တရာယ်တွေကို ရင်ဆိုင်ပြီး စိန်ခေါ်မှုတွေကို လက်ခံဖို့ အမြဲတမ်း ဆန္ဒရှိတဲ့ ကုမ္ပဏီတစ်ခုပါ... ဒီအရာက စီအီးအိုရန်က ရှဝေမှာ ထည့်သွင်း ပေးခဲ့တဲ့ မျိုးရိုးဗီဇတစ်ခုပါပဲ..."
"နောက်ထပ်အနေနဲ့ ဥက္ကဋ္ဌကောင်းနဲ့ ကျွန်တော်တို့က ပထမဆုံး ချစ်ပ်ပြားကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ထုတ် လုပ်သွားမှာပါ... ဥက္ကဋ္ဌကောင်း ခုနက ပြောခဲ့သလိုပဲ ဒီချစ်ပ်ပြားက အလွန်ကြီးမားတဲ့ အဓိပ္ပာယ်ရှိပါတယ်... မကြာသေးမီနှစ်တွေအတွင်း ရှဝေ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို လူတိုင်း သိကြပါတယ်... "
"အကြောင်းပြချက်တချို့ကြောင့် ကျွန်တော်တို့တွေ အဆင့်မြင့်ချစ်ပ်ပြားတွေကို ဝယ်ယူနိုင်ခြင်း မရှိခဲ့ပါဘူး... မနှစ်က ကျွန်တော်တို့ တချို့ အောင်မြင်မှုတွေကို ရရှိခဲ့ပေမယ့် အဆင့်မြင့်ချစ်ပ်ပြားတွေနဲ့ဆိုရင် အလှမ်းဝေးနေ ဆဲပါ... ဒီသတင်းစာရှင်းလင်းပွဲမှာ ချစ်ပ်ပြားကို စမ်းသပ်ထုတ်လုပ်တာက ထောက်ပံ့မှုကို ဖြတ်တောက်ခဲ့တဲ့ သူ တွေကို ပြသဖို့ပါပဲ... "
"ကျွန်တော်တို့ကို အနိုင်ယူနိုင်တဲ့အရာတွေက နောက်ဆုံးမှာ ကျွန်တော်တို့ရဲ့ အောင်မြင်မှုဆီ သွားရာ လမ်းပေါ်က လမ်းညွှန်သင်္ကေတတစ်ခုပဲ ဖြစ်လာမှာပါ... ကျွန်တော်တို့ကို အောင်မြင်မှုဆီ လမ်းညွှန်ပေးသွားမှာပါ..."
ထိုသို့ပြောပြီးနောက် သူသည် ကောင်းယွမ်အား ကြည့်လိုက်လေသည်။
"ဥက္ကဋ္ဌကောင်း... ကျွန်တော်တို့ စလိုက်ကြမလား..."
ကောင်းယွမ်က ခေါင်းညိတ်ပြလိုက်၏။
ထိုအချိန်၌ လီချင်းချွမ်သည် ဆီလီကွန်အချပ်ပြားများပါရှိသော ဗန်းတစ်ခုကို ယူဆောင်လာခဲ့လေသည်။ ကျိုးလဲ့ က ဗန်းကို လှမ်းယူလိုက်လေသည်။
"ဒီအရာတွေက မော့ကျင်း ရှင်သန်မှုအသစ် အုပ်စုက ထုတ်လုပ်ထားတဲ့ အချပ်ပြားတွေပါ... သန့်စင်မှုက (၉၉. ၉၉၉၉၉၉) ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်ပါတယ်..."
ကျိုးလဲ့၏ စကားများကို ကြားသောအခါ ချန်ကျိုးကဲသည် မျက်မှောင်ကြုတ်သွားလေသည်။
*ပြည်တွင်းနည်းပညာက လိုအပ်ချက်တွေ ရှိနေတုန်းပဲ... နိုင်ငံတကာမှာ အဆင့်မြင့်ချစ်ပ်ပြားတွေအတွက် ကုန်ကြမ်းတွေရဲ့ သန့်စင်မှုက (၁၁) အင်န် အထိ ရောက်ရှိနိုင်တယ်... မော့ကျင်း ရှင်သန်မှုအသစ် အုပ်စုက ရှနိုင်ငံမှာ ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်နေဆဲဆိုပေမယ့် သူရဲ့ သန့်စင်မှုက (၈) အင်န် ပဲ ရှိသေးတယ်...*
*(၈) အင်န် အချပ်ပြားတွေကို အသုံးပြုပြီး အဆင့်မြင့်ချစ်ပ်ပြားတွေ ထုတ်လုပ်ဖို့ကတော့ နည်းနည်း ခက်ခဲ နေတုန်းပါပဲ...*
ပရိသတ်ထဲတွင် ကျွမ်းကျင်သူများနှင့် ပြည့်နှက်နေပြီး ဤစမ်းသပ်မှုသည် အလွန်ခက်ခဲကြောင်းကို ကျိုးလဲ့၏ စကားများမှတစ်ဆင့် သူတို့ သိရှိနိုင်ကြလေသည်။
ထိုမျှလောက် အမွှမ်းတင်ပြီးနောက် နောက်ဆုံးစမ်းသပ်မှုတွင် ရှဝေ၏ ချင်လုံချစ်ပ်ပြားသည် စွမ်းဆောင်ရည် အလုံအလောက် မကောင်းမွန်ကြောင်း ပြသနေပါက ယင်းမှာ အမှန်တကယ် ပြဿနာတစ်ရပ် ဖြစ်လာပေလိမ့် မည်။
သာမန် အင်တာနက်အသုံးပြုသူများသည် ကုန်ကြမ်းများ လုံလောက်စွာ သန့်စင်မှုရှိ၊ မရှိကို ဂရုမစိုက်ကြပေ။ သူတို့သည် နောက်ဆုံးရလဒ်ကိုသာ ဂရုစိုက်ကြပြီး ၎င်းက သင်သည် အသုံးမကျကြောင်းကိုသာ ပြသနေမည် ဖြစ်သည်။
သို့သော်လည်း ကျိုးလဲ့တွင် ထိုမျှလောက် စိုးရိမ်ပူပန်မှုများ ရှိမနေကြောင်း သိသာထင်ရှားလှပေသည်။
"ငါးရံ့နက် အိတ်စ် (၀၁) တည်းဖြတ်စက်က ဉာဏ်ရည်တု စက်လည်ပတ်မှုစနစ်ကို အသုံးပြုထားပါတယ်... ခင်ဗျားတို့အနေနဲ့ အချပ်ပြားကို တပ်ဆင်လိုက်ဖို့ပဲ လိုအပ်ပြီး တည်းဖြတ်စက်က အလွှာဖြတ်တောက်ခြင်းကနေ စတင်ပြီး အလုပ်လုပ်သွားမှာပါ..."
"အလွှာဖြတ်တောက်တဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ကတော့ အလွန်အဆင့်မြင့်တဲ့အတွက် ကျွန်တော် အသေး စိတ် မပြောတော့ပါဘူး... ချစ်ပ်ပြားထုတ်လုပ်ရေးအတွက် လုပ်ငန်းစဉ်အားလုံးက တည်းဖြတ်စက်အတွင်းမှာ အလိုအလျောက် ပြီးမြောက်သွားတာပါ... ဒီအချက်ပြမီးကို ခင်ဗျားတို့ မြင်နိုင်ပါတယ်... ဆိုလိုတာက အမြှေး ပါးအုပ်ခြင်းကို စတင်လိုက်ပြီဆိုတဲ့ သဘောပါပဲ..."
ကောင်းယွမ်သည်လည်း ဘေးဘက်တွင် ရပ်နေလေသည်။
"ဓာတ်ပုံဆေးခြင်း၊ ပုံဖော်ကူးယူခြင်း..."
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ကောင်းယွမ်အတွက်မူ လုပ်ငန်းစဉ်တစ်ခုလုံးမှာ အလွန်အမင်း ပျင်း စရာကောင်းလှပေသည်။
သို့သော် အခမ်းအနားတွင် မည်သည့် ဆူညံသံမျှ လုံးဝ ထွက်ပေါ်မလာခဲ့ပေ။ အသက်ရှူသံကိုသာ ကြားရနိုင် လောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။
လူတိုင်း၏ အာရုံစိုက်မှုသည် စင်မြင့်ထက်ရှိ တည်းဖြတ်စက်အပေါ်သို့ ကျရောက်နေလေသည်။
ချန်ကျိုးကဲသည်လည်း ကြည့်ရှုနေလေသည်။
ထိုအချိန်၌ တာ့မီနည်းပညာကုမ္ပဏီမှ လဲ့ကျန်းကျွင်းက ကိုင်းညွတ်လာကာ မေးလိုက်လေသည်။
"ဥက္ကဋ္ဌချန်... ကျွန်တော်တို့ တကယ်ပဲ နေရာမှာတင် ချစ်ပ်ပြားကို ဖန်တီးနိုင်မှာလား..."