အခန်း ၉၈၄
Vol. 51 Ch. 984
အခန်း ၉၈၄။ စံပြပုဂ္ဂိုလ်အပေါ် လေးစားမှု
ကျိပိုင်လိ၏စကားများကြောင့် ရှဲ့ချောင်ရင်ထဲတုန်လှုပ်သွားရကာ စိတ်လွတ်ခါနီးအထိပင်။
“မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့လက်ရာတွေ?”
သူမ ဘဝမကျဖြစ်သွားပြီး
“အဲ့ဒီလိုလက်ရာကောင်းတွေရှိတယ်ဆိုရင် နောက်မျိုးဆက်တွေအတွက်ပဲ သိမ်းထားတော့မှာပေါ့၊
ကျွန်မသာ မီးရှို့ပစ်လိုက်ရင် ပျောက်ကုန်မယ်လေ”
“ဟူး ဒါလည်းဟုတ်တာပဲ.. အဲဒါဆို မင်းငါ့အတွက် ကူးရေးပေးရင်ရော.. ၊ ငါတို့တစ်မိသားစုလုံးက ပညာတတ်တွေနဲ့ပြည့်နေတာ၊ ဒီနှစ်တွေတစ်လျှောက်လုံး ငါရဲ့အရည်အချင်းတွေပျောက်
ကုန်မှာစိုးလို့ ဝိဉာဉ်ပေါက်စလေးတွေကို ခေါ်ခေါ်ပြီးသင်ပေးနေရတယ် အဲတော့မှ မေ့မသွားမှာလေ”
ကျိပိုင်လိက ထပ်ပြောသည်။
ရှဲ့ချောင်က ခဏတာနှုတ်ဆိတ်သွားပြီး
“ကျွန်မအချိန်ရရင် လူငှားပြီးရေးခိုင်းလိုက်မယ်၊ ရှင့်ရဲ့မျိုးဆက်တွေ့ရှာပြီဆို ရှင့်အတွက်မီးရှို့ပေးမယ်”
သူ အောက်ဘုံကိုရောက်သည်နှင့် ချက်ချင်းပြန်ဝင်စားနိုင်ဦးမည်မဟုတ်။ စာအုပ်ဖတ်ရင်း အချိန်ကုန်နိုင်ပေသည်။
“ကျေးဇူးတင်ပါတယ်”
ကျိပိုင်လိက အတော်လေးဖော်ရွေနေ၏။
“ဒီနေ့ အောက်ထပ်ကဆိုင်ရှင်ချန်ဆီက ကြားတာ မင်းကတာအိုဆရာတစ်ယောက်တင်မကဘူး
စာပေပညာရှင်လီရှီးယန်ရဲ့တပည့်လည်း ဟုတ်တယ်ဆို၊ အံ့ဩစရာကောင်းချက်၊ ငါလည်း အဲဒီလီရှီးယန်ဆိုတဲ့သူကို ကြားဖူးတယ်၊သူက အင်မတန်အရည်အချင်းရှိတဲ့သူတစ်ယောက်”
“ကျွန်မဆရာက အစွမ်းထက်ပေမဲရှင့်ကို အရမ်းလေးစားအားကျတာ”
ရှဲ့ချောင်က အမှန်အတိုင်းပြောပြ၏။
ဤကျိပိုင်လိသည် ပိုင်လိမိသားစုတွင် အင်အားအကြီးဆုံးဟု သတ်မှတ်လို့ရ၏။
သူဟာ ကမ္ဘာ့မြေပုံကို
ပထမဆုံးတီထွင်သူတစ်ယောက်ဖြစ်သလို ပိုင်လိမိသားစု၏ ခေါင်းဆောင်လည်းဖြစ်သည်။
ဘယ်လိုလုပ်ပြီး သာမန်ဖြစ်နိုင်မှာလဲ?
“ ငါတို့က ရေစက်ပါတယ်လို့ပြောလို့ရတယ်၊ မင်း
က ပညာရှင်ကြီးရဲ့တပည့်ဆိုမှတော့ မင်းရဲ့အရည်အချင်းလည်း သိပ်ပြီးမဆိုးလောက်ဘူး၊ ပန်းချီတစ်ခုခုဆွဲကြည့်ပါလား၊ ကြည့်ကြည့်ရအောင်”
ကျိပိုင်လိသည် ယဉ်ကျေးမှုတွေဘာတွေမရှိ တောင်းဆိုလေသည်။
ရှဲ့ချောင်သူ့ကို တစ်ချက်ကြည့်လိုက်ပေမဲ့ နောက်ဆုံးတော့ သူ့ညွှန်ကြားအချက်အတိုင်း လိုက်နာခဲ့၏။
တကယ်တော့ သူမပင်ပန်းနေလေပြီ။
သူမက ဝိဉာဉ်ဆင့်ခေါ်ခြင်းအတွက်လည်း ပြင်ဆင်ရသေးသည်။ တစ်နေကုန်ပြေးလွှားပြီးတဲ့နောက် အနည်းငယ် မူးနောက်နောက်ဖြစ်လို့နေသည်။
သို့သော် သူမအရှေ့မှာရှိနေသူက ကျိပိုင်လိဖြစ်နေ၏။
သူမသည် ငယ်ငယ်ကတည်းစာပေများကိုဖတ်ရှုခဲ့ရာ ပိုင်လိမိသားစုအကြောင်းများစွာကြားဖူးသည်။ သူမဆရာကလည်း ပိုင်လိမိသားစု၏ လက်ရာများကိုပြဖူးသည်။ ၎င်းတို့သည် လူအများလေးစားရသည့်အရာများဖြစ်ကာ သူမအင်မတန်သဘောကျပေသည်။
ထိုကြောင့် ကျိပိုင်လိက သူမကိုဘာမှမပေးလျှင်တောင် သူမကူညီဦးမှာပင်။
၎င်းက.. သူမရဲ့စံပြပုဂ္ဂိုလ်အပေါ်.. လေးစားမှုဟု ယူဆလို့ရသည်။
“ကျွန်မရဲ့ကျန်းမာရေးက ကောင်းတာမဟုတ်ဘူး၊ တစ်နေကုန်ပင်ပန်းထားတော့ ပန်းချီဆွဲတဲ့အချိန် လက်မငြိမ်မှာစိုးတယ်”
ရှဲ့ချောင်က သူမရဲစုတ်တံကိုမချခင် အရင်ဆုံးပြောပြလိုက်သည်။
ကျိပိုင်လိက ခေါင်းညိတ်၍
“ပြဿနာမရှိဘူး၊ အရင်ကြည့်ကြည့်မယ်”
ဆရာမမော့သာ တကယ်အရည်အချင်းရှိတယ်ဆိုလျှင် သူမက အိပ်ယာပေါ်မှာလဲပြီး မျက်လုံးများကိုပိတ်၍ မိခင်ကိုလိုက်ရှာနေသည့် တီကောင်တစ်ကောင်လိုဆွဲထားတယ်ဆိုလျှင်တောင်
အနှီလူက အရည်အချင်းရှိလားမရှိလား သူပြောနိုင်သည်။
ရှဲ့ချောင်က စဉ်းစားကြည့်လိုက်ပြီး သစ်ခွပန်းတစ်ပွင့်ပုံဆွဲလိုက်သည်။
သစ်ခွသည် ရိုးရှင်းသည်ဆိုသော်ငြား လူတစ်
ယောက်၏ စုတ်တံထိန်းချုပ်နိုင်ခြင်းအပေါ်စမ်းသပ်သည်။
သူမ စတင်ရေးဆွဲသည်နှင့် ကျိပိုင်လိ ထိတ်လန့်သွားရသည်။
ဤဆရာသည် ပန်းချီပညာမှာမကျွမ်းကျင်လောက်ဘူးဟု ထင်ထားခဲ့ပေမဲ့ ယခုလို ချောချောမွေ့မွေ့ရေးဆွဲနိုင်ရုံမက သူမ၏စုတ်ချက်တို့ကပါ လက်ရာမြောက်နေမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမ၏ စုတ်ချက်တို့က ရွေ့လျားနေသည့်တိမ်စိုင်တို့သဖွယ် အပူအပင်ကင်းကာ အမြင်အေးလှပေသည်။
သူမက မျိုးကောင်းတစ်စေ့ပင်။
“မင်းရဲ့အရည်အချင်းက တကယ်မဆိုးဘူး၊ ငါ့မိသားစုထဲကကောင်တွေတောင် မင်းကိုမယှဉ်နိုင်လောက်ဘူး.. “ ကျိပိုင်လိက မနာလိုဖြစ်နေလေသည်။
သူအစက ဂုဏ်ယူနေသေးပေမဲ့ ယခုဤရိုးရိုးရှင်းရှင်းပန်းချီကားတစ်ချက်ကို မြင်ပြီးနောက် သူသေသွားသည်မှာကြာလွန်းပြီဖြစ်၍ လောကကြီးကပြောင်းလဲသွားပြီဟု ခံစားလိုက်ရသည်။
တာအိုဆရာတစ်ယောက်ကတောင် ဒီလိုဆွဲနိုင်တယ်တဲ့လား?
ရှဲ့ချောင်သည် ဘေးကနေကဗျာတစ်ပုဒ်တောင် ရေးထားသေး၏။
ထိုကဗျာကိုဖတ်ပြီးနောက် ကျိပိုင်လိပိုပြီး
တိတ်ဆိတ်သွားသည်။
“မင်းရဲ့နည်းလမ်းတွေက တကယ်ကောင်းတယ် ပြီးတော့ စုတ်ချက်တွေကလည်းတည်ငြိမ်တယ်၊ ငါမြင်ရသလောက်ဆို မင်းကနည်းနည်းအသက်ရှုမဝဖြစ်နေရုံရယ်၊ ဒါကလည်း မင်းပင်ပန်းနေလို့ဖြစ်မှာပါ၊ ဒါပေမဲ့ မင်းကိုအပြစ်တင်လို့မရဘူး၊ ပြစ်ချက်ရှိတယ်ဆိုရင်တောင်.. မင်းရဲ့မင်ရောတဲ့အရည်အချင်းက သိပ်မကောင်းလို့ပဲ ပြီးတော့မင်ကလည်း မလုံလောက်ဘူး၊ နောက်ပြီး ဒီစုတ်တံနဲ့မင်က ကွာခြားချက်အကြီးကြီးဖြစ်စေနိုင်တယ်၊ မင်းအနေနဲ့ ကောင်းတဲ့စုတ်တံ၊ မင်၊ စက္ကူ၊ မင်သွေးကျောက်တွေဝယ်သင့်တယ်၊ မင်းရဲ့ဘေးမှာ မင်သွေးတော်တဲ့အစေခံတစ်ယောက်လည်း ရှိသင့်တယ်၊ အကျဉ်းချုံးပြောရရင် ဒီလူအိုကြီးနဲ့ယှဉ်ရင်တော့ မင်းရဲ့စုတ်ချက်တွေက မရင့်ကျက်သေးပေမဲ့ မင်းရဲ့အသက်အရွယ်နဲ့ဆို ကောင်းနေပါပြီ”
ကျိပိုင်လိသည် ချီးကျူးသည့်နေရာမှာ တွန့်တိုနေခြင်းမရှိ။
“မင်းရဲ့ဒီပန်းချီကားကို ငွေအများကြီးနဲ့ရောင်းလို့ရဲ့သားနဲ့ ဘာလိူ့ ဆင်းရဲနေရတာလဲ”
ကျိပိုင်လိက မနေနိုင်ဘဲထပ်မေးပြန်၏။
ဆရာမမော့မှာရှိသည့် စုတ်တံ၊ မင်၊ စက္ကူနှင့် မင်သွေးကျောက်တို့သည် သိပ်ပြီးမကောင်းနေတာတော့ အမှန်ပင်။ ချမ်းသာသည့် လက်ရေးလှဆရာများနှင့် အနုပညာရှင်တို့က အကောင်းဆုံးအရာတွေကိုသာ ရွေးချယ်ရမည်လိုတော့မဟုတ်ပေမဲ့ ဒီလိုမှပဲ သူတို့ရဲ့လက်ရေးလှနှင့် ပန်းချီများက တန်ကြေးရှိပေမည်။
••••••