← Chapters

အခန်း ၉၆၁

Vol. 49 Ch. 961

အခန်း ၉၆၁

Vol. 49 Ch. 961

အပိုင်း (၉၆၁) လင်ကျောင်းမြို့မှ ကြွင်းကျန်ရစ်သူများ

"ဒေါက်တာအန်း... ဒီတစ်ခေါက်တော့ ဘာပဲဖြစ်ဖြစ် ထိုက်ယန်တောင်ရဲ့ အန္တရာယ်ကို နတ်ဘုရားဆီ သေချာရှင်းပြမှ ရတော့မယ်... တကယ်လို့များ နတ်ဘုရားက လင်းယွမ်ကို အထင်သေးမိသွားရင် နောက်ဆက်တွဲ ရလဒ်တွေက တွေးရဲစရာတောင် မရှိဘူး"

"ဟုတ်တယ် ဒေါက်တာအန်း... ကျွန်တော်တို့ သိထားသလောက်ဆိုရင် အခု လင်းယွမ်ရဲ့ အင်အားက ကျန်းနန်ပြည်နယ် တစ်ခုလုံးကိုတောင် လွှမ်းမိုးနေပြီ... ခိုက်ရီနည်းပညာနဲ့ မုန်ယာကုမ္ပဏီတို့တောင် သူ့လက်အောက် ရောက်နေလောက်ပြီ"

"တစ်ခေတ်တစ်ခါက ဘဝင်မြင့်ခဲ့တဲ့ ကျင်းရှီရုံတောင် သူ့လက်ထဲမှာ သေသွားရတာ"

နတ်ဘုရားနန်းတော် အပြင်ဘက်တွင် လူများ ပြည့်နှက်နေပြီး ထိုလူများအားလုံး၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေသော အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေသည်။

ဦးဆောင်နေသူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏ ဘေးတွင်မူ တောင့်တင်းခိုင်မာသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် လူငယ်တစ်ဦး ရှိနေသည်။

ထိုလူငယ်၏ မျက်နှာထားက တည်ငြိမ်နေသော်လည်း အမျိုးသမီး၏ အမူအရာကမူ အနည်းငယ် စိုးရိမ်ပူပန်နေပုံရ၏။

ဒေါက်တာအန်းသည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော အဘိုးအိုတစ်ဦး ဖြစ်သော်လည်း သူ၏ မျက်လုံးများကမူ လင်းယုန်ငှက်တစ်ကောင်ကဲ့သို့ စူးရှထက်မြက်နေသည်။

သူ၏ ဘေးတွင် အစွမ်းပိုင်ရှင် ထိပ်သီးအချို့ ရပ်နေကြပြီး ထိုအထဲမှ တစ်ယောက်ကမူ ရေနတ်ဘုရားဂိုဏ်း၏ ယခင်ဂိုဏ်းချုပ် ဖိန်ယွမ်ဟူပင် ဖြစ်သည်။

ယခုအချိန်တွင် ဖိန်ယွမ်ဟူက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်... ယခင်က လင်းယွမ်ထံမှ သူ၏ ဝိညာဉ်အပိုင်းအစကို ပြန်လည်ရွေးဝယ်ပြီးနောက်ပိုင်း ရေနတ်ဘုရားဂိုဏ်းမှ အသက်ရှင်လျက် လွတ်မြောက်လာသူ အနည်းငယ်ထဲတွင် သူလည်း တစ်ယောက်အပါအဝင် ဖြစ်လာခဲ့သည်။

(ဖိန်ယွမ်ဟူ ဆိုတာက ဝိဉာဉ်ကို ခွဲထုတ်၊ သန္ဓေပြောင်းသားရဲရဲ့စိတ်ထဲထည့်ပြီး မိုးကြိုးတိမ်တိုက်တွေအပေါ်မှာ ဘာရှိလဲဆိုတာကို လေ့လာဖို့ စစ်တပ်နဲ့ပူးပေါင်းထားတဲ့သူဖြစ်ပါတယ်။ ဂျိုးငှက်စစ်တပ် လင်းယွမ်လက်အောက်ရောက်တော့ ဖိန်ယွမ်ဟူက ဘယ်ရောက်သွားမှန်းမသိပဲ ပျောက်သွားတာပါ)

နောင်တစ်ချိန်တွင် လင်းယွမ်က ကွမ်ဖူစစ်ဒေသနှင့် ဆက်ဆံရေး ပျက်ပြားသွားပြီး ကွမ်ဖူတစ်ခုလုံးကို ရှင်းလင်းပစ်ခဲ့စဉ်က ဖိန်ယွမ်ဟူသည် အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။

သူက ဤနေရာသို့ ရောက်ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

ဖိန်ယွမ်ဟူက အမျိုးသမီးကို လှမ်းကြည့်လိုက်ပြီး "ရှူကျန့်ယွဲ့... ငါတို့က အခု အရမ်းကြီးမားတဲ့ အန္တရာယ်ကို စွန့်စားနေရတာ... မင်းပြောခဲ့တဲ့ စကားတွေထဲမှာ အလိမ်အညာ တစ်ခွန်းမှ မပါဘူးဆိုတာ သေချာမှဖြစ်မယ်"

ရှူကျန့်ယွဲ့က စိတ်လှုပ်ရှားစွာဖြင့် "ကျွန်မ မိုးမြေကို တိုင်တည်ပြီး ကျိန်ရဲပါတယ်... ကျွန်မ ပြောသမျှ အကုန်လုံးက အမှန်တွေချည်းပါပဲ... တကယ်တော့ ရှင်တို့ လူလွှတ်ပြီး နည်းနည်းလောက် စုံစမ်းကြည့်လိုက်တာနဲ့ အခုလက်ရှိ ထိုက်ယန်တောင် ခိုလှုံရေးစခန်းက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေပြီလဲ ဆိုတာ သိရမှာပါ"

သူမက ဘေးတွင်ရပ်နေသော လူငယ်ကို လှည့်ကြည့်လိုက်ပြီး အလျင်စလို ပြောလိုက်သည်။ "ဝူမုန့်... နင်လည်း တစ်ခုခု ပြောလေ"

ဝူမုန့်က တည်ငြိမ်သော မျက်နှာထားဖြင့် ခေါင်းအနည်းငယ် ညိတ်ပြကာ "သူ ပြောတာတွေ အကုန်လုံး အမှန်တွေပဲ"

"ငါ မယုံဘူး... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဖိန်ယွမ်ဟူ စကားမစရသေးမီမှာပင် ဘေးတွင်ရှိနေသော ဟော်ကော်တုန်းက မနေနိုင်ဘဲ ဝင်အော်လိုက်သည်။

ဟော်ကော်တုန်း၏ ဘေးတွင်ရှိနေသော လူအချို့သည်လည်း မနေနိုင်ဘဲ ဝင်ရောက်ဆွေးနွေးလာကြသည်။

ယဲ့ကျိရွှမ်က ဝင်ပြောလိုက်သည်။ "လင်းယွမ်က အစွမ်းထက်တယ်ဆိုပေမယ့် အရင်တုန်းက... သူက ငါတို့ ဂိုဏ်းချုပ်ထက် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ခြေတစ်လှမ်းစောပြီး ရောက်သွားရုံလေးပဲလေ"

"အဲ့ဒီအချိန်ကနေ အခုထိ အချိန်ဘယ်လောက်တောင် ကြာသေးလို့လဲ... ဂျိမ်းစ် နဲ့ ကျင်းရှီရုံ လို ထိပ်သီးတွေကို သူက ဘယ်လိုလုပ်ပြီး ယှဉ်တိုက်နိုင်မှာလဲ... ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ဟန်ထင်ကျုံးကလည်း ဝင်ပြောလိုက်သည်။ "ဟုတ်တယ်လေ... ကျင်းရှီရုံဆိုတာ ဘယ်လိုလူမျိုးလဲ... သူက ပုံတူကူးချအစွမ်းကို ပိုင်ဆိုင်ထားတဲ့သူနော်... နတ်ဘုရားတောင် တောင်ဘက်ပိုင်းကို သွားပြီး မုန်ယာကုမ္ပဏီနဲ့ ပြဿနာဖြစ်တာမျိုး ရှားတယ်"

"ဂျိမ်းစ်ကရော... သူက တိတ်ဆိတ်ဇုန် အစွမ်းကို ပိုင်ဆိုင်ထားသူလေ... အစွမ်းပိုင်ရှင် အားလုံးရဲ့ ရန်သူတော်ကြီးလို့တောင် ပြောလို့ရတယ်... လင်းယွမ်က သူတို့ကို ရင်ဆိုင်နိုင်ဖို့ ဘယ်ကနေ အစွမ်းတွေ ရလာတာလဲ ဆိုတာ ငါတော့ စဉ်းစားလို့ကို မရဘူး"

ဖုယွမ်ဟန်ကလည်း အသံကို နှိမ့်ကာ ပြောလိုက်သည်။ "အရင်တုန်းက ငါတို့ ဝိညာဉ်စွမ်းအင်ဂိုဏ်း ဆုတ်ခွာခဲ့ရတယ် ဆိုပေမယ့် အဲဒါက ယာယီ နည်းဗျူဟာအရ ဆုတ်ခွာခဲ့ရုံပဲ... လင်းယွမ်က အစွမ်းထက်တယ် ဆိုရင်တောင် ဒီလောက်အထိ အင်အားကြီးလာမယ်လို့ ငါ မထင်ဘူး"

အမှန်တော့ ထိုသူများမှာ ကျန်းနန်ပြည်နယ်မှ စောစီးစွာ ထွက်ခွာပြီး မြောက်ဘက်သို့ ထွက်ပြေးလာခဲ့ကြသော ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ လူများပင် ဖြစ်သည်။

ဟော်ကော်တုန်းသည် ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး "ရွှေအစင်း သွေးကျိုင်းကောင်" မျိုးရိုးဗီဇမျိုးစေ့ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

သူက "ရွှေအစင်း သွေးကျိုင်းကောင်" ကို အသုံးချကာ ယခင်က ဂိုဏ်းဝင်မြောက်မြားစွာကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

ယဲ့ကျိရွှမ်၊ ဟန်ထင်ကျုံးနှင့် ဖုယွမ်ဟန်တို့မှာ ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ အဆင့်မြင့် ခေါင်းဆောင်များ ဖြစ်ကြ၏။

ထို့အပြင် ထိုသူများအားလုံးသည် ဟော်ကော်တုန်း၏ လက်ရင်းတပည့် ယုံကြည်ရသူများ ဖြစ်ကြသည်။

အရင်တုန်းက လင်းယွမ်သည် ကွမ်ဖူစစ်ဒေသ၏ သိမ်းငှက်အုပ်စု ခေါင်းဆောင် ယွမ်ရှီကျဲကို သတ်ဖြတ်ခဲ့သည့် ကြောက်မက်ဖွယ် စွမ်းအားကို သူတို့ ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသဖြင့် ကြောက်လန့်တကြား ဝိညာဉ်စွမ်းအင်ဂိုဏ်း ဌာနချုပ်သို့ ချက်ချင်း ထွက်ပြေးခဲ့ကြသည်။

ထို့နောက် လင်းယွမ်က စစ်တပ်စခန်းထဲသို့ ဝင်ရောက်တိုက်ခိုက်ကာ ရေနတ်ဘုရားဂိုဏ်းကို ဖျက်ဆီးပစ်ခဲ့ပြီး မီယွမ်မိုးသစ်တောကျွန်း ကိုပါ အတင်းအဓမ္မ သိမ်းပိုက်ခဲ့ကြောင်း ဟော်ကော်တုန်းတို့ ကြားသိခဲ့ရသည်။

ထိုအချိန်က မြေမိခင်ဂိုဏ်းနှင့် ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ အဆင့်မြင့် ခေါင်းဆောင်များမှာ အလွန် ကြောက်လန့်သွားကြပြီး အရင်းအမြစ်များကို ယူဆောင်ကာ ညတွင်းချင်းပင် ထွက်ပြေးခဲ့ကြသည်။

ဝိညာဉ်စွမ်းအင်ဂိုဏ်းဘက်တွင် ဟော်ကော်တုန်းက အရိပ်ကောင်စီ၏ အဆင့်မြင့် ခေါင်းဆောင်များကို ဦးဆောင်ကာ နတ်ဘုရားနိုင်ငံတော် ဘက်သို့ တောက်လျှောက် ထွက်ပြေးလာခဲ့ပြီး ကွမ်ဖူစစ်အခြေစိုက်စခန်းမှ ထွက်ပြေးလာကြသော ဒေါက်တာအန်းတို့နှင့် မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ကြသည်။

သူတို့သည် စစ်ဘက်ဆိုင်ရာ သုတေသနပညာရှင်ကြီး ဒေါက်တာအန်းကို ကောင်းကောင်း သိထားကြပြီး ယွမ်ရှီကျဲက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိသွားနိုင်ခဲ့ခြင်းမှာ သူ၏ ကျေးဇူးကြောင့်ဟု ဆိုနိုင်သည်။

ဒေါက်တာအန်းသည် သူ၏ သုတေသနပညာရှင်ဆိုသော အားသာချက်ကို အသုံးချ၍ နတ်ဘုရားနိုင်ငံတော်၏ သုတေသနဌာနသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး ဒေါက်တာအန်း အဖြစ်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

ကွမ်ဖူစစ်အခြေစိုက်စခန်းအတွင်းမှ သူ ခေါ်ဆောင်လာခဲ့သော စမ်းသပ်ခံလူနာ (၉၃၂) ကဲ့သို့သော စမ်းသပ်ခံများမှာ တန်ဖိုးရှိလှသည့် အချက်အလက်များပင် ဖြစ်သည်။

ထို့ကြောင့် ဒေါက်တာအန်းသည် အရေးပါသော နေရာတစ်ခုကို ပြန်လည် ရရှိခဲ့ပြီး တစ်ချိန်တည်းမှာပင် သူ၏ ရာထူးကို အသုံးချကာ ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ လူများကိုပါ သိမ်းသွင်းနိုင်ခဲ့ကာ နတ်ဘုရားနိုင်ငံတော်အတွင်း၌ ကိုယ်ပိုင် အင်အားစုငယ်လေး တစ်ခုကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။

ယခုအခါ ဤအင်အားစုသည် သတ်မှတ်ထားသော အတိုင်းအတာတစ်ခုအထိ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။

ရှူကျန့်ယွဲ့က ဟော်ကော်တုန်းတို့နှင့် အဆက်အသွယ် ရသွားခြင်းမှာလည်း အမှန်တော့ ဒေါက်တာအန်း၏ တိတ်တဆိတ် ခွင့်ပြုချက်ကြောင့်ပင် ဖြစ်သည်။

ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ လူများသည် လင်းယွမ်က ပို၍ စွမ်းအားကြီးလာသည်ကို အသိအမှတ်မပြုလိုကြသလို ထိုက်ယန်တောင် ခိုလှုံရေးစခန်းက ပို၍ အစွမ်းထက်လာသည်ကိုလည်း မယုံကြည်လိုကြသဖြင့် မသိစိတ်မှနေ၍ ငြင်းခုံ သံသယဝင်လာကြခြင်း ဖြစ်သည်။

သူတို့၏ အမြင်တွင် နတ်ဘုရားနိုင်ငံတော်လို အင်အားကြီးမားသော အဖွဲ့အစည်းကြီးတောင်မှ မုန်ယာကုမ္ပဏီနှင့် ခိုက်ရီနည်းပညာတို့ကို မဖျက်ဆီးနိုင်ခဲ့သည်ဖြစ်ရာ လင်းယွမ်က ဘာအစွမ်းရှိလို့ အဲဒီလို လုပ်နိုင်ရမည်နည်း။

ရှူကျန့်ယွဲ့က ပို၍ စိတ်လှုပ်ရှားလာပြီး အသံကို အနည်းငယ် မြှင့်လိုက်သည်။ "ရှင်တို့က ဘာဖြစ်လို့ ကျွန်မကို မယုံရတာလဲ"

"ရှင်တို့တွေက ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ အခြေအနေတွေကိုရော သေချာ စောင့်ကြည့်ခဲ့ကြရဲ့လား"

"ကျွန်မနဲ့ ဝူမုန့်က ဒီနှစ်တွေ တစ်လျှောက်လုံး ကျိအန်မြို့မှာပဲ နေခဲ့ကြတာ... လင်ကျောင်းမြို့နဲ့ဆိုရင် မိုင်ရာချီလောက်ပဲ ဝေးတော့တာ... ဟိုဘက်က အခြေအနေတွေကို ကျွန်မတို့လောက် ကောင်းကောင်းသိတဲ့သူ မရှိဘူး"

"ကျွန်မတို့က ကျိအန်မြို့ကနေ ဒီနေရာအထိ ဘာလို့ ထွက်ပြေးလာရတယ်လို့ ရှင်တို့ ထင်နေကြတာလဲ... နတ်ဘုရားနိုင်ငံတော်ကို တကယ်ပဲ မျှော်လင့်တောင့်တလို့များလား"

"ကျွန်မတို့ကို လင်းယွမ်က တကယ်ပဲ သွားစရာလမ်းမရှိအောင် ချောင်ပိတ်ပြီး နှိပ်ကွပ်ခဲ့လို့ပဲ"

"အခုဆိုရင် လင်ကျောင်းမြို့ တစ်မြို့လုံး... မဟုတ်ဘူး... လင်ကျောင်းမြို့ရယ်... ကျိအန်မြို့ရယ်... ပြီးတော့ ယွီကျိုးပြည်နယ်ထဲက ရေပေါ်ကျွန်းတွေနဲ့ လေပေါ်ကျွန်း အများစုကိုပါ ထိုက်ယန်တောင်က သိမ်းပိုက်လိုက်ပြီ"

"ကျင်းရှီရုံတောင် သေသွားတာ တစ်လနီးပါး ရှိနေပြီနော်"

"ရှင်တို့က တောင်ဘက်ပိုင်းက အခြေအနေတွေကို နည်းနည်းလေးတောင် စိတ်မဝင်စားကြဘူးလား"

ရှူကျန့်ယွဲ့ တစ်ယောက် အနည်းငယ် စိတ်ပျက်ဝမ်းနည်းလာသည်။ ဤလူများက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ဘဝင်မြင့်နေနိုင်ရသနည်း။

လင်းယွမ်က ဘယ်လောက်တောင် ထူးဆန်းပြီး အစွမ်းထက်သလဲဆိုတာကို ဒီလူတွေ အရင်တုန်းက ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြတာ မဟုတ်ဘူးလား။

သူမပြောနေတဲ့ စကားတွေကို သူတို့က ဘယ်လိုလုပ်ပြီး သံသယဝင်ရဲရတာလဲ။

ဝူမုန့်က ဤအရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်နေသော်လည်း သူ၏ ရင်ထဲတွင်မူ သက်ပြင်းချမိနေပြီ ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေက သူ့ကို အမှန်တကယ်ပင် ကူကယ်ရာမဲ့ ဖြစ်သွားစေသည်။

ဤလူစုသည် လင်းယွမ်နှင့် နောက်တစ်ကြိမ် ပြန်ဆုံတွေ့လျှင်တောင် ရှုံးနိမ့်ရုံကလွဲပြီး တခြားရှိမည် မဟုတ်ကြောင်း သူ့မှာ ကြိုတင်ခံစားသိမြင်မှု ရှိနေသည်။

ယခုအချိန်တွင်မူ ထိုနတ်ဘုရားက ဤကိစ္စကို မည်သို့ ဖြေရှင်းမည်လဲ ဆိုသည်ကိုသာ သူ သိချင်နေတော့သည်။

စဉ်းစားကြည့်လျှင် ရယ်စရာတော့ ကောင်းလှသည်။ သူနှင့် ရှူကျန့်ယွဲ့တို့က နတ်ဘုရားနိုင်ငံတော်သို့ ဝင်ရောက်လာခဲ့ပြီးနောက် ယခုအချိန်အထိ ထိုနတ်ဘုရားကို တစ်ကြိမ်တစ်ခါမျှပင် မမြင်တွေ့ဖူးခဲ့ကြပေ။

သူတို့က ရေပေါ်ကျွန်းတစ်ကျွန်းကို ယူဆောင်လာပြီး လာရောက်ခိုလှုံခဲ့ခြင်း ဖြစ်သော်လည်း တမန်တော် တစ်ဆယ့်နှစ်ပါးထဲမှ တမန်တော် အနည်းငယ်၏ ခေါ်ယူတွေ့ဆုံခြင်းကိုသာ ရရှိခဲ့သည်။

အခြားတစ်နည်းဖြင့် ပြောရလျှင် သူနှင့် ရှူကျန့်ယွဲ့တို့၏ ရောက်ရှိလာမှုသည် တစ်ဖက်လူ၏ အလေးထားမှုကို သိပ်မရရှိခဲ့ပေ။

ဤကဲ့သို့ အလေးမထားခြင်းသည် အခြေခံအားဖြင့် သူတို့ကို အထင်အသေးခံရခြင်းပင် ဖြစ်သည်။

ဝူမုန့်က အခြေအနေကို ကောင်းစွာ နားလည်ထားပြီး အမှန်တကယ်တော့ သူသည် ဤနတ်ဘုရားနိုင်ငံတော်အပေါ် မည်သည့်မျှော်လင့်ချက်မျှ မထားတော့ပေ။

ထိုမျှမက သူက နောက်ဆုတ်ရမည့် လမ်းကြောင်းကိုပင် ကြိုတင် စဉ်းစားနေပြီ ဖြစ်သည်။

လက်ရှိတွင် နတ်ဘုရားနိုင်ငံတော် တစ်ခုလုံးသည် ခံစစ် အခြေအနေတွင် ရှိနေသဖြင့် ကြယ်တံခွန်ကျွန်း ကို သူ ခေါ်ဆောင်သွား၍ မရနိုင်သေးခြင်းသာ ဖြစ်သည်။

သို့သော် ကံကောင်းသည်မှာ နတ်ဘုရားနိုင်ငံတော်သို့ မလာရောက်မီကတည်းက ကြယ်တံခွန်ကျွန်းပေါ်ရှိ အရင်းအမြစ် အများစုကို သူ ကြိုတင် သိမ်းဆည်းထားခဲ့ခြင်းပင်။

နောက်ပိုင်းတွင်မူ အခြေအနေကို ကြည့်၍သာ ဆုံးဖြတ်ရတော့ပေမည်။

"တော်ကြတော့... အားလုံး တိတ်တိတ်နေကြစမ်း"

ဒေါက်တာအန်းက မျက်မှောင်ကြုတ်ကာ ဟောက်လိုက်သည်။

သူက လူအများကြားတွင် သြဇာညောင်းသူ တစ်ဦးဖြစ်ရာ တစ်ချက်လေး ဟောက်လိုက်ရုံဖြင့် လူတိုင်း ချက်ချင်း ပါးစပ်ပိတ်သွားကြပြီး ဆက်လက်၍ မငြင်းခုံရဲကြတော့ပေ။

ဒေါက်တာအန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး "လင်းယွမ်ဆိုတဲ့ကောင်က တကယ်ကို အစွမ်းအစ ရှိတာပါ... အရင်တုန်းက သူ ယွမ်ရှီကျဲကို သတ်နိုင်ခဲ့ကတည်းက ဒီကောင် သာမန်မဟုတ်ဘူးဆိုတာ ငါ သိခဲ့တယ်"

"အဲဒီတုန်းက သူ ဓာတ်ခွဲခန်းထဲကို ဝင်လာချိန်မှာ ငါ ကိုယ်တိုင် အလစ်တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပြီး စမ်းသပ်ခံလူနာ (၉၃၂) ကိုတောင် အလစ်တိုက်ခိုက်ခိုင်းခဲ့တာ"

"ဒါတောင်မှ သူ့ကို သတ်လို့မရခဲ့ဘူး"

"အဲဒီအချိန်တုန်းက စမ်းသပ်ခံလူနာ (၉၃၂) က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်နေပြီး... သူမရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်းက အဲဒီတုန်းက ယွမ်ရှီကျဲထက်တောင် ပိုမြင့်နေခဲ့တာ... ဒါပေမယ့် လင်းယွမ်ကိုတော့ ရှုံးနိမ့်သွားခဲ့ရတယ်"

"ဒါကိုကြည့်ခြင်းအားဖြင့် အဲဒီအချိန်ကတည်းက လင်းယွမ်ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က စမ်းသပ်ခံလူနာ (၉၃၂) ထက် အများကြီး သာလွန်နေခဲ့တယ်ဆိုတာ သိနိုင်တယ်"

ထိုစကားကို ကြားလိုက်ရသောအခါ လူအားလုံး ချက်ချင်း အံ့သြတုန်လှုပ်သွားကြသည်။

"ဒေါက်တာအန်း... ခင်ဗျားပြောတဲ့ စမ်းသပ်ခံလူနာ (၉၃၂) ဆိုတာ ပိုင်ရှီးယွဲ့ ကို ပြောတာလား" ဟော်ကော်တုန်းက မနေနိုင်ဘဲ မေးလိုက်သည်။

ဒေါက်တာအန်းက ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး "အင်း... အခုတော့ သူက နတ်ဘုရားရဲ့ ဘဝသစ် ပေးသနားခြင်းကို ခံရပြီး မှတ်ဉာဏ်တွေနဲ့ နာမည်တစ်ခုကို ပိုင်ဆိုင်သွားပြီ... ဒါပေမယ့် သူက အမြဲတမ်း ငါ့ရဲ့ အကောင်းဆုံး လက်ရာတစ်ခု ဖြစ်နေဦးမှာပါပဲ"

လူအားလုံးက ခေါင်းငုံ့သွားကြပြီး မည်သူမျှ ဝင်ရောက်မဝေဖန်ရဲကြတော့ပေ။

အဘယ်ကြောင့်ဆိုသော် ထို ပိုင်ရှီးယွဲ့ မှာ ယခုအခါ နတ်ဘုရား၏ အနီးကပ် ခစားရသော သူတော်စင်မ ဖြစ်နေသောကြောင့်ပင်။

သူတော်စင်မ၏ နာမည်က သူတို့ အလွယ်တကူ ဆွေးနွေးပြောဆိုနိုင်သော အရာမျိုး မဟုတ်ပေ။

"ဒေါက်တာအန်း... ခင်ဗျားက ရှူကျန့်ယွဲ့ ပြောတာတွေကို အမှန်လို့ ထင်နေတာလား" ဟော်ကော်တုန်းက မနေနိုင်ဘဲ ပြောလိုက်သည်။

ဒေါက်တာအန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ "ဒီလိုကိစ္စမျိုးမှာ ရှူကျန့်ယွဲ့က ဘာအကြောင်းပြချက်နဲ့ လိမ်ပြောရမှာလဲ"

"လူလွှတ်ပြီး စုံစမ်းကြည့်လိုက်တာနဲ့ သိရမယ့် ကိစ္စကို လိမ်ပြောဖို့ လိုမယ်လို့ မင်း ထင်နေလား"

"လူဆိုတာက ကိုယ်အသုံးမကျတာကို လက်ခံဖို့ အခက်ခဲဆုံးပဲ"

"ကော်တုန်း... မင်းတို့ အရင်တုန်းက ရှုံးနိမ့်ခဲ့ရတာကို မှန်မှန်ကန်ကန် ရင်ဆိုင်ဖို့ လိုတယ်... အဲဒါက တိုက်ဆိုင်မှုတစ်ခုသက်သက်ပဲလို့ မတွေးနဲ့"

"လင်းယွမ်နဲ့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းက တကယ်ပဲ အင်အားကြီးမားလွန်းတယ်... ဒါကို ငါတို့ အသိအမှတ်ပြုပြီး မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်မှသာ သူတို့ကို အမှန်တကယ် ရင်ဆိုင်နိုင်လိမ့်မယ်"

"ငါတို့အားလုံးလည်း အတူတူပဲ... ကိုယ် မလုပ်နိုင်တာနဲ့ တခြားလူတွေလည်း မလုပ်နိုင်ဘူးလို့ တွေးလို့မရဘူး"

"ကျင်းရှီရုံနဲ့ ဂျိမ်းစ်တို့က တကယ်ပဲ အစွမ်းထက်တာ မှန်တယ်... ဒါပေမယ့် လင်းယွမ်ကလည်း အားနည်းတဲ့သူ မဟုတ်ဘူး"

"အခု ငါတို့က ဒီသတင်းကို အထက်ကို တင်ပြလိုက်ဖို့ပဲ လိုတယ်... ကျန်တာတွေကိုတော့ နတ်ဘုရား ကိုယ်တိုင်ပဲ စီစဉ်ပါလေ့စေ"

ထိုစကားကို ကြားလိုက်ရသောအခါ လူအားလုံးက ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

ထိုအချိန်မှာပင် အခန်းတွင်းမှ အစေခံမိန်းကလေး တစ်ဦး ထွက်လာပြီး "ဒေါက်တာအန်း... နတ်ဘုရားက တွေ့ခွင့်ပြုလိုက်ပါပြီ"

ဆက်ရန်...

All Chapters