အခန်း ၉၆၃
Vol. 49 Ch. 963
အပိုင်း (၉၆၃) ကျင်းကျိုးစစ်တပ် လာတိုက်ပြီ
ဂျိမ်းစ်ရဲ့အစွမ်းက တခြားအစွမ်းပိုင်ရှင်တွေအားလုံးကို ဖိနှိပ်နိုင်တာပဲ။ လင်းဆိုတဲ့ကောင်က ဘယ်လိုလုပ်ပြီး ဂျိမ်းစ်ကို နိုင်သွားရတာလဲ။
ရှန်းတိက စိတ်ထဲတွင် သံသယဝင်နေမိသည်။ လင်းဆိုတဲ့ကောင်မှာလည်း တခြားလူတွေရဲ့အစွမ်းကို ချိတ်ပိတ်နိုင်တဲ့ အစွမ်းပါ ရှိနေလို့လား။
တကယ်လို့ အဲဒီလိုသာဆိုရင်တော့ ဒီလင်းဆိုတဲ့ကောင်ရဲ့ စွမ်းဆောင်ရည်က တကယ်ကို ကြောက်စရာကောင်းနေပြီပဲ။
ရှန်းတိက စိတ်ထဲမှ တွေးတောရင်း မေးလိုက်သည်။ "တခြား သတင်းအချက်အလက်တွေရော ရှိသေးလား"
"နတ်ဘုရား... အရင်တုန်းက ခိုက်ရီနည်းပညာက လူလွှတ်ပြီး မဟာမိတ်ဖွဲ့ဖို့ လာဆွေးနွေးဖူးတယ်ဆိုတာ ကျွန်တော် သိပါတယ်... ကျွန်တော်တို့အနေနဲ့ သူတို့နဲ့ မဟာမိတ်ဖွဲ့ပြီး ကျင်းကျိုးစစ်တပ်ကို အတူတူ ပြန်ခုခံသင့်တယ်လို့ ထင်တယ်"
"နှုတ်ခမ်းမရှိရင် သွားကျိမ်းမယ်ဆိုတဲ့ သဘောတရားကို သူတို့ နားမလည်ဘဲ မနေပါဘူး"
အန်းပိုင်ကျွင်းက အလျင်စလို ပြောလိုက်သည်။
ရှန်းတိက ဘာမှမပြောပေ။ လုရှင်းနန်က ဝင်ပြောလိုက်သည်။ "နတ်ဘုရားနိုင်ငံတော်က ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာကို ကျုပ်တို့ဘာသာ စဉ်းစားဆုံးဖြတ်ပါ့မယ်... ဒေါက်တာအန်း... တခြားကိစ္စမရှိတော့ရင် ခင်ဗျားတို့ ပြန်ထွက်သွားလို့ ရပါပြီ"
ဘေးနားရှိ ရှူကျန့်ယွဲ့က တစ်ခုခု ဆက်ပြောချင်နေသေးသော်လည်း အန်းပိုင်ကျွင်းက သူမကို တားဆီးလိုက်ပြီး "ဟုတ်ကဲ့... ဒါဆို ကျွန်တော်တို့ ပြန်ခွင့်ပြုပါဦး" ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူက ရှူကျန့်ယွဲ့ကို ဆွဲခေါ်ကာ သူတို့နှစ်ယောက် ခန်းမဆောင်ကြီးထဲမှ ထွက်ခွာသွားကြသည်။
ထိုအခါမှသာ လုရှင်းနန်က ရှန်းတိဘက်သို့ လှည့်ကြည့်လိုက်ရာ ရှန်းတိက "သူတို့ပြောတာတွေက အမှန်ပဲလို့ မင်းထင်လား" ဟု မေးလိုက်သည်။
"အမှန်လား အမှားလားဆိုတာ စုံစမ်းကြည့်လိုက်ရင် သိရမှာပါပဲ... ကျွန်တော့်လူတွေ ယွီကျိုးပြည်နယ် အလယ်တောင်ပိုင်းကို သွားနေကြပါပြီ... တကယ်လို့ ကျင်းရှီရုံ သေသွားတာ သေချာတယ်ဆိုရင် သူတို့ပြောတာ အမှန်ပဲဖြစ်မှာပါ" လုရှင်းနန်က အလျင်အမြန် ပြန်ဖြေလိုက်သည်။
ရှန်းတိက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "တကယ်လို့ ဒေါက်တာအန်းတို့ ပြောတာ အမှန်ဆိုရင် ခိုက်ရီနည်းပညာက စုန်းမ လာပြီး မဟာမိတ်ဖွဲ့ဖို့ ကမ်းလှမ်းတာက အခွင့်ကောင်းယူပြီး အမြတ်ထုတ်ချင်လို့ဆိုတဲ့ သဘောပဲ"
"သခင်... ဒါဆို ကျွန်တော်တို့ ခိုက်ရီနည်းပညာက လူတွေနဲ့ ထပ်ပြီး အဆက်အသွယ် လုပ်ရမလား" ဟု လုရှင်းနန်က မေးလိုက်သည်။
ရှန်းတိက ခေါင်းညိတ်လိုက်ပြီး "လောလောဆယ်တော့ ဆက်ဆံရေးကို မပျက်ပြားစေနဲ့ဦး... အခုချိန်မှာ ငါတို့ရဲ့ အကြီးမားဆုံး ရန်သူက ကျင်းကျိုးစစ်တပ်ပဲ"
"ကျွန်တော်မျိုး နားလည်ပါပြီ"
သူတို့ စကားပြောနေကြစဉ်မှာပင် အပြင်ဘက်မှ အလျင်စလို ပြေးလာသော ခြေသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
ချက်ချင်းပင် ဘာသာဝင်တစ်ယောက် ခပ်သုတ်သုတ် ဝင်လာသည်ကို မြင်လိုက်ရပြီး သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်နေသော အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေသည်။
"သတင်းပို့ပါတယ်... မြောက်ဘက်ကနေ အရေးပေါ် သတင်းရောက်လာပါတယ်... ကျင်းကျိုးစစ်တပ်က လှုပ်ရှားနေပါပြီ... သူတို့က ကျွန်တော်တို့ဆီကို အမြန်နှုန်းနဲ့ ပျံသန်းလာနေကြပါတယ်"
ထိုစကားကြောင့် လုရှင်းနန်နှင့် ရှန်းတိတို့ နှစ်ယောက်စလုံး မျက်နှာပျက်သွားကြသည်။
ရှန်းတိက ချက်ချင်း မေးလိုက်သည်။ "ကျန်းကျိုယန်ရော... သူက မြောက်ဘက်က ကျိုယန်ကျွန်းမှာ စောင့်နေတာ မဟုတ်ဘူးလား"
"တမန်တော် ကျန်းက မြောက်ဘက်မှာ ကြံ့ကြံ့ခံ ကာကွယ်နေတုန်းပါပဲ... ဒါပေမဲ့ ရန်သူတွေက အရမ်းမြန်လွန်းတယ်... အခုဆိုရင် ကျိုယန်ကျွန်းက ကျဆုံးတော့မယ့် အခြေအနေ ဖြစ်နေပါပြီ"
လုရှင်းနန်နှင့် ရှန်းတိတို့၏ မျက်နှာများမှာ ချက်ချင်းပင် အလွန် ဆိုးရွားသွားတော့သည်။
ရှန်းတိက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး "ရှင်းနန်... မင်း ချက်ချင်း လူလွှတ်ပြီး ခိုက်ရီနည်းပညာက လူတွေနဲ့ အဆက်အသွယ်လုပ်... မဟာမိတ်ဖွဲ့မယ့် ကိစ္စကို ငါတို့ သဘောတူတယ်လို့ ပြောလိုက်... ကျင်းကျိုးစစ်တပ်ကို အတူတူ ဝိုင်းခုခံဖို့ သူတို့ဆီက လူတွေကို ချက်ချင်း စေလွှတ်ခိုင်းလိုက်"
"နတ်ဘုရား... တကယ်လို့ သူတို့က အခွင့်ကောင်းယူပြီး အလွန်အကျွံ တောင်းဆိုလာရင်ရော"
"ကိစ္စမရှိဘူး... လောလောဆယ် သူတို့ကို ငြိမ်အောင် အရင်လုပ်ထား... ဒီကိစ္စ ပြီးသွားမှ ဆက်ပြောကြတာပေါ့"
လုရှင်းနန် ချက်ချင်း သဘောပေါက်သွားသည်။ ဒါက တောင်ဘက်ကို အရင်ငြိမ်အောင် ထိန်းထားပြီး ကျင်းကျိုးစစ်တပ်နဲ့ စစ်ပွဲကို အာရုံစိုက်ဖို့ပဲ ဖြစ်သည်။ ကျင်းကျိုးစစ်တပ်ကို တိုက်ခိုက်မောင်းထုတ်ပြီးမှ ခိုက်ရီနည်းပညာနှင့် ဆက်ရှင်းရန် ဖြစ်၏။
သူက ချက်ချင်းပင် "ဟုတ်ကဲ့... ကျွန်တော်မျိုး အခုပဲ သွားလိုက်ပါ့မယ်" ဟု ပြန်ဖြေလိုက်သည်။
လုရှင်းနန် ထွက်သွားပြီးနောက် ရှန်းတိက ဘေးနားရှိ သူတော်စင်မကို ချက်ချင်း အမိန့်ပေးလိုက်သည်။ "တခြား တမန်တော်တွေနဲ့ အဆင့်မြင့်အရာရှိတွေ အားလုံးကို အစည်းအဝေး ချက်ချင်းလာတက်ဖို့ သွားအကြောင်းကြားလိုက်"
"ပြီးတော့ ဆုတောင်းတပ်ဖွဲ့ကို ဟိုဘက်ကို ပို့လိုက်... ဒေါက်တာအန်းကိုလည်း ဇီဝသန္ဓေပြောင်းစစ်တပ်တစ်ခုလုံးကို စတင် လှုပ်ရှားဖို့ အကြောင်းကြားလိုက်"
"ဟုတ်ကဲ့ပါ... နတ်ဘုရား"
အမိန့်များ တစ်ခုပြီးတစ်ခု ကျလာသည်နှင့်အမျှ မကြာမီတွင် နတ်ဘုရားနိုင်ငံတော် တစ်ခုလုံး အလျင်အမြန် လှုပ်ရှားလာကြတော့သည်။
"နတ်ဘုရား" ၏ သားသမီးများဟု မိမိကိုယ်ကိုယ် ခံယူထားသူများအားလုံးသည် လမ်းမများပေါ်သို့ အလိုအလျောက် ထွက်လာကြပြီး နတ်ဘုရားနိုင်ငံတော်အတွက် အော်ဟစ်အားပေးနေကြသည်။
များမကြာမီ နတ်ဘုရားနိုင်ငံတော်၏ အဆင့်မြင့် အရာရှိများ အစည်းအဝေး ပြီးဆုံးသွားပြီးနောက် ရှန်းတိကိုယ်တိုင် လူအင်အား အမြောက်အမြားကို ဦးဆောင်ကာ မြောက်ဘက်ရှိ ကျိုယန်ကျွန်းဆီသို့ ထွက်ခွာသွားလေသည်။
တစ်ချိန်တည်းမှာပင် နတ်ဘုရားနိုင်ငံတော်၏ စစ်ဘက်ဆိုင်ရာ ဓာတ်ခွဲခန်းစခန်းအတွင်း၌။
ဓာတ်ခွဲခန်း လျှို့ဝှက်အခန်းများ တစ်ခန်းပြီးတစ်ခန်း ပွင့်လာပြီးနောက် ပွယောင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
ဤလူများအားလုံးသည် တူညီသော အဖြူရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး အင်္ကျီပေါ်တွင် မည်သည့် ဒီဇိုင်းအဆင်အယင်မျှ မပါရှိဘဲ ရိုးရှင်းသော အမှတ်စဉ် နံပါတ်များသာ ပါရှိသည်။
သူတို့၏ မျက်နှာအမူအရာများမှာ ထိုင်းမှိုင်းတွေဝေနေပြီး ဓာတ်ခွဲခန်းထဲမှ ထွက်လာပြီးနောက် တံခါးဝတွင် မလှုပ်မယှက် ရပ်နေကြသည်။
ဖိန်ယွမ်ဟူက တက်ဘလက်တစ်လုံးကို ကိုင်ထားပြီး မျက်မှန်တပ်ထားကာ ဘေးနားရှိ အန်းပိုင်ကျွင်းဘက်သို့ လှည့်ကြည့်ရင်း မေးလိုက်သည်။ "ဒေါက်တာအန်း... အားလုံးကို အပြင်လွှတ်ဖို့ သေချာပြီလား"
အန်းပိုင်ကျွင်းက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "ကျင်းကျိုးစစ်တပ်က အကြီးအကျယ် ဝင်တိုက်နေပြီ... ဒီတစ်ခါတော့ နောက်နေတာ မဟုတ်လောက်တော့ဘူး"
"ဒါ့အပြင် နတ်ဘုရားကိုယ်တိုင် အမိန့်ပေးထားမှတော့ ခင်ဗျားနဲ့ကျွန်တော်က အမိန့်အတိုင်း လုပ်ရုံပဲလေ"
"ဒါဆို ဒီဇီဝလူသားတပ်ဖွဲ့ကို ဘယ်သူက ဦးဆောင်မှာလဲ" ဟု ဖိန်ယွမ်ဟူက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ပိုင်ရှီးယွဲ့နေမှာပေါ့... သူက အခု သူတော်စင်မ ဖြစ်နေပြီလေ... ပြီးတော့ သူကိုယ်တိုင်ကလည်း ကျွန်တော့်ရဲ့ အအောင်မြင်ဆုံး စမ်းသပ်ခံလူသားပဲ... ဒီတပ်မကြီးကို သူ့ကိုပဲ အုပ်ချုပ်ခိုင်းလောက်တယ်"
အေးစက်စက်နိုင်ပြီး အနည်းငယ် ရူးသွပ်နေသည့် ထိုအမျိုးသမီးကို ဖိန်ယွမ်ဟူ တွေးမိသွားပြီး မနေနိုင်ဘဲ ပြောလိုက်မိသည်။ "သူက တစ်နေ့ မှတ်ဉာဏ်တွေ ပြန်ရလာလိမ့်မယ်လို့ တကယ်ကို ထင်မထားဘူး"
"အင်း... ခင်ဗျားမှ မဟုတ်ဘူး... ကျွန်တော်လည်း ထင်မထားခဲ့ပါဘူး"
"နတ်ဘုရားရဲ့ သန္ဓေပြောင်းအစွမ်း အကူအညီသာ မပါရင် သူ မှတ်ဉာဏ်တွေ ပြန်ရဖို့ဆိုတာ တော်တော် ခက်ခဲမှာပဲ"
ဖိန်ယွမ်ဟူက သိချင်စိတ်ဖြင့် ဆက်မေးလိုက်သည်။ "ဒေါက်တာ... သူ မှတ်ဉာဏ်တွေ ပြန်ရလာပြီဆိုတော့ ခင်ဗျားကို မမုန်းဘူးလား"
အန်းပိုင်ကျွင်းက ချက်ချင်း ရယ်မောလိုက်သည်။ "ဘာလို့ ကျွန်တော့်ကို မုန်းရမှာလဲ... သူ အစတုန်းက စမ်းသပ်မှုမှာ ပါဝင်ဖို့ သူ့သဘောဆန္ဒအရ ဝင်လာခဲ့တာပဲလေ... ကျွန်တော်က အတင်းအကျပ် ခိုင်းခဲ့တာမှ မဟုတ်တာ"
ဖိန်ယွမ်ဟူက သဘောပေါက်သွားသကဲ့သို့ လက်မထောင်ပြကာ "ဒေါက်တာက တကယ်ကို သဘောထားကြီးတာပဲ... စမ်းသပ်ခံလူသား ရှာတာတောင် ကိုယ့်သဘောဆန္ဒအရ လုပ်ချင်တဲ့သူတွေကိုပဲ ရှာတာကိုး" ဟု ပြောလိုက်သည်။
အန်းပိုင်ကျွင်းက ပြုံးလိုက်ပြီး "ကျွန်တော်တို့က အရိပ်တပ်ဖွဲ့မှ မဟုတ်တာ... တခြားလူတွေကို ဘယ်လိုလုပ် အတင်းအကျပ် ခိုင်းရက်ပါ့မလဲ"
ထိုစကားကို ကြားလိုက်ရသောအခါ ဖိန်ယွမ်ဟူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်နေသော်လည်း စိတ်ထဲတွင်မူ အထင်သေးလှောင်ပြောင်နေမိသည်။ သူသိထားသလောက်ဆိုလျှင် အစပိုင်းတုန်းက ပြင်ပမှလာသူ အမြောက်အမြားကို အတင်းအဓမ္မ ဖမ်းဆီးပြီး စမ်းသပ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယခု သူတို့ဆီ လာရောက်ခိုလှုံနေသော ဝူမုန့် ဆိုသူသည် အမှန်တကယ်တော့ ဖမ်းဆီးခံရပြီးနောက် စစ်တပ်၏ စမ်းသပ်ခံလူသား ဖြစ်သွားလုနီးပါး အခြေအနေကို ကြုံတွေ့ခဲ့ရသူ ဖြစ်ကြောင်း သူ ကောင်းကောင်း မှတ်မိနေသည်။
သေချာသည်ကတော့ အစပိုင်းတွင် ဝူမုန့်ကို စမ်းသပ်မှု ပြုလုပ်ခဲ့သူမှာ အန်းပိုင်ကျွင်း မဟုတ်ပေ။
သို့မဟုတ်ပါက ဝူမုန့်သည် ဤနေရာသို့ လာရောက်ခိုလှုံမည် မဟုတ်သည်မှာ သေချာလှသည်။
စကားပြောနေကြစဉ်မှာပင် ဟော်ကော်တုန်းက အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်ကာ လျှောက်လာသည်ကို မြင်လိုက်ရသည်။
ထိုအမျိုးသမီးသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ပခုံးပေါ်တွင် အဖြူရောင် ဆံပင်များ ဖုံးလွှမ်းနေသည်။ အလွန်လှပသော မျက်နှာပေါက်နှင့် ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အသားအရေရှိကာ သူမ၏ ခန္ဓာကိုယ်မှ အေးစက်စက်နိုင်သော အငွေ့အသက်များ ထွက်ပေါ်နေသဖြင့် နတ်သမီးတစ်ပါးနှင့် တူနေလေသည်။
အထူးသတိထားမိစရာ ကောင်းသည်မှာ သူမ၏ တင်ပါးနေရာတွင် တရမ်းရမ်းဖြစ်နေသော အမြီးတစ်ချောင်း ပါရှိနေခြင်း ဖြစ်သည်။ ထိုအမြီးလေးက သူမ၏ အေးစက်စက် အသွင်အပြင်ကို အနည်းငယ် ချစ်စရာကောင်းသော အငွေ့အသက်များ ထပ်မံဖြည့်စွက်ပေးထားသည်။
"ဒေါက်တာအန်း... သူတော်စင်မ ရှီးယွဲ့ ရောက်ပါပြီ" ဟု ဟော်ကော်တုန်းက အော်ပြောလိုက်သည်။
အန်းပိုင်ကျွင်းနှင့် ဖိန်ယွမ်ဟူတို့က ချက်ချင်း လှည့်ကြည့်လိုက်ပြီး ထိုအမျိုးသမီးကို ပြုံးပြနှုတ်ဆက်လိုက်ကြသည်။
"ရှီးယွဲ့... မတွေ့ရတာ ကြာပြီနော်" ဒေါက်တာအန်းက ပြုံး၍ နှုတ်ဆက်လိုက်သည်။
ပိုင်ရှီးယွဲ့က အေးစက်စက် မျက်နှာထားဖြင့် "ငါက နတ်ဘုရားရဲ့ အမိန့်အရ ဇီဝသန္ဓေပြောင်းစစ်တပ်ကို လာခေါ်တာ" ဟု ပြောလိုက်သည်။
ဒေါက်တာအန်းက ဘေးနားရှိ ဖိန်ယွမ်ဟူကို တစ်ချက် ကြည့်လိုက်သည်။
ဖိန်ယွမ်ဟူက သူ၏ လက်ထဲရှိ တက်ဘလက်ကို ချက်ချင်း ကမ်းပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "အကုန် အဆင်သင့် ဖြစ်နေပါပြီ... ဒါက ထိန်းချုပ်ရေးစက်ပါ... ရော့"
ပိုင်ရှီးယွဲ့က တက်ဘလက်ကို လှမ်းယူလိုက်ပြီးနောက် တန်းစီရပ်နေကြသော ဇီဝသန္ဓေပြောင်းစစ်တပ် စမ်းသပ်ခံလူသားများကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် အတိတ်က အမှတ်ရစရာများ ဖြတ်သန်းသွားသည်။
အစပိုင်းတုန်းက သူမကိုယ်တိုင်လည်း ဤကဲ့သို့ စမ်းသပ်ခံလူသား ဖြစ်ခဲ့ရသည်။ သူမ သဘောဆန္ဒအရ ပါဝင်ခဲ့သည်ဆိုသော်လည်း သူမ ခံစားခဲ့ရသော နာကျင်မှုများက သူမကို မမေ့နိုင်အောင် ဖြစ်စေခဲ့သည်။
ထို့ကြောင့် သူမသည် အန်းပိုင်ကျွင်း အပါအဝင် သုတေသနအဖွဲ့သားများအပေါ် မည်သည့် ကောင်းမွန်သော ခံစားချက်မျှ မရှိပေ။
ထို့နောက် သူမက တက်ဘလက်ပေါ်တွင် အလျင်အမြန် ခလုတ်နှိပ်၍ ထိန်းချုပ်လိုက်ပြီးနောက် "ငါ့နောက်က လိုက်ခဲ့ကြ" ဟု အမိန့်ပေးလိုက်သည်။
ချက်ချင်းပင် စမ်းသပ်ခံလူသားအားလုံး ခေါင်းမော့လာကြပြီး အသက်သွင်းခံလိုက်ရသည့်အလား ပိုင်ရှီးယွဲ့နောက်မှ လိုက်ပါကာ ဓာတ်ခွဲခန်းစခန်းမှ ထွက်ခွာသွားကြလေသည်။
ထိုလုပ်ငန်းစဉ် တစ်ခုလုံးတွင် ပိုင်ရှီးယွဲ့သည် အန်းပိုင်ကျွင်းတို့နှင့် စကားတစ်ခွန်းမျှပင် ပြောဆိုဆက်ဆံခြင်း မရှိခဲ့ချေ။
ဤမြင်ကွင်းကို ကြည့်ပြီး ဖိန်ယွမ်ဟူက စိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်မိသည်။ အန်းပိုင်ကျွင်း၏ စကားများက ယုံကြည်စရာ မရှိကြောင်း သိသာလှသည်။ ဤစမ်းသပ်ခံလူသားဘဝမှ လာသော ပိုင်ရှီးယွဲ့သည် အန်းပိုင်ကျွင်းအပေါ် သဘောထား ကောင်းပုံမရပေ။
နှစ်ဖက် လွှဲပြောင်းမှု ပြီးစီးသွားပြီးနောက် ပိုင်ရှီးယွဲ့ ထွက်သွားရာ အန်းပိုင်ကျွင်းတို့လည်း ပစ္စည်းများကို စတင် သိမ်းဆည်းကြတော့သည်။
ဖိန်ယွမ်ဟူက "ဒေါက်တာအန်း... ခင်ဗျား ဒါက" ဟု မေးလိုက်သည်။
"ခင်ဗျားလည်း ပြန်ပြီး ပစ္စည်းတွေ သိမ်းထားဖို့ အကြံပေးချင်တယ်... ရှူကျန့်ယွဲ့နဲ့ ဝူမုန့်တို့ ပြောပြချက်အရဆိုရင် ဟိုလင်းဆိုတဲ့ကောင်က သိပ်မရိုးရှင်းဘူး"
"အခု ကျင်းကျိုးစစ်တပ်က ရုတ်တရက် ဝင်တိုက်လာတာ... ထိုက်ယန်တောင်က လူတွေနဲ့များ ပတ်သက်နေမလား မသိဘူး"
"ကျွန်တော်တို့ အနေနဲ့ မိုးမရွာခင် အမိုးပြင်ထားတာ အကောင်းဆုံးပဲ"
ဖိန်ယွမ်ဟူ၏ ရင်ထဲတွင် ချက်ချင်း တုန်လှုပ်သွားပြီး "ခင်ဗျားက နတ်ဘုရားနိုင်ငံတော် ရှုံးလိမ့်မယ်လို့ ထင်နေတာလား" ဟု အလျင်အမြန် မေးလိုက်သည်။
ဒေါက်တာအန်းက ပြုံးလိုက်ပြီး "ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲ... အရင် ကွမ်ဖူမှာတုန်းက စစ်တပ်က အရပ်ဘက်အဖွဲ့အစည်းတစ်ခုကို ရှုံးလိမ့်မယ်လို့ ဘယ်သူက ယုံကြည်ရဲမှာလဲ"
"လင်းဆိုတဲ့ကောင်မှာ ဒီလောက်အရည်အချင်း ရှိနေတာကို နတ်ဘုရားနိုင်ငံတော်နဲ့ မပူးပေါင်းဘဲ ကျင်းကျိုးစစ်တပ်ကို တိုက်ခိုက်ပြီးတော့... နတ်ဘုရားနိုင်ငံတော် ပျက်စီးသွားမှာကို ဒီအတိုင်း လက်ပိုက်ကြည့်နေပါ့မလား"
"သူ အဲဒီလောက်တော့ အမြော်အမြင်နည်းမှာ မဟုတ်ပါဘူး... နှုတ်ခမ်းမရှိရင် သွားကျိမ်းမယ်ဆိုတဲ့ အသိတရားကို သူ မသိဘဲ နေမလား"
ဖိန်ယွမ်ဟူက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
ဒေါက်တာအန်းက ပြုံးလိုက်ပြီး "လောကကြီးမှာ ဘာမှ သေချာတယ်ဆိုတာ မရှိဘူး... ကျွန်တော်တို့ ကြိုတင် ပြင်ဆင်ထားတာ အမှားမရှိပါဘူး" ဟု ပြန်ပြောလိုက်သည်။
"အခု ဟင်းလင်းပြင် နေရာရွှေ့ပြောင်းတဲ့ နည်းပညာကိုလည်း ကျွန်တော် ကျွမ်းကျင်နေပြီ... ပြီးတော့ ပြောင်းရွှေ့ရမယ့် နေရာကိုလည်း ရွေးထားပြီးပြီ... နတ်ဘုရားနိုင်ငံတော် ရှုံးသွားရင်တောင် ကျွန်တော်တို့ဆီမှာ ပြောင်းရွှေ့ဖို့ အချိန်ရနိုင်ပါသေးတယ်"
"ခင်ဗျား အပြင်ရောက်ရင် တခြားလူတွေကို လျှောက်မပြောနဲ့ဦး... လျှို့ဝှက်ချက်ကို ထိန်းထားဖို့ သိတယ်မလား"
"ကျွန်တော် နားလည်ပါပြီ... ဒေါက်တာ"
"သွားတော့"
"နေပါဦး ဒေါက်တာ... ရှူကျန့်ယွဲ့နဲ့ ဝူမုန့်တို့ကိုရော အကြောင်းကြားဖို့ လိုသေးလား"
ဒေါက်တာအန်းက အနည်းငယ် စဉ်းစားလိုက်ပြီး "သူတို့နှစ်ယောက်က ကျွန်တော်တို့ဆီ လာခိုလှုံတာ သိပ်မကြာသေးဘူး ဆိုပေမဲ့... အဲဒီနှစ်ယောက်နဲ့ လင်းဆိုတဲ့ကောင်က အသေအကြေ ရန်သူတွေ ဖြစ်နေတာလေ... လင်းဆိုတဲ့ကောင်က သူတို့ကို လွှတ်ပေးထားမှာ မဟုတ်ဘူး"
"ဒါကြောင့် ဒီနှစ်ယောက်က ကျွန်တော်တို့ရဲ့ သဘာဝမဟာမိတ်တွေပဲ... အချိန်ကျရင် သူတို့ကိုပါ ခေါ်သွားလို့ရတယ်"
သူတို့နှစ်ဦး တိုင်ပင်ဆွေးနွေးပြီးနောက် အသီးသီး ထွက်ခွာသွားကြသည်။
ဤအချိန်တွင် ကျင်းကျိုးစစ်တပ်နှင့် ခိုက်ရီနည်းပညာတို့ဘက်တွင်မူ တိုက်ပွဲများ စတင်နေပြီ ဖြစ်တော့သည်။
ဆက်ရန်...