အခန်း ၉၆၉
Vol. 49 Ch. 969
အပိုင်း (၉၆၉) တုံ့ပြန်ဖြေရှင်းမည့် နည်းလမ်း
ဟင်းလင်းပြင် ဆုံမှတ်၏ အလင်းရောင်များ အလုံးစုံ မပျောက်ကွယ်သွားမီမှာပင် ဟုန်ထျန်ရီက ယိုင်နဲ့နဲ့ဖြင့် ထွက်လာသည်။ သူ၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ဖြူရော်နေသော မျက်နှာထက်ရှိ နှုတ်ခမ်းထောင့်မှ သွေးကွက်များက စူးရှထင်ရှားနေ၏။
"ဗိုလ်ချုပ်... အဆင်ပြေရဲ့လား"
ဟင်းလင်းပြင် ဆုံမှတ်အား စောင့်ကြပ်ရသည့် ဗိုလ်မှူးက အလျင်အမြန် ပြေးလာသည်။ ဟုန်ထျန်ရီ၏ ဦးထုပ်မှာ ပိန်ချိုင့်နေပြီး စစ်ဝတ်တန်ဆာများ ပျက်စီးနေသည်ကို မြင်လိုက်ရသောအခါ သူ၏ အသံများပင် တုန်ယင်နေတော့သည်။
ဟုန်ထျန်ရီက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး အလျင်စလို ပြောလိုက်၏။ "အကာအကွယ် စနစ်တွေကို အမြန်ဖွင့်ထားလိုက်... နတ်ဘုရားနိုင်ငံတော်က ကောင်တွေ နောက်ကနေ လိုက်လာလိမ့်မယ်... ဆရာလင်းကို အမြန်သွားခေါ်ချေ"
"ဟုတ်... ဟုတ်ကဲ့... ကျွန်တော် အခုပဲ ဆရာလင်းကို သွားခေါ်လိုက်ပါ့မယ်"
ဗိုလ်မှူးသည် လျှို့ဝှက်ခန်းရှိရာဘက်သို့ အပြေးအလွှား သွားလေသည်။ ထိုနေရာသည် လင်းယွမ် ကျင့်ကြံအားထုတ်နေသော နေရာပင် ဖြစ်၏။
ထိုအချိန်တွင် ပိဝူကျွန်း၏ အကာအကွယ် ယန္တရားများက စတင် အလုပ်လုပ်နေပြီ ဖြစ်ပြီး သတ္တုခံတပ်တံတိုင်းများပေါ်တွင် အပြာနုရောင် စွမ်းအင်ဒိုင်းကာများက ရွေ့လျားနေကြသည်။
စစ်သားများသည် သန္ဓေပြောင်းစွမ်းအင်သုံး သေနတ်များကို ကိုင်ဆောင်လျက် အသင့်အနေအထား ပြင်ထားကြသော်လည်း သူတို့၏ မျက်ဝန်းများထဲမှ ထိတ်လန့်မှုများကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိကြပေ။
စောစောက ဟုန်ထျန်ရီနှင့် ရှန်းတိတို့၏ စိတ်စွမ်းအင်များ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဖြစ်ပေါ်လာသည့် ဂယက်ကို မိုင်ဆယ်ဂဏန်းခန့် ကွာဝေးသော ပိဝူကျွန်းမှပင် သဲ့သဲ့မျှ ခံစားလိုက်ရသည်။
ထိုအချိန်က မည်သူနိုင်မည်ကို အားလုံးက မသိခဲ့ကြသော်လည်း ဟုန်ထျန်ရီ ယိုင်နဲ့နဲ့ဖြင့် ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ စစ်တပ်ဘက်မှ စစ်သားများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။
ဤသူသည် ကျင်းကျိုးစစ်တပ်၏ နံပါတ်တစ် အစွမ်းထက်ဆုံးသူ ဖြစ်သည်။ သူပင်လျှင် ဒဏ်ရာရလာခဲ့ရသည်ဆိုတော့ အခြေအနေက ဘယ်လိုများ ဖြစ်ကုန်ပြီနည်း။
"ဗိုလ်ချုပ်ဟုန်... အခြေအနေ ဘယ်လိုရှိလဲ" ဘေးနားရှိ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ အစွမ်းပိုင်ရှင်က ဟုန်ထျန်ရီကို တွဲကူပေးရင်း စိုးရိမ်တကြီး မေးလိုက်သည်။
ဟုန်ထျန်ရီက လက်ကာပြကာ တားလိုက်ပြီး အသက်ကို ဝဝရှူသွင်းလိုက်သည်။ ထို့နောက် စိတ်ပင်လယ်ထဲမှ နာကျင်မှုများကို အတင်းအဓမ္မ ဖိနှိပ်ထားရင်း "စစ်ဦးစီးချုပ်ရုံးကို ချက်ချင်း အကြောင်းကြားပြီး အရေးပေါ် အစည်းအဝေး ခေါ်လိုက်"
မိနစ်အနည်းငယ် ကြာပြီးနောက် ပိဝူကျွန်း၏ အမြင့်ဆုံး ကွပ်ကဲရေးစခန်းအတွင်း၌ ပုံရိပ်ဖော်ကိရိယာက စစ်မြေပြင် အခြေအနေပြ မြေပုံကို လေထဲတွင် ထင်ဟပ်ပြသနေသည်။
မြေပုံပေါ်တွင် နတ်ဘုရားနိုင်ငံတော်ကို ကိုယ်စားပြုသော အနီရောင်အစက်လေးများက ပိဝူကျွန်းဆီသို့ အလွန်မြန်ဆန်သော အလျင်ဖြင့် ချဉ်းကပ်လာနေပြီး လမ်းတစ်လျှောက်ရှိ အသေးစား ရှေ့တန်းစခန်း သုံးခုကို ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။
အစည်းအဝေးခန်းမထဲသို့ လင်းယွမ် ရောက်ရှိနေပြီ ဖြစ်၏။
ဟုန်ထျန်ရီ၏ မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြီး "ဆရာလင်း... တောင်းပန်ပါတယ်... ကျွန်တော် တာဝန်ကျေပွန်အောင် မထမ်းဆောင်နိုင်ခဲ့ဘူး"
လင်းယွမ်က ခေါင်းခါလိုက်ပြီး မျက်နှာပေါ်တွင် စပ်စုလိုစိတ်များဖြင့် "ဗိုလ်ချုပ်ဟုန်ရဲ့ အစွမ်းနဲ့တောင် ဟို ရှန်းတိ ဆိုတဲ့ကောင်က ဒီလောက်အထိ ဒဏ်ရာရအောင် လုပ်နိုင်တယ်ပေါ့လေ... ဘယ်လိုဖြစ်ခဲ့တာလဲ ဆိုတာ ကျွန်တော့်ကို ပြောပြပါဦး"
ဟုန်ထျန်ရီက ဘာကိုမျှ ဖုံးကွယ်မထားရဲဘဲ တိုက်ပွဲ အခြေအနေကို အလျင်အမြန် ရှင်းပြလိုက်လေသည်။
လင်းယွမ် နားထောင်ပြီးသွားသောအခါ မေးစေ့ကို ပွတ်သပ်လိုက်ရင်း "နတ်ဘုရားဆန္ဒ သန့်စင်ခြင်းအစွမ်း ဟုတ်လား... ဒါ ဘယ်လို အစွမ်းမျိုးလဲ"
ထိုကဲ့သို့သော အစွမ်းမျိုးကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
တစ်ခါမျှ မကြားဖူးသေးသော နောက်ထပ် အစွမ်းအသစ်တစ်ခု ဖြစ်နေသည်။
ဟုန်ထျန်ရီက အလျင်အမြန် သုံးသပ်ပြလိုက်၏။ "ဒါက စိတ်စွမ်းအင်ကို အများနဲ့ ပေါင်းသုံးတဲ့ အစွမ်းမျိုး ဖြစ်မယ်လို့ ကျွန်တော် ထင်တယ်"
"ရှန်းတိရဲ့ စိတ်စွမ်းအင် အရည်အသွေးနဲ့ဆိုရင် ဒီလောက် ကြောက်စရာကောင်းတဲ့ အတိုင်းအတာအထိ လုံးဝ ရောက်နိုင်မှာ မဟုတ်ဘူး"
"အဲဒီအချိန်က သူ ဒီအကွက်ကို သုံးလိုက်တော့... ထွက်လာတဲ့ စိတ်စွမ်းအင်တွေက ရောထွေးနေတာကို ကျွန်တော် သေချာ ခံစားမိလိုက်တယ်... အဲဒီအထဲမှာ ထူးဆန်းတဲ့ ခေါ်သံတွေ... ဆုတောင်းသံတွေ အများကြီး ပါနေတယ်... လူပေါင်းများစွာရဲ့ စိတ်ဝိညာဉ် အသိစိတ်တွေ ပေါင်းစပ်ထားသလိုမျိုးပဲ"
လင်းယွမ်က ခေါင်းတစ်ချက် ညိတ်လိုက်ပြီး "တခြားသူတွေရဲ့ စိတ်စွမ်းအင်တွေကို ပေါင်းစပ်ပြီး စိတ်စွမ်းအင် တိုက်ခိုက်မှုကို မြှင့်တင်တာပေါ့လေ... တကယ် ဒီလိုသာဆိုရင်တော့ ကြောက်စရာ ကောင်းတာ အမှန်ပဲ"
ပုံမှန်အားဖြင့် အစွမ်းပိုင်ရှင်များသည် တစ်ဦးတည်းသာ တိုက်ခိုက်လေ့ရှိကြသည်။ အဖွဲ့လိုက် တိုက်ခိုက်သည် ဆိုလျှင်တောင် လူအင်အားကိုသာ အားကိုးကြခြင်းဖြစ်ပြီး တိုက်ခိုက်မှု အတိုင်းအတာမှာမူ များစွာ တိုးတက်လာလေ့ မရှိပေ။
သို့သော် ယခုကဲ့သို့ လူများစွာ၏ စွမ်းအားများကို တစ်စုတစ်စည်းတည်း ပေါင်းစပ်ကာ တိုက်ခိုက်လိုက်ခြင်းက တစ်ဦးတည်း၏ စွမ်းအားထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်သွားစေနိုင်သည်။
လင်းယွမ်က ခဏမျှ တွေးတောလိုက်ပြီး "ဒီလို စိတ်စွမ်းအင်တွေကို သူ့ရဲ့ ဘာသာဝင်တွေက ထောက်ပံ့ပေးနေတာလား"
ဟုန်ထျန်ရီက ခေါင်းညိတ်လိုက်ပြီး "အဲဒီ တီးတိုးရွတ်ဆိုသံတွေထဲမှာ ဆုတောင်းသံလိုမျိုး အသိစိတ်တွေ ပါနေတာကို ကြားနိုင်တယ်"
"ဒါ သူ့ဘာသာဝင်တွေ ဖြစ်လောက်တယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ကိရိယာတစ်ခုကို ထုတ်ယူလိုက်ကာ "စိတ်စွမ်းအင် ဆိုတာလည်း စွမ်းအင်တစ်မျိုးပဲလေ... လူတစ်ယောက်ရဲ့ စိတ်စွမ်းအင်က သန့်စင်တယ်ဆိုပေမဲ့... ခင်ဗျားပြောသလို လူအများကြီးရဲ့ စိတ်စွမ်းအင်တွေကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ရင်ရော အရင်လို သန့်စင်နေနိုင်ပါဦးမလား"
"သူ့နည်းလမ်းက ဒီလောက်များပြားတဲ့ စိတ်စွမ်းအင်တွေကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နေရတာ ဆိုတော့ တကယ်ပဲ ဘာဝန်ထုပ်ဝန်ပိုးမှ မရှိဘူးတဲ့လား"
ထိုစကားကို ကြားလိုက်ရသောအခါ ဟုန်ထျန်ရီ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး "ဆရာ ဆိုလိုတာက... သူ ဒီအစွမ်းကို သုံးဖို့အတွက် ကြီးမားတဲ့ ပေးဆပ်မှုမျိုး လုပ်ရနိုင်တယ်ပေါ့"
လင်းယွမ်က ပြုံးလိုက်ပြီး "ဒီလိုဖြစ်နိုင်ချေကိုလည်း ဖယ်ထားလို့ မရဘူးလေ"
"ဒါက သူ့ရဲ့ အစွမ်းပဲမလား... အစွမ်းဖြစ်နေမှတော့ စွမ်းအင်ချိတ်ပိတ် အစီအရင်နဲ့ သေချာပေါက် ထိန်းချုပ်လို့ ရနိုင်မှာပေါ့... ဘာလို့ စွမ်းအင်ချိတ်ပိတ် အစီအရင် နည်းဗျူဟာကို မသုံးခဲ့တာလဲ"
ဟုန်ထျန်ရီက ခေါင်းကို ကုတ်လိုက်ပြီး "စွမ်းအင်ချိတ်ပိတ် အစီအရင် နည်းဗျူဟာက ကောင်းတော့ ကောင်းပေမဲ့... အစီအရင်ကို ကြိုတင် ပြင်ဆင်ထားဖို့ လိုတယ်လေ... ကျိုယန်ကျွန်းက တစ်ဖက်ရန်သူရဲ့ နယ်မြေ ဖြစ်နေတာ"
"တကယ်လို့ ကျွန်တော်တို့က ကျိုယန်ကျွန်းပေါ်မှာ အစီအရင် သွားချမယ်ဆိုရင်... ရန်သူတွေ ချက်ချင်း သိသွားမှာပေါ့"
လင်းယွမ်က ရယ်မောလိုက်ပြီး "အခုတော့ အခွင့်အရေး ရပြီလေ... သူတို့တွေ ဒီကို လိုက်လာပြီပဲ"
ထို့နောက် လင်းယွမ်က ဟုန်ထျန်ရီကို ကြည့်ကာ "တိုက်ပွဲဝင်တဲ့ နည်းဗျူဟာက တစ်ခါတလေ ပြောင်းလွယ်ပြင်လွယ် ရှိရတယ်... အကြမ်းနည်းနဲ့ မရရင် ပရိယာယ်လေး ဘာလေး သုံးရမှာပေါ့... ခင်ဗျား အခု ရှုံးလာတယ် ဆိုပေမဲ့ ရန်သူကို ဒီအထိ ဆွဲခေါ်လာနိုင်ခဲ့ပြီပဲ"
"ပိဝူကျွန်းပေါ်မှာ စွမ်းအင်ချိတ်ပိတ် အစီအရင် ချထားတယ် မဟုတ်လား"
"ချထားပါတယ်"
ဟုန်ထျန်ရီက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "ရန်သူကို အစီအရင်ထဲ ရောက်အောင် ဆွဲခေါ်လာခဲ့လိုက်"
"သူက တကယ်ပဲ အရာရာကို စွမ်းဆောင်နိုင်ပြီး စွမ်းအင်ချိတ်ပိတ် အစီအရင်ကိုတောင် ဂရုမစိုက်တဲ့ အဆင့်လား ဆိုတာ ကျွန်တော် ကြည့်ချင်သေးတယ်"
ဟုန်ထျန်ရီက ချက်ချင်းပင် "ဟုတ်ကဲ့... ကျွန်တော် အခုပဲ ရန်သူကို သွားဆွဲဆောင်လိုက်ပါ့မယ်"
လင်းယွမ်က ခေါင်းညိတ်ပြလိုက်ရာ ဟုန်ထျန်ရီသည် ဒဏ်ရာများနှင့်ပင် ပြန်လည် ထွက်ခွာသွားပြီး အပြင်ဘက်သို့ လျင်မြန်စွာ ရောက်ရှိသွားလေသည်။
ထိုအချိန်တွင် ပိဝူကျွန်း၏ အကာအကွယ်ဒိုင်းကို မဖွင့်ရသေးသဖြင့် ကျင်းကျိုးစစ်တပ်မှ အစွမ်းထက်သူ အများအပြားမှာ အလျင်စလို ဆုတ်ခွာနေကြရပြီး နတ်ဘုရားနိုင်ငံတော် စစ်တပ်၏ တိုက်ခိုက်မှုကြောင့် အထိနာနေကြသည်။
ယခုအခါတွင် သူတို့သည် ကျွန်းပေါ်သို့ ရောက်ရှိနေကြပြီဖြစ်ပြီး ပေါက်ကွဲသံများကလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။
နတ်ဘုရားနိုင်ငံတော်မှ အစွမ်းထက်သူများသည် စောစောက ကျိုယန်ကျွန်းပေါ်တွင် ဖျက်ဆီးခံလိုက်ရသည့် ဒေါသများကို ပေါက်ကွဲနေကြသည့်အလား ပိဝူကျွန်းပေါ်ရှိ အဆောက်အအုံများကို ရူးသွပ်စွာ ဗုံးကြဲတိုက်ခိုက်နေကြ၏။
ရှန်းတိသည် လေထဲတွင် ပျံသန်းလာပြီးနောက် ဟုန်ထျန်ရီကို လျင်မြန်စွာ ပစ်မှတ်ထားလိုက်သည်။
သူက ချက်ချင်း လိုက်သွားပြီး "ဟုန်ထျန်ရီ... ဒီတစ်ခါ မင်း ဘယ်ပြေးမလဲ ကြည့်ကြသေးတာပေါ့" ဟု အော်ဟစ်လိုက်သည်။
ရှန်းတိ၏ ကိုယ်နေဟန်ထားသည် အလွန်မြန်ဆန်စွာ ပျံသန်းလာပြီး လေထဲတွင် ရပ်တန့်သွားသည်။ သူ၏ တောင်ပံခြောက်ဖက်ကို ဖြန့်ကျက်ထားပြီး ခန္ဓာကိုယ်တစ်ဝိုက်တွင် မျက်စိဖြင့် မြင်နိုင်သော ရွှေရောင် ဆန္ဒစွမ်းအင်များ ရစ်ပတ်နေသည်။ သူ၏ လက်ထဲတွင် ရာဇလှံတံ မရှိတော့သော်လည်း စိတ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ဓားရှည်တစ်လက်ကို ပုံဖော်ထားလေသည်။
"ဟုန်ထျန်ရီ... ထွက်ခဲ့စမ်း"
ရှန်းတိ၏ အသံသည် ဆန္ဒစွမ်းအင်များဖြင့် ပဲ့တင်ထပ်သွားပြီး ပိဝူကျွန်း တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။
"ဒီနေ့ မင်းရဲ့ ဒီကျွန်းစုတ်ကို အပြတ်ရှင်းပစ်မယ်... နတ်ဘုရားတစ်ပါးရဲ့ ကြီးမြတ်မှုကို ဆန့်ကျင်ရင် ဘာဖြစ်မလဲ ဆိုတာ မင်းကို သိစေရမယ်"
ဟုန်ထျန်ရီ၏ ခန္ဓာကိုယ်သည်လည်း လေထဲသို့ လျင်မြန်စွာ ပျံတက်သွားပြီး ကျောဘက်မှ တောင်ပံနှစ်ဖက်ကို ဖြန့်ကျက်ထားသည်။ သူ၏ ခေါင်းပေါ်တွင်လည်း ဦးထုပ်ကို အသစ်ပြန်လည် ဆောင်းထားလေသည်။
ထိုဦးထုပ်သည် ရွှေရောင်ဦးထုပ် အသစ်တစ်ခု ဖြစ်သော်လည်း ၎င်းပေါ်ရှိ သင်္ကေတကျောက်တုံးများ၏ အရေအတွက်နှင့် အရည်အသွေးမှာ ယခင် ပျက်စီးသွားသော ဦးထုပ်ကို မမီကြောင်း သိသာထင်ရှားနေသည်။
"ငါ့ကို သေစေချင်တယ်ပေါ့လေ... မင်းမှာ အဲဒီလောက် အရည်အချင်း ရှိလို့လား"
ပိဝူကျွန်း၏ ခံတပ်တံတိုင်းများအထက် လေဟင်းလင်းပြင်ထဲတွင် ဟုန်ထျန်ရီ ရပ်နေပြီး ရှန်းတိနှင့် အဝေးမှ မျက်နှာချင်းဆိုင်လိုက်သည်။
အောက်ဘက် စစ်မြေပြင်တွင် နတ်ဘုရားနိုင်ငံတော်မှ သန္ဓေပြောင်း မျိုးရိုးဗီဇ သားရဲကြီးများသည် စွမ်းအင်ဒိုင်းကာများကို ရူးသွပ်စွာ ဝင်ရောက်တိုက်ခိုက်နေကြသည်။
သတ္တုချင်း ရိုက်ခတ်သံများနှင့် အစွမ်းများ ပေါက်ကွဲသံများက တစ်လုံးပြီးတစ်လုံး ထွက်ပေါ်နေပြီး အချို့သော အဓိက စစ်စခန်းများရှိ အပြာနုရောင် အကာအကွယ်ဒိုင်းကာများပေါ်တွင် အက်ကွဲကြောင်းငယ်များပင် ပေါ်လာနေပြီ ဖြစ်သည်။
"ခွေးလေခွေးလွင့်လို ထွက်ပြေးနေရတဲ့ကောင်က... ထွက်လာရဲသေးတယ်ပေါ့"
ရှန်းတိက အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ ဆန္ဒစွမ်းအင်များမှာ ပိုမို သိပ်သည်းလာသည်။ မရေမတွက်နိုင်သော ဘာသာဝင်များ၏ ဆုတောင်းသံများသည် စိတ်စွမ်းအင် လှိုင်းများမှတစ်ဆင့် ပျံ့လွင့်လာပြီး လူကို စိတ်မချမ်းမသာ ဖြစ်စေသော တီးတိုးရွတ်ဆိုသံများအဖြစ် ပြောင်းလဲသွားကာ "ဒီတစ်ခါ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းလို့လဲမရ... မြေလျှိုးလို့လည်း မရနဲ့... မင်း ဘယ်လို ပြေးမလဲ ကြည့်ရသေးတာပေါ့"
"ပြေးရမယ် ဟုတ်လား" ဟုန်ထျန်ရီက ရယ်မောလိုက်ပြီး "မင်းရဲ့ ဒီလောက် အတိုင်းအတာရှိတဲ့ စိတ်စွမ်းအင် တိုက်ကွက်ကလည်း မနည်းမနော ပေးဆပ်ရမှာ မဟုတ်လား"
"ဒီလောက်အဆင့်ရှိတဲ့ စိတ်စွမ်းအင် တိုက်ကွက်ကို မင်း အကန့်အသတ်မရှိ သုံးနိုင်မယ်လို့ ငါ မယုံဘူး"
"တကယ်လို့ ရတယ်ဆိုရင်... အရင်တိုက်ပွဲတုန်းက ဘာလို့ မသုံးခဲ့တာလဲ"
ရှန်းတိက အေးစက်စွာ ရယ်မောလျက် "စကားများမနေနဲ့... သေလိုက်စမ်း"
သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းရောင်များ လင်းလက်သွားပြီး လက်နှစ်ဖက်ကို ယှက်ကာ "နတ်ဘုရားဆန္ဒ သန့်စင်ခြင်းအစွမ်း" ဟု ရေရွတ်လိုက်သည်။
ရွှေရောင် ဆန္ဒစွမ်းအင်များသည် ဒီရေအလား စုဝေးလာပြီး ပေရာချီ ရှည်လျားသော စိတ်စွမ်းအင် ဓားရှည်ကြီးတစ်လက်အဖြစ် ပြောင်းလဲသွားသည်။
ထိုဓားကြီးသည် လေထုကို ဆုတ်ဖြဲသွားသည့် အသံနှင့်အတူ ဟုန်ထျန်ရီဆီသို့ ခုတ်ပိုင်းလာလေသည်။
လမ်းတစ်လျှောက်ရှိ ဟင်းလင်းပြင်မှာ အနည်းငယ် တွန့်လိမ်သွားပြီး နေရောင်ခြည်ပင်လျှင် ထိုကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရကာ အမည်းရောင် အရိပ်ကြီးတစ်ခုအဖြစ် ဖြစ်ပေါ်သွားတော့သည်။
စိတ်စွမ်းအင် ဓားရှည်ကြီး ထိမှန်တော့မည့် တစ်ခဏတွင် ဟုန်ထျန်ရီက ညာဘက်လက်ကို မြှောက်ကာ ခါးရှိ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း ကိရိယာကို နှိပ်လိုက်သည်။
"ဝှီး"
နောက်တစ်ခဏတွင် ဟုန်ထျန်ရီသည် နေရာရွှေ့ပြောင်းကာ ထွက်ပြေးသွားပြီး မျက်စိရှေ့မှ ပျောက်ကွယ်သွားလေသည်။
ထိုဓားချက်မှာ လွဲချော်သွားပြီး မြေပြင်ကိုပင် ကြောက်မက်ဖွယ်ကောင်းသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။
၎င်းမှာ စိတ်စွမ်းအင်များ အလွန်အမင်း အားကောင်းလွန်းသဖြင့် လက်တွေ့ကမ္ဘာကိုပင် သက်ရောက်မှု ရှိသွားသည့် အဆင့်အထိ ရောက်ရှိနေခြင်း ဖြစ်သည်။
တကယ်တမ်းတွင် ၎င်းသည် စိတ်အဝေးထိန်းအစွမ်း တိုက်ခိုက်မှု မဟုတ်ဘဲ သန့်စင်သော စိတ်စွမ်းအင် တိုက်ခိုက်မှုသက်သက်သာ ဖြစ်သော်လည်း... စိတ်စွမ်းအင် ပမာဏ ကြီးမားလွန်းလှသဖြင့် စိတ်အဝေးထိန်းအစွမ်း၏ တိုက်ခိုက်မှု အာနိသင်မျိုးကို အတင်းအဓမ္မ ထွက်ပေါ်လာစေခြင်းပင်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤစိတ်စွမ်းအင်က မည်မျှ ကြောက်စရာကောင်းကြောင်းကို သိသာနိုင်ပေသည်။
ထိုအခိုက်တွင် ရှန်းတိ၏ မျက်နှာမှာ မှောင်မိုက်သွားလေသည်။
တစ်ဖက်လူတွင် ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း ကိရိယာ ရှိနေသဖြင့် ပစ်မှတ်ထားရန် အလွန် ခက်ခဲလှသည်။
အကယ်၍ ဟင်းလင်းပြင် ရာဇလှံတံသာ သူ့လက်ထဲတွင် ရှိနေသေးလျှင် အကောင်းသား။
ဟင်းလင်းပြင် ရာဇလှံတံဖြင့် ဟင်းလင်းပြင်ကို ချိတ်ပိတ်ထားနိုင်ပါက တစ်ဖက်လူသည် နေရာရွှေ့ပြောင်းနိုင်မည် မဟုတ်တော့ပေ။ ထိုသို့ဆိုလျှင် ဟုန်ထျန်ရီကို အလွယ်တကူ သတ်ဖြတ်နိုင်မည် ဖြစ်သည်။
ရှန်းတိ၏ ရင်ထဲတွင် စိုးရိမ်ပူပန်လာသည်။ ဟုန်ထျန်ရီ ခန့်မှန်းခဲ့သလိုပင် အမှန်တကယ် ဖြစ်နေသောကြောင့်တည်း။
ဤနတ်ဘုရားဆန္ဒ သန့်စင်ခြင်းအစွမ်းကို သူ အကြိမ်ပေါင်းများစွာ အသုံးမပြုနိုင်ပေ။
သူ၏ လက်ရှိ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ ခန္ဓာကိုယ် ကြံ့ခိုင်မှုဖြင့်ပင် ဤမျှ ကြီးမားသော ဆန္ဒစွမ်းအင်များကို တစ်ကြိမ်တည်း ဝန်ထုပ်ဝန်ပိုးအဖြစ် ထမ်းပိုးထားရန်မှာ အလွန် ခက်ခဲနေဆဲပင်။
"ခွေးမသား... ဒီကောင် ထွက်မပြေးနိုင်အောင် နေရာကို သေချာ ပစ်မှတ်ထားပြီးမှ တစ်ချက်တည်းနဲ့ အသေသတ်ရမယ်"
ထိုသို့ တွေးလိုက်မိသည်နှင့် ရှန်းတိ၏ စိတ်ထဲတွင် အစီအစဉ်သစ်တစ်ခု ရရှိသွားလေသည်။
"ချန်ထောင်... တုံမြောင်မြောင်"
အဝေးတွင် တိုက်ပွဲဝင်နေကြသော မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ အစွမ်းပိုင်ရှင် နှစ်ဦးသည် ရှန်းတိ၏ ခေါ်သံကို ကြားလိုက်ရသဖြင့် ချက်ချင်း လှည့်ကြည့်လာကြသည်။
သူတို့နှစ်ဦးသည် တစ်ပြိုင်နက်တည်း လျင်မြန်စွာ ပျံသန်းလာကြပြီး ထိုအထဲမှ တစ်ဦးမှာ ရေဒြပ်စင် အသွင်သဏ္ဌာန်ဖြင့် ရှိနေကာ ချန်ထောင်ပင် ဖြစ်သည်။
တုံမြောင်မြောင်မှာမူ ပင့်ကူအသွင်သဏ္ဌာန်ဖြင့် ရှိနေပြီး မည်သည့် အမျိုးအစား သန္ဓေပြောင်းအစွမ်း ဖြစ်သည်ကို မသိရပေ။
သူတို့နှစ်ဦး၏ မျိုးရိုးဗီဇ အသွင်သဏ္ဌာန်များမှာ ပေ ၂၃၀ ကျော်အထက်သို့ ရောက်ရှိနေပြီဖြစ်ရာ နတ်ဘုရားနိုင်ငံတော်၏ အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားများ ဖြစ်ကြောင်း သေချာလှသည်။
ဆက်ရန်...