အခန်း ၉၇၆
Vol. 49 Ch. 976
အပိုင်း (၉၇၆) ကြယ်နတ်ဘုရားအဆင့် မိစ္ဆာကောင်ကြီးအကြောင်း ကြားသိရခြင်း
"နေပါဦး... သူတို့က သေရမှာကို မကြောက်ကြဘူးလား... မင်းတို့လို မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့် အစွမ်းပိုင်ရှင်တွေကိုတောင် ဝိုင်းတိုက်ရဲတယ်ပေါ့လေ" ဟုန်ထျန်ရီက ဆွံ့အစွာဖြင့် မေးလိုက်သည်။
ရှန်းတိက ခပ်ဖွဖွ ရယ်မောလိုက်ပြီး "အခုတော့ ငါ့ရဲ့ နတ်ဘုရားနိုင်ငံတော် ဘယ်လောက်စွမ်းလဲဆိုတာ သိပြီမလား"
"မင်းတို့ကို ပြောထားမယ်... ဆရာလင်းသာ မရှိဘူးဆိုရင် မင်းတို့ ငါ့ကို သတ်ပစ်လိုက်ရင်တောင် ငါ့ရဲ့ နတ်ဘုရားနိုင်ငံတော်ကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး"
ဂျိမ်းစ်က မထီမဲ့မြင် ပြုံးလိုက်ပြီး "ဘာတွေ ဂုဏ်ယူနေတာလဲ... မင်းက ဒီ ဦးနှောက်ရိုက်သွင်းတဲ့ လှည့်ကွက်တွေနဲ့ပဲ ဒီအရူးယုံကြည်သူတွေကို ကစားနေတာမလား"
ရှန်းတိက လှောင်ပြောင်လိုက်သည်။ "မင်းတို့လည်း သွားလုပ်ကြည့်လေ... ငါ မသိဘူး မထင်နဲ့... မင်းတို့က တရားဟောတာတွေ ဘာတွေ မလုပ်ပေမဲ့ ကိုယ့်ခိုလှုံရေးစခန်းက ပြည်သူတွေကိုကျတော့ ရိုက်သွင်းတာတွေ မလုပ်ဘူးလား"
"ဟမ့်... တစ်ယောက်ကို တစ်ယောက် လှောင်မနေကြစမ်းပါနဲ့... ငါက ပေါ်တင် လုပ်တာပဲရှိတာ... မင်းတို့ တိတ်တဆိတ် လုပ်နေတဲ့ တွေးခေါ်မှုဆိုင်ရာ ပညာပေးတယ်ဆိုတာကရော အတူတူပဲ မဟုတ်ဘူးလား"
ဤစကားကြောင့် ဂျိမ်းစ်နှင့် ဟုန်ထျန်ရီတို့မှာ ချက်ချင်း ဆွံ့အသွားကြသည်။
အဘယ်ကြောင့်ဆိုသော် လက်ရှိကာလရှိ ခိုလှုံရေးစခန်း အကြီးစားတိုင်းလိုလိုသည် အခြေခံအားဖြင့် ဤပုံစံကိုသာ ကျင့်သုံးနေကြသောကြောင့် ဖြစ်သည်။
ဦးနှောက်ရိုက်သွင်းခြင်း မလုပ်သော နေရာဟူ၍ မရှိပေ။ လင်းယွမ်၏ ထိုက်ယန်တောင် ခိုလှုံရေးစခန်းတွင်ပင် သီးသန့် ဝါဒဖြန့်ချိရေးဌာန ရှိနေပြီး နေ့စဉ်နှင့်အမျှ ထိုက်ယန်တောင် ပြည်သူများအား ခိုလှုံရေးစခန်း၏ ကောင်းကွက်များနှင့် ဆရာလင်း၏ ကြီးမြတ်မှုတို့ကို ဝါဒဖြန့်လျက် ရှိသည်။
ထိုက်ယန်တောင် ခိုလှုံရေးစခန်းရှိ လင်းယွမ်၏ သြဇာလွှမ်းမိုးမှုမှာ ရှန်းတိဟူသော နတ်ဘုရားထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေမည်ဟု ဆိုနိုင်သည်။
ထိုက်ယန်တောင်၌ ဆရာလင်း မကောင်းကြောင်း တစ်ခွန်းဟဟ ကြည့်လိုက်ပါက အများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရမည်မှာ အသေအချာပင်။
ရှန်းတိ၊ ဟုန်ထျန်ရီနှင့် ဂျိမ်းစ်တို့ အချေအတင် စကားအနည်းငယ် ပြောဆိုပြီးနောက် ကိုယ့်လက်အောက်ငယ်သားများကို နှစ်သိမ့်ရန် ချက်ချင်း လမ်းခွဲသွားကြသည်။
နတ်ဘုရားနိုင်ငံတော်၏ အရေးအခင်းမှာ ဤသို့ပင် အစကောင်းပြီး အဆုံးမလှစွာ ပြီးဆုံးသွားလေသည်။
ထို့နောက်တွင် ကိစ္စရပ်များမှာ ပိုမို ရိုးရှင်းလာသည်။ နတ်ဘုရားနိုင်ငံတော်ဘက်တွင် ရှန်းတိ ကိုယ်တိုင် ထွက်၍ ယုံကြည်သူများကို စည်းရုံးနှစ်သိမ့်လိုက်သဖြင့် အခြေအနေများ တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်လာသည်။
ဂျိမ်းစ်နှင့် ဟော်ကျန့်ကျွင်းတို့သည်လည်း တပ်ဆုတ်ကာ နတ်ဘုရားနိုင်ငံတော်မှ စတင် ထွက်ခွာသွားကြသည်။
နှစ်ဖက်စလုံး၏ အခြေအနေမှာ မူလအစပုံစံသို့ ပြန်လည် ရောက်ရှိသွားသည်။
သို့သော် ယခုတစ်ကြိမ်တွင် အခြေအနေများက များစွာ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။
ဤတိုက်ပွဲတွင် သူတို့ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း နတ်ဘုရားနိုင်ငံတော်မှ အထက်ပိုင်း ခေါင်းဆောင်များ အားလုံး နားလည်ထားကြသည်။
ယခုအချိန်တွင် နတ်ဘုရားမှာ လက်နက်ချသွားပြီဖြစ်ပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှ ဆရာလင်းထံတွင် ခစား ဝင်ရောက်သွားပြီ ဖြစ်သည်။
အောက်ခြေရှိ ခိုလှုံရေးစခန်းနေ ပြည်သူများကမူ ဤအကြောင်းများကို သိရှိခြင်း မရှိကြပေ။
သူတို့သိသည်မှာ စစ်ပွဲကြီး ပြီးဆုံးသွားပြီဖြစ်၍ အားလုံး စိတ်အေးချမ်းသာစွာ ပြန်လည် နေထိုင်နိုင်ပြီ ဆိုသည်ကိုသာ။
လူအများစုမှာ ရှင်သန်ရေးအတွက် အလုပ်များနေကြရဆဲပင်။
အချို့သော သစ္စာရှိ ယုံကြည်သူများကလည်း ရန်သူများသည် နတ်ဘုရား၏ တရားပြမှုကြောင့် ကျွတ်တမ်းဝင်သွားပြီး နှစ်ဖက်စလုံး စစ်ရပ်စဲကာ ပြည်သူများအတွက် ကောင်းကျိုးပြုနေပြီဖြစ်ကြောင်း အကြီးအကျယ် ဝါဒဖြန့်နေကြသည်။
ထိုအရာများမှာ နောက်ပိုင်းမှ ဖြစ်လာသည့် ကိစ္စများဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း (၇) ရက် ကုန်ဆုံးသွားပြီး နတ်ဘုရားနိုင်ငံတော်နှင့် ကျင်းကျိုးမြို့တို့မှာ လုံးဝ ငြိမ်းချမ်းသွားကာ စစ်ပွဲ၏ ဒဏ်ရာဒဏ်ချက်များလည်း တဖြည်းဖြည်း သက်သာပျောက်ကင်းစ ပြုလာသည်။
ပျက်စီးသွားသော အဆောက်အအုံများကိုလည်း အချိန် (၇) ရက်တိုအတွင်း ပြန်လည် တည်ဆောက်နိုင်ခဲ့ကြသည်။
လင်းယွမ်ဘက်မှလည်း နတ်ဘုရားနိုင်ငံတော်နှင့် ကျင်းကျိုးဘက်သို့ အချင်းချင်း ကာကွယ်ရေးနယ်မြေများ လွှဲပြောင်းပေးရန် အကြောင်းကြားထားပြီး နတ်ဘုရားနိုင်ငံတော်၏ ဘာသာရေးအဖွဲ့အစည်းများကိုလည်း ပြန်လည် ဖွဲ့စည်းပြင်ဆင်ခဲ့သည်။
နတ်ဘုရားနိုင်ငံတော်အနေဖြင့် ယခုမှစ၍ ဘာသာရေးအဖွဲ့များ တရားဟောရာတွင် ဦးနှောက်ရိုက်သွင်းသည့် နည်းလမ်းမျိုး မသုံးရတော့ဘဲ လူများကို ကောင်းရာကောင်းကျိုးဆီသို့ လမ်းညွှန်သည့် တရားများကိုသာ ဟောကြားရမည်ဖြစ်ကာ ပြစ်မှုကျူးလွန်ခြင်းများ မရှိစေရဟု သတ်မှတ်လိုက်သည်။
နတ်ဘုရား ရှန်းတိမှာမူ နတ်ဘုရားဟူသော ပုံရိပ်ကို ဆက်လက် ထိန်းသိမ်းထားရမည်ဖြစ်သော်လည်း ဘာသာရေးအဖွဲ့အစည်းတွင် ပုပ်ရဟန်းမင်းကြီး တစ်ပါးကို ခန့်အပ်လိုက်သည်။
ထို ပုပ်ရဟန်းမင်းကြီး ရာထူးကို ထိုက်ယန်တောင်၏ ဝါဒဖြန့်ချိရေးဌာနမှ ဝန်ထမ်းတစ်ဦးအား တာဝန်ယူစေခဲ့သည်။
ထိုအချိန်မှစ၍ နတ်ဘုရား ရှန်းတိသည် အမြင့်တွင် ပင့်တင်ထားခံရသည့် နတ်ဘုရားတစ်ပါးအနေဖြင့်သာ နေထိုင်ရပြီး ဘာသာရေးအဖွဲ့အစည်း၏ အတွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခွင့် မရှိတော့ပေ။ စိတ်ပိုင်းဆိုင်ရာ ယုံကြည်ကိုးကွယ်မှု တစ်ခုအနေဖြင့်သာ တည်ရှိရပြီး လုပ်ငန်းပိုင်းဆိုင်ရာများကို ဝင်ရောက်စီမံခွင့် မရတော့ပေ။
ထိုသို့ဖြင့် ရှန်းတိသည် ယုံကြည်သူ အများအပြားကို ဆက်လက် ပိုင်ဆိုင်ထားနိုင်သော်လည်း နတ်ဘုရားနိုင်ငံတော်၏ အာဏာကိုမူ ရယူနိုင်စွမ်း မရှိတော့ချေ။
ထို့အပြင် နတ်ဘုရားနိုင်ငံတော်၏ နိုင်ငံရေးနှင့် စစ်ရေးကိုလည်း ခွဲခြားလိုက်သည်။ အုပ်ချုပ်ရေးကိစ္စရပ်များကို သီးသန့် အုပ်ချုပ်ရေးကောင်စီက ကိုင်တွယ်ပြီး စစ်ရေးကိုမူ စစ်တပ်က ကိုင်တွယ်လိုက်သည်။
နတ်ဘုရားနိုင်ငံတော် တစ်ခုလုံးသည် ဘာသာရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာ ခွဲခြားခြင်းအဆင့်သို့ တရားဝင် ရောက်ရှိသွားပြီး ရှန်းတိမှာ အုပ်ချုပ်ရေးအာဏာမှ လုံးဝ ဖယ်ရှားခံလိုက်ရသည်။
နောင်တွင် သူသည် အဆောင်လက်ဖွဲ့လေး တစ်ခုကဲ့သို့သာ တည်ရှိနေမည်ဖြစ်ပြီး ကိုးကွယ်ခံရနိုင်သော်လည်း အုပ်ချုပ်ရေးပိုင်းကို ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ပေ။
ထို့အပြင် ယနေ့မှစ၍ သူသည် လူအများရှေ့တွင်လည်း လွယ်လွယ်ကူကူ ပေါ်လာခွင့် မရှိတော့ပေ။
ဤသည်ကား နတ်ဘုရားနိုင်ငံတော်၏ အာဏာကို ခွဲဝေဖြိုခွဲလိုက်သည့် နည်းလမ်းပင် ဖြစ်သည်။
သေချာသည်ကတော့ ဤအစီအစဉ်ကို လင်းယွမ်က စဉ်းစားခဲ့ခြင်း မဟုတ်ဘဲ ထိုက်ယန်တောင်ဘက်မှ အကြံပြုလာသော နည်းလမ်း ဖြစ်သည်။
ကျင်းကျိုး စစ်ဒေသဘက်တွင်မူ ပို၍ ရိုးရှင်းပေသည်။ အထက်ပိုင်း ခေါင်းဆောင်များအား တိုက်ရိုက် အစားထိုး လဲလှယ်လိုက်ခြင်းပင်။
ထိုက်ယန်တောင်မှ လူများ ရောက်ရှိလာပြီး ထိုစစ်တပ်များကို တဖြည်းဖြည်းချင်း ဝင်ရောက်စိမ့်ဝင် ထိန်းချုပ်လိုက်ကြရာ ယခင်စစ်တပ် အထက်ပိုင်း ခေါင်းဆောင်များ၏ အာဏာများမှာ အလိုအလျောက်ပင် ထိုက်ယန်တောင်၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။
သို့သော် ဤကဲ့သို့သော အသေးအဖွဲ ကိစ္စများတွင် လင်းယွမ်က တိုက်ရိုက် ဝင်ရောက်ပါဝင်ခြင်း မရှိခဲ့ပေ။
လက်အောက်ငယ်သားများက အစီအစဉ်များ တင်ပြလာပြီး သူက သဘောတူခွင့်ပြုပေးလိုက်ရုံသာ။
လတ်တလောတွင် သူ၏ အာရုံစိုက်မှု အားလုံးသည် ကျင့်ကြံခြင်းအပေါ်၌သာ အပြည့်အဝ ရှိနေသည်။
ယခုအခါ သူသည် အရေးကြီးဆုံး အချိန်ကာလသို့ ရောက်ရှိနေပြီဖြစ်ပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၁၀၀% ပြည့်ရန် အနည်းငယ်သာ လိုတော့သည်။
ထို့ကြောင့် အခြားကိစ္စများကို အာရုံလွှဲ၍ မဖြစ်ပေ။
သို့သော်လည်း တစ်ခါတစ်ရံတွင် လူဆိုသည်မှာ ကိစ္စတစ်ခုကို ပြင်းပြင်းပြပြ လုပ်ချင်နေလေလေ၊ ထိုကိစ္စကို နှောင့်ယှက်ဟန့်တားမည့် အရာများ ပေါ်လာတတ်လေလေပင်။
ထိုနေ့တွင် လင်းယွမ်သည် နောက်ဆုံးအဆင့်သို့ ဖြတ်ကျော်ရန် ကြိုးစားပြင်ဆင်နေဆဲ ရှိသေးသည်။
ထိုအချိန်၌ ဝမ်လင်းအာက မျက်နှာတွင် စိုးရိမ်ပူပန်နေသော အရိပ်အယောင်များဖြင့် အလျင်စလို ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
သူမ၏ ထိုပုံစံကို မြင်လိုက်ရသည်နှင့် လင်းယွမ်မှာ ချက်ချင်းဆိုသလို အခြေအနေ မကောင်းတော့ကြောင်း ခံစားလိုက်ရသည်။
"အစ်ကိုလင်း... ပြဿနာတက်ပြီ"
ဝမ်လင်းအာမှာ စိုးရိမ်လွန်နေသဖြင့် သူတို့နှစ်ဦးကြား သီးသန့်သုံးလေ့ရှိသော နာမည်ကိုပင် တိုက်ရိုက် ခေါ်ဆိုလိုက်မိသည်။
ပုံမှန် လူရှေ့သူရှေ့တွင်ဆိုပါက သူမသည် လင်းယွမ်ကို ကိုလင်းယွမ်ဟုသာ ခေါ်ဆိုလေ့ရှိသည်။
သူတို့နှစ်ဦးတည်း ရှိနေချိန်မှသာ အစ်ကိုလင်းဟု ခေါ်လေ့ရှိခြင်း ဖြစ်သည်။
ယခင်က သူမသည် လင်းယွီကျွန်း၏ ကျွန်းသခင်မအဖြစ် ရှိနေစဉ်ကတည်းကပင် ထိုအကျင့်ကို ပြောင်းလဲခဲ့ခြင်း မရှိပေ။
အလွန်အရေးကြီးသော ကိစ္စမဟုတ်ပါက သူမသည် သူ့ကို ဤမျှ လောလောဆယ်ဆယ် လာရှာမည် မဟုတ်ကြောင်း လင်းယွမ် သိထားသည်။
ထို့ကြောင့် သူ၏ မျက်နှာထား အနည်းငယ် တင်းမာသွားပြီး အလျင်အမြန် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
"ကျိဖုန်းဆီက အရေးပေါ် သတင်းရတယ်... ကျွန်မတို့ရဲ့ တောင်ဘက်ကို ဆင်းသွားတဲ့ တပ်ကြီး ပြဿနာတက်သွားပြီတဲ့"
လင်းယွမ် ထိုစကားကို ကြားလိုက်ရချိန်တွင် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး အလျင်အမြန် မေးလိုက်သည်။ "ပြဿနာတက်တယ်... ဘာသဘောလဲ"
"ကျိဖုန်းရဲ့ အရေးပေါ် သတင်းထဲမှာ ပါတာကတော့... လင်းယွီရုံတို့က စစ်သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ အရိပ်တပ်ဖွဲ့ရဲ့ ကျွန်းစုတွေဆီကို ချီတက်သွားခဲ့တာ... အစပိုင်းမှာတော့ အရမ်းချောမွေ့ခဲ့ပြီး ရှေ့ကို တော်တော်လေး အမြန် တက်နိုင်ခဲ့တယ်တဲ့"
"အရိပ်တပ်ဖွဲ့က လူတွေမှာ ထူးဆန်းတဲ့ လက်နက်တွေ၊ အစွမ်းတွေ ရှိနေပေမဲ့ စွမ်းအင်ချိတ်ပိတ် အစီအရင်ကြီးကို ရင်ဆိုင်ရတဲ့အခါ ဘာမှကို ပြန်မခုခံနိုင်ကြဘူးတဲ့"
"ဒါပေမဲ့ တပ်ဖွဲ့က သူတို့ရဲ့ ပင်မစခန်းရှိရာ အရှေ့ပင်လယ်အနားကို ရောက်သွားတဲ့အချိန်မှာ... အရိပ်တပ်ဖွဲ့က လူတွေက ဘယ်ကနေ ဘယ်လို အဏုမြူ ဗုံးတစ်လုံး ရလာမှန်း မသိဘူးတဲ့"
"သူတို့က လူတချို့ကို ထိန်းချုပ်ပြီး အသေခံတိုက်ခိုက်လိုက်တာ... ကျွန်မတို့ရဲ့ တပ်ဖွဲ့ကြားထဲမှာ အဏုမြူဗုံးကို ဖောက်ခွဲပစ်လိုက်တယ်"
"အဲဒီအချိန်က အစွမ်းပိုင်ရှင် တော်တော်များများက ဝိုင်းပြီး အဏုမြူ ဗုံးပေါက်ကွဲမှုကို တားဆီးဖို့ ကြိုးစားခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ဘူးတဲ့"
လင်းယွမ် မျက်မှောင်ကြုတ်သွားပြီး "အဏုမြူ ဗုံးရဲ့ အစွမ်းက အဲဒီလောက်တောင် ကြီးလို့လား... အသေအပျောက် များသွားလား"
သူ အနည်းငယ် သံသယ ဝင်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ လက်ရှိ ကျင့်ကြံမှု အခြေအနေအရ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများအနေဖြင့် ၎င်းတို့၏ အစွမ်းများသာ ချိတ်ပိတ်မခံထားရပါက အစွမ်းများနှင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ပုံစံကို ပေါင်းစပ်ပြီး အဏုမြူ ဗုံးကို တားဆီးရန်မှာ သိပ်ပြဿနာ မရှိနိုင်သောကြောင့် ဖြစ်သည်။
ယခု အရိပ်တပ်ဖွဲ့ဆီသို့ ချီတက်သွားသော တပ်ကြီးထဲတွင် အများစုမှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများသာ ဖြစ်ပြီး အားနည်းသူဟူ၍ သိပ်မပါဝင်ပေ။
လင်းယွမ် ခံစားမိသည်မှာ အဏုမြူဗုံး တစ်လုံးတည်းဖြင့် လင်းယွီရုံတို့ တပ်ဖွဲ့တစ်ခုလုံးကို ပြုတ်ပြုတ်ပြုန်းသွားစေရန် မဖြစ်နိုင်ဟု ထင်သည်။
ဝမ်လင်းအာက ခေါင်းခါလိုက်ပြီး "အဏုမြူဗုံး ပေါက်ကွဲမှုက တော်တော်လေးတော့ သက်ရောက်မှု ကြီးသွားတယ်... အသေအပျောက် တချို့လည်း ရှိခဲ့တယ်... ဒါပေမဲ့ ဒါက အဓိက ပြဿနာ မဟုတ်ဘူး"
"အဓိကက အဏုမြူဗုံးကြောင့် ဖြစ်လာတဲ့ ကြောက်စရာကောင်းတဲ့ ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်တွေပဲ"
"အစ်ကိုလင်းလည်း သိတဲ့အတိုင်းပဲလေ... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့် အစွမ်းပိုင်ရှင်တွေက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို ပြီးပြည့်စုံတဲ့အထိ မကျင့်ကြံရသေးသရွေ့ မျိုးရိုးဗီဇမှာ ဟာကွက်တွေ ရှိနေသေးတယ်လေ"
"အဲဒီအချိန်က အဏုမြူ ဗုံးပေါက်ကွဲမှုရဲ့ ဓာတ်ရောင်ခြည် လှိုင်းရိုက်ခတ်မှုကြောင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူ တော်တော်များများက မျိုးရိုးဗီဇ ဖောက်ပြန်တဲ့ အခြေအနေကို ရောက်သွားကြတယ်"
"ဒါပေမဲ့ အရေးအကြီးဆုံးက အဲဒီ ပြဿနာ မဟုတ်သေးဘူး"
လင်းယွမ် ထိုစကားကို ကြားလိုက်ရသဖြင့် ရင်ထဲတွင် ပို၍ လေးလံသွားပြီး "ဒါက အဆိုးဆုံး ပြဿနာ မဟုတ်သေးဘူးလား"
သိထားရမည်မှာ ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်သည် မျိုးရိုးဗီဇကို ရုတ်တရက် ပြောင်းလဲသွားစေနိုင်ပြီး အချိန်မရွေး မျိုးရိုးဗီဇ ဖောက်ပြန်ပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်သည်။
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့် အစွမ်းပိုင်ရှင်များပင်လျှင် မျိုးရိုးဗီဇအဆင့်ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စွမ်း ရှိနေပြီဖြစ်သော်လည်း ဤကဲ့သို့ ကြောက်စရာကောင်းသော ဓာတ်ရောင်ခြည်လှိုင်းကို ရာခိုင်နှုန်းပြည့် ကာကွယ်နိုင်မည်ဟု မည်သူမျှ ရဲရဲ မပြောရဲပေ။
သို့သော် ဝမ်လင်းအာ၏ အဆိုအရ ဤသည်မှာ အကြီးမားဆုံးသော အန္တရာယ် မဟုတ်သေးပေ။
ဝမ်လင်းအာက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး "မဟုတ်ဘူး... ဒါက ဒုတိယအဆင့် အန္တရာယ်လောက်ပဲ ရှိသေးတယ်... အကြီးမားဆုံး အန္တရာယ်က ဒီအဏုမြူဗုံး ပေါက်ကွဲမှုကြောင့် အရိပ်တပ်ဖွဲ့နယ်မြေရဲ့ မြေအောက်အနက်ပိုင်းမှာ အိပ်မောကျနေတဲ့ ရှေးဟောင်း သတ္တဝါဆိုးကြီး တစ်ကောင် နိုးထလာတာပဲ"
"အဲဒီ မိစ္ဆာကောင်ကြီးရဲ့ အစွမ်းက ကြယ်နတ်ဘုရားအဆင့်ကို ရောက်နေတယ်"
ဆက်ရန်...