← Chapters

အခန်း ၉၇၉

Vol. 49 Ch. 979

အခန်း ၉၇၉

Vol. 49 Ch. 979

အပိုင်း (၉၇၉) ဂီယာ၏ ဖယ်ရှားမှု

မိုင်အတော်အတန် ဝေးကွာသွားသည့် နေရာသို့ ရောက်သောအခါမှသာ လူတိုင်းမှာ အသက်ပြန်ရှင်လာသကဲ့သို့ ခံစားလိုက်ရတော့သည်။

အားလုံးက ထိုစွမ်းအင်ဝဲကတော့ဆီသို့ လှမ်းမျှော်ကြည့်လိုက်ကြရာ သူတို့၏ မျက်နှာများထက်တွင် စိတ်လှုပ်ရှားမှုနှင့် ပီတိဖြစ်မှု အရိပ်အယောင်များ စွန်းထင်းနေ၏။

"ဆရာလင်းက ဒီတစ်ကြိမ် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ကျော်လွန်ပြီး ကြယ်နတ်ဘုရားအဆင့်ကို ရောက်သွားတာဆိုတော့... ပြိုင်ဘက်ကင်း ဖြစ်သွားပြီ မဟုတ်လား"

"ငါတို့ ဒေသမှာ ကြယ်နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူးလေ... ဆရာလင်းသာ ဒီအဆင့်ကို ရောက်သွားပြီဆိုရင် ဒီဂြိုလ်ပြာမှာ ပြိုင်ဘက်ကင်း ဖြစ်သွားပြီပေါ့"

"ဒါဆိုရင် ကုန်းပြင်မြင့်ဒေသတွေဘက်ကို သွားကြည့်လို့ ရပြီပေါ့... အဲဒီဘက်က မြေမျက်နှာပြင် မြင့်တော့ ရေကြီးပြီး ရေမှတ်တက်လာရင်တောင် အလွယ်တကူ ရေလွှမ်းခံရမှာ မဟုတ်ဘူး... အဲဒီမှာ ကုန်းမြေတွေ အများကြီး ကျန်နေသေးလောက်တယ်"

"ဟုတ်တယ်... အဲဒီဘက်ကို ပြောင်းရွှေ့သွားတဲ့ တပ်ဖွဲ့တွေ ရှိမလားတော့ မသိဘူး" ဝမ်ထျန်ရီကလည်း ဝင်ပြောလိုက်သည်။

ထိုအကြောင်းကို ပြောမိသောအခါ လူအနည်းငယ်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများမှာ ရှုပ်ထွေးသွားကြသည်။

အကယ်၍ တပ်ဖွဲ့များ အမှန်တကယ် ကျန်ရှိနေသေးပါကလည်း သူတို့နည်းတူ လူတိုင်းက ကိုယ့်ဘုရင် ကိုယ်လုပ်နေကြလောက်ပြီ ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံတော် ဟူသော စနစ်ကြီးသည် အမည်ခံမျှသာ ကျန်ရှိတော့သည်။

ယခုအခါ နေရာအသီးသီးသည် ကျွန်းများကိုသာ အခြေခံယူနစ်အဖြစ် သတ်မှတ်နေကြရပြီ ဖြစ်၏။

သူတို့ စိတ်ထဲတွင် မည်သို့ တွေးတောနေကြသည်ကို ခေတ္တချန်ထားရလျှင်၊ ယခုအချိန်တွင် စွမ်းအင်ဗဟိုချက်ထဲ၌ ရှိနေသော လင်းယွမ်မှာ မျက်မှောင်ကြုတ်လျက် ရှိနေသည်။

သို့သော် ဤငွေရောင် မျောက်ဝံကြီး၏ အသွင်အပြင်ဖြင့် မျက်မှောင်ကြုတ်ထားသဖြင့် မျက်ခုံးမွေးများကို မမြင်ရဘဲ မျက်ခုံးနှစ်ခုကြားရှိ အရစ်များကိုသာ မြင်နိုင်ပေသည်။

လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းမှ သမုဒ္ဒရာကြီးအလား ပြင်းထန်စွာ စီးဆင်းနေသော စွမ်းအင်များကို ခံစားကြည့်လိုက်ရာ ယခင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကထက် အဆတစ်ရာမက ပိုမို များပြားနေသည်ကို တွေ့လိုက်ရသည်။

ယခင်က သူ၏ ခန္ဓာကိုယ် အရွယ်အစားမှာ ပေ (၃၀၀) ခန့်သာ ရှိခဲ့သော်လည်း ယခုအခါ မျိုးရိုးဗီဇ ၁၀၀% ပြန်လည်ဖွဲ့စည်းပြီးနောက် သူ၏ အရွယ်အစားမှာ ဆယ်ဆခန့် ရုတ်တရက် ကြီးထွားလာပြီး ပေ (၃၀၀၀) ကျော် အဆင့်ထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သို့သော်... ဤသည်က ကြယ်နတ်ဘုရားအဆင့် မဟုတ်သေးပေ။

အဘယ်ကြောင့်ဆိုသော် လင်းယွမ်သည် သူ၏ နှလုံးအမြူတေ နှင့် ဦးနှောက်အမြူတေ တို့ တည်ရှိနေမှုကို မခံစားရသောကြောင့်ပင်။

"ငါ့ဆီမှာ ဘာလို့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေတွေ ဖြစ်မလာရတာလဲ"

"ဒါပေမဲ့ ငါက စက်ကွင်းလိုမျိုး စွမ်းအင်စက်ကွင်းကိုတောင် ဖွဲ့စည်းနိုင်နေပြီလေ... ဒါက... ဘာသဘောလဲ"

လင်းယွမ်၏ စိတ်ထဲတွင် သံသယများ ဖြစ်ပေါ်လာသည်။ ယုတ္တိအရဆိုလျှင် ဤအဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် သူသည် ကြယ်နတ်ဘုရားအဆင့်ဟု သတ်မှတ်ခံရမည် ဖြစ်သည်။

သို့သော် လက်တွေ့တွင်မူ သူသည် ကြယ်နတ်ဘုရားအဆင့်သို့ အပြည့်အဝ မရောက်ရှိသေးပေ။

ကြယ်နတ်ဘုရားအဆင့် ဆိုသည်မှာ သေချာပေါက် နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေ ပါရှိရမည် ဖြစ်သည်။

"နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေ ဖွဲ့စည်းဖို့ အချိန်လိုသေးတာလည်း ဖြစ်နိုင်တယ်"

ရုတ်တရက် လင်းယွမ်က သူ၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်နေသော ထူးဆန်းသည့် စွမ်းအားတစ်ရပ်ကို ခံစားလိုက်ရသည်။

ထိုစွမ်းအားက သူ့ကို ဖယ်ရှားနေပြီး ဤဂြိုဟ်ပေါ်မှ ဝေးရာသို့ မောင်းထုတ်နေခြင်း ဖြစ်သည်။

"ဒါက..."

လင်းယွမ်၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ထိုစွမ်းအင်နောက်သို့ လိုက်၍ ချက်ချင်း အာရုံခံကြည့်လိုက်သည်။

ဟင်းလင်းပြင်ကြီး တစ်ခုလုံးတွင် ထိုအသိစိတ်မျိုး ရှိနေကြောင်းကို တိတ်တဆိတ် ခံစားလိုက်ရ၏။

"ဒီဂြိုဟ်က ငါ့ကို ဖယ်ရှားနေတာလား"

လင်းယွမ်က ရုတ်တရက် သဘောပေါက်သွားပြီး ဤအသိစိတ်၏ အရင်းအမြစ်ကို ချက်ချင်း နားလည်သွားတော့သည်။

၎င်းမှာ ဂီယာ အသိစိတ်... ဂြိုဟ်တစ်ခုလုံး၏ အသိစိတ်ပင် ဖြစ်သည်။

ကပ်ဘေးမတိုင်မီကတည်းက ဂီယာ အသိစိတ်ဟူသော အယူအဆကို တင်ပြခဲ့သူများ ရှိခဲ့သော်လည်း ထိုအချိန်က အများစုမှာ လူသားများ၏ ကိုယ်ပိုင် ခန့်မှန်းချက်များသာ ဖြစ်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဂီယာ ဆိုသည့်အရာကို မည်သူမျှ အမှန်တကယ် မမြင်တွေ့ဖူးကြပေ။

သို့သော် နေရာဒေသ ကွာခြားသည်နှင့်အမျှ ဂီယာ အသိစိတ်အပေါ် ခေါ်ဝေါ်ပုံများလည်း ကွာခြားကြသည်။

အရှေ့တိုင်းတွင် လူအများက ၎င်းကို ကောင်းကင်ဘုံ၊ သဘာဝတရား ဟု ခေါ်ဆိုလေ့ရှိကြသည်။

အခြားဒေသများတွင်မူ ၎င်းကို ဖန်ဆင်းရှင်၊ နတ်ဘုရားများ ဟု ယူဆတတ်ကြသည်။

မတူညီသော နယ်မြေဒေသများတွင် ဂီယာ အသိစိတ်ကဲ့သို့သော အယူအဆမျိုး နည်းပါးပါး ရှိတတ်ကြသည်။

ယခင်က လူတိုင်း စိတ်ကူးယဉ်ရုံသာ ရှိခဲ့သော်လည်း ယခုအခါ လင်းယွမ်အနေဖြင့် တာဝန်ယူပြီး ပြောနိုင်သည်မှာ ဂီယာ အသိစိတ် ဆိုသည်မှာ အမှန်တကယ် တည်ရှိနေကြောင်းပင် ဖြစ်သည်။

လင်းယွမ်က ဟင်းလင်းပြင်ထဲတွင် ရပ်ကာ မျက်လုံးများကို မှိတ်လိုက်ပြီး ထိုအသိစိတ်နှင့် ဆက်သွယ်ရန် ကြိုးစားကြည့်လိုက်သည်။

သို့သော် မကြာမီမှာပင် သူ ကျရှုံးသွားခဲ့သည်။

"ဂီယာ အသိစိတ်ဆိုတာ သီးသန့် အသိစိတ် တစ်ခုတည်း မဟုတ်ဘဲ မရေမတွက်နိုင်တဲ့ သက်ရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ အစုအဖွဲ့ အသိစိတ် တစ်ခုပဲ"

"ဒါက ဒီဂြိုဟ်ပေါ်က တောင်တန်းတွေ... မြစ်ချောင်းတွေ... ရေကန်တွေလည်း ဖြစ်နိုင်သလို... ဒီဂြိုဟ်ပေါ်က သက်ရှိတွေရဲ့ မရေမတွက်နိုင်တဲ့ မသိစိတ်တွေလည်း ဖြစ်နိုင်တယ်"

လင်းယွမ် သဘောပေါက်သွားသည်။ ဤဂြိုဟ်၏ အစုအဖွဲ့ အသိစိတ်က သူ့ကို ဖယ်ရှားနေခြင်း ဖြစ်ပေသည်။

"ငါက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ကျော်လွန်ပြီး ကြယ်နတ်ဘုရားအဆင့် သားရဲကြီး ဖြစ်လာလို့များလား"

"မဟုတ်ဘူး... ငါက ကြယ်နတ်ဘုရားအဆင့် သားရဲကြီး ဖြစ်လာတော့မှာမို့ ခန္ဓာကိုယ်ထဲမှာ စက်ကွင်းသံလိုက်စက်ကွင်းတွေ ဖြစ်ပေါ်လာလို့ ဖြစ်မယ်... တိတိကျကျ ပြောရရင် အခုချိန်မှာ ငါက ဂြိုဟ်သိမ်လေး တစ်ခုနဲ့ အတူတူပဲ"

"ဒါကြောင့် သူက နောက်ထပ် ဂြိုဟ်သိမ်တစ်ခုကို ဖယ်ရှားနေတာပေါ့"

လင်းယွမ်က ဂြိုလ်ပြာသည် သက်ရှိများ ပိုင်ဆိုင်ထားသော ဂြိုဟ်တစ်ခုဖြစ်ရာ ပြင်ပမှ ဥက္ကာပျံများကို ကာကွယ်ရန်နှင့် ဂြိုဟ်ပေါ်ရှိ သက်ရှိများကို အကာအကွယ်ပေးရန်အတွက် အိုဇုန်းလွှာများကို ဆင့်ကဲပြောင်းလဲ ဖန်တီးခဲ့သည်ဟု တွေးတောမိလိုက်သည်။

၎င်းကိုယ်တိုင်ကပင် အခြားဂြိုဟ်များကို ဖယ်ရှားနိုင်စွမ်းရှိသည့် အလွန် အားကောင်းသော သံလိုက်စက်ကွင်းကို ပိုင်ဆိုင်ထားပြီး အချို့သော ဂြိုဟ်သိမ်ငယ်များကိုလည်း မိမိကိုယ်ကို ကာကွယ်ရန် ဆွဲငင်ထားနိုင်စွမ်း ရှိသည်။

တကယ်တမ်း စဉ်းစားကြည့်လျှင် ဤဂြိုဟ်များသည် အမှန်တကယ်ပင် ထူးခြားသော ကိုယ်ပိုင် အသိစိတ်များ ရှိနေသကဲ့သို့ပင်။

အထူးသဖြင့် ဂြိုလ်ပြာကဲ့သို့သော ဂြိုဟ်များ၏ အိုဇုန်းလွှာ၊ ကုန်းမြေ၊ သမုဒ္ဒရာ၊ ဒြပ်ထု၊ ဆွဲငင်အား အစရှိသည့် လုပ်ဆောင်ချက် အားလုံးသည် စနစ်တကျ ပုံဖော် ဖန်တီးထားသကဲ့သို့ပင် ဖြစ်သည်။

အကယ်၍ အဆင့်မြင့် သက်ရှိများက ဤကဲ့သို့ ပုံဖော်ဖန်တီးထားခြင်း မဟုတ်ပါက ပင်ကိုယ် ဆင့်ကဲပြောင်းလဲမှုကသာ ဤအဆင့်အထိ ရောက်ရှိလာစေနိုင်ခြင်း ဖြစ်ပေမည်။

လင်းယွမ်၏ စိတ်ကူးအာရုံများမှာ အမျိုးမျိုး ပြောင်းလဲနေပြီး အတွေးများ လွင့်မျောနေတော့သည်။

မကြာမီမှာပင် သူသည် အဓိပ္ပါယ်မရှိသော အတွေးများကို ရုပ်သိမ်းလိုက်ပြီး လက်ရှိ ပြဿနာကို လျင်မြန်စွာ စဉ်းစားလာခဲ့သည်။

"ငါက ၁၀၀% ကို ကျော်လွန်သွားပြီ ဆိုပေမဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို မဖွဲ့စည်းနိုင်သေးဘူး"

"ကမ္ဘာ့အပြင်အာကာသထဲကို သွားမှ ရမှာများလား"

"ဒါမှမဟုတ် နှလုံးနဲ့ ဦးနှောက်ကနေ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေ တဖြည်းဖြည်းချင်း ထွက်ပေါ်လာဖို့ အချိန်ယူပြီး ပျိုးထောင်ဖို့ လိုတာလား"

အမှန်တော့ လင်းယွမ်က နောက်ဆုံးအချက်ကို ပို၍ ယုံကြည်နေသည်။ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေ ဆိုသည်မှာ ချက်ချင်းလက်ငင်း ထွက်ပေါ်လာနိုင်မည့် အရာမျိုး မဟုတ်ပေ။

၎င်းသည် ဆဲလ်များ ကြီးထွားလာသကဲ့သို့ တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာရမည့် လုပ်ငန်းစဉ်တစ်ခု ရှိပေမည်။

ဤသည်က ချက်ချင်း ရွှေအမြူတေ တစ်ခုကို ဖွဲ့စည်းနိုင်သော သိုင်းဝတ္ထုများထဲမှ အဖြစ်အပျက်မျိုး မဟုတ်ပါချေ။

အကယ်၍ ထိုအဆင့်သို့ တကယ် ရောက်ရှိသွားပါကလည်း နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေတို့ကို တဖြည်းဖြည်း ကြီးထွားလာစေရန် စောင့်ဆိုင်းရမည် ဖြစ်သည်။

ထိုအချက်ကို တွေးမိသောအခါ လင်းယွမ်က စိတ်ကို တည်ငြိမ်စေလိုက်သည်။

"စနစ်ထဲမှာ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေ ဖွဲ့စည်းမှုကို အရှိန်မြှင့်ပေးနိုင်မယ့် ပစ္စည်းများ ရှိနေမလားပဲ"

"ဒါပေမဲ့ လောလို့တော့ မရသေးဘူး... အခု ငါက နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို မဖွဲ့စည်းရသေးဘဲ စက်ကွင်းသံလိုက်စက်ကွင်းကိုပဲ ဖွဲ့စည်းထားရုံနဲ့တောင် ဂြိုလ်ပြာရဲ့ ဖယ်ရှားမှုကို ခံနေရပြီလေ"

"တကယ်လို့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကိုသာ ဖွဲ့စည်းနိုင်သွားရင် ဒီဖယ်ရှားမှု အရှိန်က ပိုပြင်းထန်လာမှာ သေချာတယ်... အဲဒီအချိန်ကျရင် ငါက ဂြိုလ်ပြာကနေ ထွက်သွားရတော့မှာပဲ"

လင်းယွမ်က ခေါင်းယမ်းလိုက်သည်။ သူ လုပ်စရာ ကိစ္စများစွာ ကျန်ရှိနေသေးပြီး ဤဂြိုလ်ပြာမှ ချက်ချင်း ထွက်ခွာရန် အဆင်သင့် မဖြစ်သေးပေ။

ဂြိုလ်ပြာမှ မထွက်ခွာမီ ကြိုတင်ပြင်ဆင်မှုများစွာ လုပ်ဆောင်ရန် လိုအပ်နေသေးသည်။

အာကာသထဲတွင် မည်သည့်အရာများ ရှိနေသလဲ ဆိုသည်ကို လင်းယွမ် တိတိကျကျ မသိပေ။

သို့သော် သူ သေချာ သိထားသည့် တစ်ချက်ကတော့ အာကာသ ဆိုသည်မှာ လုံးဝ အေးချမ်းသည့် နေရာ မဟုတ်ဆိုခြင်းပင်။

အတွေးများကို ပြန်ရုပ်သိမ်းလိုက်ပြီး လင်းယွမ်က စိတ်ထဲမှ အလိုအလျောက် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အသွင်ကို ဖျက်သိမ်းလိုက်သည်။

ချက်ချင်းပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး တဖြည်းဖြည်း သေးငယ်သွားပြီး လူသားအသွင်သို့ ပြန်လည် ပြောင်းလဲသွားတော့သည်။

"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အသွင်ကို ပြောင်းလဲလို့ရနေလို့ တော်သေးတာပေါ့... မဟုတ်ရင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းပြီးတာနဲ့ လူသားအသွင် ပြန်ပြောင်းလို့မရရင် ဒုက္ခလှလှ တွေ့တော့မှာ"

လင်းယွမ်က စိတ်ထဲမှ တွေးတောလိုက်ပြီး စက်ကွင်းသံလိုက်စက်ကွင်း စွမ်းအားကို ရုပ်သိမ်းကာ လေပေါ်ကျွန်းဆီသို့ အလျင်အမြန် ပျံသန်းသွားတော့သည်။

မကြာမီ လင်းယွမ်က လေပေါ်ကျွန်းဆီသို့ ပြန်လည်ရောက်ရှိလာရာ ဝမ်လင်း တို့အဖွဲ့က အလျင်အမြန် ပြေးလာကြပြီး သူတို့၏ မျက်နှာပေါ်တွင် အပြုံးကိုယ်စီ ထင်ဟပ်နေကြသည်။

"ကိုလင်းယွမ်... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို ကျော်လွန်သွားတဲ့အတွက် ဂုဏ်ယူပါတယ်ရှင်" ဝမ်လင်းအာက ပြုံး၍ ပြောလိုက်သည်။

လူများနေသည့် အချိန်မျိုးတွင် သူမက ကိုလင်းယွမ် ဟုသာ ခေါ်ဆိုလေ့ရှိသည်။

ဟုန်ထျန်ရီ တို့ကလည်း လင်းယွမ်ကို ဝိုင်းဝန်း ဂုဏ်ပြုလိုက်ကြသည်။

"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ် ဆရာလင်း... အခုဆို ဆရာလင်းက လူသားတွေထဲမှာ ဒီအဆင့်ကို ပထမဆုံး ရောက်ရှိတဲ့သူ ဖြစ်လောက်ပြီ"

"သေချာတာပေါ့ကွ... အခုချိန်မှာ ကျင့်ကြံတဲ့ အမြန်နှုန်း ဘယ်လောက်ပဲ မြန်မြန် ဆရာလင်းထက် ပိုမြန်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး... ဘာပဲဖြစ်ဖြစ် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းက နောက်ပိုင်းရောက်လေ ပိုခက်လေပဲလေ" လုယွမ်ဆန်းကလည်း မနေနိုင်ဘဲ ဝင်ရောက် မှတ်ချက်ပြုလိုက်သည်။

"ဒါဆို အခု ဆရာလင်းက ပြိုင်ဘက်ကင်း ဖြစ်သွားပြီ မဟုတ်ဘူးလား" ကျန်းဝမ်ပင်က မေးလိုက်သည်။

အားလုံး၏ စပ်စုလိုသော အမေးများကို လင်းယွမ်က ခေါင်းအနည်းငယ် ယမ်းပြရင်း တုံ့ပြန်လိုက်သည်။ "ပြိုင်ဘက်ကင်းတော့ မဟုတ်သေးပါဘူး... ဒါပေမဲ့ လူသားတွေထဲမှာတော့ ငါက ရှေ့ဆုံးကနေ ဦးဆောင်နေတယ်လို့ ဆိုရမှာပေါ့"

"လောလောဆယ် အကြီးမားဆုံး ရန်သူက သန္ဓေပြောင်း သတ္တဝါတွေပဲ ဖြစ်နေတုန်းပဲ"

"ဒါပေါ့လေ... ဂြိုလ်ပြာက သန္ဓေပြောင်း သတ္တဝါတွေကတော့ စိတ်ပူစရာ မလိုတော့ပါဘူး... ရှေးဟောင်း သန္ဓေပြောင်း သတ္တဝါတွေနဲ့ အသက်ရှင်ကျန်ရစ်တဲ့ မိစ္ဆာကောင် တချို့ကိုပဲ သတိထားဖို့ လိုတော့တာ"

လင်းယွမ် ဆိုလိုသည်မှာ သဘာဝအားဖြင့် ခေါင်းရှစ်လုံးမြွေမိစ္ဆာကြီး ကဲ့သို့သော အကောင်မျိုးကို ပြောခြင်းပင်။

"ခင်ဗျားတို့ ရောက်လာတာ အတော်ပဲ... အကုန်လုံး အစည်းအဝေးလေး လုပ်ရအောင်... ကျွန်တော် ပြောစရာ ကိစ္စလေးရှိတယ်"

ဆက်ရန်...

All Chapters