အခန်း ၉၈၀
Vol. 49 Ch. 980
အပိုင်း (၉၈၀) လင်းယွမ် ကိုယ်တိုင် စစ်ချီခြင်း
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လင်းယွမ်က ဤအချိန်တွင် မည်သည့်အစည်းအဝေး ခေါ်ယူလိုသည်ကို အနည်းငယ် သံသယဖြစ်နေကြသည်။
ဝမ်လင်းအာကတော့ လင်းယွမ်သည် ခေါင်းရှစ်လုံးမြွေကြီးအကြောင်း ပြောလိမ့်မည်ဟု ခန့်မှန်းမိနေသည်။
ထင်ထားသည့်အတိုင်းပင် လူတိုင်း နေရာယူပြီးနောက် လင်းယွမ်က လိုရင်းကို တိုက်ရိုက် ပြောဆိုလိုက်သည်။
"အရိပ်တပ်ဖွဲ့ကို ရှင်းလင်းဖို့ ကျွန်တော် လွှတ်လိုက်တဲ့ တပ်ဖွဲ့က ရှေးဟောင်း သန္ဓေပြောင်း ခေါင်းရှစ်လုံးမြွေကြီးနဲ့ ဆုံခဲ့တယ်ဆိုတဲ့ သတင်း ခုလေးတင် ရလိုက်တယ်"
"ဘာ"
"အရိပ်တပ်ဖွဲ့... ဒီကောင်တွေက မသေသေးဘူးလား"
"ဘာတွေဖြစ်ကုန်တာလဲ... ဆရာလင်း... ဘယ်လိုလုပ်ပြီး အရိပ်တပ်ဖွဲ့ကိစ္စတွေ ပါလာရတာလဲ"
"အရိပ်တပ်ဖွဲ့က ဘာပြဿနာတွေ ရှာနေပြန်တာလဲ... သူတို့က အရှေ့ဘက်မှာ မဟုတ်ဘူးလား"
"သူတို့က ငါတို့နဲ့ ဒီလောက်ဝေးတာကို... ငါတို့ကို လာနှောင့်ယှက်ဖို့ အကြံအစည်တွေ ရှိနေသေးတာလား"
ကျင်းကျိုးစစ်တပ်မှ စစ်ဗိုလ်ချုပ်အချို့သည် အရိပ်တပ်ဖွဲ့က ကွမ်းတုံပြည်နယ်နှင့် အခြားနေရာများကို ကျူးကျော်ဝင်ရောက်လာသည်ကို သိပုံမပေါ်ပေ။
ထို့ကြောင့် လင်းယွမ်က အရိပ်တပ်ဖွဲ့၏ လုပ်ရပ်များကို လူတိုင်းအား ရှင်းပြလိုက်သည်။
လူအုပ်ကြီးသည် ထိုအကြောင်းကို ကြားပြီးနောက် ချက်ချင်းပင် ဒေါသထွက်သွားကြသည်။
"တောက်... ဒီအရိပ်တပ်ဖွဲ့ကောင်တွေက သူတို့ကျွန်း ရေမြုပ်သွားတာတောင် ငါတို့ကို ကျူးကျော်ဖို့ တွေးနေကြတုန်းပဲလား"
"ခွေးကောင်တွေ... ဆရာလင်း... အရိပ်တပ်ဖွဲ့တွေက ပြဿနာရှာရဲသေးတယ်ဆိုတာ ကျွန်တော်သာ စောစောသိခဲ့ရင်... နတ်ဘုရားနိုင်ငံတော်က ရှန်းတိကို သွားတိုက်နေမယ့်အစား အရိပ်တပ်ဖွဲ့ကိုပဲ တိုက်ရိုက်သွားရှင်းပစ်လိုက်ပြီ"
"ဝမ်ကျစ်ယွမ်... မင်းရဲ့ ဒီစကားက မင်းကို အထင်ကြီးသွားစေတယ်ကွာ... ဆရာလင်း... ဒီတစ်ခေါက် အရိပ်တပ်ဖွဲ့ကို ရှင်းဖို့ သွားမှာလား... ကျွန်တော်နဲ့ ကျန်းဝမ်ပင်လည်း သေချာပေါက် လိုက်ခဲ့မယ်" လုယွမ်ဆန်းက ချက်ချင်း အော်ပြောလိုက်သည်။
ကျန်းဝမ်ပင်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်... ကျွန်တော်လည်း လိုက်မယ်... ကျွန်တော်နဲ့ ယွမ်ဆန်းတို့ရဲ့ ဘိုးဘေးတွေက ဟိုတုန်းက စစ်ပွဲတွေမှာ ပါဝင်ခဲ့ဖူးတယ်... အရိပ်တပ်ဖွဲ့နဲ့ ကျွန်တော်တို့က မိုးကောင်းကင်အောက်မှာ အတူမရှင်သန်နိုင်တဲ့ ရန်သူတွေပဲ" ဟု ဝင်ပြောသည်။
"အရင် ကပ်ဘေးကြီး မကျရောက်ခင်တုန်းက အဖွဲ့အစည်းက အခြေအနေအရပ်ရပ်ကြောင့် နေရာတိုင်းမှာ သည်းခံခဲ့ရတယ်... အဲဒါက တိုးတက်ဖို့အတွက်မို့ မတတ်နိုင်ခဲ့ဘူးလေ"
"အခုလို ကပ်ဘေးကာလကြီး ရောက်နေတာတောင် ငါတို့က ဒီအရိပ်တပ်ဖွဲ့က ခွေးကောင်တွေ လူပါးဝတာကို ခံနေဦးမှာလား"
အရိပ်တပ်ဖွဲ့အကြောင်း ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ထိုနေရာတွင် ရှိနေသော စစ်သားဟောင်းများအားလုံး ဒေါသတကြီး ဖြစ်သွားကြသည်။
သူတို့သည် အာဏာနှင့် အကျိုးအမြတ်အတွက် အချင်းချင်း လုယက်ကာ စစ်ရေးအာဏာကို လုယူနေကြပြီး ညီညွတ်မှု မရှိဘဲ ပဋိပက္ခမျိုးစုံ ရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။
သို့သော် အရိပ်တပ်ဖွဲ့ကို သတ်ဖြတ်ရန်နှင့် အပြင်ရန်သူများကို နှိမ်နင်းရန် ကိစ္စများတွင်မူ ဤလူများသည် ချက်ချင်းပင် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သွားကြသည်။
မတတ်နိုင်ပေ၊ ၎င်းက သွေးကြောထဲတွင် နက်ရှိုင်းစွာ စီးဆင်းနေသော ရန်ငြိုးဖြစ်ပြီး မည်သူမျှ မမေ့နိုင်ကြပေ။
လင်းယွမ်က "ဒီတစ်ခေါက်တော့ ခင်ဗျားတို့ သွားရင်လည်း အသုံးဝင်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
"ဆရာလင်း... ဘာကိစ္စကြီးများ ဖြစ်သွားလို့လဲ" ဟုန်ထျန်ရီက အလျင်အမြန် မေးလိုက်သည်။
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး "အရိပ်ကျွန်းဘက်မှာ ရှေးဟောင်း ဒဏ္ဍာရီလာ သန္ဓေပြောင်း သားရဲကြီး ခေါင်းရှစ်လုံးမြွေကြီး ပေါ်လာတယ်"
"ဘာ"
"ခေါင်းရှစ်လုံးမြွေကြီး... ဒါက ဒဏ္ဍာရီထဲက အမြင့်ဆုံးအဆင့် သားရဲကြီး မဟုတ်ဘူးလား"
"ဆရာလင်း... သူက ဘယ်လောက်တောင် ကြမ်းလို့လဲ... ကြယ်နတ်ဘုရားအဆင့် ရောက်နိုင်လို့လား"
လူအုပ်ကြီးက အလျင်အမြန် ဝိုင်းမေးလိုက်ကြသည်။
လင်းယွမ်က "လင်းအာရဲ့ ပြောပြချက်အရဆိုရင် ဒီသန္ဓေပြောင်း သားရဲကြီးက လွန်ခဲ့တဲ့ အချိန်အကြာကြီးကတည်းက တည်ရှိနေခဲ့တာ ဖြစ်ရမယ်" ဟု ပြန်ဖြေသည်။
"ဘယ်လိုအကြောင်းပြချက်ကြောင့် သူက အခုချိန်ထိ အသက်ရှင်နေရတာလဲ ဆိုတာကိုတော့ မသိရသေးဘူး"
"အခု သန္ဓေပြောင်းစွမ်းအင်တွေ နိုးထလာတဲ့အချိန်မှာ သူလည်း အဲဒီ သက်ရောက်မှုကို ခံလိုက်ရတာ ဖြစ်နိုင်တယ်"
"သူက သံလိုက်စက်ကွင်းကို လှုံ့ဆော်ပြီး စက်ကွင်းနယ်မြေ တစ်ခု ဖန်တီးနိုင်တာကို ကြည့်ရင် ဒါက ကြယ်နတ်ဘုရားအဆင့် သန္ဓေပြောင်း သားရဲကြီးလို့ အသေအချာ ပြောလို့ရတယ်"
လူတိုင်း၏ မျက်နှာများမှာ အနည်းငယ် ပျက်ယွင်းသွားကြသည်။
"ရှေးဟောင်းခေတ်ကနေ အခုချိန်ထိ အသက်ရှင်ဖို့ သူက ဘယ်လိုလုပ်နိုင်ခဲ့တာလဲ"
"ဒါက သက်ရှိသတ္တဝါရော ဟုတ်သေးရဲ့လား"
"အသက်အရှည်ဆုံး သက်ရှိတွေတောင် ဒီလောက်ကြာကြာ မနေနိုင်ဘူးလေ... ဒါက နှစ်သောင်းချီနေပြီ မဟုတ်ဘူးလား"
ဟုန်ထျန်ရီက မနေနိုင်ဘဲ "သံလိုက်စက်ကွင်း နယ်မြေ... ဆရာလင်း... ဒါက ကြယ်နတ်ဘုရားအဆင့်ရဲ့ ထူးခြားချက်လား" ဟု မေးလိုက်သည်။
"ကြယ်နတ်ဘုရားအဆင့်ရှိတဲ့ သန္ဓေပြောင်း သားရဲတွေကပဲ ဒီလိုလုပ်နိုင်တာလား"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး "ဟုတ်တယ်... ဒီလို သံလိုက်စက်ကွင်း နယ်မြေမျိုးက ကြယ်နတ်ဘုရားအဆင့်တွေမှာပဲ သီးသန့်ရှိတာ" ဟု ပြောလိုက်သည်။
"ဆရာလင်း... ဆရာရော ဒီလို သံလိုက်စက်ကွင်း နယ်မြေမျိုးကို ပိုင်ဆိုင်ထားပြီလား" ကျန်းဝမ်ပင်က မနေနိုင်ဘဲ မေးလိုက်သည်။
လင်းယွမ်က အနည်းငယ် စဉ်းစားလိုက်ပြီး "ဟုတ်တယ်လို့ ဆိုရမှာပေါ့" ဟု ဖြေလိုက်သည်။
လင်းယွမ်က ဤအကြောင်းအရာနှင့် ပတ်သက်၍ ဆက်ပြီး ဘာမှ မပြောတော့ပေ။
သံလိုက်စက်ကွင်း နယ်မြေဆိုသည်မှာ ကြယ်နတ်ဘုရားအဆင့်၏ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေတို့နှင့် ဆက်စပ်နေသည်ကတော့ သိသာလှသည်။
နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေ ပို၍ အားကောင်းလေ... ထွက်ပေါ်လာသော စက်ကွင်းနယ်မြေသည်လည်း ပို၍ အားကောင်းလေ ဖြစ်သည်။
လင်းယွမ် ဤအကြောင်းကို ဆက်မပြောလိုသည့် အဓိကအကြောင်းရင်းမှာ သူကိုယ်တိုင်ပင် နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေတို့ကို မစုစည်းနိုင်သေးသောကြောင့် ဖြစ်သည်။
ဤအကြောင်းများကို ပြောနေခြင်းက အဓိပ္ပာယ် မရှိပေ။
သို့သော် သူသည် ယခုအခါ သံလိုက်စက်ကွင်း နယ်မြေ၏ အခြေခံပုံစံကို ပိုင်ဆိုင်ထားပြီး မိုင်ဆယ်ဂဏန်းဝန်းကျင်အထိ သက်ရောက်နိုင်စွမ်း ရှိသော်လည်း တိကျသော အတိုင်းအတာကိုမူ မစမ်းသပ်ရသေးပေ။
ယခု သူသာ ကြယ်နတ်ဘုရားအဆင့် ပုံစံသို့ ပြောင်းလဲလိုက်ပါက ပေထောင်ချီ မြင့်မားသော အရပ်အမောင်းဖြင့် မိုင်ဆယ်ဂဏန်းဝန်းကျင်အထိ သက်ရောက်နိုင်ခြင်းက သိပ်ပြီး အထင်ကြီးစရာတော့ မဟုတ်လှပေ။
"ကြယ်နတ်ဘုရားအဆင့် ပုံစံနဲ့ ပတ်သက်ပြီး ကျွန်တော် ဆက်လက် လေ့လာစူးစမ်းဖို့ လိုနေသေးတယ်... လူတစ်ယောက်ချင်းစီရဲ့ ကြယ်နတ်ဘုရားအဆင့် ပုံစံတွေက မတူညီကြသလို အသုံးဝင်ပုံတွေကလည်း ကွာခြားလောက်တယ်... ထွက်ပေါ်လာတဲ့ သံလိုက်စက်ကွင်းတွေမှာလည်း မတူညီတဲ့ အာနိသင်တွေ ရှိနိုင်တယ်"
လင်းယွမ်က ပြောပြီးနောက် ဆက်လက်၍ "ဒါပေမဲ့ အခု ကျွန်တော်က ဒီလို သံလိုက်စက်ကွင်း နယ်မြေမျိုးကို ပိုင်ဆိုင်ထားပြီဆိုတော့ အရိပ်ကျွန်းဘက်ကို သွားပြီး အခြေအနေကို ကြည့်ရှုဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ကတော့ သေချာပေါက် ပြဿနာမရှိဘူး" ဟု ဆိုသည်။
လူတိုင်းက အသီးသီး ခေါင်းညိတ်လိုက်ကြသည်။ ကြယ်နတ်ဘုရားအဆင့် သန္ဓေပြောင်း သားရဲကြီးတွင် မည်သို့သော အစွမ်းအစများ ရှိသည်ကို သူတို့ မသိကြသော်လည်း အချက်တစ်ချက်ကိုတော့ အလွန် ရှင်းလင်းစွာ သိထားကြသည်။
၎င်းမှာ ကြယ်နတ်ဘုရားအဆင့် သန္ဓေပြောင်း သားရဲကြီး၏ ရှေ့မှောက်တွင် သူတို့၌ ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိခြင်းပင် ဖြစ်သည်။
"ကဲ... ကျွန်တော် အခုပဲ ထွက်ခွာတော့မယ်... ခင်ဗျားတို့လည်း အရင်အတိုင်းပဲ ဆက်နေပြီး ကိုယ့်နယ်မြေတွေကို ကိုယ် သေချာ စောင့်ကြပ်ထားကြ"
"ဆရာလင်း စိတ်ချပါ... ကျွန်တော်တို့ သေချာပေါက် တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းပြီး အချင်းချင်း သဘောထားကွဲလွဲမှုတွေ ထပ်မဖြစ်စေရပါဘူး" ဟုန်ထျန်ရီက အလျင်အမြန် ကတိပေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
ဘေးနားရှိ ဝမ်ကျစ်ယွမ်က မနေနိုင်ဘဲ "ဆရာလင်း... ကျွန်တော်တို့ အားလပ်ချိန်ရရင် ထိုက်ယန်တောင်ကို သွားပြီး လေ့လာလည်ပတ်လို့ ရမလား" ဟု မေးလိုက်သည်။
လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်သည်။ ထိုနေရာတွင် ရှိနေသူများထဲ၌ ဝမ်ကျစ်ယွမ်နှင့် ဝမ်လင်းအာ နှစ်ယောက်တည်းသာ သူ၏ ဝိညာဉ် ချုပ်နှောင်ခြင်း အစွမ်းကို မခံရသူများ ဖြစ်သည်။
ယခင်က ဟုန်ထျန်ရီတို့အားလုံး သူ့ထံ လက်နက်ချသွားကြောင်းကို ဝမ်ကျစ်ယွမ် သိလိုက်ရချိန်တွင် မည်သို့သော စိတ်ခံစားမှုမျိုး ရှိခဲ့သည်ကို သူ မသိပေ။
သို့သော် သူ၏ ယခုတလော လုပ်ဆောင်ချက်များကို ကြည့်ရလျှင် သူသည် ဟုန်ထျန်ရီတို့အဖွဲ့နှင့် အလွန် အဆင်ပြေချောမွေ့စွာ ပေါင်းစပ်သွားပုံရပြီး လင်းယွမ် ရုတ်တရက် ပေါ်လာခြင်းကြောင့် သူ၏ ပြုမူပုံများ ပြောင်းလဲသွားခြင်းမျိုး မရှိခဲ့ပေ။
ဤကောင်က သူ၏ အတွေးမှန်သမျှကို စိတ်ထဲတွင်သာ ဖုံးကွယ်ထားတတ်ကြောင်း သိသာလှသည်။
ထို့ကြောင့် လင်းယွမ်က ပြုံးလိုက်ပြီး "သွားလို့ ရပါတယ်... ဒါပေမဲ့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ သူ့စည်းမျဉ်းနဲ့သူ ရှိတယ်... ဟိုရောက်ရင် ပြဿနာမရှာနဲ့... ဒီမှာ အထက်လူကြီး နေရာမှာ ရှိနေတယ်ဆိုတဲ့ အခွင့်အရေးကို ယူပြီး ဟိုဘက်မှာ သွားပြီး မောက်မာတာမျိုးတွေ မလုပ်နဲ့" ဟု ပြောလိုက်သည်။
"တကယ်လို့ ခင်ဗျားတို့က ဟိုဘက်က စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မယ်ဆိုရင် ကျွန်တော် ကိုယ်တိုင် အရေးယူ အပြစ်ပေးရလိမ့်မယ်... အဲဒီအခါကျရင်တော့ အပြစ်မတင်နဲ့"
လူတိုင်းက မလုပ်ရဲကြောင်း အသီးသီး ပြန်ဖြေလိုက်ကြသည်။
ဝမ်ကျစ်ယွမ်ကလည်း အလျင်အမြန် ခေါင်းခါလိုက်ပြီး "ဆရာလင်း စိတ်ချပါ... ကျွန်တော်က ဆရာ ကိုယ်တိုင် တည်ဆောက်ထားတဲ့ ရေပေါ်ကျွန်းကြီးက ဘယ်လိုပုံစံမျိုးလဲ ဆိုတာကို လေ့လာချင်ရုံ သက်သက်ပါ... ဘယ်ပြဿနာရှာရဲပါ့မလဲ" ဟု ပြောလိုက်သည်။
လင်းယွမ်က အင်း ဟု အသံပြုလိုက်ပြီး "အားလုံး လူစုခွဲလိုက်ကြတော့... အချိန်က တန်ဖိုးရှိတယ်... ကျွန်တော် အမြန် သွားရတော့မယ်... လင်းအာ... သတင်းလာပို့တဲ့လူကရော"
ဝမ်လင်းအာက "ထိုက်ယန်တောင်မှာ ရှိပါတယ်" ဟု ဖြေလိုက်သည်။
"ကောင်းပြီ... ကျွန်တော် အခုပဲ ပြန်သွားလိုက်မယ်"
ထိုသို့ ပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ် လှုပ်ရှားသွားကာ ကောင်းကင်ထက်သို့ လျင်မြန်စွာ ပျံတက်သွားလေသည်။
ဤတစ်ကြိမ်တွင် သူသည် ယာဉ်ပျံကိုပင် စီးစရာ မလိုတော့ဘဲ မိမိဘာသာ ထိုက်ယန်တောင်ဆီသို့ တိုက်ရိုက် ပျံသန်းသွားလေသည်။
ဤနေရာမှ ထိုက်ယန်တောင်အထိ မိုင်ရာပေါင်းများစွာ ကွာဝေးကြောင်း သိထားရမည်။ ယခင်ကဆိုလျှင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိသော အစွမ်းပိုင်ရှင်ပင် ဖြစ်လင့်ကစား တစ်ရက် သို့မဟုတ် ရက်အတော်ကြာအောင် အချိန်ယူရမည် ဖြစ်သည်။
ထိုသို့ လျင်မြန်စွာ ပျံသန်းခြင်းကြောင့် ကုန်ဆုံးသွားသော သန္ဓေပြောင်းစွမ်းအင်များကို ပြန်လည်ပြည့်ဖြိုးလာစေရန် လမ်းခုလတ်တွင် အနားယူရန် လိုအပ်သေးသည်။
သို့သော် ယခုအခါ လင်းယွမ်သည် ကြယ်နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ ခန္ဓာကိုယ်အတွင်းရှိ မျိုးရိုးဗီဇမှ ထုတ်ယူနိုင်သော စွမ်းအင်သည် ယခင်ကထက် အဆပေါင်းရာချီ ပိုမိုများပြားနေပြီ ဖြစ်သည်။ မိုင်ရာပေါင်းများစွာ ဝေးသော ခရီးကို မဆိုထားနှင့်၊ ကမ္ဘာမြေကြီး တစ်ပတ် လှည့်ပတ် ပျံသန်းမည် ဆိုလျှင်ပင် ပြဿနာ မရှိနိုင်ပေ။
ထို့အပြင် ကြယ်နတ်ဘုရားအဆင့်သို့ ဝင်ရောက်ပြီးနောက် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းမှာ ပြည့်စုံသွားပြီး စက်ဝန်းတစ်ခုသဖွယ် အပြည့်အဝ ပိတ်လှောင်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
မျိုးရိုးဗီဇ တစ်ခုချင်းစီတိုင်းသည် သန္ဓေပြောင်းစွမ်းအင်များကို ပြီးပြည့်စုံစွာ စုပ်ယူ ထုတ်လွှတ်နိုင်စွမ်း ရှိသည်ဟု ဆိုနိုင်သည်။
ခန္ဓာကိုယ်အတွင်းရှိ အခြား ရောနှောနေသော မျိုးရိုးဗီဇများသည် ယခုအခါ အဓိက မျိုးရိုးဗီဇ၏ လုပ်ဆောင်ချက်များကို လုံးဝ နှောင့်ယှက်နိုင်စွမ်း မရှိတော့ပေ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လင်းယွမ်သည် မိုင်ဆယ်ဂဏန်းဝန်းကျင်အထိ ပျံသန်းသွားခဲ့ပြီ ဖြစ်သည်။
ထိုအကွာအဝေးအတွက် သူသည် စက္ကန့်အနည်းငယ်သာ အချိန်ယူခဲ့ရသည်။
သေချာသည်မှာ ထိုအရာက ပေထောင်ချီ မြင့်မားသော မျောက်ဝံမိစ္ဆာကြီး အသွင်သို့ ပြောင်းလဲထားစဉ်က အလျင်နှုန်း ဖြစ်ပြီး သာမန် လူသားပုံစံတွင်မူ သူ၏ အလျင်သည် ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်ထိ မရောက်သေးပေ။
"မိုးကြိုးတိမ်တိုက်တွေထဲ သွားပြီး ငါ့ရဲ့ လက်ရှိ စွမ်းအားကို စမ်းသပ်ကြည့်ရမယ်"
လင်းယွမ် စိတ်ထဲတွင် တွေးလိုက်မိပြီး သူ၏ ခန္ဓာကိုယ်သည် ထူထဲနေသော မည်းမှောင်သည့် တိမ်တိုက်များထဲသို့ တိုက်ရိုက် ခုန်ဝင်သွားလေသည်။
သူ မိုးကြိုးတိမ်တိုက်များထဲသို့ ဝင်ရောက်သွားသည့် ခဏမှာပင် ပတ်ဝန်းကျင်ရှိ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလျှပ်စီးများသည် ရုတ်တရက် အစပျိုးသွားသကဲ့သို့ ဖြစ်သွားပြီး "ဂျိန်း" ဟူသော အသံများနှင့်အတူ လင်းယွမ်၏ ခန္ဓာကိုယ်ပေါ်သို့ ရူးသွပ်စွာ ပစ်ချလာတော့သည်။
ဆက်ရန်...
နောက်တစ်အုပ်မှာတော့... လင်းယွမ်နဲ့ကြယ်နတ်ဘုရားအဆင့်သားရဲကြီးရဲ့ တိုက်ပွဲနဲ့ စနစ်ရဲ့အသွင်ပြောင်းသွားပုံကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ Ongoing မီသွားပြီမို့လို့ စာစဉ် (၅၀) က ခဏလေးနဲ့ထွက်နိုင်ဦးမှာ မဟုတ်ပါဘူး။ မူရင်းစာရေးဆရာ အပိုင်း ၂၀ ကျော်မှ မင်မင် နောက်တစ်အုပ် ထုတ်ပေးလို့ရမှာပါ။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးကြပါနော်။ အခုထိအားပေးခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ မင်မင် နောက်ထပ်ရေးမယ့်ဟာကိုလည်း အခုလိုပဲ အားပေးကြဦးနော်။