← Chapters

အခန်း ၉၉၂

Vol. 67 Ch. 992

အခန်း ၉၉၂

Vol. 67 Ch. 992

အခန်း ၉၉၂ - မင်း ငါဘာပြောချင်လဲဆိုတာ သိပါတယ်

"တတိယမြောက်ရွေးချယ်စရာ ဟုတ်လား.. ဘာကို ဆိုလိုချင်တာလဲ"

အဆင့်ကိုးသက်ရှိအချို့က ဇဝေဇဝါဖြစ်နေကြလေသည်။

"မင်းတို့တွေ ဒီကောင်လေးက ဘယ်လိုလူစားမျိုးလဲဆိုတာ အခုထိ မသိကြသေးဘူးလား"

မော့စ်က ပြောလိုက်သည်။

"ရီထျန်းဂိုဏ်းက လူတွေက ရတနာရှာဖွေရေးနယ်မြေထဲမှာ လျှောက်သွားပြီး တခြားမျိုးနွယ်စုတွေရဲ့ အရင်းအမြစ်တွေကို လုယက်နေကြတာ... အခု သူက ငါတို့ကို ပစ်မှတ်ထားနေပြီ"

"အာ... ငါ့ကို ဒီလောကထဲရောက်လာအောင် ငါ့မိဘတွေက ခေါ်ဆောင်ပေးခဲ့တာဆိုပေမဲ့ တကယ့်တကယ်တမ်းကျတော့ ငါ့အကြောင်းကို အသိဆုံးက မော့စ်ပဲ"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"တကယ်လို့ ခင်ဗျားတို့သာ စောစောက ကျုပ်ကို ပြဿနာမရှာခဲ့ရင် ကျုပ်ကလည်း ဒီအတိုင်း ထွက်သွားမလို့ပါပဲ.. ပြောရရင် ကျုပ်က စိတ်သဘောထားပြည့်ဝပြီး အရာရာကို သည်းခံနိုင်တဲ့လူမို့ ကလေးဆိုတာ နည်းနည်းလောက်တော့ ဆိုးတတ်တာကို နားလည်ပေးနိုင်ပါတယ်"

မော့စ်၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် တုန်ခါသွားသည်။ သူသည် အသက်နှစ်ပေါင်းဘီလီယံနှင့်ချီ၍ ရှိနေလေပြီ။ ကမ္ဘာမြေပေါ်တွင် မွေးဖွားခဲ့သော ရှေးအကျဆုံးလူသားများပင် လွန်ခဲ့သည့် နှစ်ပေါင်းသိန်းဂဏန်းခန့်ကမှ ပေါ်ထွက်လာခဲ့ခြင်းပင်။ ယခုမူ သူ့လို လူတစ်ယောက်ကို ကျန်းမုန့်လောင်က ကလေးတစ်ယောက်အဖြစ် ရည်ညွှန်းပြောဆိုနေခြင်းလေလော။

"ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်ကို အတင်းပြဿနာရှာခဲ့ကြတာကိုး.. တကယ်တော့ ကျုပ်လည်း နေ့တိုင်း သတ်ဖြတ်တိုက်ခိုက်နေရတာကို မလိုလားပါဘူး.. ဒါပေမဲ့ ခင်ဗျားတို့ဘက်က အရင်စခဲ့တာနော်.. ပုံရိပ်ယောင်ကြယ်တာရာသားရဲကို ဆင့်ခေါ်တာက သက်စောင့်စွမ်းအင်အများကြီးကုန်တယ်ဆိုတာကို ခင်ဗျားတို့သိသင့်တယ်... အဲဒါကြောင့် အခု ဒါက ဖြေရှင်းလို့မရတဲ့ ရန်ငြိုးတစ်ခု ဖြစ်သွားပြီ.. ဟုတ်တယ်မလား"

"ကျုပ်က ကျိုးကြောင်းဆီလျော်တဲ့လူပါ.. ကျုပ်ရဲ့မူဝါဒက အသက်ထက် ပိုက်ဆံက ပိုအရေးကြီးတယ်ဆိုတာပဲ.. တကယ်လို့ ခင်ဗျားတို့က ဒီဆုံးရှုံးမှုအတွက် ကျုပ်ကို လျော်ကြေးနည်းနည်းလောက် ပြန်ပေးမယ်ဆိုရင်တော့ ဒီကိစ္စကို ပြီးသွားပြီလို့ သတ်မှတ်လိုက်လို့ရတယ်"

"မင်း"

ကျန်းမုန့်လောင်က မော့စ်ကို လက်ညှိုးထိုးလျက် ပြောလိုက်ပြန်သည်။

"ခင်ဗျားက စကြဝဠာထဲမှာ အကြီးဆုံးမျိုးနွယ်ဖြစ်တဲ့ နိုအာမျိုးနွယ်စုရဲ့ အုပ်စိုးသူပဲ... အဲဒီတော့ ခင်ဗျားမှာ ပိုင်ဆိုင်မှုတွေ အများကြီးရှိမှာသေချာတယ်.. ဟုတ်တယ်မလား.. ကျုပ် အများကြီးမလိုချင်ပါဘူး.. အဆင့်ငါးမျိုးနွယ်စုပေါင်း သောင်းဂဏန်းလောက်နဲ့ စကြဝဠာဒင်္ဂါးသန်းနည်းနည်းလောက် ပေးရင် ကျုပ်တို့ ကျေအေးကြတာပေါ့"

"ခင်ဗျားက ဇော့ဂ်မဟုတ်လား.. စကြဝဠာသိုင်းပညာတာအိုအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဆို.. ခင်ဗျားတို့ရဲ့ သိုင်းပညာတာအိုအဖွဲ့အစည်းက စကြဝဠာတစ်ခုလုံးမှာ ပျံ့နှံ့နေတာ။ ဒီလောက်ကြီးမားတဲ့ လုပ်ငန်းကွင်းဆက်ကြီးရှိနေတာဆိုတော့ နှစ်တိုင်း ပိုက်ဆံတွေအများကြီး ရှာနိုင်မှာ သေချာတယ်.. ဟုတ်တယ်မလား.. ခင်ဗျားရဲ့ရှယ်ယာတစ်ဝက်လောက် ကျုပ်ကိုပေးပြီးရင် ထွက်သွားလို့ရပြီ"

"ပြီးတော့ ခင်ဗျားက စကြဝဠာဘဏ်က လစာမြင့်တဲ့အစောင့် မဟုတ်လား... ကျုပ်ဆီမှာ လစာမယူဘဲ နှစ်ပေါင်းသောင်းဂဏန်းလောက် လုံခြုံရေးအရာရှိချုပ် လာလုပ်ပေးစမ်းပါ"

....

ကျန်းမုန့်လောင်က ဤအဆင့်ကိုးသက်ရှိတစ်သိုက်အား ထင်ရှားပြတ်သားစွာ စီစဉ်ညွှန်ကြားနေခြင်းကြောင့် အိုတစ်ခမျာ မှင်တက်သွားချေသည်။

အမှန်အတိုင်းပြောရလျှင် ဤကဲ့သို့သော လွန်လွန်ကဲကဲ တောင်းဆိုမှုမျိုးကို မြင်တွေ့ခဲလှပေသည်။ ပိုက်ဆံ၊ ဂြိုဟ်များနှင့် အရင်းအမြစ်များကို တောင်းဆိုခြင်းက တစ်ကြောင်း၊ သူတို့ကို သူ့ကိုယ်ရံတော်များနှင့် ကျွန်များအဖြစ်ပါ အသုံးပြုချင်နေခြင်းက တစ်ကြောင်းဖြစ်လေရာ ဤသည်မှာ အမှန်တကယ်ပင် ကောင်းကင်ဘုံကို လှမ်း၍ လက်ဆန့်နေခြင်းပင် မဟုတ်လော။

သူသည် ဤအဆင့်ကိုးသက်ရှိများကို ငွေညှစ်ရဲပေသည်။

"ကျန်းမုန့်လောင်... ငါတို့က မင်းနဲ့ စျေးညှိနေတာ မဟုတ်ဘူး.. မင်းပိုင်တဲ့ သတ္တဝါကြီးက သန်မာတယ်ဆိုတာ ငါ သိတယ်.. သူက ဒီနေရာမှာရှိတဲ့ ဘယ်သူ့ထက်မဆို ပိုသန်မာချင်သန်မာလိမ့်မယ်... ဒါပေမဲ့ မင်းမှာ အဲ့ဒီလိုအကောင်မျိုး ခုနစ်ကောင်လောက် မရှိသရွေ့တော့ ငါတို့ထဲက လူတချို့ကို ပေးဆပ်ရမယ်ဆိုရင်တောင် မင်းကိုတော့ သေချာပေါက်သတ်ပစ်ရမှာပဲ"

ပေးဆပ်ရမည့် တန်ဖိုးမှာ အမှန်တကယ်ပင် ကြီးမားလှသော်လည်း အကယ်၍ ကျန်းမုန့်လောင်က ခေါင်းမာမာနှင့် ပြဿနာဆက်ရှာနေမည်ဆိုပါက သူတို့ဘက်ကလည်း အလျှော့ပေးမည် မဟုတ်ချေ။

ကျန်းမုန့်လောင်က ပခုံးတွန့်ရင်း လောင်းကြေးထပ်လိုက်၏။

"ကျုပ်ကလည်း ခင်ဗျားတို့နဲ့ စျေးညှိနေတာမဟုတ်ဘူး.. ခင်ဗျားတို့က ကျုပ်အသက်ကို လိုချင်သလို ကျုပ်ကို လုပါလုယက်ချင်ခဲ့ကြတာလေ.. ဒါတောင် ကျုပ်က ခင်ဗျားတို့ကို မသတ်ဘဲ လျော်ကြေးနည်းနည်းပဲ တောင်းတယ်ဆိုတာ တော်တော်သဘောကောင်းပေးနေတာနော်... ဒါပေမဲ့ ခင်ဗျားတို့ဘက်က အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်တယ်လို့ ထင်နေရင်လည်း စမ်းကြည့်လိုက်လေ"

"ဒါဆိုရင်တော့ မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"

ထိုလူတစ်သိုက်က ကျန်းမုန့်လောင်မှာ အမှန်တကယ်ပင် အသက်ထက် ပိုက်ဆံကို ပိုတန်ဖိုးထားကြောင်း သဘောပေါက်သွားကြသည်။ သူတို့အတွက် အရေးကြီးဆုံးအချက်မှာ ယနေ့တွင် ကျားကို တောင်ပေါ်သို့ ပြန်မလွှတ်သင့်ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ဇူဒါမျိုးနွယ်စု၏ အမွေအနှစ်ကို ရယူရန်အတွက် သတ်ဖြတ်လုယက်ရန် ရည်ရွယ်ထားကြောင်း ကျန်းမုန့်လောင် သိသွားပြီဖြစ်သောကြောင့်ပင်။ ထိုခုနစ်ယောက်အနေနှင့် အမြဲတစေ အတူတကွရှိနေနိုင်မည် မဟုတ်ချေ။

ရီထျန်းဂိုဏ်း၏ စေ့စပ်သေချာသော သဘာဝအရ ကျန်းမုန့်လောင်သည် ဤရန်ငြိုးကို အလွယ်တကူ ကျေအေးပေးလိမ့်မည် မဟုတ်ချေ။ သူသည် ဤကိစ္စကို အလွယ်တကူလွှတ်ပေးမည် မဟုတ်သည်မှာ သေချာလှ၏။

ယနေ့တွင် ကျန်းမုန့်လောင် အသက်ရှင်ကျန်နေခဲ့လျှင် နောင်တစ်ချိန်တွင် သူသည် လက်စားမချေပါဟု မည်သူမှ အာမမခံနိုင်ချေ။ အကယ်၍ ထိုလူက သူတို့ကို တစ်ဦးချင်းစီ လိုက်လံနှိမ်နင်းရန် ရွေးချယ်ခဲ့မည်ဆိုပါက သူတို့အားလုံးလည်း သူ၏ ပုံရိပ်ယောင်ကြယ်တာရာသားရဲကြောင့် သေဆုံးသွားနိုင်ပေသည်။

ထိုအချိန်ရောက်လျှင် သူတို့တစ်သိုက် အခြေအနေကို သတိပြုမိပြီး ပူးပေါင်းခဲ့ကြလျှင်ပင် လူအများအပြား ကျန်ရှိတော့မည်မဟုတ်ချေ၊ ထို့ပြင် ဇူဒါမျိုးနွယ်စု၏ အမွေအနှစ်ထဲတွင် ပုံရိပ်ယောင်ကြယ်တာရာသားရဲကဲ့သို့သော အခြားအရာများ ရှိနေဦးမလားဆိုသည်ကို မည်သူသိနိုင်မည်နည်း။ ထိုအခါ ကျန်ရှိနေသူများ ပူးပေါင်းလျှင်ပင် ကျန်းမုန့်လောင်ကို တုံ့ပြန်နိုင်စွမ်း ရှိတော့မည်မဟုတ်ချေ။

ဤအချက်ကို နားလည်သွားကြပြီးနောက် သူတို့အုပ်စုမှာ ကျောရိုးထဲအထိ ချမ်းစိမ့်သွားသည်။ ထိုအချက်ကို ကြိုတင်သတိထားမိခဲ့ခြင်းအတွက်သာ မိမိကိုယ်ကိုယ် ကျေးဇူးတင်မိကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ကျန်းမုန့်လောင်ကို တားဆီးရန် ရွေးချယ်ခဲ့ပြီးကတည်းက အခြေအနေမှာ ပြန်လည်စေ့စပ်၍မရနိုင်တော့သောကြောင့်ပင်။ သူတို့အနေနှင့် ကျန်းမုန့်လောင်ကို ယနေ့မှာတင် သတ်ပစ်ရပေမည်။ မဟုတ်ပါက နောင်တွင် သူတို့သာ အပြီးတိုင်ချေမှုန်းခံရပေလိမ့်မည်။

"အဲဒီကောင်ကို ကြမ်းပြင်ပေါ် မှောက်သိပ်လိုက်ကြ.. ငါ သူ့ကို သတ်ပစ်​မယ်.. ဆင့်ခေါ်သူ သေဆုံးသွားတာနဲ့ သက်စောင့်စွမ်းအင်ထောက်ပံ့မှု မရှိတော့လို့ ပုံရိပ်ယောင်ကြယ်တာရာသားရဲလည်း ပျောက်ကွယ်သွားလိမ့်မယ်"

မော့စ်က ရိုးရှင်းသော အစီအစဉ်တစ်ခုကို ချက်ချင်းစဉ်းစားမိလိုက်၏။

သူတို့အနေနှင့် ထိုပုံရိပ်ယောင်ကြယ်တာရာသားရဲကို သတ်ပစ်ရန် မလိုအပ်ချေ။ အချိန်ဆွဲထားဖို့သာ လိုအပ်သည်။ ထိုသားရဲ၏ ကာကွယ်မှုမရှိပါက ကျန်းမုန့်လောင်မှာ အဆင့်ငါးအထွတ်အထိပ် သက်ရှိတစ်ယောက်မျှသာ ဖြစ်သဖြင့် သူတို့ထဲက မည်သူမဆို သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။

ရှောင်ဟယ်မှာ မကြာခင် အဆင့်ကိုးသက်ရှိခြောက်ယောက်၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံလိုက်ရ‌လေသည်။ ရှောင်ဟယ်သည် အဆင့်ကိုးကို ကျော်လွန်နေပြီး အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော်လည်း ထိုလူတစ်စု၏ အစွမ်းကုန် ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် သူ့အရှိန်အဟုန်မှာ သိသိသာသာ ပိတ်ဆို့ခံလိုက်ရတော့သည်။

"အဲဒီကောင်ကြီးရဲ့ အကာအကွယ်မရှိဘဲ မင်း ငါ့ကို ဘယ်လိုတားမလဲဆိုတာ ကြည့်ရသေးတာပေါ့"

"အာ... ကျောင်းအုပ်ကြီးကို မိုက်မိုက်ကန်းကန်း စိန်ခေါ်ချင်တဲ့သူကတော့ အမြဲတမ်းရှိနေတော့တာပဲ"

"ဟုတ်ပါ့ကွာ.. ကျောင်းအုပ်ကြီးက ဖြတ်လမ်းနည်းတွေနဲ့ စွမ်းရည်မြှင့်ထားတဲ့သူလေ... မင်းတို့လည်း သိကြမှာပါ"

"ဟေး... မင်းက ငါတို့အမြွှာဝေလငါးစကြဝဠာ အင်ပါယာရဲ့ ဘုရင်မလား.. ဘာလို့ ဒီလောက် တုန်လှုပ်နေရတာလဲ.. စိတ်လျှော့စမ်းပါ.. စိတ်ပြေသွားအောင် ဒီမှာ အစပ်ချောင်းလေးစားလိုက်ဦး ရော့..."

....

"ဘာတွေဖြစ်နေတာလဲ"

မော့စ်က စတင်လှုပ်ရှားလိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုမှားယွင်းနေကြောင်း ခံစားလိုက်ရသည်။

ကျန်းမုန့်လောင်၏ လူများထဲတွင် သူတို့စကြဝဠာအင်ပါယာ၏ ဘုရင်အိုတစ်မှလွဲ၍ ကျန်လူများမှာ ဘာမှမဖြစ်သည့်အလား စကားပြောဆိုရယ်မောရင်း စားသောက်နေကြသည်။

အကယ်၍ ကျန်းမုန့်လောင် အသတ်ခံလိုက်ရပါက သူတို့ကိုယ်တိုင်လည်း သေဘေးမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သူတို့ သဘောမပေါက်ကြသလော။

"ကောထန်... ငါ့ကို အမှတ်လဲပေးပါဦး..."

သူ့ရှေ့တည့်တည့်ရှိ မော့စ်ကို ရင်ဆိုင်ရင်း ကျန်းမုန့်လောင်သည် တိုက်ခိုက်ဖို့ ပြင်ဆင်ရန်အတွက် ခွန်အားအမှတ်များကို အသုံးပြုရန် ပြင်လိုက်စဉ် ဟင်းလင်းပြင်အတွင်းမှ ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ရှေ့တွင် ပိတ်ဆို့ရပ်တန့်လိုက်လေ၏။

ထိုအမျိုးသမီးက သူ(မ)၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်လေရာ မော့စ်၏ တိုက်ခိုက်မှုမှာ လေထဲမှာပင် ပျောက်ကွယ်သွားသည်။

"အာရီယာလား"

ရုတ်တရက်ထွက်ပေါ်လာသူကို မှတ်မိသွားပြီးနောက် မော့စ်၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။ ဤအမျိုးသမီးမှာ လျှို့ဝှက်ဆန်းကြယ်သော ထိုပုဂ္ဂိုလ်ပြီးလျှင် သူ့အား ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးများကို သယ်ဆောင်ပေးခဲ့ဖူးသည့် အမျိုးသမီးပင်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူတို့ခုနစ်ယောက် အာရီယာနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ ပြင်ပကမ္ဘာကိုတော့ သရေကျသည်ဟု ကြေညာခဲ့ကြသော်လည်း စင်စစ်အားဖြင့် သူတို့အားလုံး ဒဏ်ရာရခဲ့ကြပြီး အာရီယာမှာမူ ဘာထိခိုက်ဒဏ်ရာမှ မရခဲ့ပေ။ သူ(မ)တွင် အခြားလုပ်စရာကိစ္စတစ်ခု ရုတ်တရက်ပေါ်လာခဲ့သောကြောင့်သာ တိုက်ပွဲကို အဆုံးသတ်ခဲ့ခြင်းပင်။

အချိန်ကာလများ ကုန်လွန်သွားပြီးနောက် သူတို့လည်း ပိုမိုသန်မာလာခဲ့ကြသည်။ ထို့အတူပင် သူ(မ)လည်း ပိုသန်မာလာပေမည်။

"မင်းကတော့ အမြဲပြဿနာရှာနေတာပဲ.. ငါသာ မင်းကို သေချာစောင့်မကြည့်ရင် မင်းတော့ သေချာပေါက် အသက်အန္တရာယ်နဲ့ချည်း ကြုံရမှာပဲ"

အာရီယာက ချစ်ခင်ကြင်နာသောအပြုံးဖြင့် ပြောလိုက်သည်။

"မင်း ပြီးခဲ့တဲ့တစ်ခေါက်က တောင်းဆိုခဲ့တဲ့ နေရာလွတ်ငါးသောင်းအကြောင်း ကြားကတည်းက ဒီတစ်ခေါက် တစ်ခုခုဖြစ်လိမ့်မယ်လို့ ငါ ခံစားမိလို့ လူတွေကို ဒီနေရာမှာ စောင့်ကြည့်ခိုင်းထားတာ... မင်း ဒီလူတွေကို ရန်စလိမ့်မယ်လို့တော့ မထင်ထားဘူး"

"ဒါက တကယ် ကျွန်တော့်အပြစ် မဟုတ်ပါဘူးဆို"

ကျန်းမုန့်လောင်က အလျင်အမြန် ပြောလိုက်၏။

"သူတို့က ကျွန်တော့်ကို လုယက်ချင်လို့ အရင်လှုပ်ရှားခဲ့ကြတာ.. ကျွန်တော်က အကျိုးသင့်အကြောင်းသင့်ပဲ တုံ့ပြန်ခဲ့တာပါ"

"ငါ အခြေအနေကို နားလည်ပါတယ်"

အာရီယာက ပြုံးလိုက်သည်။

"မင်းက သူ့မျိုးဆက်ပဲ.. စိတ်မပူပါနဲ့.. မင်းဘက်က မှားနေရင်တောင် မင်းကို ဘယ်သူမှ လက်ဖျားနဲ့တောင် မတို့စေရဘူး"

အာရီယာ ဝင်ရောက်စွက်ဖက်လာသောကြောင့် ကျန်းမုန့်လောင်အနေနှင့် ဘာခွန်အားအမှတ်ကိုမှ ဖြုန်းတီးရန် မလိုအပ်တော့ချေ။ သူသည် သူ့အဒေါ်က မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းမလဲဆိုသည်ကိုသာ ပိုစိတ်ဝင်စားနေသည်။

"မင်း ဘာလို့ ဒီကိုရောက်နေတာလဲ"

မော့စ်၏ အမူအရာမှာ မရေမရာဖြစ်နေချေသည်။ အာရီယာကြောင့် သူ အလွန်တရာ စိုးရိမ်တုန်လှုပ်နေသည်မှာ ထင်ရှားလှပေသည်။

"မင်းရော ဇူဒါမျိုးနွယ်စုက ကျန်ရစ်တဲ့ပစ္စည်းတွေကို လိုချင်လို့လား"

"အဲ့ဒီအမှိုက်လို ပစ္စည်းတွေကို ကျွန်မက စိတ်ဝင်စားစရာလား"

အာရီယာက အေးစက်စွာ တုံ့ပြန်လိုက်သည်။

"ဒါဆိုရင် မင်း ဘာလို့ သူ့ကို ကယ်ရတာလဲ.. ငါတို့တွေ စကြဝဠာထဲက မင်းရဲ့ကိစ္စတွေကို ဝင်ရောက်မစွက်ဖက်ဖို့.. ပြီးတော့ စကြဝဠာမဟာမိတ်အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ ဘယ်အရာကိုမဆို မျက်ကွယ်ပြုပေးထားဖို့ သဘောတူထားကြတယ်လေ.. ဒါပေမဲ့ အဲဒီလိုဆိုတိုင်း မင်းကလည်း ငါတို့ရဲ့ကိစ္စတွေကို ဝင်မရှုပ်သင့်ဘူး မဟုတ်လား"

"သူ့ကိုကယ်တယ် ဟုတ်လား"

အာရီယာလည်း ခပ်တိုးတိုးရယ်မောလိုက်သည်။

"ဟင့်အင်း... ကျွန်မက ရှင်တို့ကို လာကယ်တာ"

**********************

All Chapters